ရခိုင်အရေး သွေးစွန်းခြင်းဖြင့် အစပြုသည့် ၂၀၁၈

ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသူများကို ဇန်နဝါရီလ ၁၆ ရက်ေ်န့ ညက မြောက်ဦးဆေးရုံးတွင် တွေ့မြင်ရစဉ်

(မြောက်ဦးသွေးမြေကျခြင်းနှင့် ဒေါက်တာအေးမောင် အဖမ်းခံရခြင်း)

အရပ်သားအစိုးရအသွင်ပြောင်းပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အံ့ဩမှင်တက်ဖြစ်ရသည့် မကြုံစဖူးဖြစ်ရပ်နှစ်ခု တစ်ပြိုင်တည်း ပေါ်လာသည်။ လာခြင်းကောင်းသည့် ဖြစ်ရပ်များတော့ မဟုတ်။

ထိတ်လန့်ဖွယ်ကောင်းသည့် ဖြစ်ရပ်မှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းသဖြင့် လူသေမှုအများဆုံးဖြစ်ခဲ့သည့် သွေးမြေကျသည့် မြောက်ဦးမြေက ဖြစ်ရပ်ပင် ဖြစ်သည်။

နောက်ဖြစ်ရပ်တစ်ခုမှာ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းနှင့် ဆက်နွှယ်မှုတို့ဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအကြီးဆုံးဖြစ်သည့် ပြဿနာဖြစ်သည့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရန် အခက်အခဲနှင့် ကြုံတွေ့နေရချိန် ရခိုင်ပြည်နယ်က ယင်းဖြစ်ရပ်နှစ်ခုမှာ အကျပ်အတည်းကို ပိုမိုဦးတည်စေနိုင်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

မြောက်ဦးမြေတွင် သွေးမြေကျခြင်း

လကွယ်ညတွင် ဝမ်းနည်းကြောင်း အခမ်းအနားကျင်းပရန် ကြိုးပမ်းရာမှ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်နှင့် ထပ်တိုးပြန်သည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင်‘ရခိုင်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား စာပေဟောပြောပွဲ’ ပိတ်ပင်ခံရမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

ယင်းကြောင့် ဇန်နဝါရီလ ၁၆ ရက် နေ့ ပြာသိုလကွယ်ညတွင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူများမှာ အရွယ်ကောင်း လူငယ်များ ဖြစ်သည်။

အသက် ၁၆ နှစ် တစ်ဦး၊ ၁၈ နှစ် တစ်ဦး၊ နှစ်ဆယ်ကျော် သုံးဦးနှင့် သုံးဆယ်ကျော် နှစ်ဦးတို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဆယ်ခန့် ဒဏ်ရာရသည်ဟုလည်း အစိုးရက ထုတ်ပြန်သည်။ ယင်းဖြစ်ရပ်ဆိုးအပေါ် အာဏာပိုင်များနှင့် ဒေသခံများကြား အပြန်အလှန်ပြစ်တင်နေကြသည်။

“လကွယ်နေ့မှာ ထပ်ပြီးတော့ သွေးမြေကျပြန်ပြီလို့ ခံစားရပါတယ်။ တော်တော့်ကို အရုပ်ဆိုးတဲ့ ဖြစ်ရပ်ပါ” ဟု မြောက်ဦးမြို့နယ်၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောဆိုသည်။

ရွေးကောက်ပွဲနှင့်အတူ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးနောက် ဆန္ဒပြပွဲ များအနက် မြောက်ဦးဖြစ်ရပ်မှာ လူသေမှုအများဆုံးဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြမှု တွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျောင်းသားသပိတ်တွင်လည်း ဒဏ်ရာရမှုသာ ရှိခဲ့သည်။

(၁)

တစ်ချိန်က ရခိုင်ဘုရင်၏ နန်းတော် ဖြစ်ခဲ့သည့် နန်းတော်ရာကုန်းတွင် ဖြစ်သည်။

ညကမှောင်၊ လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရသည့် အမှောင်ထုတွင် လူထောင်ချီစုဝေးကာ ကြွေးကြော်သံများ ဟစ်ကြွေးနေကြသည်။ ပြာသို လကွယ်ည ၇ နာရီကျော်က ဖြစ်သည်။

‘စာပေဟောပြောပွဲ ဖျက်ဆီးသူ တို့ရန်သူ’ ၊ ‘စာပေဟောပြောပွဲ ဖြစ်မြောက်ရေး တို့အရေး’ ၊ ‘ရခိုင်ပြည် လွတ်မြောက်ရေး တို့အရေး’ စသဖြင့်။

ယင်းနေရာမှ တစ်ဆင့် မြို့ပေါ်လမ်းမကြီးပေါ်သို့ ချီတက်ကာ လူစုလူဝေးဖြင့် ဆန္ဒပြတောင်းဆိုမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်။ ယင်းနောက် ထောင်ချီသော လူအုပ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ဦးတည်ချီတက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ပရိသတ်ထောင်ချီ ရောက်ရှိနေချိန်မှ ပွဲဖျက်လိုက်ရသဖြင့် မကျေနပ်ဖြစ်သည့် လူစုလူဝေးကို ကောလာဟလများကလည်း မီးလောင်ရာလေပင့်ဖြစ်ခဲ့သည်။ ပွဲကျင်းပရေး ကော်မတီဝင်များ ခရိုင်ရုံးတွင် ထိန်းသိမ်းခံထားရသည်ဟု သတင်းများထွက်ပေါ်သဖြင့် ယင်းရုံးသို့ ဦးတည်ခဲ့ကြသည်ဟု ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။

“ပွဲဖျက်လိုက်ရတော့ လူထုက ပေါက်ကွဲမှု ဖြစ်တယ်။ မြို့ကိုပတ်ပြီး ဆန္ဒပြတယ်။ ကျင်းပရေး ကော်မတီဝင်တွေကို ဖမ်းသွားတယ်လို့ ထင်ကြတယ်။ အဲဒါကိုတောင်းဖို့အတွက် သွားတယ်။ ဟိုက မရှိဘူးလို့ ပြောတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စာပေဟောပြောပွဲ ပိတ်ပင်ခံရမှုကို အကြောင်းပြုကာ ပေါ်ပေါက်လာသည့် လူစုလူဝေးကို ဒေသအာဏာပိုင်များက အချိန်မီထိန်းသိမ်းရန် ပျက်ကွက်ခဲ့သည် ဟု မြို့အချို့က ဝေဖန်ကြသည်။

“မြို့ထဲမှာ ဒီလောက်လူတွေ ထောင် နဲ့ချီ ဆန္ဒပြနေတာ ရဲသားတစ်ယောက်မှ မတွေ့ဘူး။ မြို့ထဲမှာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေ တာကို ရဲက ဒီအတိုင်းလွှတ်ထားတယ်” ဟု မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ရဲစခန်းနှင့် ခရိုင်အုပ်ချုပ် ရေးမှူးရုံးသို့ လူစုလူဝေးဖြင့် ဦးတည်ချီတက်လာသော်လည်း ဝင်လာနိုင်သည့် လမ်းများကို သံဆူးကြိုးများဖြင့် ကြိုတင်ကာရံခြင်း မရှိသည့်အပြင် လုံခြုံရေးအပြည့်အဝချကာ အချိန်မီ ဟန့်တားမှုလည်း မရှိခဲ့ကြောင်း ၎င်းက ဝေဖန်သည်။

“ဒီပြဿနာကို တမင်ဖန်တီးသလားလို့တောင် ထင်ရတယ်”

(၂)

ည ၉ နာရီဝန်းကျော်တွင် လူအုပ်မှာ ခရိုင်ရုံးရှေ့သို့ ရခိုင်အလံများကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး တောင်းဆိုဆန္ဒပြကြကြောင်း၊ ယင်းနောက် ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်ဟု ယင်းလူစုလူဝေးထဲတွင် ပါဝင်ခဲ့သည့် မြို့ခံ အမျိုးသမီးနှစ်ဦးကို မေးမြန်းချက်အရ သိရသည်။

အခင်းဖြစ်ပြီး တစ်ရက်ခန့်အကြာတွင် ထုတ်ပြန်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက်တွင် လူစုခွဲရန် Hand Speaker ဖြင့် ၁၅ ကြိမ်ခန့် သတိပေးခဲ့သည်ဟုဖော်ပြပြီး လူအုပ်အင်အားမှာ တစ်သောင်းခန့် ရှိသည်ဟု ရေးသားထားသည်။

သို့သော်လည်း အထက်ပါမြို့ခံ အမျိုးသမီးနှစ်ဦးကမူ သတိပေးသံမကြားရဟု ပြောဆိုသည်။ ဟစ်ကြွေးနေကြသည့် ထောင်ချီသော လူအုပ်ကို Hand Speaker ဖြင့် သတိပေးပြောဆိုမှုကို ကြားနိုင်ရန် မလွယ်ကူသဖြင့် အသံချဲ့စက်ကိုသာ သုံးသင့်သည်ဟု ထောက်ပြသူများရှိသည်။

“ဆန္ဒပြသူတွေက ကျောက်ခဲနဲ့ ပစ်ကြတယ်။ သိပ်မကြာဘူး ရဲစခန်းဘက်ကနေ ရဲတွေ ထွက်လာတယ်။ အပေါ်ကို ထောင်ပြီး တစ်ချက် နှစ်ချက်ပစ်တာ တွေ့တယ်။ ခြောက်ပြီးပစ်တာ နောက်မဆုတ်နဲ့ဆိုပြီး(လူအုပ်ထဲက) ပြောတယ်။ တချို့ကတော့ နောက်ဆုတ်ကြတယ်”ဟု အခင်းဖြစ်နေရာတွင် ရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းနောက် ပစ်ခတ်မှုများ ဖြစ်လာချိန်တွင် လူနှစ်ဦး ကျည်ထိမှန်၍ လဲသွားသည်ဟု ကြားရပြီး လူအုပ်က နောက်ဆုတ်ထွက်ပြေးကြကာ တစ်ရာခန့်သာ ယင်းရုံးရှေ့တွင် ခဲများဖြင့်ပစ်၍ တင်းခံနေကြကြောင်း ၎င်းက ဆိုသည်။

ယင်းအချိန်တွင် ရဲစခန်းဘက်က ထွက်လာသည့် လုံခြုံရေးများက လူအုပ်ကို ပစ်ခတ်ခြင်းဖြစ်ပြီး အချက် ၂၀ ထက်မနည်း ကြားလိုက်ရကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောဆိုသည်။

“အဲဒီအချိန်မှာ ဒိန်းဒိန်းနဲ့ ရိုင်ဖယ် ဆိုမလား၊ စက်သေနတ် ဆိုမလား ဆက်တိုက် ဆက်တိုက် ပစ်တယ်”

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် လူစုခွဲရန် သတိပေးတားမြစ်နေချိန် ရဲတပ်ဖွဲ့ဝင်နှစ်ဦးထံမှ သေနတ်ကို လုယူရန် ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲများဖြင့် ပစ်ပေါက် ဆဲဆိုရန်ပြုလာပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး ခြံဝင်း တံခါးကို ဖျက်ဆီးကာ ရုံးဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

အော်ဟစ်ဆန္ဒပြသည့် လူစုလူဝေးထဲက အချို့သည် ခရိုင်ရုံးရှိ နိုင်ငံတော်အလံတိုင်တွင် အသင့်ပါလာသည့် ရခိုင်ပြည်နယ် အလံကို လွှင့်ထူကြပြီး ကျန်လူစုလူဝေးကလည်း ရုံးအတွင်းဝင်၍ မော်တော်ယာဉ် လေးစီး၊ ဆိုင်ကယ်ငါးစီး အပါအဝင်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တုတ်။ ဒိုင်းများဖြင့် လူစုခွဲခဲ့သော်လည်း ဆက်လက်အကြမ်းဖက်လာသဖြင့် သေနတ်ဖြင့် အချက် ၆၀ ခန့် မိုးပေါ် ထောင်ပစ်ကာ သတိပေးခဲ့သော်လည်း လက်နက်လုယူရန် ကြိုးပမ်းသဖြင့် ကျည်အစစ်ဖြင့် ပစ်ခတ်မည်ဟု အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ရေးသားထားသည်။

သို့သော်လည်း ပိုမိုဆိုးရွားလာသဖြင့် တီ- ၅၆ နှင့် ဘီအေ – ၉၄ သေနတ် တို့ဖြင့် ၁၀ ချက်ခန့် လူစုလူဝေးအတွင်းသို့ ပစ်ခတ်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့က အဓိကရုဏ်းဖြိုခွဲရာတွင် ကျင့်သုံးသည့် နည်းလမ်းအတိုင်း ကျင့်သုံးခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်ရေးမှူးဦးတင်မောင်ဆွေက ပြောဆိုသည်။ လူစုခွဲရန် အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ သေနတ် မိုးပေါ်ထောင်ပစ်၍ သတိပေးခြင်း၊ ရော်ဘာကျည်ဖြင့် ပစ်ခတ်ခြင်း စသည်တို့ ဖြစ်သည်။

“ဘယ်လိုမှ မရတော့တဲ့အဆုံး ပိုဆိုးလာလို့ အောက်ပိုင်းကို ပစ်တာပေါ့နော်။ ကျည်ဆန် သဘောတရားကလည်း အောက်ပိုင်းပစ်ပေမယ့် မှန်ချင်တဲ့ နေရာမှန်တာပေါ့။ လူအုပ်ကလည်း များတာကိုး။ အဲဒါကြောင့် သေကုန်တာ” ဟု ၎င်းက ပြောဆိုသည်။

အခင်းဖြစ်ချိန် ရုံးဝင်းအတွင်း လူအင်အားလေးထောင်ခန့်ရှိပြီး ထိန်းသိမ်းခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ သုံးဆယ်ခန့်သာ ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

သေနတ်ဖြင့် ၁၀ ချက်ပစ်ခဲ့၍ လူခုနစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ မြောက်ဦးဖြစ်ရပ်မှာ ခေတ်အဆက်ဆက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြေရှင်းခဲ့သည့် နည်းလမ်းမှာမပြောင်းလဲသေးကြောင်း သက်သေပြခြင်းဟု အချို့က ဝေဖန်ကြသည်။

“လူထုက အကြမ်းဖက်တယ်။ အဲဒါကြောင့် ပစ်ရတယ်ပေါ့။ ဒါမျိုးနဲ့ပဲ တစ်လျှောက်လုံး ဖြေရှင်းခဲ့တာပဲဆိုပြီးတော့ အများက မြင်ကြတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက မှတ်ချက်ပေးသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အစီရင်ခံချက်ကို အခြေခံကာ ထုတ်ပြန်သည့် ကျည် ၁၀ ချက်ဖြင့် ၁၉ ဦး ထိခိုက်မှုမှာလည်း လက်ခံနိုင်ဖွယ်မရှိကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေမှူး ဦတင်မောင်ဆွေ ကမူ ဆန္ဒပြမှုကို ဖြိုခွဲခြင်းမဟုတ်ဘဲ အစိုးရရုံးကို အကြမ်းဖက်တိုက်ခိုက်သဖြင့် ဖြစ်ပွားရသည့် ပြဿနာဟု တုံ့ပြန်သည်။

လူစုလူဝေးတွင် ပါဝင်ခဲ့သည့် အချို့ကို မေးမြန်းချက်အရဆိုလျှင် ခရိုင်ရုံးအတွင်းသို့ လူနှစ်ဆယ်ခန့် ဝင်ရောက်ခဲ့သော်လည်း သေနတ်လုခြင်း၊ အလံလွှင့်ထူခြင်းတို့ကို မမြင်ခဲ့ကြောင်း ပြောဆိုသည်။ ပစ်ခတ်ခံရ၍ သေဆုံးမှုမှာလည်း ရုံးခြံဝင်း အပြင်ဘက်တွင် ဖြစ်သည်ဟု ပြောဆိုကြသည်။

ပျက်စီးမှုများမှာလည်း ရုံးအပြင်က ကျောက်ခဲများဖြင့် လှမ်းပစ်ခဲ့ကြခြင်းသာ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ ပွဲကျင်းပခွင့်မရမှုကို မကျေနပ်ဖြစ်ကာ လူစုလူဝေးဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသဖြင့် တုတ်၊ ဓား စသည့် လက်နက်များကို ကိုင်ဆောင်ခြင်း မရှိခဲ့ကြောင်း ပြောဆိုသည်။

“လမ်းမှာတွေ့တဲ့ ကျောက်ခဲလောက်ပဲ ပါတယ်။ အဲဒါနဲ့ ရိုက်ခွဲတယ်။ ပစ်တယ်။ ဒီလောက်ပဲရှိတယ်။ အဲဒါကို ကျည်ဆန်အစစ်အမှန်နဲ့ တည့်တည့်ပစ်ဖို့ မလိုဘူးထင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

အသံချဲ့စက်ဖြင့် လူထုကြားအောင် သတိပေးခြင်း၊ တားမြစ်စည်း ကျော်လာလျှင် မီးသတ်ပိုက်ဖြင့် ရေဖျန်းခြင်၊ သေနတ်မိုးပေါ် ထောင်ပစ်ခြင်း၊ မျက်ရည်ယိုဗုံးအသုံးပြု၍ ဖြိုခွဲခြင်း၊ ရော်ဘာကျည်ဆန် ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်သင့်ပြီး ယင်းသို့လုပ်၍လည်း လူစုမကွဲလျှင် ကျည်အစစ် သုံးပါက ခန္ဓာကိုယ် အောက်ပိုင်းကိုသာ ပစ်ရမည်ဟု ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောဆိုသည်။

“အဆင့်ဆင့်ဖြေရှင်းဖို့လိုတယ်လို့ မြင်တယ်။ အဲဒီလိုမဟုတ်ဘဲ ငါတို့အနားကို ကပ်လာတယ်ဆိုပြီးတော့ တစ်ခါတည်း သေနတ်နဲ့ ပစ်တာကတော့ ရန်သူလို ဆက်ဆံတယ်လို့ သုံးသပ်တယ်”

အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိမရှိ ခုံရုံးဖွဲ့စစ်ဆေးမည်ဟု ကြေညာထားသည်။ ယင်းဖြစ်ရပ်တွင် ဥပဒေချိုးဖောက်သူများကို အရေးယူမည်ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

(၃)

အစိုးရနှင့် ဒေသအာဏာပိုင်များ၏ ကိုင်တွယ်မှုအပေါ် ဝေဖန်မှုများ ရှိနေသည်။

အချုပ်အခြာအာဏာ ကျဆုံးမှု အပေါ် ဝမ်းနည်းခြင်းအခမ်းအနားအဖြစ် ကျင်းပသည့် စာပေဟောပြောပွဲမှာ ရခိုင်ပြည်နယ်တွင် ကျင်းပနေကျ သာမန်အခမ်းအနားတစ်ခုသာဖြစ်ရာ ယင်းအပေါ် ကိုင်တွယ်မှုမှားယွင်းသဖြင့် အသက်များ ဆုံးရှုံခဲ့ရသည်ဟု ဝေဖန်ကြသည်။

အဆိုပါအခမ်းအနားမှာ ယခုနှစ်မှ ကျင်းပခြင်းလည်း မဟုတ်။ ယခင်နှစ်ကလည်း မြောက်ဦးမြို့ နန်းတော်ရာကုန်း အပါအဝင် မြို့နယ်အချို့တွင် ကျင်းပဖူးသည်။

“အစိုးရ ကိုင်တွယ်ဖြေရှင်းမှုညံ့ဖျင်းတယ်လို့ သုံးသပ်တယ်။ ဒါက မူဝါဒရေးရာ တိုက်ပွဲလည်းမဟုတ်ဘူး။ ရခိုင်မှာက ဒီလိုပွဲတွေက အမြဲတမ်း လုပ်နေကျပဲ။ ဒီပွဲက လုပ်ပြီးရင် ပြီးသွားမှာပါ။ အဲဒါကို တခြားနည်းနဲ့ မဖြေရှင်းဘဲ လက်နက်နဲ့ ဖြေရှင်းတာက တော်တော့်ကို လွန်ပါ တယ်” ဟု ဦးခိုင်ပြည်စိုးက ပြောဆိုသည်။

ယင်းပွဲကို ကျင်းပရန် တစ်လခန့် ကြိုတင်ကာ ဗီနိုင်းများထောင်ကာ မြို့ပေါ်တွင် ကြော်ငြာထားပြီး စာပေပြောပွဲသူတွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်တောင်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါဝင်ခြင်းက လူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပွဲကျင်းပခြင်းမပြုနိုင်ပါက ကြိုတင်တားမြစ်၍ ရသော်လည်း ကျင်းပမည့်နေ့ရောက်မှသာ တားမြစ်မှုကြောင့် ပြည်သူကို ပြန်လည်အသိပေးချိန် မရခဲ့ကြောင်း ဦးထွန်းသာစိန်က ပြောဆိုသည်။

အစိုးရအဖွဲ့ရုံးက ယင်းပွဲများကို ကန့်သတ်ရန် ခရိုင်အုပ်ချုပ်ရေးမှူးများထံ အသိပေးစာ ဇန်နဝါရီလ ၁၅ရက်နေ့က ပို့ပေးခဲ့သည်။ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်ယူရန်၊ နေရာနှင့် ပတ်သက်၍လည်း ခွင့်ပြုယူရန် ဖြစ်သည်။

ပွဲကျင်းပမည့်နေရာမှာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သဖြင့် သက်ဆိုင်ရာဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကန့်ကွက်ခဲ့သော်လည်း အကြောင်းမပြန်ဘဲ ပွဲကျင်းပသဖြင့် ဒေသအာဏာပိုင်က ထပ်မံတားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်သွားနေချိန်တွင် ပြည်သူများကို လှုံ့ဆော်ခြင်း၊ အမုန်းပွားအောင် စည်ရုံးခြင်းများ မလုပ်သင့်ကြောင်း၊ အတိတ်က အကြောင်းအရာများကို ဖော်ထုတ်ကာ နာကျည်းမှု၊ မုန်းတီးမှု ဖြစ်အောင် မလုပ်သင့်ဟု ၎င်းက ပြောဆို သည်။

ဒေါက်တာအေးမောင်ကို ဖမ်းဆီးခြင်း

ပွဲများကို ပိတ်ပင်ရခြင်းမှာ ဒေါက်တာအေးမောင်ကို ပိတ်ပင်လို၍ ပိတ်ပင်ခြင်းလောဟုလည်း သုံးသပ်မှုများ ရှိနေသည်။ မြောက်ဦးတွင် ရုန်းရင်းဆန်ခတ်ဖြစ်သည့် ညက နန်းတော်ရာကုန်းနှင့် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် ဟောပြောမည့် ပွဲနှစ်ပွဲလုံးမှာ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ တွင် အမ်းမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် ဒေါက်တာ အေးမောင်မှာ ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်တောင်းခံထားသူဖြစ်သည်။

ယင်းအပြင် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ NLD အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်နေသူဖြစ်ပြီး အမျိုးသားရေးဝါဒီတစ်ဦးလည်း ဖြစ်သည်။

အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းအနားများကို အစိုးရကန့်သတ်ချက်ထုတ်ပြန်သော နေ့ဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းက အလားတူ အခမ်းအနားကျင်းပသည့် ရသေ့တောင်မြို့တွင် ဒေါက်တာအေးမောင် စာပေဟောပြောခဲ့သေးသည်။

ရခိုင်လူမျိုးကို ဗမာကျွန်အဖြစ်သာ သဘောထားကာ တန်းတူအခွင့်အရေးမပေးသဖြင့် လူထုစည်းရုံးရေး နည်းလမ်း၊ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းတို့ ဖြင့် အချုပ်အခြာအာဏာရယူရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းပွဲတွင် ဟောပြောခဲ့သည်ဟု အစိုးရက သတင်း ထုတ်ပြန်သည်။

ထို့ကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရား အသင်းနှင့် ဆက်နွှယ်မှုတို့ဖြင့် အမှုဖွင့် ဖမ်းဆီးရန် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ခွင့်ပြုချက်ပေးခဲ့သည်။

ယင်းနောက် ဒေါက်တာ အေးမောင်ကို ဇန်နဝါရီလ ၁၈ ရက်တွင် စစ်တွေမြို့ရှိ နေအိမ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းနှင့်အတူ စာပေဟောပြောခဲ့သည့် စာရေးဆရာ ဝေဟင်အောင်ကိုလည်း ဖမ်းဆီးထားပြီး ဖြစ်သည်။

အစိုးရထုတ်ပြန်ချက်မှာ ဟောပြောချက်များကို ခြုံငုံသုံးသပ်ကာ ပြောဆိုခြင်းဖြစ်သဖြင့် အဓိပ္ပာယ်ကောက်ယူမှုလွဲမှားခြင်းဟု ဒေါက်တာအေးမောင်က The Voice Journal သို့ ပြောဆိုသည်။

“ပါတီနိုင်ငံရေးအရ သွားပါတယ်ဆိုမှ အချုပ်အခြာအာဏာက ကိုယ်ပိုင်အုပ်ချုပ်၊ ပြဋ္ဌာန်းပိုင်ခွင့်ကို သုံးတာကိုဗျ။ လက်နက်ကိုင် တော်လှန်ရေးနည်းက နိုင်ငံရေးအားဖြင့် သွားတဲ့လမ်းကြောင်းကို မရဘူးလို့ ယုံကြည်လို့ သွားတာကို။ သူတို့လည်း ပန်းတိုင်တစ်ခု ရှိမှာပေါ့။ ပန်းတိုင်က တူနေမှာပေါ့။ သဘောက။ သို့သော် ကျွန်တော်တို့ သွားတဲ့နည်းက အနုနည်းပေါ့။ ဆွေးနွေးညှိနှိုင်းမယ်။ ဖွဲ့စည်းပုံအရ မှတ်ပုံတင်ထားတဲ့ ပါတီ တစ်ခုသွားတဲ့ လမ်းကြောင်း။ ဒီနည်းနဲ့ သွားဖို့ ယုံကြည်လို့ ဒီနည်းနဲ့ သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခြင်းမှာ အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် ပထမဆုံးအမှု ဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောဆိုသည်။

“ဟောပြောတဲ့ နှစ်ယောက်နဲ့ ဟောပြောပွဲ စီစဉ်သူတွေကို ဖမ်းတာက နိုင်ငံတော်ပုန်ကန်မှုဆိုတာမျိုးကတော့ အတော်မြင့်တာပေါ့။ အရင်တုန်းက ၆၆ (ဃ) တောင် ဒီလောက်ပြောနေတာ” ဟု ၎င်းက ဆိုသည်။

ရခိုင်လက်နက်ကိုင်တပ်(ဗဗ)ကို အားပေးအားမြှောက်လုပ်သဖြင့် နိုင်ငံတော်ပုန်ကန်မှုဟု အချို့က ထင်မြင်ကြပြီး အချို့ကလည်း ယင်းကဲ့သို့ ပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးရန် မလိုအပ်ဟု ဝိဝါဒကွဲပြားနေကြကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

၂၀၁၇ခုနှစ် မေလအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာအေးမောင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ်။

“ဒေါက်တာအေးမောင် ဟောပြောတာနဲ့ပတ်သက်လို့ တင်တဲ့ပုဒ်မက စဉ်းစားဖွယ်ဖြစ်တယ်။ ဒါကြောင့် အငြင်းအခုံလည်း အများကြီးဖြစ်လာမယ် ထင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကြောင့် နိုင်ငံတကာ၏ အလွန်အကျွံဖိအားပေးမှုခံနေရချိန်ဖြစ်ပြီး ထွက်ပြေးဘင်္ဂါလီအရေးနှင့်လည်း အကျပ်အတည်း ကြုံနေရချိန်ဖြစ်သည်။ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုဟု ပုံဖော်ကာ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ခွင့် ရအောင် ကြိုးပမ်းနေချိန်လည်းဖြစ်သည်။

ထွက်ပြေးဘင်္ဂါလီများကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် လုပ်ဆောင်နေသော်လည်း နိုင်ငံသားအခွင့်အရေး မရဘဲ မပြန်ရန် ဘင်္ဂါလီအဖွဲ့အစည်းများက လှုံ့ဆော်နေသည်။

တစ်ဖက်တွင်လည်း ဘင်္ဂါလီများကို ပြန်လည်လက်ခံခြင်း၊ နေရာချထားမည့် နေရာများနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများက ကန့်ကွက်နေသည်။

ယင်းသို့ဘေးကျပ်နံကျပ်အခြေအနေမျိုးတွင် မြောက်ဦးမြေက သွေးမြေကျမှု၊ ရခိုင်ပြည်နယ်တွင် ထောက်ခံမှုအားကောင်းသည့် ဒေါက်တာအေးမောင် ဖမ်းဆီးခံရမှုတို့ကြောင့် ရခိုင်လူထုတုံ့ပြန်မှုတို့နှင့် ကြုံရဖွယ်ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“အခက်အခဲ၊ အကျပ်အတည်း အများကြီးကြုံတွေ့ရမယ့် အလားအလာရှိနေတယ်လို့ပဲ ပြောရလိမ့်မယ်”

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *