စာအုပ်အငှားဆိုင်တို့ ကျဆုံးခန်း

မန္တလေးမြို့တွင် ယခုနှစ်ပိုင်းအတွင်း သိသိသာသာပြောင်းလဲမှုတစ်ရပ်ကို ဖော်ပြပါဆိုလျှင် စာအုပ်အငှားဆိုင်တို့ ပိတ်သိမ်းရခြင်းကို ထိပ်ဆုံးကထားပြောရလိမ့်မည်။ တိုးတက်လာသော ခေတ်ရေစီးနှင့်အတူ မန္တလေးမြို့ရှိ စာအုပ်အငှားဆိုင်တို့ ကြာကြာတောင့်မခံနိုင်ကြတော့။ စာအုပ်အငှားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်၊ တံခါးတစ်ချပ်ပြီးတစ်ချပ် ပိတ်သိမ်းကြရခြင်းကို မန္တလေးစာအုပ်ဆိုင်တို့ ကြုံတွေ့နေကြရပြီ။

စာအုပ်အငှားဆိုင်များ အငှားပါးလာခြင်းသည် တယ်လီဖုန်းကွန်ရက်တွေ တိုးချဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ ပိုသိသာလာသည်ဟု မန္တလေးမြို့ရှိ သက်တမ်းရင့် စာအုပ်အငှားဆိုင်တစ်ခုဖြစ်သော ငြိမ်းချမ်းနယ်မြေစာပေမှ ဦးအောင်သင်း ကဆိုသည်။ ဟိုးအရင် လွန်ခဲ့သည့် ၅ နှစ်ခန့်၊ မိုဘိုင်းလ်ဖုန်းဟန်းဆက်များ ဈေးမပေါသေးမီ၊ ဆင်းမ်ကတ် အင်တာနက် များကို လူတိုင်းလက်လှမ်းမမီခင်ကာလက တစ်ရက်လျှင် စာအုပ် ၅၀၀-၁၀၀၀ကြား ငှားရမ်းရသော စာအုပ်အငှားဆိုင်သည် ယခုအခါ စာအုပ် ၁၀၀ ဝန်းကျင်ခန့်သာ ငှားရမ်းရတော့သည်။

ဝါရင့်သက်တမ်းရင့် စာအုပ်အစုံ အလင်ရှိသော စာအုပ်အငှားဆိုင်ကြီးများပင် ထိုသို့အခြေအနေကို မနည်းတောင့်ခံနေရသည့်အချိန် မန္တလေးမြို့ရှိ စာအုပ်အငှားဆိုင်အသေးလေးများ ပြုတ်သည့်သတင်းက တစ်လလျှင် တစ်ခုခန့်ကြားနေ ရသည်။ အနောက်ပြင်ရပ်ရှိ မေပုလဲစာပေ၊ လမ်း ၈၀ ပေါ်ရှိ ညိုစာပေ၊ နောက်ဆုံးအနေဖြင့် ယခုဒီဇင်ဘာလအတွင်း ပိတ်သိမ်းနေပြီဖြစ်သော ၇၃ မိန်းလမ်းပေါ်ရှိ အားမာန်သစ်စာပေ စသဖြင့် စာအုပ်ဆိုင်နာရေးများကို ဆက်တိုက်ကြားနေရသည့်အဖြစ်သည် မန္တလေးမြို့အတွက် ဝမ်းနည်းဖွယ်လည်း ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များက စာအုပ်ဆိုင်များသည် ကျောင်းသား ကျောင်းသူ၊ ရုံးဝန်ထမ်းများ အားလပ်ချိန် ခြေဦးလှည့်ရာ အပန်းဖြေရာများဖြစ်ခဲ့သည်။ စာအုပ်ဆိုင်မှတစ်ဆင့် ဝါသနာတူ၊ ရင်ဘတ်တူသူချင်း ရင်းနှီးနိုင်သည်။ မဂ္ဂဇင်းများမှ မိတ်ဆက်စာများပို့ရင်း ကလောင်ဖော်မိတ်ဆွေများ ရရှိနိုင်သည်။ ထိုချစ်စဖွယ် ယဉ်ကျေးမှုများသည် အင်တာနက်လူမှုကွန်ရက်များ တွင်ကျယ်လာပြီးနောက် တစ်စတစ်စ လျော့ပါးသွားသည်။

ယခင်က ကြိတ်ကြိတ်တိုးနေသော စာအုပ်အငှားဆိုင်များတွင် လူမရှိတော့။ ယခင်က သူ့ထက်ငါ အလုအယက်မှာယူ ငှားရမ်းကြရသော နာမည်ကြီးမဂ္ဂဇင်းတို့ စင်ပေါ်ငုတ်တုတ်မေ့ကုန်သည်။ တချို့မဂ္ဂဇင်း ဂျာနယ်များလည်း ဝယ်လိုအားများကျပြီး ပိတ်သိမ်းကုန်ကြတော့သည်။ စာအုပ် အငှားဆိုင်တို့ လျော့ပါးလာခြင်းသည် စာအုပ်အငှားဆိုင်တို့နှင့်ဆက်စပ်နေသော ပုံနှိပ်လုပ်ငန်း၊ ထုတ်ဝေရေးလုပ်ငန်း၊ ကြော်ငြာလုပ်ငန်း၊ အားလုံးကိုလည်း ထိခိုက်လျက် ရှိသည်။

ယခင်ကဆို လူငယ်အမျိုးသားစာဖတ်သူတွေ နှစ်ခြိုက်သည့် စာရေးဆရာ နေလင်းအောင်၊ မိုးကျော်သူ၊ ဝင်းကြွယ်၊ ဘုန်းကြွယ်တို့၏ စာအုပ်များဆို စီးရီးလိုက် အတွဲလိုက် အမှတ်စဉ်ထိုးပြီး ကြိုးနှင့်စည်းကာ ငှားပေးရသည်။ ယခုအခါ သိုင်းဝတ္ထုကလည်း ခေတ်မရှိတော့။ နိုင်ငံတကာ ရုပ်ရှင်သိုင်းကားတွေကို မြန်နှုန်းမြင့် အင်တာနက်မှာသာ ကြည့်ရှုလာကြပြီး သိုင်းဝတ္ထုဖတ်သူ အလွန်ရှားပါးလာခဲ့သည်။ သိုင်းဝတ္ထုခေတ်တစ်ခေတ်ကတော့ ပြတ်ကျန်ခဲ့ပြီဟု ဆိုနိုင်လောက်သည့် အနေအထားလည်း ဖြစ်လာသည်။

“သိုင်းဝတ္ထုလို စာအုပ်မျိုးကျ အတွဲလိုက်မို့ တော်ရုံဘယ်သူမှ ဝယ်မဖတ်ဘူးလေ။ ခုက ငှားမယ့်သူမရှိတော့ ထုတ်ဝေသူတွေကလည်း ထပ်မထုတ်ရဲဘူး။ ရှိပြီးသားအဟောင်းတွေပဲ ပြန်ငှားနေရတယ်” ဟု ဦးအောင်သင်းကဆိုသည်။

တစ်ဖက်တွင်လည်း တိုးတက်လာသည့် အင်တာနက်ကွန်ရက်များနှင့်အတူ လူမှုကွန်ရက်ပေါ်မှ အခမဲ့ Download ရယူနိုင်သော စာအုပ်လင့်ခ်များ၊ အခပေး ဖတ်ရှုနိုင်သော ဝန်ဇင်းကဲ့သို့ စာအုပ်ဝန်ဆောင်မှုများကလည်း ပေါ်ပေါက်လာ သည်။ စာအုပ်တစ်အုပ်ဖတ်ရှုရန် ယခင်ကလို စာအုပ်အငှားဆိုင်ကို ကိုယ်တိုင်သွားရန် မလိုအပ်တော့။ ဖုန်းထဲမှ ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ကိုယ့်အိမ် ကိုယ့်ယာတွင် အေးအေးလူလူ စာဖတ်နိုင်နေပြီဆိုတော့ စာအုပ်အငှားဆိုင်များကို တကူးတက သွားမနေတော့။

“ကျွန်တော်တို့ကတော့ ကိုယ်ဖတ်ချင်တဲ့စာအုပ်ရှိလာရင် အရင်ဆုံး ဖေ့စ်ဘွတ်မှာအရင်ရှာတာပဲ။ အခမဲ့ Download လို့ရတဲ့လင့်ခ်တွေရှိရင် ဝင်ယူလိုက်တယ်။ တချို့စာအုပ်တွေကျ ဝယ်သိမ်းထားချင်တဲ့ဟာမျိုးဆို အိမ်တိုင်ရာရောက် စာအုပ်ပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ တစ်ဆင့်ဝယ်ဖြစ်တယ်” ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဝေယံက ဆိုသည်။

ခေတ်စနစ်ပြောင်းလာခြင်းနှင့်အတူ စာအုပ်အငှားဆိုင်တို့ ခေတ်ရေစီးကြောင်းမှာ အမီမလိုက်နိုင်သည့်အခါ ပြတ်ကျန်နေခဲ့ကြသည်။ ခေတ်၏ စိန်ခေါ်မှုတွင် စာအုပ်အငှားဆိုင်တို့ ကျရှုံးနေရသည်။
စာအုပ်အငှားဆိုင်တွေချည်း အငှားကျသည်မဟုတ်။ ခြင်းဆွဲဟုခေါ်သော ဈေးများ၊ ဆေးရုံများ၊ ဘော်ဒါဆောင်များ၊ ကျောင်းများတွင် စာအုပ်များကို ခြင်းနှင့်ထည့်ပြီး လိုက်ငှားပေးသည့် စာအုပ်ငှား ဝန်ဆောင်မှုများလည်း အင်တာနက်ခေတ်ကို မယှဉ်နိုင်ကြတော့။

“အရင်ကဆို ဆေးရုံထဲ ခြင်းဆွဲလာပြီဟေ့ဆို လူနာစောင့်တွေ၊ လူနာတွေ သူ့ထက်ငါ စာအုပ်ကောင်းရှာဖို့ အလုအယက်လာကြတာ။ ခုများကျ ဖုန်းပဲပွတ်နေတော့တာနဲ့ စာအုပ်ကိုမငှားကြတော့ဘူး” ဟု ခြင်းဆွဲဝန်ဆောင်မှုပေးသူတစ်ဦး ဖြစ်သည့် ဦးကျော်ဝင်းက ဆိုသည်။

တိုးတက်လာသော မြေဈေး၊ အိမ်၊ ခြံ၊ မြေအငှားဈေးများကို ကျဆင်းလာသည့် စာအုပ်အငှားနှုန်းက မယှဉ်နိုင်သောအခါ နေရာအငှားနှင့် ဖွင့်ရသော စာအုပ်ဆိုင်တို့ ပိတ်သိမ်းကုန်ရတော့သည်။ တချို့လည်း နေရာပြောင်းသူပြောင်း၊ တချို့ လည်း ဆိုင်ပြတ်ရောင်းသူရောင်း၊ စာအုပ်အငှားဆိုင်တို့ တံခါးတွေ ပိတ်ကုန်ကြတော့သည်။

စာအုပ်အငှားဆိုင်တစ်ဆိုင်ဆိုင် ဖြုတ်ပြီဆိုလျှင် စာပေချစ်သူတွေ၊ စာပေ ပရိသတ်တွေ အလုအယက်ပြေးဝယ်ကြသော်လည်း စာအုပ်အငှားဆိုင်ရှင်သန်စဉ် ကာလတုန်းက ထိုစာအုပ်ဆိုင်ဘက် ခြေဦးလှည့်မိသူက ခပ်ရှားရှားပင်။ အချိန်မရ ခြင်း၊ နေရာဝေးခြင်း၊ အခြားခေတ်မီဖျော်ဖြေရေးကဏ္ဍ ရွေးချယ်စရာများလာခြင်းကြောင့် စာအုပ်အငှားဆိုင်များမှာ တဖြည်းဖြည်းနှင့် စာဖတ်သူ လျော့နည်းလာသည်။

စာအုပ်အငှားဆိုင်တစ်ခု စတင်ဖို့ဆိုသည်မှာလည်း ရုံးများ၊ ကျောင်းများ၊ တက္ကသိုလ်များနှင့် နီးနိုင်မှဖြစ်သည်မို့ မြေဈေးတွေကလည်း ခေါင်ခိုက်နေသည်။ စာအုပ်စင်တွေ ဝယ်ယူဖို့၊ စာအုပ်တွေ စုံလင်အောင် ထားရှိဖို့၊ စာရင်းကိုင်သူငှားရမ်းဖို့ စသော ကုန်ကျစရိတ်များကလည်း မနည်းလှ။ အပတ်စဉ်ထုတ်ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများလည်း အလျဉ်မီအောင် ဝယ်ယူရသေးသည်မို့ နေ့စဉ်ဝင်ငွေ မမှန်သော်လည်း ထွက်ငွေက ပုံမှန်ရှိနေမြဲပင်။

တစတစ ငှားရမ်းမှုလျော့နည်းလာသော စာအုပ်အငှားလောကကို မည်သူမျှ အသစ်ထပ်မတိုးလာတော့။ ရှိပြီးသား စာအုပ်အငှားဆိုင်ကြီးများပင် တပ်ဆုတ် တပ်သိမ်းကုန်ကြပြီ။ စာအုပ်အငှားဆိုင်တို့ အလံဖြူလွှင့်ကုန်ကြပြီ။ ဟန်မပျက် တောင့်ခံနေနိုင်သော စာအုပ်အငှားဆိုင်ကြီးများအတွက်လည်း ယခုအတိုင်းဆို ရေရှည်တောင့်ခံရန် လွယ်ပါ့မလားဟူသည်က စိန်ခေါ်မှုတစ်ရပ်ပင်။

သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားနိုင်၏။ ထိုသစ်ပင်ကောင်းဖို့ ရေလောင်းပေါင်းသင်ပေးနေသော စာအုပ်အငှားဆိုင်များကတော့ တစ်စတစ်စ ကွယ်ပျောက်နေတုန်း။ စာအုပ်အငှားဆိုင်တို့၏ နာရေးသတင်းက မန္တလေးမှာ ကြားနေရတုန်း။

“အခမဲ့ငှားပေးနေတဲ့ စာကြည့်တိုက်တွေတောင် လူမလာတာ။ ပိုက်ဆံ ၁၀၀-၂၀၀ ပေးငှားရတဲ့ စာအုပ်အငှားဆိုင်တွေဆီ လူတွေခြေဦးမလှည့်တာ မဆန်းပါဘူး” ဟု ငြိမ်းချမ်းနယ်မြေ စာအုပ်အငှားဆိုင်ပိုင်ရှင် ဦးအောင်သင်းက ကြေကွဲစွာ ဆိုသည်။ မန္တလေးမြို့တွင် ပိတ်သွားသော စာအုပ်ဆိုင်တံခါးများနှင့်အတူ ထောင်တံခါးတွေ ဘယ်နှချပ်ပွင့်သွားပြီဆိုသည်ကိုတော့ ဘယ်သူမှ မသိနိုင်တော့ပြီ။

ယဉ်ယဉ်နှောင်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *