ဒီမိုကရေစီစနစ် ဘာ့ကြောင့်ပျံ့နှံ့သွားသနည်း (၃) Why Did Democracy Spread?

ဤနေရာတွင် အရေးကြီးသည်ဟု ယူဆရသော အချက်တစ်ခုကို ဖော်ပြလိုသည်။ လစ်ဘရယ်ဒီမိုကရေစီ၏ အစိတ်အပိုင်းနှစ်ရပ်ဖြစ်သော ‘လစ်ဘရယ်တရားဥပဒေစိုးမိုးရေး’ နှင့် ‘လူထုကိုယ်တိုင် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု’ တို့မှာ သီးခြားခွဲထုတ်နိုင်သော နိုင်ငံရေးရည်မှန်းချက်များဖြစ်ကြပြီး ကနဦးထဲကပင် အဆိုပါနှစ်ခုထဲမှ တစ်ခုခုကိုသာ ဦးစားပေးရွေးချယ်လိုကြသော မတူခြားနားသည့် လူမှုအုပ်စုများရှိနေသည်ဆိုသော အချက်ဖြစ်ပါသည်။ သို့နှင့်အမျှ သမိုင်းဆရာတော်တော်များများ ထောက်ပြခဲ့ကြသလို ပြင်သစ်တော်လှန်ရေးကို ပုံဖော်ခဲ့ကြသော လူလတ်တန်းစားများမှာ သန္နိဋ္ဌာန်ချပြီးသား ဒီမိုကရက်များမဟုတ်ကြပါ။ အထူးသဖြင့် အလုပ်သမား၊ လယ်သမားတို့၏ မဲပေးခွင့်ကို ချက်ချင်းပေးရမည်ဆိုသော အဓိပ္ပာယ်အရဆိုရလျှင် ‘ဒီမိုကရက်များ’ ဟူ၍ပင် ပြောဖို့ခက်ပါသည်။

သူတို့ကြွေးကြော်နေကြသော လူ့အခွင့်အရေးဆိုသည်မှာ ဘူဇွာတို့၏ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်နှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်မှုတို့ကို ဥပဒေ ကြောင်းအရ အကာအကွယ်ပေးဖို့မျှသာ ဖြစ်ပါသည်။ နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထားရေးဆိုသော အချက်တစ်ချက်ပါ သော်လည်း ဤအချက်မှာ ပြင်သစ်နိုင်ငံသားတို့၏ အခွင့်အရေးကို သေချာပေါက်အာမခံရေးအထိကား မရောက်ပါချေ။ အလားတူပင် ပြီးခဲ့သောရာစု (၁၉ ရာစု) ‘ဂုဏ်ရောင်ပြောင်တော်လှန်ရေးကာလ’ အတွင်း အင်္ဂလိပ်ဘုရင်များနှင့် ဖွဲ့စည်းပုံဘောင်အတွင်း ဆွေးနွေးညှိနှိုင်း ပြေလည်မှုရခဲ့သော ‘ဝှစ်’ ပါတီဝင်များမှာလည်း အထက်တန်းလွှာ မင်းမျိုးစိုးနွယ်များတွင် အကျုံးဝင်သော၊ ချမ်းသာကြွယ်ဝသည့် အခွန်ထမ်းဆောင်သူများသာ ဖြစ်ကြပေသည်။ တစ်နည်းဆိုရလျှင် လူလတ်တန်းစားအထက်လွှာမှ ကြေးရတတ်များသာ ဖြစ်သည်။

နောက်လာမည့် ရာစုနှစ်စုအတွင်း သူတို့တစ်တွေမှာ ကြီးထွား များပြားလာသော ကုန်သွယ်ရေးဓနရှင်နှင့် စက်မှုဓနရှင်တို့နှင့် ဆက်စပ်မိလာသည်။ အလားတူ လူလတ်တန်းစားများဖြစ်ကြသော ရှေ့နေများ၊ ဆရာဝန်များ၊ အစိုးရလခစားများ၊ ကျောင်းဆရာများနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများနှင့်လည်း တစ်ဆက်တည်းဖြစ်လာသည်။ ဤအုပ်စုကြီးသည်ပင် ၁၉ ရာစု ဗြိတိသျှလေဘာပါတီကို ထောက်ခံခဲ့ကြသော အမာခံပရိသတ်ဖြစ်လာပါသည်။ (အင်္ဂလန်နိုင်ငံရေးတွင် သူတို့ကို လစ်ဘရယ်များဟု ခေါ်ပါသည်။) အဆိုပါ လစ်ဘရယ်များ၏ အဓိကစိတ်ဝင်စားမှုမှာ ‘ဒီမိုကရေစီ’ ဆိုသည်ထက် ‘တရားဥပဒေစိုးမိုးရေး’ သာ ဖြစ်ပါသည်။ ပုဂ္ဂလိကပိုင်ပစ္စည်းနှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တို့ကို ဥပဒေကြောင်းအရ ကာကွယ်ပေးရေးပင်ဖြစ်သည်။ ဆိုခဲ့ပါ လစ်ဘရယ်များလိုလားသည့် ပေါ်လစီများမှာလည်း လွတ်လပ်သော ကုန်သွယ်ရေး၊ အရည်အချင်းအရ နေရာပေးသော ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားဂုဏ်သိမ်ကို တရိပ်ရိပ် မြင့်တက်စေသော လူထုပညာရေးတို့ ဖြစ်ပါသည်။

သို့နှင့်တိုင် အချိန်ကြာလာသည်နှင့်အမျှ လစ်ဘရယ်ဒီမိုကရေစီ၏ အာဂျင်ဒါနှစ်ရပ်ဖြစ်သော လစ်ဘရယ်နှင့် ဒီမိုကရေစီတို့မှာ အချင်းချင်း ပေါင်းစုံလာကြရာမှ ဒီမိုကရေစီသည်ပင် လူလတ်တန်းစား၏ ရည်မှန်းချက်တစ်ရပ် ဖြစ်လာရသည်။ လက်တွေ့အားဖြင့်ဆိုလျှင်လည်း တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရက်တစ်တာဝန်ခံမှုတို့မှာ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသော အခြင်းအရာနှစ်ရပ်ဖြစ်လာသည်။ ပုဂ္ဂလိကပိုင်ပစ္စည်းကို အကြွင်းမဲ့အာဏာပိုင်အစိုးရ၏ ခေါင်းပုံဖြတ်မှုမှ ကာကွယ်ရန်မှာ နိုင်ငံရေးအာဏာလိုအပ်သည်။ အဆိုပါနိုင်ငံရေးအာဏာကိုလည်း မဲဆန္ဒပေးပိုင်ခွင့်ကျယ်ပြန့်လာခြင်းနှင့်သာ ရရှိနိုင်သည်။ အလားတူပင် နိုင်ငံသားတို့၏ မဲပေးပိုင်ခွင့်တောင်းဆိုမှုကို တရားဥပဒေ စိုးမိုးရေးနှင့်သာ အကာအကွယ်ပေးနိုင်သည်။ အဆိုပါ တရားဥပဒေစိုးမိုးရေးကိုလည်း အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကို ထိန်းချုပ်ခြင်းဖြင့်သာ ရရှိနိုင်သည်။ ပြောရလျှင် မဲပေးပိုင်ခွင့်သည်ပင် နောက်ထပ်အကာအကွယ်ပေးကြရမည်ဖြစ်သော ဥပဒေပါအခွင့်အရေး ဖြစ်လာပါသည်။

သို့ဖြင့် လစ်ဘရယ်ဒီမိုကရေစီမှာ တရားဥပဒေစိုးမိုးရေးနှင့် လူတိုင်း မဲပေးခွင့်နှစ်ရပ်လုံးကို အကောင်အထည်ဖော်ပေးရသော နိုင်ငံရေးစနစ် တစ်ရပ်ဖြစ်လာသည်။ ဤသည်ပင် လူလတ်တန်းစားအုပ်စုရော၊ အလုပ်သမား လူတန်းစား၏ အရေးပါသော အစိတ်အပိုင်းပါ လိုလားနှစ်သက်ကြသည့် တစ်ခုတည်းသော အထုပ်တစ်ခု သို့မဟုတ် နိုင်ငံရေးစနစ်တစ်ခု ဖြစ်ပါသည်။ ဤသည်ပင် တော်တော်များများက မာက္ခ်ဝါဒီဟု ဆိုကြသော ဘာရင်တန်မိုး၏ လစ်ဘရယ်ဒီမိုကရေစီနှင့် ပတ်သက်သည့် အယူအဆ ဖြစ်ပါသည်။

ကမ္ဘာနှင့်တစ်ဝန်း ကွန်မြူနစ်စနစ်၏ အောင်ပွဲကိုမြင်တွေ့လိုမှ မာက္ခ်ဝါဒီဟု သတ်မှတ်ကြမည်ဆိုလျှင် ဘာရင်တန်မိုးကို မာက္ခ်ဝါဒီ တစ်ယောက်ဟု သတ်မှတ်နိုင်လိမ့်မည်မဟုတ်ပါ။ မိုးက လစ်ဘရယ်ဒီမိုကရေစီကို လိုလားနှစ်သက်အပ်သော အကျိုးဆက်တစ်ရပ်အဖြစ် ရှုမြင် သည်။ လစ်ဘရယ်ဒီမိုကရေစီအခြေခံသော လူလတ်တန်းစားကိုလည်း ဩဇာကြီးသည့် လူမှုအုပ်စုအဖြစ် အကဲဖြတ်ခဲ့သည်။ ဤအဓိပ္ပာယ်အရဆိုလျှင် မိုးပြုပြင်မွမ်းမံခဲ့သော မာက္ခ်ဝါဒီများ၏ သရုပ်ခွဲစိစစ်မှုကိုယ်ထည်မှာ ‘ဒီမိုကရေစီ ဘာ့ကြောင့်ပျံ့နှံ့’ ဆိုသည်ကို သဘောပေါက်နားလည်ရန်အတွက် လွန်စွာမှပင် အသုံးဝင်သည်ဟု ဆိုရပါလိမ့်မည်။

ဤနေရာတွင် သော့ချက်အကျဆုံး ထိုးထွင်းအမြင်ဖြစ်ဖွယ်ရှိသည်မှာ ဒီမိုကရေစီကို ခိုင်ခိုင်မာမာနှင့် နှစ်နှစ်ကာကာ ထောက်ခံသူများမှာ လူ့အဖွဲ့အစည်း၏ အခိုင်အမာလူမှုအင်အားစုတစ်ခု (လူလတ်တန်းစား) ဖြစ်နေသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့အနေနှင့် ဒီမိုကရေစီပေါ်ထွက်လာပုံကို နားလည်ဖို့ဆိုလျှင် လူလတ်တန်းစား၏ ခွန်အားကို မှန်မှန်ကန်ကန် တန်ဖိုးဖြတ်ချင့်တွက်ဖို့လိုပါလိမ့်မည်။ အထူးသဖြင့် အခြားသောအစိုးရပုံသဏ္ဌာန်မျိုးကို လိုလားနှစ်သက်ကြသည့် အခြားလူမှုအင်အားစုများနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ဖို့ လိုမည်ထင် ပါသည်။ ဥပမာ – စနစ်ဟောင်း၊ မြေပိုင်ရှင်လူနည်းစုကို ကိုယ်စားပြုသော အစိုးရဆိုလျှင် အာဏာပိုင်စနစ်ကို ထောက်ခံကြသည်။ အမြစ်မြေလှန် ပြောင်းလဲလိုသော လယ်သမားများနှင့် မြို့ပြဆင်းရဲသားများဆိုလျှင် စီးပွားရေးအရ ပြန်လည်ခွဲဝေရေးကိုသာ အာရုံစိုက်ကြသည်။

ခေတ်သစ်ဒီမိုကရေစီတွင်ကား ထို့ထက်ပိုမိုကျယ်ပြန့်သော လူမှုရေး အခြေခံတစ်ခု အမှန်ပင်ရှိပေသည်။ ဤအခြေခံကို လုံလောက်စွာအလေးမထားလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အလားအလာများကို သင့်တင့်လျှောက်ပတ်စွာ အကဲဖြတ်နိုင်လိမ့်မည် မဟုတ်ပါချေ။

 

ဆက်လက်ဖော်ပြပါမည်
ကျော်ဝင်း

စာညွှန်း – Political Order and Political Decay  (By. Francis Fukuyama)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *