ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် တွေ့ဆုံခြင်း

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအပေါ်မှာ ယူကေရဲ့ အသိအမှတ်ပြုမှု အပြောင်းအလဲတွေဖြစ်သွားတာကို မြန်မာပြည်သူတွေ ဘယ်လောက် အာရုံစိုက်နေကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”

ဗြိတိန်နိုင်ငံသည် အတိတ်က မြန်မာနိုင်ငံနှင့် ရှည်လျားလှသော သမိုင်းကြောင်းရှိခဲ့သည့် နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၁၂၀ ကျော်ခန့် မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့သော နိုင်ငံဖြစ်သလို မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုလည်း အားပေးထောက်ခံခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်တို့တွင် ဂျပန်နိုင်ငံပြီးလျှင် ဒုတိယမြောက် အများဆုံး အကူအညီအထောက်အပံ့များ ပေးအပ်နေသည့် နိုင်ငံလည်းဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကို အကြောင်းပြုကာ တပ်မတော်က ဘင်္ဂါလီလူမျိုးများ(၎င်းတို့အဆို ရိုဟင်ဂျာများ)ကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟုဆိုကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဗွေဆော်ဦး သွင်းဆွေးနွေးခဲ့သူမှာလည်း ဗြိတိန်နိုင်ငံပင်ဖြစ်သည်။
ပြောရလျှင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အစောပိုင်းကာလများအထိ ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပုံမှန်ဆက်ဆံရေးများ ရှိနေခဲ့သည်။ ထိုအခြေအနေကို မကြာသေးခင်လပိုင်းများက ဖြစ်ပွားခဲ့သော ရခိုင်ဒေသပြဿနာက နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ဗြိတိန်နှင့်အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့ကလည်း ရခိုင်အရေးအပေါ် တစ်သံတည်းထွက်ခဲ့ကြသည်။
ထိုအခြေအနေများကြားတွင် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှအသံအမတ်ကြီး အင်ဒရူး ပက်ထရစ်က မြန်မာနိုင်ငံသားများအကြား ပေါ်ပြူလာအဖြစ်ဆုံး၊ အထူးသဖြင့် ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများ၏ ချစ်ခင်လေးစားမှုကို အရရှိဆုံး သံတမန်ဖြစ်နေပေသည်။ မည်သူ့အပေါ်တွင်မဆို သံအမတ်ကြီး၏ နှိမ်ချလေးစားမှု၊ နှစ်လိုခင်မင်မှု၊ ယဉ်ကျေးပျူငှာမှု၊ အခါအားလျော်စွာ အောက်ခြေ လူထုနှင့် နီးနီးစပ်စပ် ထိတွေ့မှုတို့က သံအမတ်ကြီး၏ လူသိများထင်ရှားသည့် စရိုက်လက္ခဏာ သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးများဖြစ်သည်။ ယင်းလက္ခဏာ၊ အရည်အသွေးများက မြန်မာနိုင်ငံနှင့် နိုင်ငံသားများအပေါ်ထားရှိသော သံအမတ်ကြီး၏ သဘောထားကိုလည်း တစေ့တစောင်း လှစ်ဟပြနေသကဲ့သို့ရှိ၏။ ယင်းအချက်ကို ပို၍ လေးနက်ခိုင်မာသွားစေသည်မှာ မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာအမျိုးသမီး ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းနှင့် သံအမတ်ကြီးတို့၏ စေ့စပ်ကြောင်းလမ်းခြင်း အခမ်းအနားပင်ဖြစ်သည်။ မြန်မာအမျိုးသမီး တစ်ဦးကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ခြင်းမှာ သံအမတ်ကြီး၏ မြန်မာနိုင်ငံသားများအပေါ် မြတ်နိုးချစ်ခင်မှုကို ထပ်မံသက်သေပြသလိုက်ခြင်းဟု ဆိုနိုင်သည်။ သို့သော် ၎င်း၏ သံအမတ်ကြီးတာဝန် ကုန်ဆုံးခါနီးအချိန်တွင်မှ ပေါ်ပေါက်လာသော ရခိုင်ပြဿနာက ၎င်းနှင့် ဗြိတိန်- မြန်မာ ဆက်ဆံရေးအပေါ် အနည်းနှင့်အများ ရိုက်ခတ်လာသည်။ ဗြိတိန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်မူဝါဒကလည်း ထိုပြဿနာနှင့်အတူ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ထိုအခြေအနေများအပေါ် သံအမတ်ကြီး၏ ရှုမြင်ပုံ၊ အတွေးအမြင်များကို The Voice Weekly စာဖတ်ပရိသတ်များသိရှိစေရန် သံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice – မင်္ဂလာပါ သံအမတ်ကြီးခင်ဗျား။ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ငါးနှစ် သက်တမ်း နောက်ဆုံးနှစ်ကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ The Voice Journal ကို သီးသန့် အင်တာဗျူးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး သံအမတ်ကြီးရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း အရင်မေးချင်ပါတယ်။ တစ်နေ့ကပဲ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ဒေါ်ခင်စန္ဒာဝင်းနဲ့ သံအမတ်ကြီးတို့ စေ့စပ်ခဲ့တယ်။ ဘယ်အကြောင်းတွေက သံအမတ်ကြီးကို ဒီလို ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးနဲ့ အကြောင်းပါ စေတာလဲဗျ။

သံအမတ်ကြီး – ကောင်းပါပြီဗျာ။ ကျွန်တော့် မင်္ဂလာကိစ္စဆိုတာထက် ကျွန်တော် မြန်မာပြည်မှာ နေထိုင်တဲ့ဘ၀လို့ပဲ ဆိုကြပါစို့။ ပထဦးဆုံးပြောချင်တာက ဒီနိုင်ငံကို တကယ်ချစ်တယ်ဆိုတာပဲ။ ဒီမှာ အချိန်အများကြီး အခက်အခဲတွေရှိခဲ့ပေမယ့် မြန်မာပြည်ကို တာဝန်လာထမ်းဆောင်ရတာ တကယ်အင်မတန်မှ သာယာပျော်ရွှင်ဖွယ်ကောင်းပါတယ်။ မြန်မာပြည်သူတွေက အမြဲလိုလို ခင်မင်နှစ်လိုဖွယ်ကောင်းတယ်။ ခင်ဗျားသိတဲ့အတိုင်း ယူကေမှာက ဒီနိုင်ငံနဲ့ပတ်သက်ပြီး အင်မတန်နားလည်ရခက်တဲ့ သမိုင်းကြောင်းတွေရှိခဲ့တယ်။ အခု ဒီမှာ သက်တမ်း ငါးနှစ်နီးပါး တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း ဘယ်သူကမှ ဘယ်တုန်းကမှ ဗြိတိသျှကိုလိုနီခေတ် ကာလနဲ့ပတ်သက်လို့ နှိုင်းယှဉ်ဖို့ ကြိုးစားတာမရှိခဲ့ဘူး။ စန္ဒာနဲ့ ဆုံရတာလည်း ကျွန်တော် ကံကောင်းတယ်။ ခင်ဗျားပြောသလို သူက အထင်ကြီးစရာကောင်းတယ်လေ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် နှလုံးသားနဲ့ အပြန်အလှန် နားလည်လေးစားကြတယ်။ ဒါက ကျွန်တော့်ဘ၀ကို တကယ့်ကို အဓိပ္ပာယ်ရှိသွားစေတယ်။

ဒီအိမ်မှာပဲ သူနဲ့ ကျွန်တော့်ရဲ့ စေ့စပ်ပွဲကို တစ်ဖက်စီရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုဖိတ်ပြီး ရိုးရိုးရှင်းရှင်းပဲ ကျင်းပခဲ့တယ်။ အားလုံး သက်သောင့်သက်သာပါပဲ။ တကယ်တော့ ဒီကိစ္စက ဒီအိမ်မှာ ပထမဦးဆုံးအကြိမ်မဟုတ်ဖူးဗျ။ အရင်သမိုင်းကြောင်း ရှိခဲ့တယ်။ ကျွန်တော့်ကို တစ်ယောက်က နောက်ပြော ပြောတယ်။ ကျွန်တော့်အရင် တာဝန်ထမ်းသွားတဲ့ သံအမတ်ကြီး ဗစ်ကီဗိုးမင်းန်က မြန်မာပန်းချီဆရာ (ကိုထိန်လင်း) ကို ခိုးပြေးသွားတယ်တဲ့။ (ရယ်လျက်)။ ကျွန်တော် ဒီကိုရောက်စတုန်းက အဲဒီအကြောင်း လုံးဝသိမထားဘူး။ ဘာကိစ္စပဲရှိရှိ စန္ဒာက ဒီမှာ (မြန်မာပြည်မှာ) နေတော့ လောလောဆယ် ကျွန်တော်လည်း ဒီမှာရှိနေဦးမှာပါ။ ဆက်ပြီးတော့လည်း ဒီနိုင်ငံနဲ့ ဆက်ဆံရေးကို နီးနီးကပ်ကပ်နေပြီး ဆက်ပြီးထိန်းသိမ်းသွားမှာပါ။ မြန်မာစကားလည်း ပိုကောင်းအောင် ပြောနိုင်မယ်လို့လည်း မျှော်လင့်တယ်လေ။

Voice – တကယ်တော့ ဒီအိမ်ကြီးကိုယ်၌က အရင်သံအမတ်ကြီး ဗစ်ကီဗိုးမင်းန်ရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်ပြီး ပဉ္စလက်ဆန်ဆန် ထူးခြားတဲ့ အစွမ်းသတ္တိတစ်ခုခုကများ သံအမတ်ကြီးကို မြန်မာအမျိုးသမီးနဲ့ မေတ္တာမျှစေတာလားမသိဘူး။ ပြီးတော့ အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဗြိတိသျှနိုင်ငံသား ဒေါက်တာ မိုက်ကယ်လ်အဲရစ်စ်နဲ့ လက်ထပ်ခဲ့တယ်။ ဗစ်ကီက ကိုထိန်လင်းနဲ့ လက်ထပ်ပြီး အခု သံအမတ်ကြီးက ဒေါ်ခင်စန္ဒာဝင်းနဲ့ အကြောင်းပါ ပြန်တယ်။ ဒါက ဘာပဲပြောပြော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ ပိုပြီး ခိုင်မြဲစေမလား မသိဘူး။

သံအမတ်ကြီး – အိုး… ဒါပေါ့… ဒါပေါ့… (ရယ်လျက်)။

Voice – သံအမတ်ကြီး သိတဲ့အတိုင်းပဲ ယူကေ အပါအဝင် အီးယူနိုင်ငံတွေနဲ့ရော အမေရိကန်နဲ့ပါ ကျွန်တော်တို့ နိုင်ငံနဲ့ တစ်လျှောက်လုံး ဆက်ဆံရေး အင်မတန်ကောင်းခဲ့တယ်။ ဒါပေမဲ့ ရခိုင်ပြဿနာဖြစ်ပြီးနောက်မှာ အခြေအနေတွေ တစ်မျိုးပြောင်းသွားခဲ့တယ်။ နှစ်နိုင်ငံဆက်ဆံရေးက တော်တော်ကြီးဆိုးသွားတယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဆိုးသွားတယ်ဆိုတာထက် ရခိုင်ကိစ္စအပေါ် နှစ်ဖက်အကြား နားလည်မှုလွဲသွားတယ်လို့ ပြောရမလား မသိဘူး။ သံအမတ်ကြီးအနေနဲ့ ဒီအပေါ်မှာ ဘာများမှတ်ချက်ပေးချင်လဲဗျ။ ယူကေရဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ ပေါ်လစီက တော်တော်ကြီး တင်းမာနေသလား။

သံအမတ်ကြီး – ပထမဦးဆုံး ပြောချင်တာက ရခိုင်ပြဿနာအပေါ် မြန်မာပြည်တွင်းက အမြင်တွေနဲ့ မြန်မာနိုင်ငံ ပြင်ပက အမြင်တွေက ဆန့်ကျင်ဘက် ဖြစ်နေတာကို ကျွန်တော်သိပါတယ်။ ကောင်းကောင်းလည်း နားလည်ပါတယ်။ တချို့လူတွေလည်း ဒါနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းက အရေးယူတုံ့ပြန်မှုတွေအပေါ် အရမ်းကို အံ့အားသင့်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော် မှတ်ထားသလောက် ရခိုင်ဒေသကနေ နှစ်လအတွင်း လူပေါင်းခြောက်သိန်း တစ်ဖက်နိုင်ငံကို ထွက်ပြေးခဲ့ကြတယ်။ ဒီအဖြစ်အပျက်က စိတ်ခံစားချက် အနှိုးဆွနိုင်ဆုံး ဇာတ်လမ်းအဖြစ် ကမ္ဘာ့ဇာတ်ခုံပေါ် တက်သွားခဲ့တယ်။ အရင်က ဒီလောက်များများ တစ်ခါမှ ထွက်မပြေးဖူးဘူး။ ကမ္ဘာမှာလည်း ဒီလောက် များများ မကြာခဏ နိုင်ငံအပြင် ထွက်ပြေးတာမျိုး မရှိဘူး။ ကျွန်တော်ဖတ်မိသလောက်၊ မှတ်မိသလောက် ပြောရရင် ၁၉၇၀ ပြည့်နှစ်လောက်ကပဲ ဒီလောက် ဒုက္ခသည်များများ နိုင်ငံအပြင်ကို ထွက်ပြေးတဲ့ ဖြစ်စဉ် (ကမ္ဘောဒီယား) ရှိခဲ့ဖူးတယ်။ ဆိုတော့ကာ မြန်မာနိုင်ငံအနေနဲ့ ပြင်ပကမ္ဘာက ဒီကိစ္စအပေါ် စိုးရိမ်ပူပန်မှုဖြစ်နေတာကို သိပ်အံ့အားသင့်စရာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့အနေနဲ့လည်း ရခိုင်ဒေသမှာ အတင်းအကျပ်နေရာရွှေ့ပြောင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ဒေသမှာရှိတဲ့ လုံခြုံရေးစခန်းတွေကို ARSA ဝင်စီးတာ၊ အရပ်သားတွေကို တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း တရားဝင် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့တယ်။ သံရုံးအနေနဲ့ အခုတော့ ဒီပြဿနာကြောင့် ဒုက္ခရောက်ရသူတွေ ဘာဖြစ်နေတယ်၊ ဘာတွေ လိုအပ်တယ်ဆိုတာဘက်ကို ပြောင်းပြီး အာရုံစိုက်နေတယ်။ ဒီပြဿနာကို ရခိုင်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က မျက်မြင်သက်သေအများကြီးကို ရှိပါတယ်။ တချို့ကလည်း သတင်းအချက်အလက်တွေ မှားနေတယ်ပြောကြတယ်။ တချို့ကလည်း အဖြစ်မှန်မဟုတ်တဲ့ ပုံပြင်တွေ ပြောပြတတ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ကန့်သတ်မှုတွေ ရှိနေတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဘာ့ကြောင့် ဒီလောက် ပမာဏလူတွေ ဒုက္ခကြုံနေကြတာလဲ၊ ဘာ့ကြောင့် ဆိုးဆိုးရွားရွား ဖြစ်သွားတာလဲ၊ ဘယ်လိုဖိအားတွေကြောင့် ဒီလို ထုတ်ပြောလာကြတာလဲဆိုတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိကြတယ်။ ဘာတွေဖြစ်နေတာလဲဆိုတာ မေးခွန်းထုတ်ကြတယ်။ ဒါတင်မကဘူး သူတို့ ပြန်လာလို့ရအောင် ကြေညာချက်ထုတ်ဖို့ရောပေါ့။ အဲဒါတွေကပဲ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းသွားစေတာ။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ထွန်းတောက်တဲ့ ဒီမိုကရေစီဖြစ်လာဖို့၊ စီးပွားရေး ဖွံ့ဖြိုးဖို့၊ ဒီမိုကရေစီ ငြိမ်းချမ်းရေး အောင်မြင်မှုရဖို့ စတဲ့ မူဝါဒတွေကို ပြီးခဲ့တဲ့ ၂၀၁၁ ကတည်းက ချမှတ်လာခဲ့တာ။ ရှေ့ဆက်သွားချင်ပေမယ့် ရခိုင်ပြဿနာကြောင့် ရပ်သွားတာ။ ရခိုင်ပြဿနာက ပိုကြီးတဲ့ အရေးကိစ္စဖြစ်သွားလို့ပါ။

Voice – တစ်ခါတစ်ရံမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းတွေ၊ ပါလီမန်နဲ့ အစိုးရအကြားက အပြန်အလှန် အသည်းအသန်ထိန်းညှိမှုတွေ၊ အတိုက်အခံပါတီတွေရဲ့ ထိုးနှက်မှုတွေကြောင့်လည်း တချို့ သတင်းအချက်လက်တွေ လိုရာဆွဲသွားတတ်တာတွေ ရှိတတ်ပါတယ်။ ပါလီမန် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ယူကေမှာရော အာဏာရပါတီက အများစုကြီးစိုးထားတဲ့ ပါလီမန်နဲ့ အစိုးရအကြားမှာ ထိန်းညှိမှုတွေ ဘယ်လောက် ရှိနေလဲ။ ရခိုင်ပြဿနာမှာ ပါလီမန်က အစိုးရအပေါ် ဘယ်လောက် ဖိအားပေးသလဲ၊ ပါလီမန်က ရထားတဲ့ ရခိုင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက မြေပြင်မှာ တကယ်ဖြစ်နေတာနဲ့ ဘယ်လောက် ကွာဟနေသလဲ။ ဒီအချက်ကို သံအမတ်ကြီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။

သံအမတ်ကြီး – ယူကေရဲ့ ပါလီမန်စနစ်က တကယ်တော့ လက်ရှိ မြန်မာပြည်နဲ့ အတော်လေးဆင်တယ်။ ရွေးကောက်ပွဲအနိုင်ရ ဦးဆောင်ပါတီက ပါလီမန်မှာ နေရာအများစုယူထားတယ်။ ဦးဆောင်ပါတီနဲ့ ပါလီမန်က အစိုးရအဖွဲ့ ချထားတဲ့ မူဝါဒနောက်ကို လိုက်ပါပံ့ပိုးတယ်။ သေချာတဲ့တစ်ခုက ပါလီမန်နဲ့ အစိုးရအဖွဲ့ကြားမှာလည်း သိပ်ကို လှုပ်ရှားအသက်ဝင်တဲ့ အချေအတင်ဆွေးနွေးမှုတွေရှိတယ်။ ပြီးတော့ သူ့မှာ ကော်မတီတွေရှိတယ်။ အဲဒီကော်မတီတွေထဲက စုံစမ်းဖော်ထုတ်မှုနဲ့ဆိုင်တဲ့ ကော်မတီက မကြာသေးခင်ကပဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာပြည်က ရခိုင်ပြဿနာအကြောင်း ဆွေးနွေးကြတယ်။ အဲဒီကော်မတီမှာပါတဲ့ ပါလီမန်အမတ်တွေက ရခိုင်ပြဿနာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ မတူကွဲပြားတဲ့ သတင်းရင်းမြစ်တွေဆီက ယူတယ်။ ပြီးတော့ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့လည်း စကားပြောတယ်။ တကယ်တော့ ယူကေရဲ့ ပါလီမန်စနစ်က ယေဘုယျပြောရရင် ကျွန်တော်တို့လို သံအမတ်တွေထက်စာရင် ဝန်ကြီးက အစိုးရအဖွဲ့ရဲ့ တင်ပြချက်တွေကို ပါလီမန်ကို ရှင်းပြရတယ့် တာဝန်ယူရတယ်။ သံအမတ် တွေဆီကရတဲ့ တုံ့ပြန်ချက်နဲ့ သတင်းအချက်အလက်အပေါ်မှာလည်း ပါလီမန်ကို တင်ပြချက်က အခြေခံရတယ်။ ဒါ ကျွန်တော်တို့ရဲ့ အလုပ်လုပ်ပုံပဲ။ မြန်မာပြည်ရဲ့ လက်ရှိ ကျင့်သုံးတဲ့စနစ်နဲ့ တော်တော်ဆင်ပါတယ်။

Voice – ရခိုင်ပြဿနာဖြစ်ပြီးနောက်မှာ ယူကေရဲ့ မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒ တစ်ဆစ်ချိုးပြောင်း သွားတာကို မြန်မာပြည်သူတွေ အတော်အံအားသင့်ကြတယ်။ ဘာဖြစ်လို့များ ဒီလောက်ပြောင်းသွားရတာလဲဗျ။ မကြာသေးခင်ကပဲ ဆန္ဒပြတဲ့ ရခိုင်ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းလိုက်တယ်။ အဲဒီကိစ္စကိုရော ယူကေက ဘယ်လိုမြင်သလဲဗျ။

သံအမတ်ကြီး – ရခိုင်နဲ့ပတ်သက်ပြီး ယေဘုယျ တစ်ခုလောက် ပြောပါရစေ။ အရင်က မိတ်ဆွေရင်းချာဆက်ဆံရေးကနေ ရခိုင်ပြဿနာဖြစ်သွားတဲ့အခါ ယူကေရဲ့ မူဝါဒအပြောင်းအလဲဖြစ်သွားတာကို မြန်မာပြည်သူတွေ အံ့အားသင့်ကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်အထင် ယူကေရဲ့ ပေါ်လစီက အမြဲလိုလို တစ်သမတ်တည်းသွားနေပါတယ်။ လူ့အခွင့်အရေး ကိစ္စတွေအပေါ်မှာ အတော်ကြီး အာရုံစိုက်ပါတယ်။ အတိတ်ကိုပြန်ကြည့်ရင်လည်း ၈၈ အရေးတော်ပုံကာလမှာရော၊ တပ်မတော်အစိုးရလက်ထက် ရွှေဝါရောင်တော်လှန်ရေးမှာရော၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အကြား ပဋိပက္ခမှာရော ပေါ်လစီက အတူတူပါပဲ။ လူ့အခွင့်အရေးနဲပတ်သက်ပြီး တောက်လျှောက် ဝေဖန်ကန့်ကွက်လာခဲ့တာပါ။ ဒါက လက်ရှိ ရခိုင် ပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မူဝါဒပြောင်းသွားတယ်လို့ ယူဆနေကြတဲ့ မြန်မာပြည်သူတွေရဲ့ အမြင်နဲ့တော့ ကွဲလွဲကောင်း ကွဲလွဲပါလိမ့်မယ်။

ပထဦးဆုံးအနေနဲ့ ပြောချင်တာက သံရုံးအနေနဲ့ ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး စကြားကြားချင်း ဘာဖြစ်နေတယ်ဆိုတာ သတင်းအချက်အလက် ပြည့်ပြည့်၀၀ မရှိပါဘူး။ မှားနေသလား၊ အဓိကရုဏ်း ဖြစ်နေသလား၊ မှားကောင်းမှားနေသလား စတဲ့ တစ်စုံတစ်ရာ ရှင်းလင်းအောင် ဆန်းစစ်သုံးသပ်တာ ဘာမှမရသေးဘူး။ နောက်ဆုံးအဆင့် စုံစမ်းဖော် ထုတ်ထားတဲ့ အခြေအနေကိုရောပေါ့။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မီဒီယာတွေကိုလည်း သိစေချင်တာက ရခိုင်ဒေသရဲ့ အခြေအနေတွေက အများကြီးရှုပ်ထွေးပြီး သမိုင်းကြောင်းအရလည်း ရခိုင်ဒေသခံတွေအကြားမှာရော တစ်ခါတစ်ရံ နေပြည်တော်နဲ့ပါ တင်းမာမှုတွေရှိနေတယ် ဆိုတာပါ။ ပြဿနာဖြစ်ရတာက တပ်မတော်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ ရခိုင့်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ ARSA ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြောင့်လို့တော့ ကျွန်တော်မထင်ပါဘူး။ အဲဒါကလည်း တင်းမာမှုကို ဖြေရှင်းပေးဖို့ ဘယ်တော့မှ အကူအညီမပေးနိုင်ပါဘူး။ ကျွန်တော်စိုးရိမ်တာက ဒီအခြေအနေတွေကြားမှာ လူတွေက ပိုပြီး တစ်ဖက်စွန်းရောက်လာမှာ၊ တွေ့ဆုံစကားပြောရေးက နောက်လာမယ့် ဖြစ်တန်ရာကိစ္စ သဘောရောက်သွားမှာကိုပဲ။ ရခိုင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ တပ်မတော်တာဝန်ခံမှုရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ရှိတယ်ဆိုပေမယ့် အရပ်သားအစိုးရရဲ့ အခန်း ကဏ္ဍအနေနဲ့လည်း လျင်လျင်မြန်မြန် ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။

Voice – ရခိုင်ပြည်နယ်မှာ ဒီလောက် ပြဿနာတွေ ရှုပ်နေတဲ့ကြားက မကြာသေးခင်ကလည်း ရခိုင်ဒေသခံတွေ ဆန္ဒပြတာကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့တယ်။ ဒီကိစ္စအပေါ်မှာလည်း သံသယနဲ့ ဝေဖန်မှုတွေရှိတယ်။ အမြင်နှစ်မျိုးလည်း ဖြစ်နေတယ်။ ပြဿနာ ပိုရှုပ်ထွေးအောင် ဒေသခံတွေကို တမင်ပစ်ခတ်နှိမ်နင်းတာလား၊ ဒါမှမဟုတ် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့်လားပေါ့။ လက်ရှိအစိုးရအနေနဲ့လည်း တပ်မတော်က အမည်စာရင်းပေးတဲ့သူကို ဝန်ကြီး တာဝန်ပေးထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအပေါ်မှာ ဘယ်လောက် ဩဇာရှိသလဲဆိုတာလည်း မေးစရာ မေးခွန်းဖြစ်နေတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ရခိုင်ပြဿနာအားလုံးကိုခြုံကြည့်ရင် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတာ ပြောရခက်နေတယ်။ ဒါကိုရော သံအမတ်ကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

သံအမတ်ကြီး – အင်း… ဒါက ယူကေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နဂိုကတည်းက နားလည်ထားပြီးသားကိစ္စပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်က ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့အစိုးရအပေါ်မှာ ဖိအားရှိနေတယ် ဆိုတာကိုရော ကျွန်တော်တို့ နားလည်ပါတယ်။ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအပေါ်မှာ ယူကေရဲ့ အသိအမှတ်ပြုမှုအပြောင်းအလဲတွေဖြစ်သွားတာကို ဘယ်လောက် အာရုံစိုက်နေကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဗြိတိသျှအစိုးရရဲ့ ကြေညာချက်ကို ခင်ဗျားကြည့်မယ်ဆိုရင် အင်မတန်ရှင်းတာ တွေ့ရ မယ်။ ရခိုင်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး တပ်မတော်မှာ ဘယ်လောက်တာဝန်ရှိတယ်ဆိုတာ အင်မတန်ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တာဝန်ပေးတာရော၊ သူတို့က အစီရင်ခံတာရောက ဒေါ်အောင်ဆန်းစုကြည်ဆီကိုလား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကိုလားဆိုတာ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်ရဲ့ တာဝန်ရှိမှုနဲ့ပတ်သက်ပြီး ပြောတဲ့အခါ ကျွန်တော်တို့ အင်မတန်ကို ဂရုစိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရကိုလည်း တိုင်းရင်းသားလူမျိုး အသီးသီးရဲ့ ကိုးကွယ်ယုံကြည်မှုကိုလည်း မြန်မာလူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်အောင်မြှင့်တင်ပေးဖို့ ကိုလည်း တိုက်တွန်းနေပါတယ်။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်မှာ ပထမဦးဆုံးလုပ်တဲ့ ဘာသာပေါင်းစုံညီညွတ်ရေး တွေ့ဆုံဆွေးနွေးပွဲကို တက်ခဲ့တယ်။ ဘာလို့လဲဆိုတာ ဒါက အစိုးရအတွက် အင်မတင် အရေးကြီးတဲ့ အခန်းကဏ္ဍလို့ ကျွန်တော် ထင်တယ်လေ။ တခြားတစ်ဖက်မှာလည်း အစိုးရအနေနဲ့ တပ်မတော်ကို တိုင်းရင်းသားတွေက ခွဲခြားဆက်ဆံခံရတယ်လို့ မမြင်အောင် ပြုမူဆက်ဆံဖို့ကိုလည်း ဖျောင်းဖျစည်းရုံးဖို့လိုမယ်။ ပြောရရင် နှစ်ဖက်စလုံးပေါ့။

Voice – ဗြိတိန်နဲ့ မြန်မာအကြားမှာ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်တွေရှိနေတယ်လို့ သိထားပါတယ်။ အခုရော အဲဒီအစီအစဉ်တွေ ဆက်ရှိနေသးလား၊ ရခိုင်ပြဿနာကြောင့် ရပ်ထားသလား။

သံအမတ်ကြီး – ရခိုင်ပြဿနာဖြစ်ပြီး မကြာခင်မှာပဲ အဲဒီအစီအစဉ်တွေကို ကျွန်တော်တို့ ရပ်ထားလိုက်တယ်။ ကျွန်တော့်အထင် ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က ဖြစ်မယ်။ ကျွန်တော်တို့နဲ့ တပ်မတော် အကြားမှာ သင်တန်းတချို့ရှိတယ်။ အဲဒီသင်တန်းက လူ့အခွင့်အရေး၊ ကမ္ဘာ့စစ်မက်ရေးရာနဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ တပ်မတော်တွေရဲ့ အခန်းကဏ္ဍ စတဲ့ ခေတ်မီတပ်မတော်တွေရဲ့ သဘောသဘာဝ သီအိုရီတွေနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ ပို့ချတဲ့ သင်တန်းပါ။ စစ်ပွဲဖြစ်တဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ တိုက်ခိုက်မလဲဆိုတဲ့ သင်ခန်းစာမျိုးတွေ မဟုတ်ပါဘူး။ လောလောဆယ် ဒီသင်တန်းကို ယာယီရပ်ဆိုင်းထားတဲ့ သဘောပါ။

Voice – အဲဒီလို ရပ်ဆိုင်းထားတာက အချိန် ဘယ်လောက်ကြာမယ်လို့ မှန်းလဲဗျ။

သံအမတ်ကြီး – အင်း…ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်သွားတဲ့အထိလို့ ယေဘုယျပြောရမယ် ထင်တယ်။ ကျွန်တော်တို့အချိန် နည်းနည်းယူကောင်း ယူရမယ်ထင်တယ်။ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့ အတိုင်းပဲ တပ်မတော်က ကြေညာချက်ထုတ်ထားတယ်လေ။ အဲဒီထဲမှာ သူတို့ ဘယ်တော့မှအလုပ် တွဲမလုပ်တော့ဘူးတဲ့။ ဒါက အဲဒီထဲက အချက်ကို ကောက်နုတ်ပြောတာပါ။ 

ကျော်မင်းဆွေ

ဆက်လက်ဖော်ပြပါမည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *