သဘာဝအခြေခံခရီးသွားတဲ့နေရာကို မပျက်စီးအောင် စောင့်ထိန်းရမယ့် အချက်လေးချက်

သဘာဝအလှတွေကို ချစ်မြတ်နိုးလို့ ခရီးသွားကြတဲ့သူတွေအတွက် သဘာဝတရားကြီးမပျက်စီးစေဖို့ တာဝန်ရှိပါတယ်။ များစွာသော သဘာဝအခြေခံခရီးသွားဒေသ တွေဟာ လူသူအရောက်နည်းတာ၊ သဘာဝအတိုင်းလှနေတာတွေကြောင့် ကြမ်းတမ်းတဲ့ခရီး၊ စွန့်စားသွားရတဲ့ ခရီးတွေအဖြစ် နာမည်ကျော်နေဆဲပါ။ ဒီဒေသတွေကို ခရီးသွားတဲ့အခါမှာ ဒေသကို ပြန်အကျိုးပြုနိုင်ဖို့၊ မဖျက်ဆီးမိစေဖို့ သိထားသင့်တဲ့အကြောင်းအရာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ပေါ့ပေါ့ပါးပါးဝတ်စားပါ

အဝတ်အထည်တွေကို ပေါ့ပေါ့ပါးပါးတွေ ရွေးယူသွားခြင်းဖြင့် ဝတ်ဆင်ပြီးလျှော်ဖွတ်ရာမှာ ရေကုန်သက်သာသလို ခြောက်သွေ့ဖို့လည်း လွယ်ကူစေပါတယ်။ မြန်မြန်ခြောက်တာကြောင့် အဝတ်အစားအများကြီး ယူသွားစရာမလိုဘဲ အဖန်ဖန်ပြန်ဝတ်နိုင်မှာပါ။ အဝတ်အစားတွေ အများကြီးသယ်မသွားတော့ ခရီးသွားတဲ့အခါ အထုပ်အပိုးတွေအတွက် ပိုက်ဆံပိုပေးစရာလည်းမလိုတာကြောင့် ငွေချွေတာရာလည်းရောက်ပါတယ်။

ရေချွေတာပါ

လူသူအရောက်အပေါက်နည်းသေးတဲ့ ခရီးသွားဒေသအချို့ဟာ ရေငင် ဖို့၊ ရေပေါပေါသုံးရဖို့လည်း မလွယ်တဲ့နေရာတွေရှိပါတယ်။ ဒီလိုနေရာတွေမှာ ရေချိုးတာ၊ သွားတိုက်တာမျိုးတွေအတွက် ရေကိုချွေတာပါ။ ရေချိုးတဲ့ရေကို အိမ်သာသန့်ရှင်းဖို့ဖြစ်စေ ရေကိုပြန်သုံးနိုင်အောင်လုပ်ပါ။ ဟိုတယ်မှာတည်းတဲ့ သူဆိုရင်လည်း မလိုအပ်ဘဲ၊ အရမ်းမညစ်ပတ်သေးဘဲ အခန်းကို သန့်ရှင်းစေတာ၊ ဟိုတယ်သုံး တဘက်၊ ခေါင်းအုံး၊ အိပ်ရာခင်း စတာတွေကို နေ့စဉ်လဲစေတာမျိုး မလုပ်ပါနဲ့။

ခြေရာသာချန်ပါ

ဧည့်လမ်းညွှန်တွေအပါအဝင် သဘာဝအခြေခံခရီးသွားခြင်းကို မြတ်နိုးတန်ဖိုးထားကြသူတွေ ပြောလေ့ရှိတဲ့စကားက ခြေရာသာချန်ပါဆိုတဲ့စကားပါ။ နေရာလေးတစ်ခုလှတယ်၊ နာမည်ကြီးတယ်ဆိုရင် အဲဒီနေရာကို အသွားများကြပါတယ်။ လူအသွားများပြီဆိုရင် အမှိုက်ချခဲ့တာကြောင့် အမှိုက်ပွမယ်၊ လှနေတဲ့ သဘာဝအလှတွေကို ဖျက်ဆီးကြမယ်ဆိုတဲ့ကိစ္စက စိုးရိမ်စရာတစ်ခုဖြစ်လာပါတယ်။ အမှုမဲ့အမှတ်မဲ့ဖြစ်စေချလိုက်တဲ့ အမှိုက်စတွေများလာတဲ့အခါမှာ သဘာဝအလှဟာ အမှိုက်ကြောင့် ပျက်စီးရပါတယ်။ မြင်မြင်ကရာ သစ်ပင်ပန်းမန်တွေကို ချိုးဖဲ့တာ၊ ဓာတ်ပုံတစ်ပုံရိုက်ဖို့အတွက် ခူးဆွတ်လိုက်တာကြောင့် ရှားပါးသစ်ပင်ဆိုတာတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်သွားရာအရပ်မှာ ခြေရာသာကျန်ခဲ့ပါစေလို့ သတိပေးလေ့ရှိကြပါတယ်။

ဒေသကို အကျိုးပြုခဲ့ပါ

လမ်းခရီးကြောင့်ဖြစ်စေ၊ ရိုးရာဓလေ့တွေကြောင့်ဖြစ်စေ လူတွေနဲ့ကင်းကွာနေတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ ခရီးသွားတဲ့သူတွေအနေနဲ့ ဒေသခံတွေကိုငွေကြေး၊ ပစ္စည်းဥစ္စာတွေပေးတာကြောင့် ဒေသခံတွေရဲ့ ပင်ကိုယ်ရိုးသားမှုကို ပျက်စီးစေတာမျိုးလည်း မရည်ရွယ်ဘဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒေသကို အကျိုးပြုမယ့်ကိစ္စမျိုးကို ရပ်ရွာကတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး ကူညီပါ။

Ref: https://greenglobaltravel.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *