REGIONAL ROUNDUP

တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးမဆောင်ရွက်နိုင်သောကြောင့် နုတ်ထွက်ပေးရန်ဆန္ဒပြခြင်းဖြစ်သည်။

(ပဲခူး)

ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြ

ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များပါဝင်သော လူ ၂၀၀ ကျော်ခန့်သည် ဒီဇင်ဘာလ ၁၄ ရက်က ဆန္ဒပြခဲ့ကြသည်။

ဝန်ကြီးချုပ်၏ သက်တမ်း ၂ နှစ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး မဆောင်ရွက်နိုင်သောကြောင့် နုတ်ထွက်ပေးရန် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင်လည်း ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။ 

—————————————————————-

(ဧရာဝတီ)

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ထီးတော်သစ်တင်မည်

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းရှိ ဆံတော်ရှင် မော်တင်စွန်းစေတီတော်တွင် ဇေကမ္ဘာကုမ္ပဏီက ထီးတော်သစ်တင်မည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက် မော်တော်စွန်းဘုရားပွဲတော် ဖွင့်ပွဲတွင် အဆိုပါ ထီးတော်သစ်တင်မည်ဖြစ်ပြီး မူလရှိသော ထီးတော်ဟောင်းတွင် လှူဒါန်းထားသည့် ရတနာများကို ဌာပနာလုပ်ကာ ပူးဖော်ထားမည်ဖြစ်သည်။

ရာသီဥတုဒဏ်ကြောင့် စေတီတော်ရင်ပြင်အက်ကွဲခြင်း၊ ထီးတော်တွင် သံချေးတက်ခြင်းများ ဖြစ်ပေါ်နေသောကြောင့် ဇေကမ္ဘာဦးခင်ရွှေက တစ်ဦးတည်းပြင်ဆင်မွမ်းမံရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ 

——————————————————————

(ကရင်)

ဝန်ကြီးချုပ်ခွင့် တစ်လခွဲယူ

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကျန်းမာရေးမကောင်းသဖြင့် ခွင့်တစ်လခွဲ ယူထားသည်။ ယာဉ်မတော်တဆမှုကြောင့် ခြေသလုံးရိုးကျိုး ဒဏ်ရာကို တတိယအကြိမ်ခွဲစိတ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်ခဲ့သော်လည်း ဆရာဝန်၏ အကြံပြုချက်အရ ခွင့်ယူကာ အနားယူခြင်းဖြစ်သည်။

ထို့ကြောင့် ဝန်ကြီးချုပ်တာဝန်အား စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးထံ ယာယီလွှဲပြောင်းပေးထားခဲ့သည်။ တိုင်းအချို့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးအချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့သော်လည်း ကရင်ပြည်နယ်တွင် အပြောင်းအလဲမရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပြောဆိုသည်။ 

——————————————————–

(မန္တလေး)

ဝန်ကြီးနေရာ ကြာဦးမည်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောသည် ဇန်နဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့ပြီး ၎င်း၏နေရာအတွက် ခန့်အပ်ရန် ကြာဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။

ဝန်ကြီးသည် ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပချိန်တွင် ပြန်လည်အစားထိုးရမည်ဖြစ်ပြီး ၎င်း၏တာဝန် များကို ကျန်ဝန်ကြီးများက ခွဲဝေယူကြရမည်ဖြစ်သည်။

သို့သော် ယခုနှစ် နှစ်လယ်ပိုင်းတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မမီတော့သောကြောင့် ယင်းရွေးကောက်ပွဲပြီးနောက်တစ်ကြိမ် ပြန်လည်ပြုလုပ်မှသာ ဝန်ကြီးနေရာအတွက် ရွေးချယ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဆိုသည်။ ဦးစိုင်းကျော်ဇောသည် NLD အစိုးရ လက်ထက်အတွင်း တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်သွားသည့် ပထမဆုံးဝန်ကြီးဖြစ်သည်။ 

—————————————————————

(ရခိုင်)

ဘင်္ဂါလီ တစ်ရက် သုံးရာ လက်ခံမယ်

ထွက်ပြေးဘင်္ဂါလီ တစ်ရက်လျှင် သုံးရာဦးနှုန်းဖြင့် လက်ခံရန် နှစ်နိုင်ငံသဘောတူထားပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများ ကို မောင်တောဒေသ၌ ပြန်လည်လက်ခံရာတွင် စိစစ်လက်ခံ ရေးစခန်းနှစ်ခုတွင် တစ်ရက်လျှင် သုံးရာနှုန်းဖြင့် လက်ခံရန် သဘောတူထားသည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က ပြောဆို သည်။

နှစ်နိုင်ငံတာဝန်ရှိသူများ နေပြည်တော်တွင် ဇန်နဝါရီ လ ၁၄ ရက်နေ့က တွေ့ဆုံကာ ထွက်ပြေးဘင်္ဂါလီအရေး ဆွေးနွေးခဲ့ရာတွင် ယင်းသို့သဘောတူခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်က လျှောက်လွှာများ ပေးပို့ခြင်းမရှိသေးကြောင်း မြန်မာဘက်က ပြောဆိုထားသည်။ ဘင်္ဂါလီ သုံးသောင်းကျော် ယာယီနေထိုင်နိုင်မည့် တဲများကိုလည်း ဆောက်လုပ်ထားပြီးဖြစ်သည်။ 

———————————————————–

(မွန်)

မွန်ကိုယ်စားပြုပါတီ ပေါ်မလား

မွန်ပါတီနှစ်ရပ် မပေါင်းစည်းနိုင်ဖြစ်နေချိန် မွန် ကိုယ်စားပြုပါတီတစ်ရပ် ထူထောင်မည်ဟု ဆိုပြန်သည်။

ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြုလုပ်ခဲ့သည့် မွန်နိုင်ငံရေးညီလာခံတွင် မွန်အမျိုးသားကိုယ်စားပြုပါတီ တစ်ခုကို ခြောက်လအတွင်း ဖွဲ့စည်းတည်ထောင်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ပညာရှင်၊ နိုင်ငံရေးသမားများပါဝင် သည့် ပါတီပေါ်ပေါက်ရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ညီလာခံမတက်ခဲ့ဘဲ မွန် ပြည်သစ်ကလည်း လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သည်။ 

——————————————————-

(ဧရာဝတီ)

မန်းဂျော်နီနှုတ်ဆက်ပွဲ

တာဝန်မှအနားယူသွားသည့် ဧရာဝတီတိုင်း ဝန်ကြီး ချုပ်ဟောင်း မန်းဂျော်နီအား နှုတ်ဆက်ကန့်တော့ပွဲကို ဇန်နဝါရီလ ၁၂ ရက်တွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

ဝန်ကြီးချုပ် နောက်တစ်ကြိမ်မဖြစ်လိုကြောင်း၊ ရာထူးကို နွားပိန်တွယ်သလို တွယ်နေပါက ပြည်သူ့အပေါ် တာဝန်မကျေမှာစိုးရိမ်၍ နုတ်ထွက်စာတင်လိုက်ကြောင်း၊ ဆွေမျိုးများ၏ စီးပွားရေးလုပ်ကိုင်နေမှုကို မထိန်းသိမ်းနိုင်၍ ရာထူးမှနုတ်ထွက်ရခြင်းမဟုတ်ကြောင်း ပြောကြားသွားသည်။

ကျုံပျော်သားတို့က ချစ်စနိုးဖြင့် ဆရာကြီးဟု အခေါ် ခံရသည့် ကျောင်းဆရာတစ်ဖြစ်လည်း မန်းဂျော်နီသည် ရှစ်လေးလုံးအရေးတော်ပုံတွင်ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက် ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ 

—————————————————————

အအေးနှင့် အသုပ်စုံဟု အမည်ခံထားကြပြီး အလုံပိတ်ထားကြခြင်းဖြစ်သည်။

(မန္တလေး)

အလုံပိတ်ဆိုင်ခန်း ထောင်ခြောက်လ

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော အလုံပိတ်အခန်းများပါသည့် အအေးဆိုင်ပိုင်ရှင်များကို ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပြီဖြစ်သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ယင်းဆိုင်များ ဖွင့်လှစ်သူကိုးဦးကို အရေးယူ၍ ထောင်ချလိုက်ခြင်းဖြစ်သည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အဆိုပါအလုံပိတ်ခန်းပါဆိုင်များကို ဆက်တိုက်ဖမ်းဆီးနေပြီး ယခင်က ဒဏ်ကြေးငွေသာ ပေးဆောင်စေရာမှ ထောင်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အလုံပိတ်ဆိုင်ခန်းများသည် အအေးနှင့် အသုပ်စုံဟု အမည်ခံထားတတ်ကြပြီး ယင်းဆိုင်များဖွင့်လှစ်ရန် စည်ပင်သာယာက ခွင့်ပြုထားခြင်း မဟုတ်ပေ။ 

———————————————————————

(မန္တလေး)

ပြည်တွင်းထုတ်ပုဆိုးတွေ အရည်အသွေးမြှင့်ပါ

ပည်တွင်းထုတ်ပုဆိုးများ အရည်အသွေးမြှင့်တင်ရန်လိုအပ်ပြီး ကူညီပေးမည်ဟု မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်သည့် တရုတ်ပုဆိုးများကိုယှဉ်ပြိုင်နိုင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

နယ်စပ်မှတစ်ဆင့် တရားဝင်အခွန်ပေးဆောင်ထားသည့် တရုတ်နိုင်ငံလုပ် ပုဆိုးများ မန္တလေးဈေးချိုတော်သို့ ဦးတည်၍ နိုဝင်ဘာလနှောင်းပိုင်းမှ စတင်ဝင်ရောက်နေပြီး အရည်အသွေး မကြိုက်သဖြင့် အရောင်းဆိုင်များက လက်ခံခြင်းမရှိသေးပေ။

သို့သော် လက်ရှိဖြန့်ချိနေသည့် တစ်ထည် ကျပ် ၂၄၀၀ ထက်ဈေးနှုန်းလျှော့ချပါက သူ့အိုးသူ့ဆန်တန် ဆိုသလို ဝယ်ယူဝတ်ဆင်သူများရှိလာနိုင်ကြောင်း အရောင်းဆိုင်များက ပြောဆိုကြသည်။ 

——————————————————–

(ရှမ်း)

တရုတ်ကိုသွားမယ့်ကားမှာ တပ်ထားတဲ့ဗုံး

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားမည့် ကုန်တင်ယာဉ်တစ်စီးတွင် တပ်ဆင်ထားသော အဝေးထိန်းမိုင်းတစ်လုံးကို အချိန်မီသိရှိဖယ်ရှားခဲ့ရသည်။

ရန်ကုန်မြို့မှ ဆန်အိတ်များတင်ဆောင်ကာ ဇန်နဝါရီ လ ၁၁ရက်နေ့တွင် ထွက်ခွာလာသော ယင်းကုန်တင်ယာဉ်သည် မူဆယ်မြို့သို့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ယင်းယာဉ်၏ အောက်ပိုင်းဂီယာဘောက်စ်အနီးတွင် အဝေးထိန်းခလုပ်ဖြင့်နှင့် ထိန်းချုပ်ဖောက်ခွဲရသော မိုင်းတစ်လုံးကို တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ 

———————————————————–

(တနင်္သာရီ)

အပြစ်ပြောသူမရှိသည့် တနင်္သာရီတိုင်းအစိုးရ

တနင်္သာရီတိုင်းအစိုးရကို လက်ရှိအချိန်အထိ မည်သူကမှ အပြစ်မပြောသေးကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

တနင်္သာရီတိုင်းအစိုးရသည် စကားကျွံမှု၊ လျှပ်စစ်ကိစ္စ၊ ကုမ္ပဏီများသို့လုပ်ပိုင်ခွင့်ချထားပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဝေဖန်ခံနေရသည်။

ဒေသခံအချို့ကမူ ဝန်ကြီးချုပ်သည် ပြည်သူအသံကို မည်သို့နားထောင်သနည်းဟု မေးခွန်းထုတ်ကြသည်။

——————————————————–

(စစ်ကိုင်း)

ဂူလား တွင်းဟောင်းလား

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆား လင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် ရှေးဟောင်းလူထွင်းဂူတစ်ခု တွေ့ရှိထားပြီဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သတင်းများ ပြန့်နှံ့ခဲ့သည်။

သို့သော် တွေ့ရှိရသည့်တွင်းများသည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရှေးဟောင်းလိုဏ်ဂူများမဟုတ်ဘဲ ယခင်က ဒေသခံတို့ စားဝတ်နေရေးအတွက် သတ္တုရှာဖွေလုပ်ကိုင်ခဲ့သော တွင်းဟောင်းများဖြစ်ပြီး သတ္တုချက်လုပ်သည့်ဖိုတွင် အသုံးပြုထားသော အုတ်တို့မှာလည်း မျက်မှောက်ခေတ်အုတ်များသာဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ 

—————————————————–

(ပဲခူး)

ပဲခူးက ခြောက်ခုမြောက် ဆင်စခန်း

ပဲခူးတိုင်း မင်းလှမြို့တွင် မုက္ခာရေတံခွန်အမည်ရ ခြောက်ခုမြောက်ဆင်စခန်းကို ဇန်နဝါရီလ ပထမပတ်အတွင်း ဖွင့်လှစ်ခဲ့သည်။

ဆင်စခန်းကို မုက္ခာရေတံခွန်နှင့် တွဲလျက်ဖွင့်ထား ခြင်းဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းက လေ့ကျင့်ပေးထားသော ဆင် ၁၂ ကောင်ရှိသည်။

ဆင်စခန်းသည် မုက္ခာကြိုးဝိုင်းအတွင်းတည်ရှိပြီး ရေတံခွန်လည်းရှိကာ ဆင်အကောင်ရေများပြားသဖြင့် ဆင်းစီးလည်ပတ်ခြင်းနှင့် ဆင်များ၏နေထိုင်စားသောက်မှု ပုံစံကို တွေ့မြင်နိုင်မည်ဖြစ်သည်။ 

———————————————————

(ကချင်)

ကုမ္ပဏီများကို ငှားရမ်းရောင်းချခြင်း မပြု

မြစ်ကြီးနားမြို့ တာလောကြီးတိုက်နယ်တွင် ရွာနှင့် သုံးမိုင်အတွင်း ကုမ္ပဏီများကို ငှားရမ်းရောင်းချခြင်းမပြုလုပ်ရန် ဒေသခံများက ဆုံးဖြတ်လိုက်ကြသည်။

တရုတ်နိုင်ငံ တစ်ရှူးငှက်ပျောစိုက်ကုမ္ပဏီများ ယင်းဒေသကို ဝင်လာပြီးနောက်ပိုင်း စားကျက်မြေပျောက်ဆုံးခြင်း၊ သစ်တောများပျောက်ဆုံးခြင်း၊ မြေလုပြဿနာများ ဖြစ်ပွားလာခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများရှိလာသဖြင့် ယခုကဲ့သို့ ဒေသခံများက ဆုံးဖြတ်လိုက်ကြခြင်းဖြစ် သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *