နေတိုးနှင့် တွေ့ဆုံခြင်း

“နက္ခတ်မှားတဲ့ တိုက်ပွဲဆိုရင် အိန္ဒိယကားကို အခြေခံပြီး ရိုက်ထားတာလေ။ အဲဒီဟာတွေက ရှိနေတာဆိုတော့ ကော်ပီကားတွေဆိုရင် မပေးဘူးဆိုတဲ့ ပရိသတ်စိုးရိမ်နေတဲ့ဟာတွေ မဖြစ်လောက်ဘူး ထင်ပါတယ်”

နေတိုး

Voice : ဒီဇာတ်ကားကို ဘယ်လို အချက်တွေ ကြောင့် လက်ခံရိုက်ကူးဖြစ်တာလဲ။

NT : ဒီဇာတ်ကို မဖတ်ကြည့်ခင်ကတော့ ဒီဇာတ်ကားက မိန်းကလေးဇာတ်ကို ဦးစားပေး လုပ်ထားတယ်လို့ထင်တယ်။ ဒါပေမဲ့ ဒီဇာတ်ကားရဲ့ သော်ဆွေကလည်း Main တစ်ယောက်ပါပဲ။ ဝတ္ထုထဲမှာ မီနဲ့ပတ်သက်တာတွေကို အဓိကရေး ထားတာပါ။ ဒါပေမဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတဲ့အချိန်မှာတော့ ကာရိုက်တာတွေကို ပြန်ဆွဲထုတ်တဲ့အခါမှာတော့ ကျွန်တော်လုပ်ရမယ့် ဇာတ်ကောင်ကို ကိုယ်တိုင်ပြန်ပြီးတော့ သရုပ်ဆောင်ချင်တဲ့အထိ ဖြစ်တာကြောင့် လက်ခံဖြစ်တာပါ။

Voice : လတ်တလောမှာလည်း မမတာဆိုပြီး ပရိသတ်အားပေးမှုရတဲ့အပေါ် ခံစားချက် ဘယ်လို ဖြစ်မိလဲ။

NT : ကျွန်တော့်အနေနဲ့ ကျွန်တော့်ဘ၀မှာ အဲဒီလိုမျိုး ငြင်းဆန်ခဲ့တဲ့ ကာရိုက်တာတွေ တော်တော်များများက ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုဖြစ်စေခဲ့တယ်။ ကျွန်တော် ငြင်းဆန်ခဲ့တဲ့ ကာရိုက်တာတွေဆို ကျွန်တော့်ဘ၀မှာ မှတ်မှတ်ရရ နှစ်ခုရှိခဲ့တယ်။ အဲဒါတွေကတော့ တာတေကြီး မရိုက်ခင် ကျွန်တော် မမတာနေရာကို မလုပ်ချင်ဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဒီဟာကို နေတိုးပဲလုပ်ရမယ်ဆိုပြီး ကျွန်တော့်ကိုယုံကြည်တဲ့အတွက်ကြောင့် ဒီယုံကြည်မှုကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်။ နောက်တစ်ခုက ဦးမီးပွားရိုက်တဲ့ ဇော်က ကနေသည်၊ ဒီဇာတ်ရုပ်တွေနဲ့ ကျွန်တော်နဲ့ မလိုက်ဘူးဆိုပြီး ငြင်းခဲ့ဖူးတယ်။ ဦးမီးပွားက နေတိုးလုပ်လို့ရတယ်ဆိုတော့ ရိုက်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော့်ဘ၀မှာ မှတ်မှတ်ရရငြင်းခဲ့တဲ့ ဇာတ်ကောင်တွေက ပရိသတ်ကြိုက်ကြတဲ့ ကာရိုက်တာတွေ ပြောလို့ရတယ်။ အဲဒီအတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော့် ကြိုးစားမှုတွေကို အသိအမှတ်ပြုတဲ့အတွက်ပါ။

Voice : တာတေကြီးက အိန္ဒိယဇာတ်ကားကို မှီငြမ်းထားတာဆိုတော့ ပရိသတ်က အကယ်ဒမီမရမှာ စိုးရိမ်နေကြတယ်။ အဲဒီအပေါ် ဘာများပြောချင်လဲ။

NT : အဓိကတော့ ဖန်တီးမှုအပိုင်းနဲ့ ဇာတ်ညွှန်းအပိုင်းကိုပဲ မပေးတာတွေရှိခဲ့ပါတယ်။ ရှေ့မှာ ကျွန်တော်တို့ ရိုက်ခဲ့တဲ့ကားတွေဟာ ဆုရခဲ့တဲ့ ကားတွေ ရှိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရှိခဲ့တယ်။ နက္ခတ်မှားတဲ့ တိုက်ပွဲဆိုရင် အိန္ဒိယကားကိုအခြေခံပြီး ရိုက်ထားတာလေ။ အဲဒီဟာတွေက ရှိနေတာဆိုတော့ ကော်ပီကားတွေဆိုရင် မပေးဘူးဆိုတဲ့ ပရိသတ်စိုးရိမ်နေတဲ့ဟာတွေ မဖြစ်လောက်ဘူးထင်ပါတယ်။ ဒါပေမဲ့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီကားလေးက ကျွန်တော့်အနေနဲ့ တာဝန်ကျေသလို ပရိသတ်လည်း တာဝန်ကျေတယ်လို့ ထင်ပါတယ်။

Voice : နှစ်လည်းကုန်တော့မှာဆိုတော့ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်ကို ဘယ်လို ပြန်လည်သုံးသပ်ချင်လဲ။

NT : ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၇ မှာ ရုံတင်ပြသခဲ့တဲ့ ကား ငါးကားရှိတယ်။ အဲဒီငါးကားက အထိုက်အလျောက် အောင်မြင်မှုရခဲ့တယ်။ တကယ်လည်း ပရိသတ်ကြိုက်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်တော့ ဒီနှစ်အတွက် ကျေနပ်တဲ့နှစ်လို့ ပြောလို့ရပါတယ်။

Voice : ၂၀၁၇ အကယ်ဒမီက အစ်ကို့နှစ်လို့ ပြောနေကြတော့ အဲဒီအပေါ် ရင်ခုန်သံ ဘယ်လိုဖြစ်နေလဲ။

NT : ကျွန်တော်တို့က အဲဒီလိုပြောခွင့်ရလာတဲ့အခြေအနေအထိ ကြိုးစားခွင့်ရထားတဲ့အတွက် အင်အားတွေ ဖြစ်မိပါတယ်။ ပရိသတ်က အဲဒီလို အားပေးမှုရှိအောင် ကြိုးစားရတာ မလွယ်သလို သူတို့ ခန့်မှန်းပေးရတဲ့ ဇာတ်ကောင်မျိုးတွေမွေးထုတ်ရတဲ့အတွက် ပင်ပန်းရကျိုးနပ်ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *