အစိုးရအပြောင်းအလဲ အပိုင်းအစများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်သွားသည့် မန်းဂျော်နီ။

ကောလာဟလနှင့် ကြိုတင်သတင်းထွက်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် များမကြာမီတွင်ပင် ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးအချို့ နုတ်ထွက်ကြောင်းကို သမ္မတရုံးက နှစ်ရက်ဆက် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ဗဟိုအစိုးရအကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေသည် ရှိသင့်သလောက်မရှိဘဲအားနည်း နေသည်ဟု ပြောဆိုခဲ့ပြီး နောက်တစ်ရက်တွင်ပင် အဆိုပါသတင်းများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သက်တမ်း ၂ နှစ်ပြည့်ခါနီးတွင် အစိုးရအနေနှင့် ကစားကွက်တစ်ခု ဖော်လိုက်ခြင်းဖြစ်သည်။

ထွက်ပေါ်နေသည့်သတင်းများအရ နောက်ထပ်လည်း ပြည်ထောင်စု ဝန်ကြီး အချို့အပြောင်းအလဲလုပ်ရန် ရှိနေသေးသည်။

“တဖြည်းဖြည်းတော့ တိုးတက်လာစရာအကြောင်းရှိပေမယ့် ချို့ယွင်းချက်တွေက ရှိနေသေးတယ်” ဟု လက်ရှိတွင် နိုင်ငံရေးလေ့လာနေသူလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည့် ဦးရဲထွန်းက သုံးသပ်သည်။

သို့သော် ယခုအပြောင်းအလဲသည် နိုင်ငံလုံးချီသည့် အပြောင်းအလဲမဟုတ်။

နိုင်ငံတွင် အရေးတကြီးလိုအပ်နေ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာစေမည့် အပြောင်းအလဲမျိုး၊ ယင်းအတွက် အစိုးရအဖွဲ့ကိုအရှိန်ဖြင့် မောင်းနှင်ပေးနိုင်မည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးကို အစားထိုးခန့်အပ်လိုက်ခြင်းမျိုးကို ဦးရဲထွန်းအပြင် အခြား နိုင်ငံရေးနှင့် စီးပွားရေးသမားတို့က ပြီးခဲ့သည့်လ တော်တော်များများကတည်းကပင် စိတ်ကူးယဉ်နေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ဆန်စပါးစိုက်ပျိုးရေးတွင် အဓိကနယ်မြေကြီးဖြစ်သည့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်မန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးဘဟိန်းတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

နုတ်ထွက်သွားသော ဝန်ကြီးများနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင်းကြောင့်ဟု အစိုးရနှင့် ပါတီတာဝန်ရှိသူတို့က သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း လေ့လာသူများ၏ သုံးသပ်ချက်အရ အသက် ၇၇ နှစ်အရွယ် မန်းဂျော်နီသည် နာမည်ဆိုးမထွက်ခဲ့။ သို့သော် ကျန်းမာရေး မကောင်းလှ။

ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတင်ရီက မှတ်ချက်ပြုရာတွင် အငြိမ်းစား လက်ထောက်ပညာရေးမှူးလည်းဖြစ်၊ တိုင်းရင်းသားလည်းဖြစ်သည့် ဝန်ကြီးချုပ်အနေနှင့် ရိုးသားပွင့်လင်းသူဖြစ်သည်ဟု ဆိုသည်။ ကျောင်းဆရာဟောင်းလည်းဖြစ်ရာ လူအများက ကြည်ညိုရင်းစွဲရှိကြသည်။

“အုပ်ချုပ်ရေးပိုင်းအပြောင်းအလဲကြောင့် စီးပွားရေးရပ်တန့်သွားမယ်ဆိုတာမျိုး မရှိနိုင်ပါဘူး။ ကုန်သွယ်မှုပိုင်းမှာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့၊ လာပြီးတော့ ပြည်ပပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲ ဖြစ်ဖြစ် တိုင်းထဲမှာလာပြီးတော့ မြှုပ်နှံမှုတွေ ဝန်ကြီးချုပ်တစ်ဦးနဲ့ အလုပ်လုပ်ထားတဲ့ လုပ်ငန်းတစ်ခုကတော့ လုပ်ငန်းအလွှဲအပြောင်းမှာတော့ Run နေတာတွေတော့ နည်းနည်းတန့်သွားတာလေးတွေတော့ ရှိတာပေါ့” ဟု ၎င်းကဆိုသည်။

“လူတစ်ယောက်ပြောင်းသွားလို့ အခြေအနေတွေ တအားပြောင်းသွားမှာ ဆိုတာတော့ မဖြစ်နိုင်ပါဘူး”

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးသည် ပြီးခဲ့သည့် ဆယ်ရက်ဝန်းကျင်ကတည်းကပင် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ပြီး အလုပ်တာဝန်များပြားခြင်းနှင့် ကျန်းမာရေးအရ နုတ်ထွက်ကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းသည် ဒေသတွင်းရှိမြေယာကိစ္စများ၊ အင်းကိစ္စများကို တက်ကြွစွာဆောင်ရွက်သည့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။

The Voice က သီးခြားအတည် ပြုနိုင်ခြင်းမရှိသည့် သတင်းများအရ ယင်းသို့ တက်ကြွစွာဆောင်ရွက်မှုသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် မကျေလည်မှုများ ဖြစ်ပေါ်စေပြီးအဆိုပါအချက်ကြောင့်ပင် အနားပေးလိုက်သည့် အကြောင်းတစ်ခု ဖြစ်လာစေသည်။

မန်းဂျော်နီသည် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူချိန်က တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထုကြားထဲအထိ ဆင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတကထုတ်ပြန်ကြေညာခဲ့ပြီးတစ်ရက် အကြာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ နှုတ်ဆက်စကားပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဦးဘဟိန်းတို့ မရှိတော့ပေမယ့် ဒီရာထူးကနေ ခွာသွားတော့ပေမယ့် ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကို ကြိုးစားလုပ်ကြပါ၊ အခါတိုင်း ကျွန်တော် ပြောသလိုပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ။ အဲဒီနောက်မှာ ရိုးသားဖြောင့်မတ်မှုပါလို့ ရှိရင် ကျွန်တော်တို့ဟာ No Problem ဘာပြဿနာမှ မတက်ပါဘူး” ဟု မန်းဂျော်နီက ဆိုသည်။

လတ်တလောတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာရန် ရေကြည် မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၏ ကိုယ်စားလှယ်လည်းဖြစ်၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူလည်း ဖြစ်သည့် ဒေါက်တာ လှမြတ်သွေးကို ထင်ကြေးပေးခြင်းခံနေရသည်။

လူမှုရေးဝန်ကြီးဖြစ်သည့် ၎င်းသည် ငယ်ရွယ်သော ပညာရှင်ဖြစ်သလို လုပ်ငန်းကိစ္စများကို ပြတ်သားစွာ ဆောင်ရွက်တတ်သူအဖြစ်လည်း ဒေသတွင် နာမည်ကျော်သူ အသက် ၄၉ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။

အသစ်ခန့်ထားမည့် ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ရွေးချယ်မည်ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။ ယင်းအတွက် လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးကိုလည်း ထပ်မံအနားပေးလိုက်ပြန်သည်။ တစ်ဦးမှာ ယခင်လများကတည်းက လူမှုရေးကိစ္စ သတင်းပြေးနေသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်မှာ သတင်းထွက်ပေါ်ခြင်းမရှိဘဲ ရုတ်တရက် နုတ်ထွက်သွားခြင်း ဖြစ်သည်။

ဦးနေမျိုးကျော်သည် အမျိုးသမီးတစ်ဦးနှင့် လူမှုရေးကိစ္စ ငြိစွန်းခဲ့ကြောင်း ပြီးခဲ့သည့်နှစ်ကပင် စွပ်စွဲခံရဖူးသူဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းနေရာအတွက် အဆိုပါတိုင်း ဒေသကြီး NLD ပါတီအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က ရေပန်းစားနေသည်။

အစိုးရအဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်သည့် ဒေသခံတစ်ဦးက The Voice သို့ ပြောဆိုချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်မှာ သားဖြစ်သူက ၎င်းနာမည်ကိုအသုံးပြု၍ အလွဲသုံး စားလုပ်ကိုင်ခဲ့မှုများကြောင့်ဖြစ်သည်။

ဝန်ကြီးများကို ရာထူးမှ အနားပေးခြင်းမတိုင်ခင် ဇန်နဝါရီလ ၉ ရက်နေ့ကပြု လုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့သေးသည်။

“အခုအထိကို တင်ဒါခေါ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်သူတွေဝေဖန်စရာ ကိစ္စတွေ ရှိပါတယ်။ ဒါတွေကို ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတွေသာမက တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက အထူးသတိထားဖို့လိုပါတယ်”

ယင်းနေရာတွင် မြိုင်မြို့နယ် မဲဆန္ဒ နယ်အမှတ် (၂) မှ ဦးဝင်းဌေးက သတင်းထွက်နေသည်။

ထွက်ပေါ်နေသည့် သတင်းများအရ အပြောင်းအလဲများက ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

အဆိုပါသတင်းများနှင့်အတူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းကလည်း အပြောင်းအလဲကို ငံ့လင့်နေသယောင်။

“ကျွန်တော့်ထက် လုပ်နိုင်သူ၊ တော်တဲ့သူရှိရင် နေရာဖယ်ပေးမယ်” ဟု ၎င်းက ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဒေသခံသတင်းရင်းမြစ် များ၏အဆိုအရ အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံနှင့် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်တို့နှစ်ဦးကို ရားထူးမှနုတ်ထွက်ရန် ပါတီက ညွှန်ကြားထားသည်။

အဆိုပါနေရာများအတွက် ရေတာ ရှည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါက်တာ ကျော်ကျော်၊ သနပ်ပင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာစောညိုဝင်း၊ပဲခူး မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးညွန့်ရွှေ နှင့် ပြည်မြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကျော်ဇေယျတို့ကို ဒေသအခြေစိုက် နိုင်ငံရေးအသိုင်းအဝိုင်းက ထင်ကြေးပေးကြသည်။

ယင်းအပြင် တိုင်းဒေသကြီး လွှတ်တော်၊ ပညာရေးနှင့် ကျန်းမာရေးနှင့် အလုပ်သမားရေးရာကော်မတီအတွင်း ရေးမှူးလည်းဖြစ်၊ သာယာဝတီမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါ်မူမူခင်နှင့် ကတိကဝတ် အာမခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ သနပ်ပင် မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာ စောညိုဝင်းတို့လည်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတင်းထွက်သည်။

သို့သော် ယခုအပြောင်းအလဲစာရင်းတွင် ပြည်ထောင်စုဝန်ကြီးများ မပါသေးပေ။

ပြန်ကြားရေး၊ စက်မှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ပညာရေးစသည့် ဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲတွင် ပါဝင်လာနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ယခုရက်ပိုင်းအတွင်း အစိုးရ အပြောင်းအလဲဂယက်သည် ပြည်ထောင်စုဝန်ကြီးများ၏ အပြောင်းအလဲသတင်း အပြင် နိုင်ငံတော်သမ္မတအပြောင်းအလဲအထိ ပါနေသည်။

လာမည့် ဧပြီလ (အစိုးရသက်တမ်း ၂ နှစ်ပြည့်မည့်လ) မတိုင်မီ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ကျန်းမာရေး အရ အနားယူဖွယ်ရှိပြီး ၎င်းနေရာတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် သို့မဟုတ် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်လာနိုင်သည်ဟု ပြောဆိုမှုများရှိနေသည်။

ယခုအပြောင်းအလဲသည် စီးပွားရေး တိုးတက်မှုကိုလည်း မဖြစ်စေနိုင်၊ နိုင်ငံအတွင်း ကျယ်ပြန့်စွာရှိနေသည့် မြေယာ အရှုပ်အရှင်းများကိုလည်း ပြေလည်သွားစရာမရှိ၊ ရပ်နေသည့်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ရှေ့တိုးစေနိုင်ဖွယ်မမြင်ဟု ဦးရဲထွန်းက ဆိုသည်။

အပြောင်းအလဲသည် ဗဟိုအစိုးရဌာနများ၏ အရေးပါသည့်ဝန်ကြီးများကို ပြောင်းလဲမှုဖြင့်သာ တွေ့မြင်နိုင်လိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရအဖြစ် တာဝန်ယူကတည်းက စီးပွားရေး၊ စစ်ရေးသို့မဟုတ် ငြိမ်းချမ်းရေးနှင့် မြေယာပြဿနာများက ပြည်သူလူထုကို စိတ်ကျေနပ်မှု မပေးခဲ့သည်ဖြစ်ရာ အပြောင်းအလဲသည် ယင်းတို့ကိုဖြေရှင်းနိုင်ရန် မျှော်လင့်ကြသည်။

“ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ထင်တာလေ” ဟု ဦးရဲထွန်းက ဆိုသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *