အစိုးရကျောရိုးဆစ်များ တစ်ခေတ်ဆန်းချိန်

နိုင်ငံတော်အတွင်း ဖြစ်ဖြစ်သမျှ ကိစ္စအဝ၀သည် သူတို့နှင့် ဆိုင်နေလိမ့်မည်။

လယ်သူမ၏ အိမ်တွင် ဆန်မရှိသည့်ကိစ္စမှသည် ရွေးကောက်ပွဲများ၊ ဆန္ဒပြပွဲများ၊ လွှတ်တော်အစည်းအဝေးများအထိ သူတို့ပါဝင်ရသည်ဖြစ်ရာ သူတို့ကို နိုင်ငံ၏ အထူးသဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရား၏ ကျောရိုးကြီးအဖြစ် တင်စားကြသည်။

“အလုပ်လုပ်တုန်းက အိမ်ကထွက်တာနဲ့ တွေ့သမျှ လူက သူတို့ပြဿနာကို တင်ပြတော့တာပဲ” ဟု ခရိုင်အုပ်ချုပ် ရေးမှူးအဖြစ်မှ အငြိမ်းစားယူထားပြီး သတင်းစာဂျာနယ်များတွင် ဆောင်းပါးများ ရေးသားနေသူ ဦးအောင်သိန်းညွန့်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်တစ်ခု ပြုခဲ့သည်။

၁၉၆၂ ခုနှစ်ဆီက နယ်ပိုင်ဝန်ထောက် (မြို့နယ်အုပ်ချုပ်ရေးအရာရှိ)ဟောင်းတစ်ဦး၏ စကားနှင့်ပတ်သက်၍ ၎င်းက ထပ်ဆင့်မှတ်ချက်ပြုခြင်း ဖြစ်သည်။ အဆိုပါနယ်ပိုင်ဝန်ထောက်ဟောင်းက အုပ်ချုပ်ရေးအရာရှိဆိုသည်မှာ အိမ်က ထွက်သည်နှင့် အလုပ်အားလုံးသည် မိမိ တို့တာဝန်ဖြစ်သည်ဟု ခံယူရမည်ဖြစ်ကြောင်း နှောင်းလူတို့ကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးနှင့် မောင်တောမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများတွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ်က တွေ့မြင်ရစဉ်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာမင်းများလက်ထက်မှသည် ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲအချိန်အထိ ခေတ်အဖုံဖုံနှင့် အခေါ်အဝေါ်အမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း သူတို့၏ အခန်းကဏ္ဍကား ပဲခူးဆား ဖြစ်နေဆဲ။ ဘိုးသက်ရှည်ဌာနကြီးအဖြစ် ရှိနေဆဲ ဖြစ်သည်။

ထို့အတူ အဆိုပါကျောရိုးဆစ်တို့၏ ကျန်းမာရေးနှင့် ခေတ်ပြောင်းစနစ်ပြောင်းနှင့် လိုက်လျောညီသည့် ဆန်းသစ်မှုကိုပြုလုပ်ရန်သည်လည်း အရေးကြီးလှပါသည်။

အချို့က အဆိုပါဌာနကို လုံးဝဖျက်သိမ်းလိုက်စေလိုသည်။ အချို့ကျ ရှိရင်းစွဲ အထိုင်ပေါ်တွင် ပြုပြင်ပြောင်းလဲလိုသည်။

လက်ရှိအနေထားတွင်မူ အခွန်ကောက်ခံခြင်း၊ မြေယာစီမံခန့်ခွဲခြင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းတို့အပါအဝင် နယ်မြေလုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပါဝင်ဆောင်ရွက်နေသည်။

အစိုးရ၏ မည်သည့်ဝန်ကြီးဌာနမှ ၎င်းတို့ကဲ့သို့ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားနိုင်ခြင်းမရှိပါ။ တပ်မတော်သည်ပင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား ၎င်းတို့ကဲ့သို့ ဖြန့်ကြက်ထားနိုင်ခြင်း မရှိပါ။

ပြည်ထောင်စုနယ်မြေ တစ်ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ ခရိုင် ၇၅ ခရိုင်၊ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၄၄၉ မြို့၊ ရပ်ကွက်ပေါင်း ၃၃၄၃ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃,၅၈၈ နှင့် ကျေး ရွာပေါင်း ၆၃,၆၀၀ တွင် ၎င်းတို့က ကွန်ရက်ဖြန့်ကြက်ထားသည်။

” သူ့ရဲ့အလုပ်က အစိုးရနဲ့ ဝန်ကြီးတွေနဲ့ အောက်ကဌာနတွေနဲ့ ပေါင်းစပ်ပေးတဲ့ ကြားခံဖြစ်တဲ့အတွက် နေရာတကာမှာ သူရှိတယ်ဆိုတာက သူ့ရဲ့အခန်းကဏ္ဍကြောင့် သူရှိနေတာ” ဟု မကြည်ပြာချစ်စောက ဆိုသည်။

၎င်းသည် ပြည်သူ့အုပ်ချုပ်ရေးဘာသာရပ်ဖြင့် ဘွဲ့ယူထားသူဖြစ်သလို အာရှဖောင်ဒေးရှင်း (Asia Foundation) နှင့် တွဲဖက်၍ အထွေထွေအုပ်ချုပ်ရေးဌာနများအကြောင်း ၂၀၁၄ ခုနှစ်တွင် သုတေသနပြုလုပ်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင်လည်း သုတေသန ဆက်လက်လုပ် ဆောင်နေသည်။

အင်းစိန်မြို့နယ်ရှိ ခရိုင်ထွေ/အုပ်ရုံး

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်အတူ ညီနောင် ဦးစီးဌာနတစ်ခု ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။ လက်ရှိ ဖွဲ့စည်းပုံကို ၁၉၈၈ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ၂၉ နှစ်မြောက်ခဲ့ပြီဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အထွေထွေအုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်များ ထည့်သွင်းထားသည်။

ပုဒ်မ ၂၆၀ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှ အုပ်ချုပ်ရေးမှူးသည် အဆိုပါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ပါဝင်ရမည်။ ယင်းအပြင် ဦးစီးဌာနရုံးသည်လည်း အစိုးရအဖွဲ့၏ ရုံးအဖြစ် သတ်မှတ်သည်။

အခြေခံဥပဒေအရပင် ပြည်ထဲရေးဝန်ကြီးသည် အရပ်သားသမ္မတက အမည်စာရင်းတင်သွင်းရွေးချယ်ခန့်အပ်ထားသူမဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားသူ ဖြစ်သည်။

ဝန်ကြီးချုပ်သည် အရပ်သားထဲမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသူဖြစ်ပြီး သူ့လိုပင်ဖြစ်သည့် နိုင်ငံတော်သမ္မတကို တာဝန်ခံရသူဖြစ်ကာ အတွင်းရေးမှူးဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်ထဲရေးဝန်ကြီးကို တာဝန်ခံရသည်။

ယင်းသည် အခြေခံဥပဒေ၏ ပေးထားချက်အကျပ်အတည်းတစ်ခုဟုလည်း နိုင်ငံရေးသမားများစွာက ခပ်စောစောကပင် သုံးသပ်မိကြသလို ကျောရိုးတစ်ခု ဦးခေါင်းနှစ်ခုသဖွယ် ဖြစ်နေသည်ဟုလည်း ရှုမြင်ကြသည်။

တာဝန်ခံရသူချင်း ကွဲပြားသဖြင့် မူဝါဒနှင့် သဘောတရားရေးရာကိစ္စများတွင် အဆင်မချောမည့်အရေးကို တွေးဆပူကြသည်။

“အဲဒါကတော့ ပြည်နယ်၊ တိုင်းတွေမှာ လက်ရှိဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းနဲ့ ဆိုင်တယ်ဗျ။ အဲဒီဝန်ကြီးချုပ်တွေက ဦးဆောင်နိုင်သလား၊ မဆောင်နိုင်ဘူးလားပေါ့” ဟု ဦးအောင်သူငြိမ်းက The Voice Journal သို့ ဆိုသည်။

၎င်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးသိပ္ပံ (ISP Myanmar)၏ သင်တန်းရေးရာ ဒါရိုက်တာ ဖြစ်သည်။

သို့သော် ယခင်အစိုးရများ လက်ထက်တွင် ၎င်းတို့က တန်ခိုးထွားခဲ့ကြပြီး မြေသိမ်း၊ ယာသိမ်းကိစ္စများမှသည် ပြည်သူလူထုအပေါ် ဖိနှိပ်ခြိမ်းခြောက်မှုများအထိ ပါဝင်ပတ်သက်ခဲ့ကြရာ ပြည်သူ့အမြင်တွင် အဆိုးပုံရိပ်က ရှိနေသည်။

မြို့နယ်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် အရေးပါသည့်နေရာတွင် ရှိနေပြီး အခြားဝန်ကြီးဌာနများမှ အရာရှိများထက် ခေါင်းတစ်လုံးပိုမြင့်နေသလို အာဏာစက်ဝန်းကလည်း ကျယ်ပြန့်သည်။ သို့သော် ပြည်သူလူထုက ရွေး ကောက်တင်မြှောက်ထားသူမဟုတ်ရာ မြို့နယ်အတွင်းရှိ လုပ်ငန်းများတွင် အဆင်ပြေပါမည်လော။

အုပ်ချုပ်ရေးယန္တရားတွင် အဆင်ပြေ၊ မပြေဆိုသည်နှင့်ပတ်သက်၍ အချက်သုံးချက်ကို ဦးအောင်ကြည်ညွန့်က ထောက်ပြသည်။

ဦးအောင်ကြည်ညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄)မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။

၁။ အဆိုပါဝန်ထမ်းများ၏ လားရာ၊ ၂။ ၎င်းတို့နှင့် တွဲဖက်အလုပ်လုပ်ကိုင်သူ၏ ဆက်ဆံရေး၊ ၃။ ဝန်ကြီးချုပ်များ၏ အရည်အချင်း စသည်တို့ ဖြစ်သည်။

အဆိုပါဦးစီးဌာနတွင်လည်း မိုးကျ ရွှေကိုယ်ဟု အများက ဝိသေသပြုလေ့ရှိကြသည့် အခြားဌာနများမှ ပြောင်းရွှေ့လာသူ တစ်နည်းအားဖြင့် တပ်မတော်က ပြောင်းရွှေ့လာသူများ ရှိနေသည်။ ထိုသူတို့၏သဘောထားသည် ဌာနအတွင်း အောက်ခြေမှ အဆင့်ဆင့်တက်လာသူ တို့နှင့် မတူကြ။ အလုပ်လုပ်ရ အဆင်ချောသူရှိသလို အပေါက်အလမ်းမတည့်မှု များကိုလည်း ကြုံရတတ်သည်။

အငြိမ်းစားခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းညွန့်၏ အဆိုအရ ဌာန၏ ငယ်မွေးခြံပေါက်များက ဌာနအတွင်းတွင် ဒုတိယနေရာတွင်သာ ရလေ့ရှိပြီး ကြားဖြတ်ဝင်ရောက်လာသူများက ဦးစားပေးနေရာရတတ်သည်။

အကျိုးဆက်အနေဖြင့် ပြည်သူအကျိုးကို ဗဟိုပြုရမည့်အစား အထက်အမိန့်ကို နာခံခြင်းနှင့် အထက်က ခိုင်းသလောက်ကိုသာ လုပ်ဆောင်တတ်ခြင်းများ ဖြစ်လာသည်ဟု ၎င်းကဆိုသည်။

“ဒီတော့ ပြည်သူတွေအနေနဲ့ အုပ် ချုပ်ရေးဝန်ထမ်းတွေကို အားကိုးရမယ့်သူ။ ကိုယ့်အကျိုး ကိုယ့်လိုလားချက်ကို ဖြည့် ဆည်း ဆောင်ရွက်ပေးမယ့်သူအဖြစ်မမြင် ကြတော့ဘဲ ကိုယ့်ကို ဒုက္ခပေးမယ့်သူ၊ ကိုယ်ကြောက်ရမယ့်သူအဖြစ် မြင်နေတာပါပဲ” ဟု ဦးအောင်သိန်းညွန့်က ဆိုသည်။

ဒုတိယအချက်ဖြစ်သည့် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံဘက်ဖြစ်သည့် လူထုက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များအပေါ်လည်း မူတည်သည်။ ကိုယ်စားလှယ်များက လုပ်ငန်းကျွမ်းကျင်၍ ဆက်ဆံရေးကောင်းမွန်ပါက အဆင်ပြေသည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

” တကယ်လို့ ပီပီပြင်ပြင်ထိန်းသိမ်းနိုင်တဲ့ ကိုယ်စားလှယ်တွေရှိတဲ့ အရပ်ဒေသတွေမှာဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဆက်ဆံရတာကောင်းတယ်” ဟု ၎င်းကဆိုသည်။

မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲ စနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ယင်းမှာ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် နေရာများစွာတွင် အလုပ်တွဲလုပ်ရသူလည်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူးများအနေနှင့် ဒီမိုကရေစီနိုင်ငံရေးအသိအမြင်ရှိ၍ ပြည် သူ့အကျိုးကို လိုလားသူဖြစ်လျှင် အလုပ်တွဲလုပ်ရန် အဆင်ပြေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် က ဆိုသည်။

“ဒီမှာတော့ တော်တော်များများ ပြည်သူလူထုရဲ့အသံကို နားထောင်တယ်၊ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်တယ် ဆိုတာကိုတော့ ကျွန်တော်တို့က သိရပါတယ်” ဟု ၎င်းက ဆိုသည်။

အကယ်၍ လုပ်ရကိုင်ရ အဆင်မပြေပါက အခြားနယ်များသို့ ပြောင်းရွှေ့နရာချထားပေးသည့်ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဦးတင့်လွင်က ဆိုသည်။

ဦးအောင်ကြည်ညွန့်ပြောပြသည့် နောက်ဆုံးအချက်က ဝန်ကြီးချုပ်အပိုင်း။

ထွေ/အုပ်ဝန်ထမ်းများနှင့် ပတ်သက်၍ အဂတိလိုက်စားခြင်း၊ တာဝန်မကျေပွန်ခြင်း စသည်တို့နှင့်ပတ်သက်၍ အရေးယူအပြစ်ပေးခြင်းကို ပြည်ထဲရေး ဝန်ကြီးဌာနကသာ ကိုင်တွယ်နိုင်သည်။ သို့သော် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ်များအနေနှင့် ၎င်း၏လက်အောက်ရှိ အစိုးရအဖွဲ့အတွင်းရေးမှူး(တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ် ရေးမှူး)နှင့် ဆွေးနွေးညှိနှိုင်းကာ ယင်းအရေးတို့ကို ဖြေရှင်းနိုင်သည်။

ဝန်ကြီးချုပ်များ ထက်မြက်ရန် လိုအပ်သည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး၊ ပြည်နယ်၏ အကြီးအကဲ၊ သူ့တွင် ဆုံးဖြတ်ခွင့်အာဏာရှိနေသည်။ အတွင်းရေးမှူးဆိုသည်က လုပ်ငန်းများ အကောင်အထည် ဖော်ပေးရမည့်သူ။

သို့မဟုတ်ဘဲ ဝန်ကြီးချုပ်များက ညံ့နေမည်ဆိုပါက အကျော်အလွှားခံ၊ ချောင်ထိုးခံရမည်သာဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ဆိုသည်။

“အဲဒီလိုမဟုတ်ဘဲနဲ့ ဝန်ကြီးချုပ်က ကကြိုးကကြောင်ဖြစ်နေတဲ့အခါကျတော့ အတွင်းရေးမှူးနေရာမှာရှိတဲ့သူက ဘယ်သူနဲ့ သွားပေါင်းမတုံး။ လုံ/နယ်နဲ့ပဲ သွားပေါင်းလိုက်ရော။ သွားပေါင်းလိုက်ပြီးတော့ အဲဒီမှာ လုပ်ချင်တာလုပ်ကြတော့တာ”

လုံ/နယ်ဆိုသည်က တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းဝန်ကြီးသည်လည်း တပ်မတော်က အဆိုပြုရွေးချယ်ထားသူ ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့၏ အောက်တွင် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (ရပ်/ကျေး) အုပ်ချုပ်ရေးမှူးများ အဆင့်ဆင့် ရှိသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လွဲ၍ ကျန်လူများသည် ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပုဂ္ဂိုလ်များမဟုတ်ဘဲ အစိုးရဝန်ထမ်း တစ်နည်း ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ ဖြစ်သည်။

ခရိုင်နှင့် မြို့နယ်များကို ပြည်သူ့ဝန်ထမ်း တစ်နည်းအားဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် အုပ်ချုပ်ရန်လည်း ပုဒ်မ ၂၈၈ တွင် ပြဋ္ဌာန်းထားသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ဖျက်သိမ်းရန် မျှော်လင့်ပြောဆိုမှုများက မြန်မာ့နိုင်ငံရေးလောကတွင် ရှိနေပါသည်။ ပြည်သူကို ဗဟိုပြုသည့် ဒီမိုကရေစီခရီးလမ်းတွင် အနှောင့်အယှက်အဟန့်အတား ဖြစ်နေသည်ဟု ရှုမြင်ကြခြင်းကြောင့် ဖြစ်သည်။

လက်တွေ့တွင်မူ အခိုင်အမာအမြစ်တွယ်ပြီးဖြစ်သည့်အပြင် ကျယ်ပြန့်စွာ တည်ရှိနေပြီဖြစ်သည့် အဆောက်အဦကြီးကို ဖြိုချရန် မလွယ်လှပါ။

ဖျက်လိုက်ပြီဆိုဦး၊ ယင်းနေရာတွင် မည်သည်နှင့် အစားထိုးမည်နည်းဟု ဦးအောင်သူငြိမ်းက မေးခွန်းထုတ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း သုံးသောင်းခွဲကျော် ရှိသည်။ အများဆုံးမှာ ရပ်/ကျေး အုပ်ချုပ်ရေးရုံးများအတွက် ခန့်ထားသည့် စာရေးများ ဖြစ်သည်။

ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူးချုပ်တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၁၆ ဦး၊ ညွှန်ကြားရေးမှူး ၂၅ ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ၁၃၂ ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ၄၉၃ ဦးနှင့် ဦးစီးအရာရှိ ၁၄၅၂ ဦး ရှိသည်။ ယင်းမှာ Asia Foundation ၏ သုတေသနအစီရင်ခံစာ ပါ၂၀၁၄ ခုနှစ် စာရင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှာ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးများမှာ လက်ထောက်ညွှန်ကြားရေးမှူးများ ဖြစ်ကြသည်။ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများမှာ ဦးစီးအရာရှိများ ဖြစ်သည်။

“ကျွန်တော်ထင်တယ် ဒီဌာနကို ဘယ်လိုပြုပြင်ပြောင်းလဲရေးလုပ်နိုင်မလဲပေါ့။ ပိုပြီးတော့ ပြည်သူ့အကျိုး ဆောင်နိုင်အောင်၊ ပိုပြီးတော့ တာဝန်ယူ၊ တာဝန်ခံမှုရှိလာအောင်ပေါ့နော်၊ အဲဒီလို ဟာမျိုး လုပ်ထုံးလုပ်နည်းတွေ စဉ်းစားသင့်ပါတယ်”  ဟု ဦးအောင်သူငြိမ်းက ဆိုသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့၏ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျက်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပတ်သက်၍ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်သူအား The Voice Journal က ဆက်သွယ်မေးမြန်းသည်တွင် ၎င်းက တစ်စုံတစ်ရာမှတ်ချက် မပြု။ ပုဂ္ဂိုလ်ရေးအရ အတူလက်တွဲလုပ်ကိုင်နေရသည့် လုပ်ဖော်ကိုင်ဖက်အတွက် ထောက်ထားဖွယ်ရာများ ရှိနေခြင်းကြောင့် ဖြစ်သည်။

ပြောစရာများစွာ ရှိနေသော်လည်း လတ်တလောတွင် မပြောလိုသေးဟု ၎င်းက ပြန်လည်ဖြေဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှဖြစ်သည်။ တစ်ဖက်တွင် ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်က ကျောထောက်နောက်ခံပြုထားသည်။ ဝန်ကြီးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သမ္မတထံသို့ အမည်စာရင်း ပေးပို့တင်သွင်းမှုဖြင့် ခန့်အပ်ရသည်။ ယင်းကြောင့် တပ်မတော်၏ ဩဇာလောင်းရိပ်အောက်တွင် ရှိနေလိမ့်မည်ဟု ရှုမြင်ကြသူများ ရှိနေကြသည်။

ယင်းအမြင်များသည် တစ်ဝက်မှန် ၍ တစ်ဝက်မှားသည်ဟု ဦးအောင်သူငြိမ်းက ဆိုသည်။

မှန်သည့်အပိုင်းက ပြည်ထဲရေး ဝန်ကြီးဌာနသည် အမိန့်ပေး၊ အမိန့်နာခံ စနစ်ဖြင့် တင်းကျပ်သည့် ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသည်များ ရှိသည်။ အရာရှိအသစ်များဖြင့် သွေးသစ်လောင်းခြင်း၊ မွမ်းမံသင်တန်းများပေးခြင်း၊ နိုင်ငံ တကာသို့ အတွေ့အကြုံရှာ ခရီးစဉ်များစေလွှတ်ခြင်း စသည်တို့ ဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆိုသည်။

ထွေ/အုပ်ဝန်ထမ်းများအတွက် အုပ်ချုပ်ရေးပညာသင်တန်းကျောင်း (Institute of Development Administration -IDA) ကို မင်္ဂလာဒုံ မြို့နယ်တွင် ဖွင့်လှစ်ထားပြီး ၁။ နိုင်ငံရေး သိပ္ပံ၊ ၂။ အုပ်ချုပ်ရေး၊ ၃။ စီးပွားရေး၊ ၄။ ဥပဒေ၊ ၅။ နိုင်ငံတော်လုံခြုံရေး၊ ၆။ အင်္ဂလိပ်စာ၊ ၇။ နိုင်ငံတော်ကာကွယ်ရေး၊ ၈။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ၉။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆိုင်ရာ ဘာသာရပ်များ၊ ၁၀။ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့် ၁၁။ ဦးစီး တာဝန်နှင့် ရုံးလုပ်ငန်းများ ပါဝင်ကာ သင်တန်းကာလ နှစ်ပတ်မှ ၁၂ ပတ်အထိ ကြာမြင့်တတ်သည်။

သို့သော် သင်ရိုးညွှန်းတမ်းများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ခေတ်မီရန်တော့လိုမည်ဟု ၎င်းက အကြံပြုသည်။

ယခုနှစ်များအတွင်း အဆိုပါဌာန များသည် ပို၍ပွင့်လင်းလာသလို သဘောထားပြောင်းလာကြောင်း မကြည်ပြာချစ်စောက ဆိုသည်။

” ဒါက တစ်ဦးချင်းစီအပေါ်မှာပဲ မူတည်တယ်။ ကျွန်မတွေ့ရသလောက်က ဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်တိုင်း အတွင်းရေးမှူးတွေနဲ့ အရမ်းကြီးပြဿနာဖြစ်တာမျိုး မရှိဘူး။ ရှိတဲ့ဟာလည်း ရှိမယ်ပေါ့နော်။ ဒါပေမဲ့ မူဝါဒတွေ ရပ်ဆိုင်းသွားလောက်အောင်ကို ဝန်ကြီးချုပ်နဲ့ အတွင်း ရေးမှူးကြားမှာ အတိုက်အခံဖြစ်တာမျိုး မရှိဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း အပြောင်းအလဲများကို မြင်တွေ့ခဲ့ရသလို ပြည်သူကိုဝန်ဆောင်မှုပေးရမည်ဆိုသည့် အယူအဆမျိုး ပိုရှိလာကြောင်း အထွေထွေအုပ်ချုပ်ရေးကဏ္ဍကို သုတေသနပြုနေသူ ၎င်းက ဆိုသည်။

သို့သော် အုပ်ချုပ်ရေးမှူးရာထူးနေရာများတွင် အမျိုးသမီးများကို ခန့်ထားခြင်း မရှိသေးပေ။ ယင်းနှင့်ပတ်သက်၍ ထောက်ပြမှုများလည်း ရှိနေသည်။

ယခုမူ အဆိုပါအချက်ကို စဉ်းစားနေကြောင်း ဝန်ထမ်းရွေးချယ်ခန့်ထားသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောဆိုထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့သည် ရွေးကောက်ခံအရပ်သား အစိုးရဖြစ်လာသည်။ အုပ်ချုပ်ရေးယန္တရား၏ အောက်ဆုံးအဆင့်ဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးကို ရွေးကောက်ပွဲစနစ်နှင့် ဆောင်ရွက်သည်။

သို့သော် ကြားအဆင့်များဖြစ်သည့် မြို့နယ်နှင့် ခရိုင်များတွင်မူ အစိုးရဝန်ထမ်းဖြင့် အုပ်ချုပ်သည်။ အဓိကအားဖြင့် အရေးပါသည်က မြို့နယ်အဆင့် ဖြစ်သည်။

ဌာနတစ်ခုလုံးကို ဖျက်ခြင်းထက် အခန်းကဏ္ဍကို လျှော့ချခြင်းက ပို၍ အဆင်ပြေစေမည်ဟု ဦးအောင်သူငြိမ်းက ဆိုသည်။ သူ့အမြင်အရ အုပ်ချုပ်ရေးမှူး များအပေါ်တွင် လုပ်ပိုင်ခွင့်များ စုပြုံနေပြီး သူ့အခွင့်အာဏာကို ပြန်လည်ထိန်းညှိနိုင်သည့်အခြေအနေက နည်းပါးနေသည်။

ခရိုင်နှင့် မြို့နယ်များတွင် စီမံခန့်ခွဲ ရေး၊ မြေယာ၊ စည်ပင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီများဖြစ်ပြီး ဥက္ကဋ္ဌနေရာကို အုပ်ချုပ်ရေးမှူးက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့၊ ဥပဒေ၊ ပညာရေး၊ အခွန်၊ စသည့် အစိုးရဝန်ထမ်း များချည်းပါဝင်သည့် စီမံခန့်ခွဲရေး ကော်မတီတွင်လည်း ၎င်းက ဥက္ကဋ္ဌဖြစ်သည်။

ရပ်ရွာလူထုက ရွေးကောက်တင်မြှောက်သည့်ပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်မှာ စည်ပင်သာယာရေးကော်မတီသာ ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်က ရွေးကောက်ခံပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ တစ်ခုရှိခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့သည်။

ယင်းကလည်း အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်ကို ထိန်းထေရန် အားနည်းစေသည်ဟု ဦးအောင်သူငြိမ်းက မှတ်ချက်ပြုသည်။

“ရေရှည်မှာဆိုရင်တော့ ကျွန်တော် မြင်တယ်၊ ဒီမြို့နယ်အုပ်ချုပ်ရေးကတော့ ရွေးကောက်ပွဲစနစ်နဲ့ ပြောင်းသွားသင့်တဲ့ ဟာမျိုးပေါ့။ အဲဒါမှပဲ ကျွန်တော်တို့ ပိုပြီးတော့ တာဝန်ယူ၊ တာဝန်ခံမှုဖြစ်နိုင်မယ် ထင်ပါတယ်”

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို တွေ့မြင်ရစဉ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးများ၏လက်ထဲတွင် လုပ်ပိုင်ခွင့်များစွာ ပုံအပ်မထားရန်ကို အငြိမ်းစားခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းညွန့်ကလည်း လက်ခံသည်။ ပြီးလျှင် ၎င်းတို့ကို တစ်နေရာတည်းတွင် အချိန်ကြာ ရှည်မထားဘဲ နယ်လှည့်တာဝန်ထမ်းစေခြင်းက ပိုကောင်းစေသည်ဟု ဆိုသည်။

” အုပ်ချုပ်ရေးလုပ်ငန်းဆိုတာ အတွေ့အကြုံအများကြီးလိုအပ်ပါတယ်။ အတွေ့အကြုံဆိုတာ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ အခုတော့ ကြားဖြတ် ဝင်လာတဲ့ တချို့ပုဂ္ဂိုလ်တွေဆိုရင် အသက် ၃၀ လောက်နဲ့ မြို့နယ်တစ်ခုကို အုပ်ချုပ်နေတာမျိုးဟာ မလုပ်ရဲ မကိုင်ရဲ ဖြစ်စေပါ တယ်”  ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို သုံးနှစ်လျှင် တစ်ကြိမ် ပြောင်းရွှေ့စေသည်။

အထွေထွေအုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ယခုအတိုင်းဆက်ရှိနေစေပြီး လျှော့ချရန်မသင့်ဟု ရှုမြင်သူက မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် ဖြစ်သည်။

သူ့အဆိုအရ ရွေးကောက်ခံအရပ်သားအပေါ် ကော်မတီများတွင် အဖွဲ့ဝင်များက မခန့်လေးစားမှုများ ရှိနေသည်။ သို့သော် အဆိုပါဌာနကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အောက်တွင် ရှိစေချင်သည်ဟု ၎င်းက ဆိုသည်။

“ဥပဒေကို စိုးမိုးချင်တယ်ဆိုရင်တော့ သူတို့ရဲ့အခန်းကဏ္ဍကတော့ ဒီကော်မတီတွေရဲ့ အခန်းကဏ္ဍတွေအပေါ် သူတို့လွှမ်းမိုးမှုက ပိုပြီးကောင်းလိမ့်မယ်လို့ ယူဆတယ်” ဟု ဦးတင့်လွင်က ဆိုသည်။

လက်ရှိတွင် ၎င်းအနေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလုပ်တွဲလုပ်နေရသည်မှာ အဆင်ပြေနေသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်၊ သမ္မတရုံးဝန်ကြီးတစ်ဦး ဖြစ်သည့် ဦးတင်နိုင်သိန်းဦးဆောင်၍ အောက်ခြေအဆင့် အုပ်ချုပ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် စဉ်းစားစီစဉ်ခဲ့ကြသေးသည်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများလက်အောက်သို့ ထားရှိရန် ဖြစ်သည်။

သို့သော်။

ယင်းအစီအစဉ်သည် ၂၀၁၅ ရွေးကောက်ပွဲရှုံးနိမ့်သွားမှုနှင့်အတူ လွင့်ပြယ်ခဲ့သည်။

အစိုးရအဖွဲ့နှင့် နီးစပ်သည့်နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်မှာ အစိုးရသစ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် အရပ်သားများဖြစ်သဖြင့် အုပ်ချုပ်ရေးကို နိုင်နင်းမည်မဟုတ်သလို ထွေ/အုပ်ဌာနကိုလည်း ဦးစီးနိုင်မည် မဟုတ်သဖြင့် ပြဿနာများ ပေါ်ပေါက် လာနိုင်သည်ဟု ရှုမြင်သွားသောကြောင့် ဖြစ်သည်။

ယခင်အစိုးရလက်ထက်ကမူ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် တပ်မတော်မှ စစ်တိုင်းမှူးဟောင်းများ အများစုဖြစ်ရာ အဆိုပါဌာနကို ဝါ၊ သမ္ဘာအရပင် နိုင်နင်းလိမ့်မည်ဟု သုံးသပ်ခြင်းဖြစ်သည်။

ယင်းဌာနကို အရပ်သားအစိုးရအောက်သို့ သွတ်သွင်းရန်မှာ အခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် ပေးထားချက် ပုဒ်မကို ကျော်လွှားနိုင်ရန် လုပ်ဆောင်ရမည် ဖြစ်သည်။

လက်ရှိအနေအထားက ထွေ/အုပ် အနေနှင့် အခြားအစိုးရဌာနများအကြား ကြားညပ်နေသည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် အခြားဌာနများ၏ အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရသော်လည်း တရားဝင်အရ အကြီးအကဲလည်း မမည်။ ဆန္ဒထုတ်ဖော်ခြင်းကိစ္စတွင် ရဲတပ်ဖွဲ့ဝင်များမှ တစ်ဆင့် အုပ်ချုပ်ရေးမှူးထံ တင်ပြရသော်လည်း ရဲတပ်ဖွဲ့ဝင်များကို မည်သို့ လုပ်ဆောင်ရမည်ကို ညွှန်ကြားခြင်း မပြုနိုင်။ မြေယာကိစ္စများကိစ္စများအတွက် မြေစာရင်းဌာနဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရသော်လည်း အဆိုပါဝန်ထမ်းများ အလုပ်ကောင်းစွာမလုပ်မှုအပေါ် အရေးမယူနိုင်။

” ဌာနတိုင်းရဲ့အတွင်းထဲမှာ ကြားထဲမှာ ညပ်နေတဲ့ကိစ္စရပ်မျိုးတွေလည်း သူတို့ဆီမှာ အခက်အခဲရှိတယ်” ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

သည်ကြားထဲ ပြည်သူက တိုင်ကြားသဖြင့် ရွှေ့ရပြောင်းရ၊ အပြစ်ပေးခံရစသည့် ဒဏ်များကို ခံရနိုင်သလို အခြားဝန်ထမ်းများနည်းတူ လစာမလောက်ငမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်ပြဿနာကလည်း ရှိနေသေးသည်။

အထက်က ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်သော်လည်း အတိုင်ခံရပါက စိတ်ပျက်ရကြောင်း အမည်မဖော်လိုသည့် ဦးစီးမှူးတစ်ဦးက The Voice Journal သို့ ပြောဆိုသည်။

ရှေးမြန်မာမင်းများလက်ထက်ကတည်းက မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည့်ပုံစံမှသည် ကိုလိုနီခေတ်တွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်စသည့် အခေါ်အဝေါ်များဖြင့် ပုံစံအမျိုးမျိုး ရှိခဲ့ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍသည် နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားတွင် ကျောရိုးအဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အဆင့်ဆင့်သော ဌာနများအနေနှင့် လုပ်ငန်းတာဝန်များက များပြားလှပါသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို မြေများကို ပုဂ္ဂလိက၊ ဌာနဆိုင်ရာ မြေငှားဂရန်၊ စက်မှုမြေငှားဂရမ်များခွင့်ပြုချထားခြင်း၊ နှစ်စဉ်ယစ်မျိုး အစီအစဉ်များရေးဆွဲတင်ပြခြင်း၊ နှစ်စဉ် ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားပေးခြင်း၊ အရက်ချက်လုပ်ငန်းများမှ ထုတ်လုပ်သည့် အရက်များအား ဓာတုဗေဒစစ်ဆေးခံရန် ကြီးကြပ်ဆောင်ရွက်ခြင်း စသည့် ယစ်မျိုး စီမံခန့်ခွဲရေးတို့အပြင် အခွန်များ ကောက်ခံခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ လုပ်ငန်းများ၊ အသင်းအဖွဲ့များ ဥပဒေနှင့်အညီ ဖွဲ့စည်း ခွင့်ပြုရေး၊ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေး၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းရေး၊ အခြားဝန်ကြီးဌာနများမှ အပ်နှင်းသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အထိ ပါဝင်သည်။ ရပ်ကွက်၊ ကျေးရွာ များ၏ လူဦးစာရင်းကိုလည်း ပြုစုရသည်။ ဝင်ငွေကိုလည်း တွက်ချက်ရသည်။ လယ်ယာထွက်ကုန်ကိုလည်း ရေးမှတ်ရသည်။

ယင်းအပြင် အခြားဝန်ကြီးဌာနများက အပ်နှင်းထားသည့် လုပ်ငန်းများကိုလည်း လိုက်ပါဆောင်ရွက်ပေးကြရသည်။

ဥပမာ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်များကို စစ်ဆေးမှတ်ပုံတင်ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လုပ်ငန်းဖြစ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်ရှိ ရုပ်ရှင်ရုံ များကိစ္စကို ဆောင်ရွက်ရခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရသုံးမှန်းခြေ ငွေစာရင်းကဏ္ဍအတွက် ပင်စင်စားများကို ကူညီလုပ်ဆောင်ရခြင်း စသည်တို့ဖြစ်သည်။

နေရာတကာတွင် သူတို့အလုပ်။ ဆိုရလျှင် အိမ်မှထွက်သည်နှင့် အလုပ်နှင့် တွေ့ရမည်။

“အဓိကတော့ ကျွန်တော်တို့ဌာနကို ပြည်သူလူထုက ကွဲကွဲပြားပြား မြင်စေချင်တာပေါ့။ ကျွန်တော်တို့က အလုပ်နှစ်ခု လုပ်နေရတဲ့ ဌာနဖြစ်တယ်ဆိုတာ” ဟု လက်ရှိတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးကျော်ဆန်းကျော်က ပြောကြားသည်။

အလုပ်နှစ်ခုဆိုသည်မှာ မိခင်ဌာနက ချမှတ်ထားသည့် လုပ်ငန်းများနှင့် အစိုးရမူဝါဒများနှင့် အခြားဝန်ကြီးဌာနများ၏ လုပ်ငန်းများကို ဆိုလိုခြင်း ဖြစ်သည်။

သူ့အဆိုအရ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက မူဝါဒများချမှတ်လိုက်မှုကို ထွေအုပ်ဝန်ထမ်းများက ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ပေးရသလို တာဝန်လည်း ခံရသည်။ အချို့ကိစ္စများတွင် အခက်အခဲများရှိသော်လည်း ညှိနှိုင်းပေါင်းစပ်ဖြေရှင်းခြင်းဖြင့် ပြေလည်အောင် ဆောင်ရွက်ပေးရခြင်းသည် ၎င်းတို့၏ တာဝန်ဖြစ်သည်။

ဒီမိုကရေစီခေတ်တွင် ၎င်းတို့၏အခန်းကဏ္ဍ မလိုအပ်ဟု ရှုမြင်ကြသူများအနေနှင့် ပြီးခဲ့သည့် သမိုင်းခေတ်အဆက်ဆက်များကို လည်ပြန်ကြည့်ဖို့လိုလိမ့်မည်ဟု ၎င်းက ဆိုသည်။ ကိုလိုနီခေတ်၊ လွတ်လပ်ပြီး ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်၊ ယခုမျက်မှောက်ခေတ်။

“ခေတ်အဆက်ဆက်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်သင့်ပါတယ်”ဟု ဦးကျော်ဆန်းကျော်က ဆိုသည်။

မနေ့တစ်နေ့ကပင် လောလောလတ်လတ်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှ အုံကြွဆန္ဒပြမှုနှင့် ပစ်ခတ်နှိမ်နှင်းမှုကိစ္စတွင် အထွေထွေအုပ်ချုပ်ရေးဌာန၏ အရာရှိများ၏ အခန်းကဏ္ဍက အရေးပါကြောင်း ပြသနေသည်။

ဟောပြောပွဲပိတ်ပင်ခြင်း၊ ခွင့်ပြု ခြင်းသည် သူတို့၏ လက်ထဲတွင်ရှိသည်။ ထို့အတူ လူထု၏ ဒေါသသည် သူတို့၏ ဆုံးဖြတ်လုပ်ကိုင်မှုအပေါ် မူတည်ပြန်သည်။

အခြားတစ်ဖက်တွင် ဝေဖန်မှုများ ရှိနေသည့်တိုင် အရပ်သားအစိုးရအနေနှင့် လုပ်တတ်လျှင် လုပ်နိုင်သည့်အခြေအနေများရှိနေကြောင်း အုပ်ချုပ်ဆိုင်ရာ လေ့လာသူများနှင့် ကျွမ်းကျင်သူများက မှတ်ချက်ပြုကြမှုကို ထောက်ရှုကာ မြင်တွေ့နိုင်မည် ဖြစ်သည်။

“ရိုးသားစွာထမ်းဆောင်ကြမယ် ဆိုရင် ဘယ်စနစ်အောက်မှာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်း အောက်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုအမည်နာမနဲ့ပဲဖြစ်ဖြစ် ပြည်သူက ယုံကြည်ကိုးစားတဲ့ ပြည်သူ့ဝန်ထမ်းအဖြစ် အစဉ်ထာဝရ တည်ရှိနေမှာပဲဖြစ်ပါတယ်” ဟု အငြိမ်းစားခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းညွန့်က ဆိုသည်။ 

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *