ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

“ဝတ္ထုကိုမမီမှာ ကြောက်ရတာနဲ့ ပရိသတ်ကအေးလို့ အီသွားမှာ ကြောက်ရတာနဲ့ ဆရာမကြီး ပရိသတ်အတွက်လည်း မီကို မမီမှာ ကြောက်ရတယ်။ ပရိသတ် လက်မခံမှာလည်း ကြောက်ရတယ်။ အဲဒီလို အမျိုးမျိုးကြောက်စရာတွေကြားထဲကနေ သုတို့ ရိုက်ဖြစ်တာပါ”

ပိုင်ဖြိုးသု

Voice : ဗစ်တိုးရီးယားထုတ်လုပ်ရေးက ဒုတိယမြောက်ရုပ်ရှင်အဖြစ် မီကို ရွေးချယ်ရိုက်ကူးဖြစ်တာ ဘာကြောင့်လဲ။

PPT : မီကိုဖတ်တဲ့အချိန်မှာတော့ မီက လမင်းကြီးကို ကြောက်တဲ့အခန်းမှာ မီအရမ်းဖြစ်ချင်သွားတယ်။ စာအုပ်ထဲက စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်လိုက်ပြီး ခံစားကြည့်ချင်တယ်။ ပြီးတော့ သုမေမေပေါ့နော်။ သုမေမေက အမြဲတမ်း သုကို ဆရာဝန်အဖြစ် ရပ်တည်ချင်စေတယ်။ ဒါပေမဲ့သုက ကာရိုက်တာတွေကို အရမ်းရူးသွပ်မှန်းသိတဲ့အခါမှာ သူ အမှန်တကယ်လုပ်စေချင်တဲ့အရာ မဟုတ်ပေမယ့်လည်း နောက်ကနေအကုန် အမြဲထောက်ပံ့ပေးခဲ့တယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုခေတ်မှာ ဒီလိုဇာတ်မျိုးကို ရိုက်ရတာ အရမ်းတာဝန်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝတ္ထုကိုမမီမှာ ကြောက်ရတာနဲ့ ပရိသတ်ကအေးလို့ အီသွားမှာ ကြောက်ရတာနဲ့ ဆရာမကြီး ပရိသတ်အတွက်လည်း မီကို မမီမှာ ကြောက်ရတယ်။ ပရိသတ်လက်မခံမှာလည်း ကြောက်ရတယ်။ အဲဒီလို အမျိုးမျိုး ကြောက်စရာတွေ ကြားထဲကနေ သုတို့ ရိုက်ဖြစ်တာပါ။

Voice : နာမည်ကြီးဝတ္ထုတွေ ပြန်ရိုက်ရတာဆိုတော့ ဘယ်လိုမျိုး စိန်ခေါ်မှုတွေရှိနေလဲ။

PPT : သုစိတ်ထဲမှာ စိန်ခေါ်မှုဆိုပြီး စိတ်ထဲမှာ မထားဘူး။ သုစိတ်ထဲမှာ ဘယ်ကာရိုက်တာပဲဖြစ်ဖြစ်၊ ဘယ်ကားပဲဖြစ်ဖြစ် ကိုယ်တာဝန်ကျေရမယ်။ သုကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အမြဲနာနာခိုင်းတယ်။ မီဆိုလည်း အဲဒီအတိုင်းပဲ။

Voice : ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်း ဘာတွေလုပ်ပြီးပြီလဲ။

PPT : အများကြီးပဲ။ ကိုဏကြီးခိုင်းတဲ့အတိုင်း ဇာတ်ညွှန်းနဲ့ ဝတ္ထုကို အကြိမ်ကြိမ် အခါခါဖတ်တယ်။ ပြီးတော့ တစ်ခန်းချင်းစီ လိုက်တိုက်ကြည့်တယ်။ မီဘာကြောင့် ဒီစကားပြောလဲ၊ မီ့ခံစားချက်က ဘာလဲ။ အဓိကတော့ မီကိုနားလည်အောင်ပဲ သု ကြိုးစားတယ်။

Voice : ဒီကားက သုရဲ့ဇာတ်လို့ ပြောလို့ရမလား။

PPT : အားလုံးက အဲဒီလိုထင်နေကြတာပါ။ မဟုတ်ပါဘူး။ ဝတ္ထုကသာ မီပါ။ ရုပ်ရှင်မှာပါတဲ့ ကာရိုက်တာတွေ အကုန်လုံးက အရေးပါပါတယ်။ ဆရာမကြီး ကြည်အေးကလည်း သူ့ဝတ္ထုမှာ အမြဲအပိုအလိုမထည့်ပေးဘူး။ လိုအပ်တာပဲ ရေးတယ်။ ဇာတ်ကားနာမည်နဲ့ ဝတ္ထုနာမည်ကသာ မီဖြစ်နေတာပါ မီ ဇာတ်မဟုတ်ပါဘူး။ အားလုံးရဲ့ဇာတ်ပါ။

Voice : ဒီကားမှာ ချစ်သူက ဒါရိုက်တာဆိုတော့ စိတ်ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

PPT : သုကို အစအဆုံးသိနေတဲ့သူ ဖြစ်တော့ သုစိတ်ခံစားချက်က ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုထိန်းရမလဲ အဲဒါတွေ အားလုံးသိတာတော့ အားသာချက်ပါ။ ပုံမှန်ကတော့ သုက ကိုယ်နဲ့မရိုက်ဖူးတဲ့ ဒါရိုက်တာဆိုရင် ကြောက်တယ်။ ကြောက်တယ်ဆိုတာက သုဘက်က တာဝန်မကျေမှာ၊ ဒါရိုက်တာခိုင်းတဲ့အတိုင်း မလုပ်နိုင်မှာ အဲဒီလိုမျိုးတွေ ဖြစ်မိတယ်။ သူကတော့ အစအဆုံး သုအကြောင်းတွေ သိနေတယ်ဆိုတော့ အဲဒီလိုမျိုးတွေ မဖြစ်ဘူးပေါ့။

Voice : နေဝင်အိပ်တန်းတက် ဇာတ်ကားနဲ့ ပရိသတ်က အကယ်ဒမီပေးနေကြတော့ သု ရင်ခုန်သံက ဘယ်လိုဖြစ်နေလဲ။

PPT : လုံးဝရင်မခုန်ပါဘူး။ ဒီနှစ်ကတော့ သုကိုယ်တိုင်လည်း သိပါတယ်။ ရင်ဘတ်ထဲကဓားနဲ့ မအူဝဲကို အရမ်းရစေချင်နေတာပါ။ အဲဒီတော့ ကိုယ့်ဘက်တော့ ဒီနှစ်အတွက် လုံးဝရင်မခုန်ပါဘူး။

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *