REGIONAL ROUNDUP

အုန်းသီးအထွက်ကောင်းသည့် ဒေသဖြစ်ပြီး ပြည်ပမျိုးများကို စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။

(မွန်)

အုန်းသီးဇုန်

ကျိုက်မရောမြို့နယ်တွင် မြေဧကနှစ်ထောင်ခန့်အသုံးပြုကာ အုန်းသီးဇုန် တည်ထောင်ရန်စီစဉ်နေသည်။

ယင်းမြို့နယ်ရှိ ဘာဘူကုန်းတွင် အုန်းသီးစိုက်ပျိုးရေးဇုန်ကို ယခုနှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌက ဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ပံ့ပိုးကူညီမှုဖြင့် ၅၂ ဧက တွင် ပြည်တွင်း၊ ပြည်ပ အုန်းသီးမျိုးများကို စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း ၎င်းကဆိုသည်။ 

———————————————————

(ဧရာဝတီ)

ရွေးဖို့ကျန် အုပ်ချုပ်ရေးမှူး

ဧရာဝတီတိုင်း ပုသိမ်ခရိုင်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၆၀ ကျော်ကို ရွေးချယ်ရန် ကျန်ရှိနေသည်။

ပုသိမ်ခရိုင်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၅၈၅ ဦးအနက် ၅၂၄ ဦး ရွေးချယ်ထားပြီး ကျန်ရှိသည့် အုပ်ချုပ်ရေးမှူးများကို အမြန်ဆုံးရွေးချယ်ကြရန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားထားသည်။

ရပ်ကွက်နှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူများနှင့် ထိတွေ့မှုအများဆုံး အောက်ခြေအဆင့် အစိုးရယန္တရားဖြစ်၍ အရေးကြီးသော်လည်း အစိုးရမူဝါဒနှင့် ပြည်သူအကျိုး စီးပွားရေးကို ဖော်ဆောင်နိုင်မည့် အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အခက်အခဲများစွာ ရှိနေကြသည်။ 

————————————————-

(ချင်း)

တစ်ရက်ထဲ နေရာနှစ်ခုတွင် ငလျင်လှုပ်

ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၁၁ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထန်တလန်မြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ) ကိုဗဟိုပြု၍ အင်အား ရစ်ချက်စတာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖေဖော်ဝါရီလ ၂၀ရက်နေ့ မွန်းလွဲ ၂နာရီကျော်အချိန်တွင် လှုပ်ခတ်ခဲ့သည်။

ထိုနေ့ နေ့လယ် ၁၂နာရီကျော်အချိန်ကမူ တောင်ကြီး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၇၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မောက်မယ်မြို့၏ အရှေ့တောင်ဘက် ၁၂ မိုင် ခန့် အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ချက်စတာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ 

——————————————————

(ပဲခူး)

ဆေးရုံမှပျောက်သွားတဲ့ လူနာ

ပဲခူးတိုင်း တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အမျိုးသားတစ်ဦးမှာ ဖေဖော်ဝါရီလ ၁၆ က ပျောက်ဆုံးသွားသည်။

ဆေးရုံကြီးအနောက်ဘက် ကျုံးဟောင်းအနီးတွင် အဆိုပါလူနာ၏ ဖိနပ်ကို တွေ့ရာမှ ကျုံးအတွင်းဆင်းရှာချိန်တွင် လူနာ၏အလောင်းကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူ ဦးနောင်နောင်လတ်ကို တောင်ငူမြို့မ ရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။ 

——————————————————

(တနင်္သာရီ)

ညစ်ညမ်းဗီဒီယိုပြ အဓမ္မပြုဖို့ကြံ

လက်ကိုင်ဖုန်းမှ ညစ်ညမ်းဗီဒီယိုကို အသက် ၇ နှစ် အရွယ် ကလေးငယ်ကို ပြ၍ အဓမ္မပြုရန်ကြံစည်မှု တနင်္သာရီတိုင်း မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က ဖြစ်ပွားခဲ့သည်။

ဗီဒီယိုပြ၍ အဓမ္မပြုရန်ကြံစည်မှုကို တစ်ဖက်အခန်းရှိ အမျိုးသမီးသုံးဦးကြားသိရာမှ အဆိုပါအမှုပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

သက်ငယ်မုဒိမ်းမှုကျူးလွန်ရန် ကြံစည်သူကို မြိတ် မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှု ဖွင့်ထားသည်။ 

—————————————————-

(ကယား)

၈၈ မျိုးဆက် ထောင်ချီ NLD သို့ဝင်

ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု လူ ၂၃၀၀ ကျော် NLD ပါတီသို့ ဝင်ရောက်ကြသည်။

လွိုင်ကော်မြို့နယ် ကျေးရွာ ၂၀ ကျော်မှ ယင်းအင်အားစုသည် ပါတီဝင်အဖြစ် ဖေဖော်ဝါရီလ ၁၈ ရက် နေ့က အခမ်းအနားဖြင့် NLD သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ၈၈ မျိုးဆက်အင်အားစု ၆၃၃ ဦးတို့သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ရှစ်လေးလုံး နှစ်ပတ်လည်အထိမ်း အမှတ်နေ့တွင် ယင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ဖူးသည်။ 

——————————————————–

(ရခိုင်)

အစိုးရကို ဆန့်ကျင်တဲ့စကား မပြောရ

စစ်တွေမြို့တွင် စည်ပင်ပိုင်ဆိုင်သည့် ခိုင်သဇင်ခန်းမတွင် ကျင်းပမည့် မြို့နယ်ပေါင်းစုံ အရပ်ဘက် အဖွဲ့အစည်းများ အစည်းအဝေးကို အစိုးရ၏ ကန့်သတ်မှုကြောင့် နေရာပြောင်းရွှေ့လိုက်ရသည်။

မြောက်ဦးမြို့ သွေးမြေကျဖြစ်ရပ်၊ ဘင်္ဂါလီနေရာ ချထားရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ယင်းအစည်းအဝေးဖြစ်သည်။ ခိုင်သဇင်ခန်းမကို ငှားမည်ဆိုလျှင် တရားဝင်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ ဖြစ်ရန်လိုပြီး အစိုးရကို ဆန့်ကျင်သည့် အသုံးအနှုန်း မပြောဟု ကတိပြုရမည်ဖြစ်သည်။

“ဒီမိုကရေစီအစိုးရခေတ်မှာ အစိုးရကို မဝေဖန်ရ ဆိုတာ တော်တော်ရယ်ဖို့ကောင်းတဲ့ ပြက်လုံးတစ်ခုကို နားထောင်ရသလို ဖြစ်နေတယ်” ဟု အစည်းအဝေး ကျင်းပရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က ဆိုသည်။ 

——————————————————-

(ရှမ်း)

ဆာလာအိတ်ထဲက လက်ပြန်ကြိုး တုပ်ထားသည့်အလောင်း

မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း ရွှေလီမြစ်ကမ်းဘေး တော်ရွက်လှေဆိပ် သဲသောင်ပြင်၌ ဆာလာအိတ်ဖြင့် ထည့်ထားသော အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ခြေထောက်နှစ်ချောင်း အိတ်အပြင်သို့ထွက်နေသော အဆိုပါအလောင်းကို ဒေသခံအချို့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆာလာအိတ်အတွင်း ကျောက်တုံးတစ်တုံးထည့် လျက် အသက် ၂၅ နှစ်ခန့် အမျိုးသားအလောင်း တစ်လောင်းကို လက်ပြန်ကြိုးတုပ်ပြီး မျက်နှာနှင့် ပါးစပ်တို့ကို အနီရောင်ပိတ်စဖြင့်စည်းထားကာ လည်ပင်းတွင် လေးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်နှင့်အတူ ပုပ်ပွနေခြင်းဖြစ်သည်။ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အမှုကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။ 

—————————————————————

(ပဲခူး)

စီးပွားရေးအဆင်မပြေ၍ လူနှစ်ဦးအဆိပ်သောက်

ပဲခူးတိုင်း တောင်ငူတွင် ဖေဖော်ဝါရီလ ၁၈ နှင့် ၁၉ ရက်တို့၌ လူနှစ်ဦး အဆိပ်သောက်သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ ရက်တွင် သာဂရမြို့နေ ဒေါ်စန်းစန်းမြင့်သည် စီးပွားရေးအဆင်မပြေ၍ ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်။ ထို့အတူပင် ဖေဖော်ဝါရီလ ၁၉ ရက်တွင်လည်း အုတ်တွင်းမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း အဆိပ်သောက်သေဆုံးခဲ့သည်။

စီးပွားရေးအဆင်မပြေမှုကြောင့် ပဲခူးတိုင်းအတွင်း နှစ်ရက်အတွင်း လူနှစ်ဦး အဆိပ်သောက်သေဆုံးခဲ့ခြင်းပင် ဖြစ်သည်။ 

—————————————————————-

(တနင်္သာရီ)

NLD ပါတီပုံရိပ်ထိခိုက်စေသူကို ပါတီမှရပ်ဆိုင်း

မြိတ်တွင် NLD ပါတီပုံရိပ်ကို ထိခိုက်စေသည့် အပြုအမူ အပြောအဆိုပြုလုပ်ခဲ့သူ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဒေါ်လှရီကို ပါတီတာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။

ဖေဖော်ဝါရီလ ၈ ရက်က မြိတ်မြို့အဝင် ဝက်သယ်ယာဉ်ကို စစ်ဆေးရေးများက စစ်ဆေးစဉ် ဒေါ်လှရီက NLD ပါတီရင်ထိုးတံဆိပ်ပြ၍ ပါတီပုံရိပ်ထိခိုက်စေရန် ပြုမူပြောဆိုခဲ့ခြင်းဖြစ်သည်။

ပါတီရင်ထိုးတံဆိပ်ကို ပါတီလုပ်ငန်းတွင်သာ အသုံးပြုရမည်ဖြစ်ပြီး စီးပွားရေး ကိစ္စတွင် အသုံးချသောကြောင့် ပါတီပုံရိပ်ထိခိုက်စေသည်ဆိုကာ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ 

—————————————————-

(ရှမ်း)

M-၂၀ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်များ

နမ့်ခမ်းမြို့ (၁၃) ရပ်ကွက် နမ့်ခမ်း-နမ့်ဖတ်ကာသွားလမ်းတွင် လူတစ်ဦးထံမှ သေနတ်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စိုင်းယီထွန်း၏ ခါးကြားမှ တရုတ်နိုင်ငံလုပ် M-၂၀ ပစ္စတို သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည်ခုနစ်တောင့်တို့ကို ရဲတပ်ဖွဲ့က တွေ့ရှိသိမ်းဆည်းခဲ့သည်။ 

——————————————————-

မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် မုခ်ဦးဟောင်း

(ရခိုင်)

ကျပ်သိန်း ၈၉၀ တန် မြို့ဝင်မုခ်ဦး

မောင်တောမြို့အဝင်မုခ်ဦးကို ကျပ်သိန်း ၈၉၀ အကုန်အကျခံကာ တည်ဆောက်တော့မည်ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့၏ တင်ဒါပိုလျှံငွေ၊ အထွေထွေ ပိုလျှံငွေကျပ်သိန်း ၈၀၀နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေ ကျပ်သိန်း ၉၀ တို့ကို အသုံးပြုကာ တည်ဆောက်ရန် ပန္နက်ရိုက်ပြီးဖြစ်သည်။

မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ယင်းမြို့ အဝင်မုခ်ဦးကို ယခင်က ‘ရခိုင်ပြည်နယ်၏ နယ်စပ်မြို့တော်’ ဟုသာ ဆိုင်းဘုတ်တင်ခဲ့သော်လည်း မုခ်ဦးအသစ်တည်ဆောက်ပြီးလျှင် ‘မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်စပ်မြို့တော်’ ဟု ဆိုင်းဘုတ်တင်မည်ဖြစ်သည်။

ယင်းကြောင့် ယခင်က အချုပ်အခြာအာဏာ မပိုင်လော ဟုဆိုသည့် ဝေဖန်မှုလည်း ထွက်ပေါ်နေသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *