ကျဆုံး နိုင်ငံတော်

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အကြံပေးနေသော အနောက်နိုင်ငံသားပညာရှင်တို့နှင့် တစ်နေ့က ကော်ဖီသောက်ရင်း စကားပြောဖြစ်သည်။ ဆွေးကြနွေးကြရင်း သူတို့ကမေးသည်၊ “ဒါနဲ့ ဒီတစ်ပတ် မင်းဘာရေးမှာလဲ” ။ မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံတော် Failed State ဖြစ်လား၊ မဖြစ်လား ဆောင်းပါးရေးမလို့ဆိုတော့ “ငါတို့ မနက်ဖြန် ဒီဟိုတယ်က ထွက်မှဖြစ်မယ်” ဟု သူတို့အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ပြောကြသည်။ “မနက်ဖြန်မှထွက်ရင် သိပ်နောက်ကျသွားမယ်” ဟု ကျွန်တော်က ပြန်ပြောတော့ အားလုံးပွဲကျသွားသည်။

သူတို့တည်းနေသောဟိုတယ်က နိုင်ငံတကာအဆင့်ဟိုတယ်ကြီး။ ကျွန်တော်တို့ ထိုင်စကားပြောနေသည့် သူတို့ဟိုတယ် ကော်ဖီဆိုင်တွင်း တွင်လည်း လူကအပြည့်။ ဟိုတယ်ထဲတွင်လည်း နိုင်ငံခြားသားများ၊ မြန်မာများ ပျားပန်းခပ်သွားလာနေကြသည်။ ဟိုတယ်အပြင်ဘက်ရှိ ရန်ကုန်မြို့သည်လည်း ကားများလူများဖြင့် စည်စည်ကားကား လည်ပတ်နေသည်။ ယင်းအနေအထားသည် ကျရှုံးနိုင်ငံများတွင် တွေ့ရသည့် မြင်ကွင်းမျိုးမဟုတ်။ ကျဆုံးနိုင်ငံဆိုသည်မှာ လူအများအတွက် မနက်ဖြန်ပင် မသေချာ။ ကျွန်တော်နှင့် စကားပြောနေသည့် သူတို့ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခြေအနေကို လာရောက်လေ့လာနေကြသူများ။

ဆိုလိုသည်က မြန်မာသည် ကျဆုံးနိုင်ငံတော်ဖြစ်ဖို့ အဝေးကြီး။ သို့သော် ယခုအတိုင်းသွားနေလျှင် ကျဆုံးနိုင်ငံတော်လမ်းကြောင်းသို့ ဦးတည်နေသည်ဟု မြင်သူတို့က မြင်ကြသည်။

နိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဘက်ဘက်မှ ယိုယွင်းပြီး အစိုးရသည် ပြည်သူများအတွက် အကျိုးမပြုနိုင်၊ နိုင်ငံကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေလျှင် Failed State ဖြစ်သည်ဟု အကြမ်းအားဖြင့် ပြောနိုင်သည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် Failed State အခြေအနေသို့ အနည်းဆုံး နှစ်ကြိမ်ရောက်ဖူးသည်ဟု စာရေးသူမြင်သည်။ လွတ်လပ်ရေး ရပြီး ၁၉၄၉-၁၉၅၀ ခန့်တွင် တစ်နိုင်ငံလုံးဝါဒရေး လူမျိုးရေး သူပုန်ထသည့် ရောင်စုံသူပုန်ကာလအစိုးရသည် ရုံးစိုက်ရာ ရန်ကုန်မြို့ တစ်မြို့တည်းသာ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်သည့်အတွက် ရန်ကုန်အစိုးရဟု ဟာသလုပ်ခံရချိန်သည် Failed State ပင်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် အဖွဲ့ပေါင်းစုံက စိုးမိုးထားပြီး တရားဥပဒေစိုးမိုးရေးကင်းမဲ့၊ ပြည်သူတို့ အသက်ကို ဖက်နှင့် ထုပ်ထားရပြီး စီးပွားရေး နိုင်ငံဖွံ့ဖြိုးရေး ဘာမျှလုပ်မရသည့်အတွက် ကျဆုံးနိုင်ငံတော်ပင်ဖြစ်သည်။

ဒုတိယအကြိမ်မှာ ၁၉၈၈ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နောက်ဆုံးနေ့များဖြစ်သည်။ ထိုအချိန်တွင် တစ်နိုင်ငံလုံးတွင် အစိုးရယန္တရားရပ်တန့်သွားကာ အစိုးရ၏ ထိန်းသိမ်းဆောင်ရွက်နိုင်စွမ်းသည် သုညနီးနီး ကျဆင်းသွားသည်။ အနယ်နယ်အရပ်ရပ်တွင် ရပ်ကွက်အလိုက် ကိုယ့်ရပ်ကွက် ရပ်ရွာကို ကာကွယ်ကြရသည်။ အချို့နေရာများတွင် ကိုယ့်အိမ်ကိုယ် ကာကွယ်နေကြရသည်။ စီးပွားရေး ကြီးပွားရေး ဘာမျှ လုပ်ဆောင်မရတော့ဘဲ လက်နက်ကိုင်တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေသည်။

အထက်ပါ ကာလနှစ်ခုနှင့်ယှဉ်လျှင် ယနေ့ကာလသည် ဘာမျှ မဆိုင်။ တိုးတက်မှုများလည်း နယ်ပယ်အများအပြားတွင် ရှိနေသည်။ သို့သော် စိုးရိမ်မည်ဆိုလျှင် စိုးရိမ်စရာများလည်း ရှိနေသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ စစချင်းပင် ထီခနဲ။ ရခိုင်ပြည်နယ် မြောက်ဦးက စသည်။ သက်ဆိုင်ရာအရာရှိ အသတ်ခံရသည်။ နဂိုကတည်းက ယမ်းအိုးကြီးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် ပြဿနာသစ် သို့မဟုတ် ပြဿနာနောက်ဆက်တွဲ။ ရခိုင်အရေးကို သာမက လက်ရှိ လက်နက်ကိုင် ပဋိပက္ခပေါ်ပါ ဆိုးကျိုးကြီးကြီးမားမား သက်ရောက်နိုင်သည်။ မြန်မာပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေသည်။ အပစ်ရပ်စာချုပ်ချုပ်ဆိုသူများ စာရင်းတိုးလာသော်လည်း ငြိမ်းချမ်းရေးညီလာခံကိုလည်း နောက်တစ်ဆုတ်ထဲ ဆုတ်နေရသည်။ နိုင်ငံ့ဦးဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်အရှိန်အဝါလည်း အနောက်နိုင်ငံအသိုင်းအဝိုင်းတွင် ကျဆင်းနေသည့်အထဲ အကြံပေးအဖြစ် ခေါ်ယူထား သော အမေရိကန်ဝန်ကြီးဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ အရင်းအချာ မိတ်ဆွေ Bill Richardson နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံတကာသိအချင်းများမှုကြောင့် ပိုပြီးထိခိုက်ရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ရန်ကုန်နေအိမ်သို့ ဓာတ်ဆီပုလင်းမီးရှို့ပစ်သွင်းခံရမှုကြောင့် စိုးရိမ်စိတ်များလည်း တက်လာသည်။ ၂၀၁၇ နှစ်ဝက်လောက်ကတည်းက ကျဆင်းခဲ့သော စီးပွားရေးအပေါ် ယုံကြည်မှုသည်လည်း ၂၀၁၈ တွင်ပါ ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။

၂၀၁၈ နှစ်စပိုင်းတွင် အစိုးရအဖွဲ့ကို လူဟောင်းလဲ၊ လူသစ်ထည့်ကာ သွေးသစ်လောင်းအင်အားဖြည့်မည်ဟု တွက်ဆထားသော်လည်း အရေးပါသောနေရာများတွင် အားဖြည့်ခြင်းများ ယခုထက်ထိ မမြင်ရသေး။

ကိုယ်ပိုင်အတွေ့အကြုံအရပြောရလျှင် မြန်မာပြည်ကိုချစ်သော နိုင်ငံခြားသားပညာရှင်များ၊ မြန်မာပညာရှင်များ အများအပြားသည် လက်ရှိနိုင်ငံအခြေအနေကို စိတ်ပျက်လက်လျှော့သည့်အဆင့်သို့ ရောက်နေကြသည်။ လုပ်ငန်းရှင်ကြီးငယ်တို့သည်လည်း အစိုးရ၏ စီးပွားရေးကောင်း အောင် ကိုင်တွယ်နိုင်စွမ်းကို သံသယဝင်လာကြသည်။ အရပ်ဘက်လူ့အဖွဲ့ အစည်းလောကနှင့် သတင်းမီဒီယာလောကတို့တွင်လည်း မျှော်လင့်ချက် နည်းလာကြသည်။ နိုင်ငံဟူသည် လူတို့ဖြင့် တည်ဆောက်ထားရာ ပြည်တွင်းရှိ ပြည်သူမျိုးစုံ စိတ်ဓာတ်ကျလာလျှင် နိုင်ငံသည်လည်း ကျဆုံးမည့်လမ်းကြောင်းသို့ ဦးတည်မည်ဖြစ်သည်။ မေးခွန်းက ကျဆုံးနိုင်ငံလမ်းကြောင်းပေါ် ဦးမတည်အောင် ‘ဘယ်လိုပြန်တည့်ကြမည်လဲ’ ။

အလုပ်ထက်ဝက်

ပြည်သူအများအပြား၏ ကျဆင်းနေသော စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်နိုင်လျှင် အစိုးရ၏ အလုပ်တစ်ဝက် အောင်မြင်ပြီ။ စီးပွားရေးကောင်းသည် မကောင်းသည်၊ နိုင်ငံရေး ကောင်းသည် မကောင်းသည်ကို ကိန်းဂဏန်းများဖြင့် ဖော်ပြကောင်းဖော်ပြနိုင်မည်ဖြစ်သော်
လည်း အရေးကြီးသည်မှာ ပြည်သူတို့၏ ခံစားချက်ဖြစ်သည်။ ပြည်သူတို့က မကောင်းဟုထင်လျှင် မကောင်းဖို့များသည်။ ကောင်းနေလျက်နှင့် မကောင်းဘူးထင်လျှင်ပင် မကောင်းသည့်ဘက်သို့ ရွေ့သွားနိုင်သည်။ အရင်ဆုံးလုပ်ရမည်မှာ အစိုးရပေါ်ယုံကြည်မှု ပြန်တက်လာရန်ဖြစ်သည်။ ယုံကြည်မှုကို ယုံကြည်မှု အခွဲနှစ်မျိုးဖြင့် အနည်းဆုံး တည်ဆောက်ထား သည်။ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်ဟု ယုံကြည်မှုနှင့် ပြည်သူ့အကျိုး ရှေးရှုသည်ဟု ယုံကြည်မှု။ အထက်ပါနှစ်မျိုးလုံးတွင် အစိုးရပေါ် ယုံကြည်မှု တည်ဆောက်နိုင်ရန် အစိုးရအဖွဲ့ကို အင်အားဖြည့် အားသစ်လောင်းရန် လိုသည်။ ယခု မတ်လကုန် ဘဏ္ဍာနှစ်အဆုံးမတိုင်မီ အားသစ်မဖြည့်နိုင်လျှင် ဘဏ္ဍာနှစ်အသစ်ထဲ ရောက်သွားမည်ဖြစ်သည့်အတွက် အစိုးရအဖွဲ့ဝင်သစ်များ ခန့်ရန် ခက်သွားမည် ဖြစ်သည်။

နောက်တစ်ချက်မှာ အစိုးရသည် အလုပ်တွင်သာမကဘဲ အပြောကိုပါ ကြိုးစားရန်လိုသည်။ အပြောဆိုသည်မှာ Public Relations ခေါ် ပြည်သူ့ဆက်ဆံရေးကို ဆိုလိုသည်။ အစိုးရ ဘာလုပ်နေသည်၊ ဘာရည်မှန်းချက်ထားသည်ကို ပြည်သူတို့နားလည်အောင် အသိပေးခြင်းတွင် အားနည်းနေသေးသည်။ အစိုးရကို ပြည်သူတို့နားလည်မှ ယုံကြည်မှုတက်မည်ဖြစ်ရာ Public Relations အလွန်အရေးကြီးသည်။ ယင်းသည် သမ္မတမှစပြီး ဝန်ကြီးဌာနအားလုံး ပြည်နယ်တိုင်းအစိုးရအဖွဲ့အားလုံးနှင့်ဆိုင်သည်။ ပြည်ထောင်စုအဆင့် ပြည်နယ်တိုင်းအဆင့် အစိုးရအဖွဲ့ဝင်များ၏ စကားအပြောအဆိုသည်လည်း Public Relations တွင် ပါဝင်သည်။ အစိုးရအဖွဲ့ဝင်များ၏ စကားအကျအပေါက်ကိုကြည့်ပြီး အစိုးရမူဝါဒများကို နိုင်ငံတိုင်းတွင် အကဲခတ်ကြသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ထိုသို့ အကဲခတ်ကြ ဝေဖန်ကြသည်မှာ မဆန်း။ သို့သော် မြန်မာနိုင်ငံတွင် အစိုးရသည် ပြည်သူ့ဆက်ဆံရေး အားနည်းနေသေးသဖြင့် အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အပြောအဆိုများပေါ်မူတည်ပြီး အစိုးရမူဝါဒများကို အကဲခတ်ခြင်း ပိုများပေမည်။ အစိုးရအဖွဲ့ဝင်များ စကားမပြောရဟု မဆိုလို။ မိမိအစိုးရ၏မူဝါဒ မည်သို့ရှိသည်ကို နားလည်ပြီး ပြောဆိုပါက များများစားစား ကွဲလွဲမည်မဟုတ်ပါ။ ယခုမူ တစ်ယောက်တစ်မျိုး ပြောကြ သလို ဖြစ်နေသည့်အတွက် အစိုးရမူဝါဒအပေါ် ပြည်သူတို့ နားလည်မှု လွဲနိုင်ပေသည်။

နောက်ဆုံးအကြံပေးလိုသည်မှာ ဦးစားပေးကို သတိထားရွေးရန် ဖြစ်သည်။ ငြိမ်းချမ်းရေးသည် အဖွဲ့အစည်းများစွာ အကျိုးစီးပွားများစွာ ပါဝင်သည့်အတွက် ရှုပ်ထွေးမည်၊ ခက်ခဲမည်၊ ကြာမည်ဖြစ်ရာ ယခုထက် မဆိုးသွားအောင် ထိန်းထားပြီး တစ်ဆင့်ချင်း စိတ်ရှည်စွာ ရှင်းရမည်ဟု မြင်ပါသည်။ ရခိုင်အရေးသည်လည်း ငြိမ်းချမ်းရေးလောက် မရှုပ်ထွေး သော်လည်း ပိန်မသာလိန်မသာဖြစ်ရာ အချိန်ယူပြီး တစ်ဆင့်ပြီး တစ်ဆင့် သွားရမည်။ အဓိက အာရုံစိုက်သင့်သည်မှာ စီးပွားရေး။ ပြည်သူအများနှင့် ဆိုင်သည့် စီးပွားရေးကို ဖိလုပ်နိုင်လျှင် ရေတိုနှင့်ပင် အသီးအပွင့်များစွာ မြင်ရမည်။

မြန်မာသည် ကျဆုံးနိုင်ငံမဟုတ်သေး။ သို့သော် ကျဆုံးလမ်းကြောင်းသို့ ဦးတည်သည့် လက္ခဏာများမြင်နေရသည်။ ၂၀၁၈ သည် အဆုံး အဖြတ်နှစ် ဖြစ်လိမ့်မည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *