Regional Roundup

ယခင်ကာလများကသာ ခြံစည်းရိုးခိုင်ခံ့ခဲ့လျှင် အခြေအနေ ယခုကဲ့သို့ ဆိုးမည် မဟုတ်ချေ။

(ရခိုင်)

နယ်စပ်ခြံစည်းရိုး အပေါက်ဖာချိန်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတွင် သံဆူးကြိုးအပေါက် တစ်ရာကျော် ပြုပြင်ပြီးဖြစ်သည်။

ပေါက်ပြဲနေသည့် နယ်စပ်ခြံစည်းရိုးများကို စစ်ဆေးကာ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြုပြင်နေခြင်းဖြစ်ကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

နယ်စပ်ခြံစည်းရိုးရှိ သံဆူးကြိုးများကို ဖျက်ဆီးကာ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့်အခြေအနေကြောင့် ခြံစည်းရိုးကို ပြုပြင်ရန်နှင့် ခြံစည်းရိုး မရှိသည့် မိုင် ၄၀ ကို ကာရံရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။

မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ပြည်ထောင်စုအစိုးရက ယင်းသို့ ဆုံးဖြတ်ခဲ့ကာ ကျပ် ၂၀ ဘီလီယံကို လက်ငင်း ဖြည့်ဆည်းပေးမည်ဟု တရားဝင်ကြေညာခဲ့သည်။ 

————————————————————

(တနင်္သာရီ)

ကျောင်းသူများစိတ်မဝင်စားတဲ့ ကျောင်းသားသမဂ္ဂ

ထားဝယ်ပညာရေး ကောလိပ်ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံသည့် ကျောင်းသူမရှိပေ။ ထားဝယ်ပညာရေးကောလိပ်တွင် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆောင်နေကျောင်းသူများမှာ ညနေ ၆ နာရီကျော်လျှင် အပြင်မထွက်ရခြင်းနှင့် ကျောင်းသားသမဂ္ဂဆိုသည်မှာ ကျောင်းသားများနှင့်သာ ပိုမိုသင့်လျော်သင့်ဟုယူဆ၍ ဝင်ရောက်အရွေးမခံခြင်းဖြစ်သည်ဟု ကျောင်းသူအချို့က ဆိုသည်။ 

————————————————–

(မကွေး)

ဂင်းနစ်စံချိန်သစ်တင်တဲ့ မြန်မာပြည်မြေပုံ

လူဦးရေ ၃၄၆၆ ဦးဖြင့် မြန်မာနိုင်ငံမြေပုံ ပုံဖော်ပြသမှုမှာ ကမ္ဘာ့အကြီးဆုံး နိုင်ငံမြေပုံအဖြစ် ဂင်းနစ်စံချိန်သစ်တင်သွားပြီဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်က ယူကေတွင် Belron International က ဦးဆောင်ကာ လူပေါင်း ၈၁၁ ဦးဖြင့် အာဖရိကတိုက်ပုံဖော်ခဲ့သည့် စံချိန်ကိုကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တယ်လီနောမြန်မာက ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မကွေးမြို့ ခရိုင်အားကစားကွင်း၌ စတုရန်းပေ ၂၄,၈၀၄ အကျယ်အဝန်းရှိ မြန်မာနိုင်ငံမြေပုံကြီးကို စုပေါင်းပုံဖော်ခဲ့ကြသည်။

အဆိုပါ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်သည် မြန်မာနိုင်ငံအတွက် လူအများစု၏ပါဝင်မှုဖြင့် ကြိုးပမ်း ခဲ့သော ပထမဆုံးစံချိန်လည်းဖြစ်ပြီး ယခင်က ရယူခဲ့ဖူးသည့် ကမ္ဘာ့စံချိန်များထဲတွင် အထင်ရှားဆုံးမှာ မှတ်ဉာဏ်အကောင်းဆုံးလူပုဂ္ဂိုလ်အဖြစ် ၁၉၈၅ ခုနှစ်က စံချိန်တင်ခဲ့သော မင်းကွန်း ဆရာတော်ကြီး ဦးဝိစိတ္တသာရ ဖြစ်သည်။ 

——————————————————-

(ရှမ်း)

စစ်ဘေးရှောင်တွေကို သွားကူတဲ့သံဃာ မိုင်းထိ

တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ကိုင်တိုင်ရွာရှိ စစ်ဘေးရှောင်များကို သွားရောက်ကူညီခဲ့သည့် သံဃာတစ်ပါးမှာ မိုင်းထိကာ ဒဏ်ရာများရရှိခဲ့သည်။

ရန်ကုန်မှ အဆိုပါသံဃာသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်က ယင်းဒေသတွင် မိုင်းတစ်လုံးပေါက်ကွဲကာ ၎င်း၏ ကျောကုန်းနှင့်ခြေထောက်တွင် မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

———————————————————

(ပဲခူး)

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်သစ်

ပဲခူးတိုင်း ပေါင်းတည်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့တွင် ပြုလုပ်သည်။

လူငယ်မျိုးဆက်များ ဗိုလ်ချုပ်ကို အမှတ်ရအားကျစေရန် ရည်ရွယ်၍ အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်သည်။

မြင်းစီးကျောက်ရုပ်ကို ပေါင်းတည်မြို့ဒေသခံများနှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ထုလုပ်ခဲ့ပြီး ပေါင်းတည်မြို့ ငြိမ်းချမ်းရွှေတည်ပြည်သူ့ပန်းခြံတွင် ထားရှိသည်။ 

——————————————————–

(မန္တလေး)

ကျုံးဘေးမှာ အပန်းဖြေပါ

မန္တလေးမြို့တော်မှာ ယခင်က ကျုံးဘေးပလက်ဖောင်းတစ်လျှောက်မှာသာ အပန်းဖြေ၊ ကိုယ်လက်လှုပ်ရှား လုပ်နိုင်ခဲ့ရာမှ ကျုံးအတွင်းဘက်ပတ်လမ်း နန်းမြို့ရိုးဘေးတွင်ပါ အပန်းဖြေနိုင်ပြီဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာလိုက်သည်။

နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မည်သူမဆို အနားယူအပန်းဖြေနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ သဘောတူညီမှုဖြင့် ခွင့်ပြုခြင်းဖြစ်သည်။

ရှေးမြန်မာမင်းများ နေထိုင်ခဲ့သည့် နန်းမြို့ခေါ် နန်းတွင်းတွင် အင်္ဂလိပ်ခေတ်ကစ၍ စစ်တပ်က သိမ်းဆည်းခဲ့ကာ လက်ရှိတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ပြုလုပ်ထားပြီး နန်းတွင်းအဝင်အထွက်များကို တင်းကျပ်ထားသည်။

——————————————————–

(ပဲခူး)

ရွှေကျင်ကို မဖြတ်ရတဲ့ ရွှေတူးဖော်ရေးယန္တရားများ

ရွှေကျင်မြို့ထဲသို့ ဝင်ရောက်မည့် တရားမဝင် ရွှေတူးဖော်ရေးယန္တရားများကို ဒေသခံများက ဖေဖော်ဝါရီ လ ၉ ရက်တွင် တားဆီးထားလိုက်သည်။

ရွှေကျင်မြို့တွင် ဒေသခံမဟုတ်သည့် စီးပွားဖြစ် ရွှေတူးဖော်သူ ရာနှင့်ချီရှိပြီး ပွင့်လင်းရာသီရောက်စမှသည် လာရောက်လုပ်ကိုင်မှုကြောင့် ဒေသခံများမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ခံစားနေရသည်။

ရွှေကျင်ချောင်းရေမှာ ရွှေတူးဖော်ရာတွင်သုံးသည့် ဆိုင်ရာနိုက်အဆိပ်ကြောင့် ညစ်ညမ်းလျက်ရှိကြောင်း ဒေသခံများကဆိုသည်။ 

——————————————–

(နေပြည်တော်)

ရွှေရောင်အလုံးတစ်လုံး ပေါက်ကွဲမှု

ဥတ္တရသီရိမြို့နယ် စည်ပင်ကျေးရွာ ကြပ်မြှောင်တဲစု တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကြက်ဥလုံးခန့်ရှိ ရွှေရောင် အလုံးတစ်လုံးပေါက်ကွဲရာမှ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ကံထူးမောင် (၁၀) နှစ်သည် အဆိုပါ ရွှေရောင်အလုံး ကို ကောက်ယူပစ်ပေါက်ကစားရာ ပေါက်ကွဲခဲ့သဖြင့် နေပူစာလှုံနေသော မပြည့်ဖူးခိုင် (၁၃) နှစ်နှင့် ၎င်းပွေ့ချီ ထားသော ဝေလျှံဟိန်း (၁၀ လ) တို့တွင် ဝဲ/ယာခြေဖမိုး၊ တင်ပါးဆုံ၊ ဝဲနံဘေး/ပုခုံး/မျက်ခုံး/နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်သည်။ 

———————————————————-

(ကရင်)

မြေသိမ်းခံရမှု ဖြေရှင်းနိုင်ပြီလော

ကရင်ပြည်နယ်တွင် မြေယာသိမ်းဆည်းခံရမှုကြောင့် တိုင်ကြားမှု ထက်ဝက်ခန့်ကို ဖြေရှင်းပြီးပြီ။

တိုင်းကြားစာ ၁၆၆ ခုအနက် NLD အစိုးရ သက်တမ်း ၂ နှစ်တာ ကာလအတွင်း ၇၆ ခုကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

ဘားအံနှင့် မြ၀တီမြို့နယ်တို့တွင် သိမ်းဆည်းခံ မြေယာပြဿနာအများဆုံးဖြစ်ပြီး ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်မြို့နယ်တို့တွင် ဒုတိယချိတ်သည်။

တပ်မတော်က သိမ်းဆည်းမှု၊ အာရှလမ်းမကြီးနှင့် မလွတ်ကင်းသည့်မြေ၊ ကျောက်မီးသွေးစက်ရုံနှင့် မလွတ်ကင်းသည့်မြေများကို ဒေသခံများနှင့်ညှိနှိုင်းကာ လျော်ကြေးပေးနေသည်ဟု အဆိုပါဌာနထံမှ သိရသည်။ 

——————————————–

(ရခိုင်)

အမေရိကရောက် မြောက်ဦးအရေး

မြောက်ဦးမြို့တွင် ပြာသိုလကွယ်ညကဖြစ်ပွားခဲ့သည့် သွေးမြေကျမှုဖြစ်ရပ်တွင် အရပ်သားများ သေဆုံးဒဏ်ရာရမှုကို အမေရိကရောက် ရခိုင်တိုင်းရင်းသား ရာနှင့်ချီ ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ နယူးယောက်မြို့တော်ရှိ ကုလသမဂ္ဂ ရုံးချုပ်နှင့် မြန်မာသံရုံးရှေ့တို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

စာပေဟောပြောပွဲတွင် ဟောပြောချက်ကြောင့် နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုဖြင့် ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ အလားတူ ဆန္ဒပြမှုမျိုးကို ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင်လည်း ပြုလုပ်ခဲ့ကြသေးသည်။ 

———————————————-

(မွန်)

အိမ်ရှင်မ ဘောလုံးပွဲ

အိမ်ရှင်မများ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို သထုံမြို့နယ်၊ သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်တွင် ကျင်းပခဲ့သည်။

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ယင်းပြိုင်ပွဲကို ဇန်နဝါရီလ ၂၃ ရက် နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည်ဟု ဟင်္သာမီဒီယာ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အိမ်ရှင်မများသည့် မီးဖိုချောင်ကိစ္စတွင်သာ လမ်းမဆုံးစေဘဲ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံရေးအထိပါ ၎င်းတို့ ၏တန်ဖိုးများကို ပြသနိုင်စေရန်ရည်ရွယ်ပြီး ကျားမ ခွဲခြားဆက်ဆံမှုကင်းဝေးစေလိုသည်ဟု ပွဲကျင်းပရေး ကော်မတီဝင် ဦးကျော်ထိုက် (သိမ်ဆိပ်အုပ်ချုပ်ရေးမှူး) က ယင်းသတင်းတွင် ပြောဆိုထားသည်။

ယင်းပြိုင်ပွဲကို သုဝဏ္ဏ၀တီဝန်းကျင်ရှိ ကျေးရွာ၊ ရပ်ကွက်များမှ ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသားအသင်း ၁၃ သင်းနှင့် အိမ်ရှင်မများအသင်း ငါးသင်းတို့ဖြင့် ၂၁ ရက်ကြာ ကျင်းပခြင်းဖြစ်သည်။ 

————————————————-

ပြည်သူများ သတင်းမှန်သိခွင့် မရစေရန် လုပ်ဆောင်ထားခြင်းဟု ဆိုသည်။

(ဧရာဝတီ)

သတင်းထောက်နှစ်ဦးကို လွှတ်ပေးပါ

ဖမ်းဆီးခံရိုက်တာသတင်းထောက်နှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် ဖေဖော်ဝါရီလ ၁၁ ရက်က ပုသိမ်မြို့တွင် သတင်းသမားများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်းသမားများကို ကြီးလေးသောပြစ်ဒဏ်တပ် ဖမ်းဆီးခြင်းသည် ပြည်သူများ သတင်းမှန်သိခွင့်မရစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆန္ဒပြ သတင်းသမားများက ဆိုသည်။

ဖမ်းဆီးခံသတင်းသမားများ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့၊ ပြည်မြို့နှင့်ပုသိမ်မြို့တို့တွင်လည်း ဆန္ဒထုတ်ဖော်ခဲ့ပြီး အခြားမြို့ကြီးများတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။ 

———————————————————

(ချင်း)

ချင်းတောင်ရောက် ဘင်္ဂါလီ

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဘင်္ဂါလီလေးဦး ဖမ်းမိခဲ့သည်။

၎င်းတို့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ခိုးဝင်လာခြင်းဖြစ်ပြီး နယ်စပ်တံတားဖြတ်သန်းစဉ် ချင်းအမျိုးသား တပ်ဦးဌာနချုပ်ရုံးက ဖမ်းဆီးခဲ့ကာ ၁၃ ရက်နေ့တွင် ထန်တလန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့သည်။ အသက်နှစ်ဆယ်ဝန်းကျင်ရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လကလည်း တီးတိန်ဘက်တွင် လေးဦး ဖမ်းမိခဲ့သေးသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူမျိုးရေးပြဿနာများကြောင့် ၂၀၁၂ ဝန်းကျင်မှစ၍ မြန်မာနိုင်ငံတွင်းသို့ ခိုးဝင်ဘင်္ဂါလီများရှိလခဲ့ပြီး ချင်းတောင်ပေါ်မှလည်း မကြာခဏ ဖမ်းဆီးရမိလျက်ရှိသည်။ 

—————————————————

(တနင်္သာရီ)

စက်လှေ အသံမကျယ်ရ

တနင်္သာရီတိုင်း ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ပြေးဆွဲနေသည့် စက်လှေများ စက်သံကျယ်ပါက ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကြေညာထားသည်။ စက်သံကျယ်မှုကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများကို ထိခိုက်ပြီး ယခုလ ၂၈ ရက် နောက်ဆုံးထား ပြန်လည်ပြုပြင်ကြရန် ထိုင်းတပ်မတော်က သတိပေးထားသည်။

ကော့သောင်းမှရနောင်းသို့စက်လှေ ၁၀၀ ကျော် ပြေးဆွဲလျက်ရှိပြီး မြန်မာ့ရေထွက်ကုန်များကို အဓိကတင်ပို့လျက်ရှိရာ ရနောင်းသည် မြန်မာ့ ငါးများကို အမှီပြုသည့် ကြီးမားသော ဈေးကွက်ကြီးဖြစ်လျက်ရှိသည်။

————————————————————

(ကချင်)

ပထမဆုံးလုပ်မယ့် ကျောက်မျက်ပြပွဲ

ကချင်ပြည်နယ်တွင် မတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပထမဆုံးအကြိမ်အဖြစ် ကျောက်မျက်ရတနာပြပွဲကို ကျင်းပမည်ဖြစ်သည်။

ကချင်ပြည်နယ်ထွက် ကျောက်စိမ်းကို ကချင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြပွဲပြုလုပ်ပြသမည်ဖြစ်ပြီး အဆိုပါပြပွဲသို့လာရောက်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ကိုလည်း ဖိတ်ကြားထားသည်ဟုဆိုသည်။ 

———————————————-

(စစ်ကိုင်း)

သစ်ဖမ်းတဲ့ ဝန်ကြီးချုပ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ခွဲသားများကို ဝန်ကြီးချုပ် ကိုယ်တိုင်ဖမ်းဆီးခဲ့သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဘုတလင်မြို့နယ် သစ်ခဲအနောက်ရွာတွင် ပိတောက်ခွဲသားများ ပိုင်ရှင်မဲ့တွေ့ရှိကြောင်း သတင်းကြားရသဖြင့် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားခံများကို အမြန်ဆုံး ဖမ်းမိရန် ပြောဆိုခဲ့သည်။

အစိုးရသစ်လက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ တရားမဝင် သစ်ဖမ်းဆီးမှုများစွာရှိခဲ့သည့် သတင်းများ၊ အစိုးရအဖွဲ့၏ လှုပ်ရှားမှုတို့ကို Sagaing Regional Information စာမျက်နှာတွင် ဖော်ပြလေ့ရှိသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *