“ဘယ်အစိုးရမျိုးမဆို ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ မဖြစ်မနေရင်ဆိုင်ရမှာပဲ”

ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် တွေ့ဆုံခြင်း

Voice – မေးခွန်းတွေ ထပ်နေတယ်လို့တော့ မထင်စေချင်ပါဘူး။ ကျွန်တော် တစ်ခုထပ်မေးပါရစေ။ မြန်မာပြည်သူတွေက ဗြိတိန်ရဲ့ မူဝါဒအပြောင်းအလဲအပေါ်ကို သိပ်ကို အံအားသင့်ခဲ့ကြတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန်ဆက်ဆံရေး ကောင်းတယ်၊ သူ့အပေါ်မှာလည်း အများထက်ပိုပြီးနားလည်တယ်လို့ ယူဆထားခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗြိတိန်က အရင်ဦးဆုံးတင်ခဲ့တယ်။ တကယ်ဆို ဗြိတိန်က တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံအပေါ် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရအပေါ်မှာ ပိုပြီးနားလည်ပေးရမယ့် နိုင်ငံလေ။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဗြိတိန်ဆိုတာ သူ့ရဲ့ဒုတိယအိမ်လိုဖြစ်နေတယ်လေ။ သူ့ခင်ပွန်းနဲ့ သူ့သားနှစ်ယောက်စလုံးက ဗြိတိန်နိုင်ငံသားတွေ။ ဘုရင်မကြီးနဲ့လည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိတယ်။ သူကိုယ်တိုင်လည်း ဗြိတိန်မှာ ပညာသင်ခဲ့တယ်။ သူပညာသင်ခဲ့တဲ့ အောက်စဖို့ဒ်လိုတက္ကသိုလ်မျိုးကတောင် တုံ့ပြန်တာက ပုဂ္ဂိုလ်ရေးဆန်လွန်း၊ ပြင်းထန်လွန်းတယ်။ ဒီလိုဖြစ်သွားအောင် ဘယ်အချက်က အဓိက တွန်းအားပေးခဲ့တာလဲဗျ။

သံအမတ်ကြီး – ဒီနေရာမှာ အောက်စ်ဖို့ဒ် ဆုံးဖြတ်ချက်ကတော့ ဗြိတိန်အစိုးရနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူးဗျ။ ယူကေရဲ့ မူဝါဒက လူ့အခွင့်အရေးအပေါ်မှာ အမြဲတမ်းအလေးထားအခြေပြုထားတဲ့အတွက် မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကလည်း မပြောင်းလဲဘူးဆိုတာ ကျွန်တော်ကြိုးစားပြီး သေချာအောင် ထပ်ပြောချင်ပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် လူ့အခွင့်အရေးရှုထောင့်ကနေ ကျွန်တော်တို့ ကြည့်ခဲ့တယ်။ ရန်ကုန်လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအရ စိတ်ဝင်စားခဲ့တယ်။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာလည်း လူ့အခွင့်အရေးအမြင်နဲ့ အလေးအနက်ထားခဲ့တယ်။ မပြောင်းပါဘူးဗျ။ ဒါနဲ့ပတ်သက်ပြီး ယူကေက အားလုံးရဲ့ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာ ဒီနေရာမှာတော့ ကျွန်တော့်အနေနဲ့ မှန်တယ်လို့မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်၊ ပြင်သစ်နဲ့ တခြားဥရောပနိုင်ငံတွေလည်း ဒီ (လူ့အခွင့်အရေးကိစ္စ) အပေါ်မှာ အမြဲတမ်း ရပ်တည်ချက်တူနေကြလို့ပါ။ ခင်ဗျားကို သိစေချင်တာက လုံခြုံရေးကောင်စီမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် မြန်မာပြည်အကြောင်း ဆွေးနွေး၊ ဆွေးနွေး ယူကေက အစည်းအဝေးမှာ တခြားအဖွဲ့ဝင်နိုင်ငံတွေကို ဆွဲဆောင်စည်းရုံးရတယ်။ လုပ်ထုံးလုပ်နည်းအရ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်တိုင်းက အကြောင်းအရာတစ်ခုချင်းစီကို ဦးဆောင်ဆွေးနွေးရပါတယ်။ ဒါပေမဲ့ ဒီပြဿနာ (ရခိုင်ပြည်နယ်အရေး) မှာတော့ အဖွဲ့ဝင်နိုင်ငံတော်တော်များများက လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ မဲပေးခဲ့ကြတယ်။ ဒါကြောင့် ဗြိတိန်ရဲ့ ပေါ်လစီက ပြောင်းသွားတယ်လို့ ပြောလို့မရပါဘူးဗျ။ မြန်မာပြည်အတွက် ထိုက်တန်တဲ့အရာတွေကို ကျွန်တော်တို့ ဆက်လုပ်နေတုန်းပါပဲ။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ထောက်ပံ့ပေးနေတုန်းပဲ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့တွဲပြီး ကျန်းမာရေးစနစ် တိုးတက်လာဖို့ ကူညီနေတုန်းပဲ။ ပညာရေးဝန်ကြီးဌာနနဲ့ အတူအလုပ်တွဲလုပ်ပြီး ပညာရေးဌာနမှာရှိနေတဲ့ စိန်ခေါ်မှုတွေကို ဖော်ထုတ်နိုင်ရေး ကူညီနေတုန်းပဲ။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လယ်သမားတွေ ပိုကောင်းတဲ့ ဘ၀ဖြစ်လာအောင် မြှင့်တင်ပေးဖို့ ကူညီနေတုန်းပဲ။ စသဖြင့်ပေါ့။ ပြောရရင် ဒီနိုင်ငံတိုးတက်အောင်မြင်ဖို့ ဗြိတိန်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီးရှိနေတုန်းပါ။ ဒီနိုင်ငံ အောင်မြင်တာကိုလည်း ကျွန်တော်တို့ မြင်ချင်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ရခိုင်ပြဿနာမြင်ကွင်းတစ်ခုအပေါ် အခြေခံပြီး ဗြိတိန်မူဝါဒပြောင်းသွားတယ်လို့ ထင်နေတာကြကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စောစောက ပြောခဲ့တာတွေကမှ တကယ့်မြင်ကွင်းအပြည့်အစုံပါ။

Voice – ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် တိုးတက်မှုကတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး လက်နက်ကိုင်နှစ်ဖွဲ့က NCA လက်မှတ်ထိုးဖို့ မကြာသေးခင်က ဆုံးဖြတ်လိုက်တယ်။ တစ်ဖက်မှာလည်း KIA နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ ဒါပေမဲ့ သံအမတ်ကြီးသိတဲ့အတိုင်းပဲ ကချင်ပြည်နယ်မှာ ကချင်တင်မဟုတ်တဲ့ တခြားတိုင်းရင်းသားတွေလည်းအများကြီး။ လက်နက်ကိုင်ထားတော့တဲ့ KIA ရဲ့ အသံက ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားမပြုဘူးဆိုတဲ့ အမြင်လည်း ရှိနေတယ်။ KIA က AA နဲ့တော့ ချိတ်ဆက်ပတ်သက်မှုတွေရှိနေတယ်ဆိုပေမယ့် ဘာပဲပြောပြော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်နေတယ်။ သံအမတ်ကြီးကိုယ်တိုင် KIA ခေါင်းဆောင်တွေနဲ့တွေ့ပြီး စကားပြောထားတာလည်းရှိတယ်။ သံအမတ်ကြီးရဲ့ အတွေ့အကြုံအရ အစိုးရနဲ့၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ KIA ဘက်မှာ ဘယ်လိုအခက်အခဲရှိနေလဲဗျ။ အလားအလာကော ရှိရဲ့လား။

သံအမတ်ကြီး – နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ကျွန်တော်ဒီအပိုင်းကို ပြောရရတာ နည်းနည်းအန္တရာယ်များမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက အင်မတန် ရှုပ်ထွေးနက်နဲပြီး ဆယ်စုနှစ်အများကြီး ရှည်ကြာနေတဲ့ နောက်ခံသမိုင်းကို ပြန်သွားရမယ့် ကိစ္စဖြစ်နေလို့ပါ။ ဘယ်နိုင်ငံခြားသားမဆို ဒီပြဿနာရဲ့ နောက်ကွယ်က ကွဲပြားခြားနားတဲ့ အရင်းခံအကြောင်း အချက်တွေကို သေချာနားလည်ဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိသလောက်ပဲ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်တို့က အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ တိုးတက်မှုရအောင် နောက်ကနေရပ်ပြီး တတ်နိုင်သလောက် အကူအညီပေးဖို့ပဲ လုပ်နိုင်ပါတယ်။ ပဋိပက္ခနဲ့ စစ်ပွဲတွေဆိုတော ခင်ဗျားသိတဲ့အတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဟန့်အတားဖြစ်စေပြီး ထောင်နဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေပဲ ဒုက္ခရောက်ရတယ်လေ။ အခုခင်ဗျားပြောတဲ့ လက်နက်ကိုင်နှစ်ဖွဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲကို ပူးပေါင်းပါဝင်လာတာတဲ့သတင်း သေချာတယ်ဆိုရင်တော့ တကယ်ကို ဝမ်းသာစရာပါပဲ။ အနှေးနဲ့အမြန်ဆိုသလိုပဲ ကျန်နေတဲ့ အဓိကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆွေးနွေးနိုင်ပြီး ပင်လုံငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့ ကျွန်တော်တို့ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာလည်း ကြည့်နေပါတယ်။

တကယ်လို့ သူတို့သာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ဝင်ပါမယ်ဆိုရင် KIA ကလည်း အဓိကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆိုတာ အားလုံးသိထားကြပြီးသားပါ။ ခရစ္စမတ်ပြီးစက ကျွန်တော် ကချင်ပြည်နယ်ကို ရောက်တယ်။ KIA ခေါင်းဆောင်တွေအားလုံးနဲ့ ကျွန်တော်တွေ့ပြီး စကားပြောခဲ့ရတယ်။ အခြေအနေက ခင်ဗျားသိတဲ့အတိုင်းပဲ အစိုးရ၊ တပ်မတော်နဲ့ KIA အကြား နားလည်မှုလွဲနေကြတာပေါ့။ တိုက်ပွဲတွေဆက်ဖြစ်နေတာက ယုံကြည်မှုတည်ဆောက်ဖို့အတွက် အထောက်အကူမဖြစ်ဘူးဆိုတာလည်း အားလုံးသိကြတယ်။

Voice – KIA က ကချင်ပြည်နယ်မှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ဆိုပေမယ့်က ပြည်နယ်ထဲမှာရှိတဲ့ တခြားတိုင်းရင်းသားတွေက သူတို့နဲ့ သဘောထား မတူကြဘူး။ အထူးသဖြင့် ရှမ်းနီတွေနဲ့ KIA အကြားမှာ ပြဿနာရှိတယ်။ ကချင်ဒေသခံတွေ ကိုယ်တိုင် တချို့ KIA ကိုမကြိုက်သလို တပ်မတော်ကိုလည်း တချို့က အမြင်မကြည်ဘူး။

သံအမတ်ကြီး – ဟုတ်ပါတယ်။ ဒီပြဿနာမျိုးက တခြားပြည်နယ်တွေမှာလည်း အတူတူပါပဲ။ လူနည်းစု အချင်းချင်းအကြား၊ လူအများစု အချင်းချင်းအကြား၊ လူနည်းစုနဲ့ လူအများစုအကြားတွေမှာ အလားတူ ပြဿနာမျိုးတွေရှိတယ်။ တကယ်တော့ ဒါက တကယ်ကိုရှုပ်ထွေးတဲ့ ရုပ်ပုံကားချပ်တစ်ခုလိုပါပဲ။ ကျွန်တော်တို့ တကယ်မြင်ချင်တာက ဒီနိုင်ငံရဲ့ ကောင်းမွန်တဲ့အနာဂတ် သွင်ပြင်လက္ခဏာတွေကိုပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြည့်အဝလည်ပတ်လာတဲ့အခါ ဒါက စေ့စပ်ညှိနှိုင်းမှုဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းစ၊ တံခါးခေါက်ဖို့အတွက် အကြောင်းပြချက် မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှုတွေစဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လှုပ်နှိုးလိုက်တာပါ။ ဒါပေမဲ့ ကချင်ပြည်နယ်က အင်မတန်ရှုပ်ထွေးတဲ့ကိစ္စဆိုတာ ကျွန်တော်လက်ခံပါတယ်။ ကချင်အပြင် ရှမ်းပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာရောပဲ။ သူတို့ ဒါကို ထုတ်ဖော်ကြေညာဖို့ ရှိလာပါလိမ့်မယ်။ ဒါက စေ့စပ်ညှိနှိုင်းမှုရဲ့ တစ်စိတ်တစ်ဒေသလို့ပဲ ကျွန်တော်ထင်တယ်။

Voice – လက်ရှိအစိုးရနဲ့ပတ်သက်ပြီး တစ်ခုလောက်မေးချင်ပါတယ်။ သက်တမ်း ၂ နှစ်ခွဲကျော် ရောက်လာတဲ့အထိ လက်ရှိအစိုးရအနေနဲ့ ထင်ရှားသိသာတဲ့ စွမ်းဆောင်ရည် မတွေရသေးဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။ ဝေဖန်တဲ့သူတွေထဲမှာ လက်ရှိအာဏာရပါတီကို မဲပေးခဲ့တဲ့သူတွေ အများကြီးပါပါတယ်။ သူတို့က ပေးထားတဲ့ တာဝန်နဲ့ မလျော်ညီတဲ့ အရည်အချင်းနိမ့်သူတွေ ခေါင်းဆောင်နေတဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်က အကြောင်းတစ်ခု၊ အုပ်ချုပ်ရေးယန္တရားထဲက ခေါက်ရိုးကျိုး အရာထမ်းတွေနဲ့ တမင်ကန့်လန့်တိုက်နေတဲ့ အရာထမ်းတွေက အကြောင်းတစ်ခုလို့ သုံးသပ်ကြတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကနေ ရခိုင်ပြဿနာမဖြစ်ခင်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NLD အစိုးရနဲ့ပါ နီးနီးကပ်ကပ် ဆက်ဆံရေးရှိခဲ့တဲ့ သံအမတ်ကြီးအနေနဲ့ ဒါကို ဘယ်လိုမြင်သလဲဗျ။

သံအမတ်ကြီး – ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ခင်ဗျားစောစောကပြောတဲ့ စိတ်ပျက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်မှာလည်း အလားတူ ပြည်သူတွေအတွက် ပြောချင်တာရှိပါတယ်။ ဘယ်အစိုးရမျိုးမဆို ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ မဖြစ်မနေ ရင်ဆိုင်ရမှာပဲ။ အဲဒီအထဲမှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေလည်း ပါတာပဲ။ တချို့ အခြေအနေတွေက တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်လို့မရဘူးလေ။ ထိုင်းနဲ့ မြန်မာ၊ မြန်မာနဲ့ စင်ကာပူ၊ လက်ရှိအချိန်နဲ့ ကုန်ခဲ့တဲ့ ဆယ်နှစ် အချိန်။

အခု ကျွန်တော်က ဒီနေရာမှာထိုင်တယ်။ ခင်ဗျားက အဲဒီမှာထိုင်တယ်။ အဲလိုနှိုင်းယှဉ်ရတာမျိုး မဟုတ်ဘူး။ အခြေအနေတွေက သတိမထားမိဘဲ အပြောင်းအလဲတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ သတိမပြုမိလိုက်ဘဲ လွန်ခဲ့တဲ့ဆယ်နှစ်က အခြေအနေထက် ပိုကောင်းနေတာမျိုးလည်း ရှိတယ်။ အရေးကြီးတာက အချိန်ကာလအပိုင်း အခြားတစ်ခုအတွင်းမှာ အဖြစ်အပျက်တွေရဲ့ တိုးတက်ပြောင်းလဲမှုကို ခင်ဗျားဘယ်လိုအကဲဖြတ်သလဲဆိုတဲ့အပေါ် မူတည်တယ်။ မြန်မာအစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားမေးတာကို ဖြေနိုင်လောက်အောင် ကျွန်တော်သိတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူး။

ကျွန်တော့်အနေနဲ့ ပြောချင်တာက … (ကျွန်တော်ကိုယ်တိုင်လည်း အစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတယ်)… ကျွန်တော်သိတာက … တစ်စုံတစ်ရာ အောက်ခြေလှိုက်စားမှုကြောင့် တစ်စုံတစ်ခုခုဖြစ်ခဲ့ရတယ်ဆိုတာမျိုး လူတွေက မကြာခဏ သီအိုရီထုတ်ကြည့်လေ့ရှိတတ်တယ်ဆိုတာပဲ။ တကယ်တော့ အကြမ်းဖျင်းပြောရရင် အစိုးရအလုပ်ဆိုတာ ရှုပ်ထွေးပြီး ထိရောက်မှု နည်းတယ်။ တချို့ကိစ္စတွေက ယေဘုယျအားဖြင့် အဲဒီအချက်တွေကြောင့်၊ ဗျူရိုကရေစီကြောင့် အလုပ်မဖြစ်တာတွေ ရှိတယ်။ ဒီတိုင်းပြည် (မြန်မာပြည်) မှာက အရည်အချင်းပြည့်မီတဲ့ ပြည်သူ့ဝန်ထမ်းအရေအတွက်က နည်းနည်းပဲရှိတယ်။ ပညာရေးက စစ်အာဏာရှင်ခေတ်တစ်လျှောက်မှာ အဖျက်ဆီးခံလိုက်ရတယ်။ ဒါတွေက ကျွမ်းကျင်မှုအတွက် စိန်ခေါ်ချက်တွေပေါ့။ ဒါကြောင့် ဒီအပေါ်မှာ လေ့လာဆန်းစစ်မှုတွေလုပ်ပြီး ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်မြင့်မားလာအောင် အကူအညီပေးဖို့ ကျွန်တော်တို့ အများကြီးကြိုးစားနေပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ ဝန်ထမ်းတွေဆီမှာ အပြောင်းအလဲအတွက် စိတ်အားထက်သန်မှု အများကြီးရှိနေတယ်။ ဒါခင်ဗျားတို့အတွက် အခွင့်အလမ်းပါ။ လူတွေက စိတ်ပျက်လက်ပျက် ဖြစ်နေကြသလားဆိုရင် ကျွန်တော်တော့ မတွေ့မိဘူး။ ကျွန်တော် တွေ့မိသလောက် အများကြီး စိတ်အားထက်သန်ကြတယ်။ သူတို့က တိုးတက်အောင်လုပ်ဖို့ စိန်ခေါ်မှုကို ရင်ဆိုင်ချင်ကြတယ်။ သူတို့ရဲ့ စိတ်အားထက်သန်မှုကို မြင်ရတယ်။ ဒါကို ကျွန်တော်တို့ အကူအညီပေးနိုင်ဖို့လည်း မျက်ခြည်မပြတ် ကြည့်နေပါတယ်။
(လက်ပတ်နာရီကို ကြည့်လျက်) ကျွန်တော် အစည်းအဝေးတစ်ခုသွားဖို့ရှိလို့ ကျေးဇူးပြုပြီး နောက်ဆုံးမေးခွန်း မေးပေးပါလားဗျ။

Voice – ဟုတ်ကဲ့။ မေးစရာလေးတွေရှိနေသေးပေမယ့် နောက်ဆုံးမေးခွန်းတစ်ခုပဲ မေးပါ့မယ်။ မကြာခင်မှာ သံအမတ်ကြီး တာဝန်ချိန်ကုန်တော့မယ်။ အတိအကျဆိုရင် လာမယ့်ဧပြီလပေါ့။ မြန်မာပြည်မှာ သံအမတ်ကြီး တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း ဘယ်ကိစ္စတွေက စိန်ခေါ်မှုအများဆုံးနဲ့ အနည်းဆုံးဖြစ်ခဲ့သလဲ၊ အကောင်းဆုံးနဲ့ အဆိုးဆုံး အခြေအနေက ဘာတွေဖြစ်ခဲ့သလဲဗျ။

သံအမတ်ကြီး – ကျွန်တော့်အတွက် အကောင်းဆုံးအချက်ကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း မြန်မာပြည်မှာ ရှိနေရတာပါ။ တခြားနိုင်ငံတွေမှာလည်း ဒီလိုအခြေအနေတွေရှိတယ်ဆိုပေမယ့် မြန်မာပြည်ကတော့ တကယ့်ကို သမိုင်းဝင်အောင်မြင်မှုပါ။ အောင်မြင်မှုအများစုက နိုင်ငံတကာအသိုင်းအဝိုင်းကြောင့်ပါ။ ဒီအောင်မြင်မှုကတော့ မြန်မာပြည်သူတွေကြောင့်လို့ ပြောရမယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကာလအတွင်း မြန်မာပြည်မှာ ရှိနေရတာ ကျွန်တော့် အတွက် မဟာအခွင့်ထူးပါပဲ။ ကုန်ခဲ့တဲ့ လအနည်းငယ်ကစပြီး သိသိသာသာကြီးကို အပြောင်းအလဲဖြစ်သွားတယ်။ မြန်မာနဲ့ ယူကေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအကြားမှာ နားလည်မှုလွဲချော်တဲ့ ကွာဟမှုက တော်တော်ကို ကြီးသွားတယ်။ ကျွန်တော် ဒီမှာ တာဝန်ထမ်းနေတဲ့အချိန်အတွင်းပြောရရင် အရင့်အရင်တုန်းက အဖြစ်အပျက်တွေနဲ့စာရင် လက်ရှိရခိုင်ပြဿနာက ပိုပြီးကွာဟချက်ကြီးသွားစေတယ်။ မြန်မာပြည်သူတွေက ဒီအခြေအနေတွေအပေါ် မြင်တဲ့အမြင်နဲ့ ထင်ထင်ရှားရှား သဘောထားကွဲလွဲမှုပေါ့။ ကျွန်တော့်အထင် ဒါက ကာလကြာနားလည်မှုအလွဲလို့လည်း ဆိုရမယ်။ ဆိုလိုတာက မြန်မာပြည်သူတွေက ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဘဝင်မကျတဲ့စိတ်ဖြစ်နေတဲ့ပုံပေါ်နေတယ်လို့ ဆိုချင်တာပါ။ ကျွန်တော် သူတို့ကိုပေးချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့ ကတိပြုထားပြီးသားကိစ္စတွေနဲ့ ပတ်သက်လို့ပါ။ ပြည်သူတွေရဲ့ တခြားရည်မှန်းချက်ပန်းတိုင်တွေကို ကျွန်တော်တို့ ဆက်ပြီးကူညီပေးနေဦးမှာပါ။ မြန်မာပြည်သူတွေ ဒီမိုကရေစီအောင်မြင်မှုတွေ ရချင်တယ်။ ဒါကို ကျွန်တော်တို့က အကူအညီပေးချင်တယ်။ ကျန်းမာရေးစနစ်ပိုကောင်းဖို့ ကျွန်တော်တို့ ကူညီချင်တယ်။ ပညာရေး၊ လယ်သမားတွေရဲ့စားဝတ်နေရေး ဘ၀ဖူလုံမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် … အဲဒါတွေအားလုံးကို ကျွန်တော်တို့ ကူညီမြဲကူညီနေဦးမှာပါ။ ပြဿနာက ကုန်ခဲ့တဲ့ခြောက်လလောက်ကစပြီး မြန်မာပြည်သူတွေက ရခိုင်ပြဿနာအပေါ် ကျွန်တော်တို့နဲ့ အမြင်ကွဲလွဲသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနဲ့ တူညီတဲ့အမြင် မရှိတော့ဘူးလို့ ပြောရမှာပါ။ ကျေးဇူးတင်ပါတယ်။

Voice – ဟုတ်ကဲ့။ အခုလို အချိန်ပေးပြီး ကျွန်တော့်မေးခွန်းတွေကို စိတ်ရှည်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်မေးတဲ့ အထဲမှာမပါတဲ့ သံအမတ်ကြီးပြောချင်တဲ့ သီးခြားအကြောင်းအရာ ဒါမှမဟုတ် မင်္ဂလာရှိပြီး အောင်မြင်၊ သာယာဝပြောတဲ့ အနာဂတ်မြန်မာပြည်အတွက် တစ်ခုခုများ ပြောချင်တာရှိသေးလားဗျ။

သံအမတ်ကြီး – အဲ … နောက်ဆုံးတစ်ချက်ကိုတော့ ပြောချင်တယ်ဗျ။ ကျွန်တော်တို့ နောက်ဆုံးထုတ်ထားတဲ့ ကြေညာချက်ကို ခင်ဗျား မြင်တယ်မဟုတ်လား။ မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး စိုးရိမ်ပူပန်မိပါတယ်။ ဒီနေ့ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာလည်း ခင်ဗျားမြင်မှာပေါ့။ ရိုက်တာသတင်းထောက်နှစ်ယောက် တရားရင်ဆိုင်နေရတဲ့ကိစ္စကို ကျွန်တော်တို့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ သတင်း လွတ်လပ်ခွင့်ဆိုတာ သန်စွမ်းတဲ့ ဒီမိုကရေစီရဲ့ ဗဟိုချက်ကျတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီမအောင်မြင်နိုင်ပါဘူး။ အင်တာဗျူးမှာ ဒီအချက်ကို သေသေချာချာ ဖော်ပြပေးဖို့ ကျွန်တော်လိုလားပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

 

ကျော်မင်းဆွေ

You may also like...

1 Response

  1. မောင်မောင်စိန် says:

    မေးခွန်းတွေက မဆီလျော်လှဘူးဗျ၊ KIA ကို ရှမ်းနီ လက်မခံတာတို့ ဘာတို့ကို ဗြိတိသျှသံအမတ်ကြီး သွားမေးတော့ သူက ဘာပြောရမှာလဲ ။ မေးခွန်းမေးတဲ့သူက open question ထက် leading question တွေနဲ့ လိုရာဆွဲမေးနေတယ်။ ကြားနေ အမြင်မျိုးထက် လက်ရှိ အစိုးရရဲ့ အမြင်ဘက်ကနေ ရပ်ခံပြီး မေးပေးနေသလိုပဲ။ တခွန်းထဲ ပြောရရင်တော့ မေးခွန်းအဆင့်အတန်းက နိမ့်လွန်းတယ်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *