ငလက်မတိုင်းပြည်အတွက် ကားရောင်းရန်ရှိသည်

သူ့အိမ်ကလေးသည် ကားများဖြင့် ပြည့်နှက်နေသည်။ ဆံပင်ရှည်ကို နောက်လှန်စည်းထားပြီး အိမ်နေရင်းစွပ်ကျယ်အင်္ကျီဖြင့် ထိုင်နေသည့် ထိုသူသည် ထိုမျှချမ်းသာသည်လော။

ချမ်းသာပါသည်။ သူ့တွင် အနုပညာဖန်တီးလိုမှုများဖြင့် ချမ်းသာပါသည်။

သူပိုင်သော ကားကလေးများသည်လည်း သူ့လက်ဖြင့် အသေးစိတ်ပြုလုပ်ထားသော ပုံစံတူကားကလေးများပင်ဖြစ်ပါသည်။

“လုပ်ချင်လို့ကို လုပ်တာဗျာ။ ဒီကားကလေးတွေ ဖန်တီးနေရရင်ပျော်နေတာ။ စီးပွားရေးအရတော့ ဘယ်တွက်ခြေကိုက်ပါ့မလဲ”

ကိုဇေယျာ၏ စကားမှန်ပါသည်။ တောင်ဥက္ကလာမြို့နယ်အတွင်းရှိ ခပ်သေးသေး သူ့အိမ်ကလေးထဲတွင် တီဗီဂိမ်းဆိုင်လေးဖွင့်ထားသူ ကိုဇေယျာအတွက် ယခုကဲ့သို့ ကားကလေးများ ဖန်တီးခြင်းသည် မိသားစုစီးပွားရေးကို အထောက်အကူမပြုနိုင်သည်ကတော့ အသေအချာ။

ကိုဇေယျာ၏ ဖခင်ဖြစ်သူသည် တီအီးကား မောင်းခဲ့သည်။ ငယ်စဉ်ဘ၀ကတည်းက ဖခင်နှင့်အတူ လိုက်ပါရင်း ကားနှင့် သူရင်းနှီးခဲ့ရသည်။

နောက်တော့ ဖခင်မောင်းသမျှကားများကို သူလိုက်စီးရင်း ကားတစ်စီးကို ကိုယ်တိုင်ဖန်တီးလိုစိတ်များ ရှိလာခဲ့သည်ဟု ကိုဇေယျာက ဆိုသည်။

၁၃ နှစ်သားတွင် ဖခင်ဖြစ်သူ ဆုံးပါးခဲ့သည်။ မိခင်၊ ညီနှင့် ညီမကိုငဲ့ကွက်ကာ သူကျောင်းထွက်လိုက်ရ၏။ မိခင်ဖြစ်သူနှင့်အတူ ကျောင်းဈေးတွင် ဈေးလိုက်ရောင်းသည်။

အရွယ်နည်းနည်းရောက်စတွင်တော့ ကိုဇေယျာသည် ကားဘော်ဒီရုံများတွင် အလုပ်ဝင်လုပ်ခဲ့သည်။ ကားဘော်ဒီရုံတွင် နှစ်ပေါင်းများစွာလုပ်ခဲ့ပြီး ကားဘော်ဒီပိုင်းဆိုင်ရာများကို သူလေ့လာသင်ယူခွင့်ရခဲ့သည်။ နဂိုကတည်းက ကားနှင့်ပတ်သက်လာလျှင် ရူးသွပ်ခဲ့သောသူသည် ခဏချင်းပင် ဆရာဖြစ်သူ၏ မျက်နှာလွှဲခြင်းကို ခံရသော တပည့်ကောင်းတစ်ဦး ဖြစ်ခဲ့သည်။

တစ်ချိန်က ကားဘော်ဒီလုပ်ငန်း၊ ကားဆေးမှုတ်လုပ်ငန်းသည် ကားလောကတွင် ဝင်ငွေကောင်းသော လုပ်ငန်းများဖြစ်သည်။ ကိုဇေယျာသည် ဝင်ငွေကောင်းသော ကားဘော်ဒီဆရာတစ်ဦးဖြစ်ခဲ့သည်။ လူငယ်သဘာဝ ရသမျှငွေကို သူငယ်ချင်းများနှင့် အကုန်သုံးဖြစ်သည်။

ယမကာလေးတမြမြနှင့် အပျော်လေးတွေ ကျူးကြသည်။ နောက်တော့ သူ့သူငယ်ချင်းများမှာ အရက်ဖြင့်ပင် တဖြုတ်ဖြုတ်ကြွေကုန်ကြ၏။

“ကျွန်တော် အပျော်အပါးတွေလျှော့လိုက်တယ်။ ကျွန်တော့်ဆရာလည်း ဆုံးသွားတော့ အလုပ်ရုံလည်း ပိတ်လိုက်တယ်။ ကားဘော်ဒီကလည်း နဂိုလို ခေတ်မကောင်းတော့ဘူး။ ဒါနဲ့ ဒီအလုပ်ကို ဆက်မလုပ်ဘဲနေခဲ့တာ ၂ နှစ်လောက်ကြာတယ်”

ကိုဇေယျာသည် ၂၀၀၇ ခုနှစ်တွင်တော့ သူ့အိမ်နေရာတွင် တီဗီဂိမ်းဆိုင်လေးဖွင့်ဖြစ်သည်။ တီဗီဂိမ်းဆိုင်ဖွင့်နေရင်းဖြင့် သူ့စိတ်ထဲတွင် ကားအလုပ်ကို ပြန်လုပ်ချင်စိတ် ပေါ်လာခဲ့သည်။

သို့သော် ယခင်ကဲ့သို့ ကားအကြီးများမဟုတ်။ ပုံစံတူ ကားအသေးလေးများကို ကားအကြီးပုံစံ ဒီဇိုင်းလုပ်ကြည့်ရန်ဖြစ်သည်။

“သံနဲ့လုပ်ဖို့ကမလွယ်တော့ သစ်သားနဲ့ပဲလုပ်မယ်ဆိုပြီး စလုပ်တာ။ အဲဒါလည်း မလွယ်ဘူး။ ထင်းရှူးသားသုံးမလား၊ ကျွန်းသားသုံးမလား စမ်းသပ်လုပ်ကြည့်ရတယ်။ ခဏခဏ ပျက်စီးတယ်။ ခဏခဏ ပြန်လုပ်တယ်။ လုပ်ရင်းနဲ့ပဲ သင်ယူရတာပါပဲ” ဟု ကိုဇေယျာက ဆိုသည်။

မူလကားအကြီးများ၏ပုံစံအတိုင်း တစ်သဝေမတိမ်း အသေးစိတ်လုပ်ရသည့်အတွက် လက်ဝင်လှသည်။

သူ့ကားများသည် အတွင်းခန်းတွင် ထိုင်ခုံပါသည်၊ စီယာတိုင်ပါသည်၊ နောက်ကြည့်မှန်ကအစ အသေးစိတ်လုပ်ယူရသည်။ ဘီးမှလွဲပြီး ကျန်သည့် အစိတ်အပိုင်းအားလုံး Hand Made ချည်းဖြစ်၏။

“ဘီးကတော့ ကိုယ့်ဘာသာလုပ်လို့ အဆင်မပြေဘူး။ အပြင်မှာရှာရတယ်။ အရုပ်ရောင်းတဲ့ဆိုင်တွေကိုသွား၊ ကိုယ်လုပ်မယ့်ကားအနေအထားနဲ့ ကိုက်မယ့်ဘီးရှာပြီးတွေ့ရင် ကားတစ်စီးလုံးဝယ်၊ ဘီးကိုဖြုတ်၊ ကိုယ့်ကားမှာ ပြန်တပ်။ အဲဒီလိုပဲ လုပ်ရတယ်”

ဆေးခြယ်ရာတွင်လည်း ကားကြီးများတွင် သုံးသည့်မှုတ်ဆေးကို ကားကြီးများအရောင်အတိုင်း သူလိုက်ခြယ်သသည်။

“စစချင်းတုန်းက သင်္ဘောဆေးကို စုတ်တံနဲ့ သုတ်တာ။ မှုတ်ဆေးဘူးနဲ့လည်း ပြောင်းကြည့်သေးတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အရောင်ဖြစ်မလာဘူး။ ဒါနဲ့ တိုယိုတာကားဆားဗစ်မှာ ကားအစစ်တွေကိုမှုတ်တဲ့ ဆေးသွားဝယ်တယ်။ အဲဒီမှာက ကိုယ်လိုချင်တဲ့အရောင် စပ်ခိုင်းလို့ရတာကိုး။ ဒီတော့မှ ကားအစစ်တွေမှာ ထွက်တဲ့အရောင်အတိုင်း ထွက်လာတာ”

၃၉ ဗိုက်ပူကားများ၊ တီအီကားများ၊ ဘီအမ်ကားများ ရှေးဟောင်းကားများကို သူစိတ်ဝင်စားသည်။

ထိုကားပုံစံများ သူလုပ်ကြည့်သည်။ သူ့တီဗီဂိမ်းဆိုင်လေး၏ အရှေ့ဘက်လွတ်သောနေရာတွင် မီးလုံးတစ်လုံးနှင့် စားပွဲချကာ ကားများကို သူ ဖန်တီးသည်။

ရှေးဟောင်းကားပုံစံများကို အင်တာနက်မှရှာပြီး သူလုပ်ကြည့်သည်။ ရေငုပ်သင်္ဘောနှင့် လေယာဉ်ပျံပုံစံငယ်များကိုလည်း သူကြိုးစားပြီး လုပ်ကြည့်သေး၏။ သို့သော် ကားတွေလောက်တော့ သူလက်မတွေ့။ ကိုဇေယျာသည် သူ၏ ကားကလေးများအား ရပ်ကွက်ထဲမှ လူငယ်များကိုပြသည်။

အချို့ကလည်း သဘောကျပြီး အင်တာနက်ပေါ်တင်ကြသည်။ ကားအရုပ်ဝါသနာရှင် ညီငယ်တစ်ဦးက သူ့ကားလေးတစ်စီးကို လာဝယ်ခဲ့သည်။

နှစ်သောင်းနှင့် အရောင်းအဝယ်တည့်ခဲ့၏။ သို့သော် စိုက်ထုတ်ရသည့် ငွေကြေးနှင့် လုပ်အားခတွက်လျှင် မကိုက်သေး။

“ရောင်းဈေးနဲ့က ကြာရင် မကိုက်ဘူးလေ။ များများလုပ်ဖို့ကလည်း ကျွန်တော်တစ်ယောက်တည်း မဖြစ်နိုင်ဘူး”

ကိုဇေယျာ က သူဖန်တီးသောအနုလက်ရာများကို ဈေးကွက်ဝင်ရန် မျှော်လင့်ထားသည်။ သူ့ဆီအော်ဒါမှာကြသည့် ကားအရေအတွက်က တဖြည်းဖြည်းများလာသည်။

ကားအသေးတစ်စီးကို လေးငါးရက်ကြာပြီး ကားအကြီးဆို တစ်ပတ်ခန့်ကြာသည်။ ဈေးနှုန်းကလည်း ကားအကြီးမှာ ကျပ်ငါးသောင်းခွဲ၊ ကားအသေးဆိုလျှင် သုံးသောင်းခွဲယူသည်။

သူ့ကားကလေးများတွင် သစ်သားသာမက ကြေးနန်းကြိုး၊ သံခွေ စသည့် အစိတ်အပိုင်းကလေးများကလည်း တစ်ခုချင်းစီ အသေးစိတ်လုပ်ထားသည်များ ဖြစ်လေသည်။

လက်မှုပညာသည် အနုပညာဈာန်ဝင်စားမှုပေါ်မူတည်ပြီး အရည်အသွေးမှာလည်းတောက်ပါလှ၏။ သို့သော် အားနည်းချက်ကား စက်မှုထုတ်ပစ္စည်းများကဲ့သို့ အရေအတွက် မဖြစ်နိုင်ခြင်းပင်။

အိမ်ကလေးထဲတွင် တကုပ်ကုပ်နှင့် ကားကိုလုပ်နေသော သူ့အတွက် အဓိကမှာ စိတ်ပါဝင်စားမှု၊ အာရုံစူးစိုက်နိုင်မှုတို့ပင်ဖြစ်သည်။ သူသည် သူထုတ်လုပ်သည့် အရာကလေးများပေါ်တွင် ဂုဏ်ယူသည်။ ပီတိဖြစ်သည်။ တစိမ့်စိမ့်ကြည့်ကာ ဝမ်းမြောက်သည်။

တစ်ခုတော့ရှိသည်။ ယခုခေတ်ပေါ်ကားများ လာအပ်လျှင်တော့ သူ မလုပ်။ သူ စိတ်မဝင်စား။ သူ ဖီးလ်လာသည်က ရှေးဟောင်း ပုံစံကားတွေပဲဖြစ်သည်ဟု ဆိုသည်။

ကျွန်တော်တို့ငယ်ဘ၀က ငလက်မတိုင်းပြည် အကြောင်းကို စိတ်ကူးယဉ်ခဲ့ဖူးမည်။ ဂါလီဗားဇာတ်လမ်းတွေထဲမှ လီလီပွတ်တိုင်းပြည်မှ လူသေးသေးလေး၊ ကားသေးသေးလေးများအကြောင်းကို တွေးကြည့်မိကြလိမ့်မည်။ ကိုယ်ပိုင် ငလက်မတိုင်းပြည်လေးတစ်ခုကို ဖန်တီးလိုစိတ်ရှိခဲ့ကြလိမ့်မည်။

အခု… ကိုဇေယျာသည်လည်း သူ့ကိုယ်ပိုင် ငလက်မကားကလေးများကို သူဖန်တီးနေသည်။ ဈေးကွက်အရ နည်းပါးလှသော အဖိုးအခဖြင့် သူ့လက်မှုပညာလေးများကို ဖြန့်ဝေနေရ၏။

ရေရှည်တွင် အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်နိုင်ဖို့အတွက်တော့ မလွယ်ကူလှ။ သို့သော်ငြား သူသည် အားမလျှော့။ ဝါသနာကို အသပြာနှင့် လဲမည့်သူမဟုတ်။ အနုပညာစိတ် အနုပညာသွေးဖြင့် ဖန်တီးမှုကိုရပ်မည့်သူမဟုတ်။

“ဘ၀တစ်လျှောက်လုံး ဆက်လုပ်သွားချင်တာပေါ့ဗျာ”

လက်မှုပညာရှင်တစ်ဦး၏ အိပ်မက်။

ထိုအိပ်မက် ကြံ့ကြံ့ခံနိုင်ရန်အတွက် ငလက်မတိုင်းပြည်အတွက် ကားကလေးများ ရောင်းရန်ရှိပါသည်။

 

ခက်ဇော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *