REGIONAL ROUNDUP

(ဧရာဝတီ)

ရွာတစ်ရွာ ထုတ်ကုန်တစ်ခု

ဧရာဝတီတိုင်းဖွံ့ဖြိုးရေး ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုဗျူဟာကို ဆောင်ရွက်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်းက ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောကြားသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်ထီး၊ သင်ဖြူးဖျာ၊ စလူယပ်တောင်စသည့် ဒေသထွက်ကုန်များစွာလည်း ထွက်ရှိသည်။

ဝန်ကြီးက ဒေသထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေး မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်းဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။ 

————————————————————–

(တနင်္သာရီ)

မြိတ်လျှပ်စစ် တစ်ယူနစ် ကျပ် ၄၀၀

တနင်္သာရီတိုင်း မြိတ်မြို့တွင် ဇန်နဝါရီလအတွက် လျှပ်စစ်တစ်ယူနစ် ဈေးနှုန်းမှာ ကျပ်လေးရာခန့်အထိ မြင့်တက်လာသည်။

စက်တင်ဘာလတွင် လျှပ်စစ်တစ်ယူနစ် ကျပ် ၃၃၀၊ အောက်တိုဘာလတွင် ကျပ် ၃၄၀၊ နိုဝင်ဘာလတွင် ကျပ် ၃၅၀၊ ဒီဇင်ဘာလတွင် ၃၅၅ ကျပ်နှင့် ဇန်နဝါရီလတွင် ၃၇၅ ကျပ်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသသည် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားမရရှိဘဲ ကျေးရွာမီးလင်းရေးအဖွဲ့က မီးပေးနေခြင်းဖြစ်ပြီး ဒီဇယ်ဈေးမြင့်တက်လာခြင်းကြောင့် ယင်းသို့ ဈေးတက်လာခြင်းဖြစ်သည်။ 

————————————————————–

(ရှမ်း)

ငါးမိုင်းမှန်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး

လားရှိုးမြို့နယ် မန်စယ်ကျေးရွာ-နမ့်ပေါင်ချောင်း အနီး၌ မန်ပန်ပြည်သူ့စစ်အဖွဲ့မှ တပ်သားအဆင့်ရှိ အိုက်ခမ်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ငါးမိုင်းခွဲစဉ် မိုင်းမှာ ရေထဲမရောက်ဘဲ လက်ထဲ၌ကွဲသွားခဲ့ရာ မျက်နှာ၊ မေးစေ့၊ ရင်ဘတ်၊ ဝဲပေါင် မိုင်းစထိမှန်၊ ဝဲလက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့သည်။

၎င်းမှာ စိုးရိမ်ရသဖြင့် နမ့်ပေါင်တိုက်နယ်ဆေးရုံမှတစ်ဆင့် လားရှိုး ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်း ကုသမှုခံယူလျက်ရှိသည်။ 

———————————————————–

(ပဲခူး)

အခြေခံဥပဒေဖျက်သိမ်းရေး လူ ၅၀ အသံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး ပဲခူးတိုင်း ပြည်မြို့တွင် လူ ၅၀ က ဖေဖော်ဝါရီလ ၃ ရက်တွင် ဆန္ဒပြခဲ့ကြသည်။

အခြေခံဥပဒေတွင် စစ်တပ်အခန်းကဏ္ဍကိုသာ ရှေးရှုထားပြီး ဒီမိုကရေစီစံနှုန်းများမပါဝင်သောကြောင့် ဖျက်သိမ်းလိုခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

ဆန္ဒပြခြင်းသည် အစိုးရအကျပ်အတည်းတွေ့စေရန်နှင့် အမျိုးသားရင်ကြားစေ့ရေးထိခိုက်ရန် မရည်ရွယ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။ 

———————————————————–

(ရခိုင်)

လူစုလူဝေး ထိန်းနိုင်တော့မလား

ရခိုင်ပြည်နယ်တွင် လူစုလူဝေးဖြစ်လျှင် ပြဿနာမကြီးခင် ညှိနှိုင်းဖျန်ဖြေရန် အဖွဲ့များကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

မြို့နယ်အလိုက်အဖွဲ့များကို အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်ကာ ဖွဲ့စည်းပေးလိုက်ပြီး ယင်းအဖွဲ့သည် လူစုလူးဝေးနှင့် လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်မတွေ့ခင် ညှိနှိုင်းဖျန်ဖြေပေးမည်ဖြစ်ကြောင်း အမှတ် (၄) လုံခြုံရေးကွပ်ကွဲမှု အဖွဲ့မှ ရဲမှူးချုပ်မြဝင်းက ပြောဆိုသည်။

မြောက်ဦးတွင် လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ယင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ယင်းအဖွဲ့တွင် အရပ်ဘက်က ပုဂ္ဂိုလ်များအပါအဝင် လူ ၆၀ ခန့် ပါဝင်သည်။ 

————————————————————

(ကရင်)

ဒေါ်အောင်ဆန်းစုကြည် မတက်တော့ပါ

ဘားအံမြို့တွင်ကျင်းပမည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် မတက်ဖြစ်တော့ပါ။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပ မည့် ယင်းပွဲတော်ဖွင့်ပွဲသို့ တက်ရောက်ပေးရန် ဖိတ်ကြား ခဲ့သော်လည်းမတက်ဖြစ်ဟု အကြောင်းပြန်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးများသာ တက်ရောက်မည် ဖြစ်သည်။

“အမေက (ဒေါ်အောင်ဆန်းစုကြည်) မအားဘူးနဲ့ တူတယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောဆိုသည်။ 

———————————————————–

(ရခိုင်)

လူ ၂၀ ကျော် ခွေးကိုက်ခံရ

ကျောက်ဖြူမြို့၌ လူ ၂၃ ဦးတစ်ရက်တည်းတွင် ခွေးကိုက်ခံရသည်။

ကျောက်ဖြူဆေးရုံဝင်း၊ မြို့ပေါ်ရပ်ကွက်သုံးခုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (AGTI)တို့တွင် ဖေဖော် ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအတွင်း ခွေးကိုက်ခံရခြင်းဖြစ်သည်။

ခွေးကိုက်ခံရသူများတွင် အသက် လေးနှစ်အရွယ် ကလေးငယ်မှ အသက် ၆၅ နှစ်အရွယ်အထိ ပါဝင်ခဲ့သည်။ ဆေးရုံဝင်းအတွင်း အကိုက်ခံရသူ ၁၀ ဦးအနက် တတိယမြောက် အကိုက်ခံရသူမှာ HIV ရောဂါပိုးဆေးကုသခံနေရသူဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ထို့ကြောင့် ဒေသအာဏာပိုင်များနှင့် ဒေသခံများ ပူးပေါင်းကာ လူများကို ကိုက်သော မူမမှန်သည့် ခွေး ၁၂ ကောင်ကို သုတ်သင်ခဲ့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင်လည်း ၂၉ ကောင် ထပ်မံသုတ်သင်ခဲ့သည်။ 

———————————————————–

(မန္တလေး)

ဆန္ဒပြတဲ့ Ve Ve

လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများ၊ လိင်အကြမ်းဖက်မှုများရှိသည်ဟုဆိုကာ မန္တလေးစက်မှုဇုန်ရှိ Ve Ve အချိုရည် ကုမ္ပဏီ အလုပ်သမားတစ်ရာကျော်က ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

တောင်းဆိုချက် ၁၅ ချက်အနက် ၁၃ ချက်ကို ဆန္ဒပြသည့်နေ့တွင်ပင် အလုပ်ရှင်များဘက်က သဘောတူညီခဲ့သော်လည်း နှစ်တိုးကြေးရရှိရေးနှင့် ပြင်ပတွင်နေထိုင်သူများအတွက် ဖယ်ရီ (သို့) ခရီးစရိတ် စီစဉ်ပေးရေးအချက်နှစ်ချက်ကိုမူ ဇန်နဝါရီလ ၃ ရက် ညပိုင်းတွင်မှ သဘောတူညီခဲ့ပြီး ဆန္ဒပြမှု ပြီးဆုံးခဲ့သည်။

မိမိတို့စက်ရုံတွင် ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိကြောင်း၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လျှင် စက်ရုံ တာဝန်ရှိသူ အဆင့်ဆင့်ကို တိုင်ကြားနိုင်ကြကြောင်း၊ စက်ရုံတွင် အလုပ်သမား တစ်ထောင်ခန့်ရှိသည့်အနက် ၁၀ ရာခိုင်နှုန်းခန့်ကသာ ဆန္ဒပြကြခြင်းဖြစ်ကြောင်း အဆိုပါ စက်ရုံမန်နေဂျာ ဒေါ်ကျင်ကျင်ဝေက ပြောကြားသည်။

——————————————————–

(ကရင်)

စောဘဦးကြီး တားမြစ်ခံရ

ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး ရုပ်တုစိုက်ထူရန် လုပ်ဆောင်မှု တားမြစ်ခံရသည်။

ဘုရားသုံးဆူမြို့နယ် ကရင်စုရပ်ကွက် နှစ်သစ်ကူးကွင်းတွင် စိုက်ထူမည့် ယင်းရုပ်တုကို မြန်မာ့တပ်မတော် နယ်မြေခံတပ်ရင်းက တားမြစ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ယာယီထားကာ ရုပ်တုစိုက်ထူခွင့်ရရှိရန် အရပ်ဘက်၊ စစ်ဘက်တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဟု ရုပ်တုဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မဟုတ်ခြင်း၊ စည်ပင်နယ်နိမိတ်ဖြစ်နေခြင်းအပြင် ၁၉၆၂ ခုနှစ် အများပြည်သူလေးစားသော ပုဂ္ဂိုလ်များ၏ ရုပ်တုထုလုပ်ခြင်း ဥပဒေအရလည်း ခွင့်မပြုနိုင်ဟု ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောဆိုသည်။ 

—————————————————————

(ဧရာဝတီ)

ဘင်္ဂလီ ၂၁ ဦးဖမ်းမိ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာအနီး ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ဘင်္ဂါလီ ၂၁ ဦးကို ဖေဖော်ဝါရီလ ၃ ရက်က ဖမ်းမိခဲ့သည်။

အဆိုပါဘင်္ဂါလီများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှဖြစ်ပြီး ရန်ကုန်သို့သွားရန် ကုန်တင်ယာဉ်မှ လူစီးယာဉ်ပေါ်သို့ ပြောင်းလဲတင်ဆောင်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းသည် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိခြင်းကြောင့် ခိုးဝင်ဘင်္ဂါလီများသည် အဆိုပါဒေသမှတစ်ဆင့် ရန်ကုန်သို့ ရောက်ရှိလာလေ့ ရှိသည်။ 

———————————————————–

(မန္တလေး)

မန်းတက္ကသိုလ်မှာ ဓားထောက်လု

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္က သိုလ်ဝင်းအတွင်း ဖေဖော်ဝါရီလ ၂ ရက် ညအချိန်က ဓားထောက်လုယက်ခဲ့သည်။

ကျောင်းဝင်းအတွင်းရှိ လေးထပ်ဆောင်အနီးတွင် တွေ့ဆုံနေသည့် သမီးရည်းစားနှစ်ဦးကို ဓားဖြင့်ထောက်၍ ဖုန်းလုခဲ့ခြင်းဖြစ်ပြီး ကားဖြင့် လိုက်လံဖမ်းဆီးစဉ် ဓားဖြင့် ထိုးခဲ့သေးသည်။ သို့သော် နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၃၈၂ ဖြင့် မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်။

မန္တလေးတက္ကသိုလ်အတွင်း ဖုန်း၊ ပိုက်ဆံအိတ်နှင့် အခြားပစ္စည်းများ လုယက်မှုအပြင် ဆိုင်ကယ်ပျောက်ဆုံးမှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။ 

————————————————————-

(ကချင်)

တိုက်ပွဲကြားပိတ်မိနေသူများကို ကယ်ထုတ်ပေးပါ

ဇန်နဝါရီလကုန်မှစ၍ တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ KIA အကြား ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများကြား ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့သည်။

စစ်ဘေးသင့်နေသူများမှာ တနိုင်းမြို့နှင့် မိုင် ၃၀ ကျော်အကွာ ဆမက်တပ်စခန်းအနီးတွင် ပိတ်မိနေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ၈၉ ဦး၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၂၀ ဦးတို့ကို နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။သို့သော် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ပိတ်မိနေသူ ၁၅၀၀ ခန့် ရှိနေဆဲဟု ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောဆိုထားသည်။ 

—————————————————–

(မကွေး)

၁၃ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ

ရေနံချောင်းမြို့ မန်ကျည်းလေးပင်ကွက်သစ် ရပ်ကွက်တွင် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပထွေး ဖြစ်သူက အဓမ္မပြုကျင့်ခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ယင်းအမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းမိန်းကလေးက မိခင်ဖြစ်သူကို ပြန်လည်တိုင်ကြားသဖြင့် မိခင်က ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှုဖြင့် အမှုဖွင့်ထား၍ တိုင်ကြားခံရသူကို ဖမ်းဆီးထားပြီဖြစ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *