မြင့်မြတ်နှင့် တွေ့ဆုံခြင်း

တောပေါက်မြို့ပေါက်ဇာတ်ကားမှာ အနုပညာကြေးမယူဘဲ ရိုက်ကူးဖြစ်ပုံ၊ ၂၀၁၈ ခုနှစ်အတွက်
ဇာတ်ကား ရွေးချယ်မှုပုံစံ၊ အကယ်ဒမီရင်ခုန်သံတွေကို သရုပ်ဆောင်မြင့်မြတ်နဲ့  တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

 

မသေချာပါဘူးဗျာ။ အကယ်ဒမီဆိုတာ နတ်ကြီးပါတယ်ဗျာ။

မြင့်မြတ်

 

Voice : ဆိုင်းကြိုက်တဲ့မောင်ဇာတ်ကားမှာ ဒါရိုက်တာကိုပေါက်ပြောတာတော့ တချို့ကကွက်တွေက မြင့်မြတ်ရဲ့ အိုင်ဒီယာလို့သိရတယ်။ အဲဒီအကြောင်းလေး ပြောပါဦး။

MM : အဓိကတော့ ကျွန်တော်ဖြစ်ချင်တဲ့ ပုံစံလေးကိုပြောပြတော့ သူတို့လည်း ဝိုင်းပြီးတော့ အိုင်ဒီယာတွေ ပေးကြတယ်။ ကျွန်တော့် အိုင်ဒီယာချည်းပဲတော့ မဟုတ်ပါဘူး။ ဒီလိုပဲ အတတ်ပညာရှင်တွေက ဘယ်လိုမျိုးလေး လုပ်လိုက်ဆိုပြီး အကြံဉာဏ်ပေးကြတာပါ။

Voice : တောပေါက်မြို့ပေါက်ဇာတ်ကားကို အနုပညာကြေးမယူဘဲ ရိုက်ပေးဖြစ်တာ ဘာကြောင့်လဲ။

MM : ရုပ်ရှင်လောကမှာဆိုရင် စက်မှုအလွှာဆိုတာ တကယ်ကို လုပ်အားခအနည်းဆုံးနဲ့ ပင်ပန်းကြတာပါ။ နေ့စဉ်နဲ့အမျှလည်း စက်အဖွဲ့ကလူတွေကို တွေ့နေရတာဆိုတော့ သူတို့ရဲ့အခက်အခဲတွေကို အကုန်လုံး တွေ့နေရတယ်၊ ကြားနေရတယ်။ ဒီကားက ပရဟိတကားဆိုရင် မမှားပါဘူး။ အဲဒီအတွက် ဒီလိုပရဟိတကားလေး တစ်ကားရိုက်လိုက်တဲ့အတွက် အထောက်အကူလေးတစ်ခုရသွားမယ်ဆိုရင် ကျွန်တော်တို့လည်း ကုသိုလ်ရမှာပေါ့။ အဲဒီအတွက်ကို ဝင်ပြီးတော့ ရိုက်ပေးဖြစ်တာပါ။

Voice : ၂၀၁၈ ခုနှစ်မှာ ဇာတ်ကားရိုက်ကူးမှုပုံစံတွေက ဘယ်လိုမျိုးတွေဖြစ်မလဲ။

MM : ၂၀၁၈ မှာတော့ ကျွန်တော်ဇာတ်ကားရိုက်ကူးပုံစံတွေ ပြောင်းထားတယ်။ ဇာတ်လမ်းတွေကအစ ကျွန်တော့်စိတ်ကြိုက် ဇာတ်လမ်းမျိုးလေးတွေပဲ ရွေးချယ်ထားတယ်။ နောက်ပြီးတော့ ပရိသတ်အတွက် တကယ်ကို ကျန်စေမယ့် ဇာတ်လမ်းမျိုးလေးတွေပဲ အဓိကရွေးချယ်ရိုက်ကူးသွားဖြစ်မယ်။

Voice : ပရိသတ်တွေက အမည်ပေါက်နဲ့ကျူးဇာတ်ကားနဲ့ မြင့်မြတ်ကို အကယ်ဒမီမှန်းထားကြတော့ ဘယ်လိုမျိုး ရင်ခုန်မိလဲ။

MM : အကယ်ဒမီတော့ ရင်မခုန်တော့ပါဘူးဗျာ။ မခုန်ပါဘူးဆိုတာ မလိုချင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ မှတ်တိုင်တစ်ခုဖြစ်မယ့်အရာဆိုတော့ လိုချင်ကြတာပေါ့။ မသေချာပါဘူးဗျာ။ အကယ်ဒမီဆိုတာ နတ်ကြီးပါတယ်ဗျာ။

Voice : ရဲတိုက်နဲ့အတူဇာတ်ကားရိုက်ဖို့က ဘယ်လိုဖြစ်သွားပြီလဲ။

MM : ကိုရွှေမန်း (ဦးဝေမင်းမောင်၊ Media 7 ထုတ်လုပ်သူ) ကတော့ ရိုက်ချင်တယ်လို့ ပြောတယ်။ အခုထိတော့ ဇာတ်မရသေးဘူး။

Voice : ဘယ်လိုပုံစံမျိုးရိုက်ချင်လဲ။

MM : ကိုရဲတိုက်နဲ့က အရင်ကလည်း သိပ်မဆုံဖြစ်ခဲ့ဘူး။ ဆုံလည်းဆုံခဲတာဆိုတော့ အခုပြန်ရိုက်ရင်တော့ ဇာတ်အိမ်ကောင်းကောင်းလေးပဲ ပြန်ရိုက်ချင်တယ်။

Voice : လတ်တလောမှာလည်း တေးသံရှင်ရွှေထူးနဲ့ သီချင်းတွဲဆိုထားတာ Live လွှင့်ထားတော့ ပရိသတ်ဆီက ဘယ်လိုမျိုးအသံတွေ ပြန်ကြားလဲ။

MM : ပရိသတ်တွေကတော့ တော်တော်လေးသဘောကျကြတယ်။ သီချင်းကတော့ မလွယ်ဘူးဗျာ။ ဝါသနာကတော့ တော်တော်လေးကို ပါခဲ့တယ်။ ကျွန်တော်က အရှေ့မှာလည်း သီချင်းတွေ နည်းနည်းပါးပါးဆိုခဲ့ဖူးတော့ အခက်အခဲတွေလည်း တွေ့ခဲ့ရတယ်။

Voice : သီချင်းခွေထုတ်ဖို့ အစီအစဉ်ရှိပြီလား။

MM : ကိုယ်မကျွမ်းကျင်တဲ့အပိုင်းဆိုတော့ သီချင်းခွေထုတ်ဖို့အထိတော့ အဆင်မပြေဘူးထင်တယ်။ အရင်တုန်းက ကျွန်တော်က အခွေထုတ်ချင်တယ်။ အခုကျတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တော့ ကျွန်တော်သိပ်လည်း မကျွမ်းဘူး။ အဲဒီအရာကို မပိုင်နိုင်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော် တစ်ပုဒ်စ၊ နှစ်ပုဒ်စ ဆိုဖို့ ရှိပါတယ်။

Voice : ရုပ်ရှင်ညီလာခံတက်ရောက်ခဲ့တာဆိုတော့ ရလဒ်တွေအပေါ် ဘယ်လိုမြင်မိလဲ။

MM : ကောင်းပါတယ်။ လူကြီးတွေက ကောင်းမယ်ထင်လို့ အကောင်းဆုံးလုပ်ခဲ့ကြတာပါ။ ရှေ့လျှောက်လည်း အကောင်းတွေပဲဖြစ်လာမယ်လို့ထင်ပါတယ်။ ကောင်းလာမှာပါ။

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *