လက်သိပ်ထိုးမြေ နိဂုံး

တစ်နှစ်ခွဲခန့် အချိန်ယူခဲ့ပြီးသည့်နောက် လွှတ်တော်အဆိုတစ်ခု၏ ဇာတ်သိမ်းပိုင်းရောက်လာခဲ့သည်။ ယင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လက်သိပ်ထိုး မြေကွက်တို့၏ နိဂုံးပိုင်းလည်း ဖြစ်သည်။

ဇာတ်လမ်းအစက အစိုးရအကူးအပြောင်းကာလ၊ ၂၀၁၆ ခုနှစ် မတ်လနှောင်းပိုင်းဖြစ်ပြီး ဇာတ်ရှိန်တက်သည်က ဇွန်လကုန်တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရဟောင်း၏ နောက်ဆုံးနေ့ရက်များဖြစ်သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ လေးလကျော်ကာလအတွင်း မန္တလေးရှိ မြေဧကများစွာကို လက်သိပ်ထိုးပေးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ၁၉၉၁-၁၉၉၂ ခုနှစ် မြို့ကွက်သစ်များ ထုတ်ဖော်စဉ်ကာလက ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် စသည့်မြို့နယ်တို့တွင် ပညာရေး၊ ကျန်းမာရေး၊ ဈေး၊ ရုံး အဆောက်အအုံ စသည်တို့အတွက် မြေနေရာများကို သူ့အကွက်နှင့်သူ သတ်မှတ်ပေးထားခဲ့သည်။

ယင်းမြေကွက်တို့သည် အကောင်အထည်မဖော်ဖြစ်ဘဲ ကြံ့ခိုင်ရေးအစိုးရနှင့် NLD အစိုးရအကူးအပြောင်းကာလတွင် ထိုမြေတို့ကို လူပုဂ္ဂိုလ်အမည်တို့ဖြင့် မြေနေရာချထားပေးခဲ့သည်။

အစိုးရပိုင်မြေတို့ကို လူပုဂ္ဂိုလ်မြေအဖြစ် စည်းကမ်းချက်များနှင့်မညီဘဲ နီးစပ်ရာစားတော်ခေါ်၍ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

စာသင်ကျောင်းနေရာ၊ ဈေးနေရာဟုသိထားသည့်နေရာတို့ကို ဝင်းခြံလာခတ်ခြင်းများရှိသဖြင့် ဒေသခံတို့ စုံစမ်းမှုအရ ယင်းမြေတို့ကို လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးပြီးဖြစ်ကြောင်း သိကြရသည်။

“အဲဒီအချိန် တချို့က ဂရန်ပေါက်ပြီးပြီ။ တချို့ကတော့ မပေါက်သေးဘူး။ အစိုးရမြေကို တစ်ဦးတစ်ယောက်အကျိုးအတွက် အသုံးပြုတာ မကျေနပ်လို့ ကျွန်တော်နဲ့ လာတိုင်ပင်ကြတယ်” ဟု ၎င်းက လက်သိပ်ထိုးမြေတို့ နိဂုံး၏အစကို ပြောပြသည်။

ထို့ကြောင့် ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ယင်းမြေကွက်များအပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပွင့်လင်းမြင်သာမှုမရှိဘဲ ချထားပေးခဲ့သည့် မြေကွက်များကို ပြန်လည်စိစစ်ပြီး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရန် ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့သည်။

ပြန်လည်စိစစ်ရမည့် မြေဧကများမှာ ချမ်းမြသာစည်မြို့နယ်တွင် ၃၆ ဒသမ ၂၄၀၆ ဧက၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြေကွက်အသေး ၃၇ ဒသမ ၁၂၅၄ ဧက၊ မြေဧကကွက်ကြီးများ ၁၄၄ ဒသမ ၆၄ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် လယ်ယာမြေ အခြားနည်းဖြင့် အသုံးပြုခွင့် ၃၀( ခ) ဖြင့် ချထားပေးသောမြေ ၅၇၄ ဒသမ ၄၁ ဧက၊ ၃၀ (က) ဖြင့် ချထားပေးသောမြေ ၁၆ ဒသမ ၃၈ ဧက၊ အမရပူရမြို့နယ်တွင် ၃ ဒသမ ၁၉၁၄ ဧက ရှိကြောင်း ဦးမြင့်အောင်မိုးက တိုင်းဒေသကြီး လွှတ်တော်ထံ တင်သွင်းသည့် အဆိုတွင် ဖော်ပြခဲ့သည်။

ယင်းသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ပထမဆုံးအဆိုဖြစ်ပြီး အဆိုအတည်ဖြစ်ခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ မြေကွက်များကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။

မြေကွက်များကို ကွင်းဆင်းစုံစမ်းနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးဦးစီး၍ လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ဖြင့် ဇူလိုင်လအတွင်း စတင်စစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မန္တလေးမြို့ပေါ် (ချမ်းအေးသာစံ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း) တွင် မြေဧကပေါင်း ၅၀၀ ကျော်ကို လူပုဂ္ဂိုလ် ၂၄၀ ကျော်အား ချထားပေးခဲ့ပြီး လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ဖြင့် ပုသိမ်ကြီး၊ အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ မြေဧက ၁၁၂၀ ကျော်ကို လူပုဂ္ဂိုလ် ၁၆၇ ဦးအား ချထားပေးခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါမြေကွက်များတွင် တစ်ဦးတည်း ခြောက်ဧကခန့် အများဆုံးချထားပေးခဲ့မှု၊ ငွေသွင်းပြေစာအချို့ကို တစ်ဦးတည်းနာမည်ဖြင့် ပေးချေထားမှု၊ တစ်ဦးတည်းမှ အကွက် သုံး၊ လေးကွက် ယူထားမှုတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းအပြင် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၏ အမည်ဖြင့် မြေကွက်ရယူထားခြင်းကိုလည်း တွေ့ရှိရသည်။ မြေကွက်ရယူထားကြသူ အချို့သည် မိမိမြေကွက် မည်သည့်နေရာတွင် ရှိသည်ကို မသိကြသလို ရောက်လည်း မရောက်ဖူးကြကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြသည်။

“ဆိုလိုတာက နာမည်ခံပြီး ယူပေးခဲ့တာတွေ တွေ့ရတယ်။ နောက်ပြီး မြေတစ်ဧကနဲ့အထက်ဆိုရင် မြို့တော်ဝန်ခွင့်ပြု မှ ပေးလို့ရတာကို တာဝန်ရှိသူတချို့က သူ့တို့သဘောနဲ့သူတို့ ခြောက်ဧကလောက်ထိ ပေးခဲ့တာမျိုးတွေကို တွေ့ရတယ်” ဟု အဆိုရှင်လည်းဖြစ်၊ စုံစမ်းစစ်ဆေးရာတွင် ပါဝင်သူလည်းဖြစ်သည့် ဦးမြင့်အောင်မိုး က ရှင်းပြသည်။

မြေကွက်ရယူထားသူများတွင် အစိုးရအကြီးအကဲတို့၏ ဆွေမျိုးသားချင်းများ ပါဝင်နေမှုကိုလည်း အိမ်ထောင်စုဇယားများနှင့် တိုက်ဆိုင်စစ်ဆေးမှုအရ ဖော်ထုတ်နိုင်ခဲ့သည်။

“ဂရန်ကို အမြန်လုပ်တဲ့အတွက် အမှားအယွင်းတွေ ဖြစ်နေတာကိုလည်း တွေ့ရတယ်။ ဂရန်လျှောက်တဲ့ လက်မှတ် လက်ဗွေ၊ ဝန်ခံကတိပြုတဲ့ လက်မှတ် လက်ဗွေ၊ ဂရန်ထုတ်တဲ့ လက်မှတ်လက်ဗွေတွေမှာ ကွဲလွဲနေတာမျိုးတွေကို တွေ့ရ တယ်” ဟု ဦးမြင့်အောင်မိုးက ၎င်းတို့ တွေ့ရှိချက်တို့ကို ပြောပြသည်။

ယင်းအဖွဲ့တို့၏ စိစစ်တင်ပြချက်ကို အတည်ပြုနိုင်ရန်အတွက် တိုင်းအစိုးရ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူ ခေါင်းဆောင်သည့် အတည်ပြု စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီဇင်ဘာလအတွင် ထပ်မံဖွဲ့စည်းပြီး တင်ပြချက်များကို စစ်ဆေးခဲ့ကြသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အတည်ပြုစုံစမ်းစစ်ဆေးရေးအဖွဲ့တို့၏ တွေ့ရှိချက်များအရ အစိုးရအကူးအပြောင်းကာလ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၀ ရက်နေ့အတွင်း ထုတ်ပေးခဲ့သည့် မြေပေးမိန့်များတွင် လူတစ်ဦးတည်းသို့ မြေဧကအလွန်များစွာ ချထားပေးခြင်းမှာ လေးဦးအထိ ရှိပြီး မြေကွက်ပေါင်း ၇၂ ကွက်၊ မြေ ၁၆၆ ဒသမ ၈၁၄၂ ဧက ခွင့်ပြုပေးထားခြင်းတို့ ရှိခဲ့သည်။

ယင်းအပြင် လူတစ်ဦးတည်းသို့ မြေဧကအများအပြား ခွင့်ပြုပေးထားခြင်းမှာလည်း လူခုနစ်ဦးအထိရှိပြီး မြေကွက် ၁၆ ကွက်၊ မြေ ၄၀ ဒဿမ ၃၃၁၄ ဧက ရှိကြောင်း၊ လူတစ်ဦးချင်းသို့ မြေကွက်များ ခွင့်ပြုချထားပေးရာတွင် ၇၆ ဦးသို့ မြေကွက် ၇၈ ကွက်၊ မြေ ၂၂ ဒသမ ၁၄၁၀ ဧက၊ အသင်းအဖွဲ့/ပါတီတစ်ခုခုသို့ မြေချထားပေးရာတွင် အဖွဲ့အစည်း/ပါတီ ၁၅ ခုသို့ မြေကွက် ၁၅ ကွက်၊ မြေ ၁၆ ဒသမ ၀၅၉၇ ဧက ခွင့်ပြုပေးထားခဲ့သည်။

“တစ်ယောက်ထဲက အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေ အများကြီးရသွားတာကတော့ ဥပဒေကြောင်းက ကြည့်ကြည့်၊ လှုမှုရေးရှုထောင့်က ကြည့်ကြည့် မကောင်းဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ယင်းအချက်များကို မြေပြင်အခြေအနေအမှန်များနှင့် တိုက်ဆိုင်စိစစ်နိုင်ရန်အတွက် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် အဖွဲ့ဝင်ခြောက်ဦးပါ ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ထပ်မံဖွဲ့စည်းခဲ့ပြီးနောက် အဖန်ဖန် အထပ်ထပ်စိစစ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ နောက်ဆုံးတွင် ယင်းမြေကွက်များကို ပြန်လည်သိမ်းယူရန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်နှင့် စိစစ်တွေ့ရှိမှုတို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရှင်းလင်းတင်ပြခဲ့သည်။

စိစစ်တွေ့ရှိချက်များအရ ယင်းအကူးအပြောင်းကာလ မြေပေးမြေယူကိစ္စများတွင် လူတစ်ဦးတည်းအမည်ဖြင့် ဧကများစွာ ချထားပေးခြင်း၊ အကွက်များစွာ ချပေးခဲ့ခြင်းများ ရှိခဲ့သည်။ ယင်းအပြင် အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ အတွက် မြေနေရာချထားပေးမှုတွင်လည်း မြေတန်ဖိုးကင်းလွတ်ခွင့်ပေးခဲ့ခြင်းတို့ရှိပြီး သင့်လျော်မှုမရှိကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ထို့ပြင် လုပ်ငန်းအကြောင်းပြ၍ ကျယ်ဝန်းသည့်မြေနေရာ ခွင့်ပြုပေးခဲ့ခြင်းများသည်လည်း မလိုလားအပ်သော အလွဲသုံးစားမှုများကို ပြုလုပ်စေရန် ရည်ရွယ်သည်ဟု သုံးသပ်ရကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။

မြေကွက်ချထားပေးခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးငယ်တစ်ဦး၏ အမည်ဖြင့်လည်း ရယူခဲ့ပြီး မြေငှားဂရန်ကိုပါ ထုတ်ပေးခဲ့သည်။ ယင်းသို့ ထုတ်ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံတော်အထက်ပိုင်း မြေခွန်တော်လက်စွဲနည်းဥပဒေ ၅၉ အရ ညီညွတ်မှုမရှိဟု ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

အကူးအပြောင်းကာလတွင် အများပြည်သူနှင့် သက်ဆိုင်သည့်မြေနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပလပ်မြေများကို လူပုဂ္ဂိုလ်အမည်တို့ဖြင့် လျင်မြန်စွာ မြေပေးမိန့်ထုတ်ပေးခဲ့ခြင်း၊ မြေငှားဂရန် ထုတ်ပေးခြင်း၊ ငွေပေးသွင်းရသည့် မြေငှားဂရန် လျှောက်ထားမှုများ မရှိခြင်းတို့သည် လိုအပ်သောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပြည့်စုံမှုမရှိဟု ဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့သည်။

ယင်းကဲ့သို့ စည်းကမ်းနှင့် မညီညွတ်သည့် အမှုတွဲမြေကွက် ၁၃၅ ကွက်ရှိပြီး ၎င်းတို့ကို မြေငှားဂရန်ပယ်ဖျက်ရန်နှင့် ချထားသည့်မြေကွက်များကို ပြန်လည်သိမ်းဆည်းရန် အတည်ပြုပြီးဖြစ်သည်ဟု ဝန်ကြီးချုပ်က လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့သည်။

“အားလုံးပေါင်း ၁၃၅ ကွက်ပေါ့။ ကျွန်တော်တို့ တင်မယ့်ထဲမှာကို ဧကအနေနဲ့ကြည့်ရင် မန္တလေးမြို့မှာ ဧက ၁၀၀ လောက် ရှိတယ်။ ၁၃၅ ကွက်ဆိုတော့ ရာခိုင်နှုန်းပြည့် နီးပါးပါတယ်လို့ ထင်ပါတယ်” ဟု ဦးမြင့်အောင်မိုးက မန္တလေးမြို့ ပေါ်ရှိ ဥပဒေနှင့်မညီသည့် မြေကွက်များအားလုံးနီးပါး ပြန်ရသည်ဟုရှင်းပြသည်။

ပြန်လည်သိမ်းဆည်းမည့် မြေကွက်များသည် ချမ်းအေးသာစံမြို့နယ်မှတစ်ကွက်၊ ချမ်းမြသာစည်မြို့နယ်မှ ၄၀ ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၈၅ ကွက်၊ အမရပူရမြို့နယ်မှ ကိုးကွက်၊ စုစုပေါင်း ၁၃၅ ကွက်ဖြစ်သည်။

မိမိ အဆိုတင်စဉ်က လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ပြုလုပ်ထားခြင်းမရှိသည့် မြေကွက်များလည်းပါဝင်ပြီး အဆင့်ဆင့် စိစစ်စစ်ဆေးမှုများအရ ဥပေဒနှင့် မညီညွတ်သည့်မြေကွက် ၁၃၅ ကွက်ရှိ ကျန်မြေကွက်များမှာ ဥပဒေနှင့် ညီညွတ်မှုများရှိသည့် မြေကွက်များဖြစ်ကြောင်း၊ ယင်းတို့ကိုမူ ပြန်လည်သိမ်းဆည်း၍ မရကြောင်း ဦးမြင့်အောင်မိုးက ပြောသည်။

သို့သော် လယ်ယာမြေအခြားနည်းသုံးစွဲခွင့်လျှောက်သည့် မြေကွက်များမှာလည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ခြင်း မရှိလျှင် ပြန်လည်သိမ်းဆည်းရမည်ဖြစ်သော်လည်း ယင်းမှာ သက်ဆိုင်ရာဌာနက လုပ်ဆောင်ရမည့် အလုပ်ဖြစ်ကြောင်း၊ မိမိ၏အဆိုကို အကောင်အထည်ဖော်မှုနှင့် မသက်ဆိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

အစိုးရ၏ လုပ်ဆောင်ချက်ကို အဆိုရှင်တစ်ယောက်အနေနှင့် ကျေနပ်မှုရှိပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုမျိုးသည် အစိုးရ အစဉ်အဆက်မရှိခဲ့ကြောင်း၊ ပြည်သူပိုင်မြေများမဆုံးရှုံးရန် လုပ်ဆောင်ရန်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ဖြစ်ကြောင်း ဦးမြင့်အောင်မိုးကပြောသည်။

မြေကွက် ၁၃၅ ကွက်ကို ပြန်သိမ်းမည်ဖြစ်သော်လည်း ပိုင်ရှင်များမှာ ၁၃၅ ဦး ဖြစ်မည်တော့မဟုတ်၊ တစ်ဦးတည်း သုံး၊ လေးကွက် ယူထားမှုများရှိသဖြင့် လူဦးရေ ၉၀ ခန်သာဖြစ်ပြီး ဧကအားဖြင့် ၁၀၀ ဝန်းကျင်ရှိသည်။

ယင်းမြေကွက်များအားလုံးကို ကာလပေါက်ဈေး၏ ထက်ဝက်မကလျော့နည်းသည့်ဈေးဖြစ်သည့် တစ်စတုရန်းပေကို ကျပ်လေးထောင်၊ တစ်သောင်း၊ နှစ်သောင်း စသည့်နှုန်းတို့ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သည်။ ထိုမြေကွက်များ ချထားပေးခဲ့မှုတွင် တန်ဖိုးငွေအားဖြင့် ကျပ် ၈ ဒသမ ၄ ဘီလီယံ (ကျပ်သိန်းပေါင်း ရှစ်သောင်းလေးထောင်) ရရှိခဲ့ပြီး ယင်းငွေများအားလုံးကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိမ်းဆည်းထားကြောင်း ယင်းကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြေကွက်များ ပြန်လည်သိမ်းဆည်းရန်နှင့် ငွေပြန်အမ်းရန်၊ လုပ်ငန်းများကို အကောင်အထည်ဖော်ရန်မှာ စည်ပင်၏ တာဝန်ဖြစ်ပြီး လက်ရှိအချိန်ထိမူ စတင်အကောင်အထည် မဖော်နိုင်သေးပေ။

သို့သော်လည်း NLD အစိုးရ လက်ထက်တွင် ဥပဒေနှင့်မညီသည့် မြေကွက်များကို ပြန်လည်သိမ်းဆည်းခြင်း (ပြည်သူ့ထံ ပြန်လည်ရောက်ရှိခြင်း) သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးထဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကမှ ပထမဆုံး စတင်လုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်ကျောက်တင်ရမည်ဖြစ်သည်။

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *