ဘယ်သူ့အတွက် ပြောင်းလဲကြမလဲ

‘ပြောင်းလဲချိန်တန်ပြီ’ တို့၊ ‘ပြုပြင်ပြောင်းလဲရေး’ တို့ဆိုတဲ့ ဝေါဟာရတွေနဲ့ ကျွန်တော်တို့တစ်တွေ ရင်းနှီးပြီးသားပါ။ ဒါပေမဲ့ နောက်ဆက်တွဲ မေးခွန်းတွေ မေးမိကြမလား၊ မမေးမိဘူးလား မပြောတတ်ဘူး။

ဥပမာ – ဘယ်သူ့အတွက် ပြောင်းလဲကြမှာလဲ၊ လွယ်လွယ်ပြောရရင် ‘ပြည်သူအတွက်’ လို့ ဖြေမယ်။ ‘ပြည်သူ’ ဆိုတာ ဘယ်သူလဲလို့ ပြန်မေးရင် စကားကပ်တယ်ထင်မယ်။ ပြည်သူဆိုတာကို အမျိုးမျိုးရည်ညွှန်းတတ်ကြတယ်။ ကိုယ့်မဲဆန္ဒနယ်က ပြည်သူလူထုတွေကို ရည်ညွှန်းတာဖြစ်ကောင်းဖြစ်မယ်။ အလုပ်သမားအဖွဲ့အစည်းတွေက ရည်ညွှန်းတာကတစ်မျိုး။ စီးပွားရေးအဖွဲ့အစည်းတွေက လုပ်ငန်းရှင်တွေကို ရည်ညွှန်းတာဖြစ်မယ်။ တစ်ခါတစ်ရံ သူတို့ရည်ညွှန်းတဲ့သူတွေရဲ့ အကျိုးစီးပွားနဲ့ အများပြည်သူရဲ့ အကျိုးစီးပွား၊ ဆန့်ကျင်နေတတ်ကြတယ်။ စောစောကပြောတဲ့ ဒေသတစ်ခုက ပြည်သူတွေရဲ့ အကျိုးစီးပွားဟာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတာမျိုးရှိနိုင်သလို ကွဲလွဲနေတာမျိုးတွေကိုလည်း တွေ့ရတတ်တယ်။

ဘာလို့ ပြောင်းလဲဖို့ လိုအပ်သလဲ။ ဘာတွေပြောင်းလဲကြမှာလဲ။ ဘယ်လိုပြောင်းလဲကြမလဲ။

ဒီမေးခွန်းတွေရဲ့အဖြေ၊ အထူးသဖြင့် တိကျတဲ့အဖြေက အပြောင်းအလဲကို ဦးဆောင်တယ်။ ဘာတွေပြဿနာဖြစ်နေကြသလဲ။ အပြောင်း အလဲတစ်ခုလုပ်တဲ့အခါ ဘာအကျိုးကျေးဇူးတွေရမလဲ၊ ဘယ်လိုထိခိုက်နစ်နာမှုတွေရှိမလဲဆိုတာ ကြိုတင်တွက်ဆထားဖို့ လိုအပ်တယ်။
အပြောင်းအလဲလုပ်တဲ့လုပ်ငန်းစဉ်ကိုရော ဘယ်လိုရေးဆွဲပြင်ဆင်ထားသလဲ။ အပြောင်းအလဲတစ်ခုကိုလုပ်ဖို့ ကိုယ့်အတွင်းပိုင်းမှာရော အပြင်ပိုင်းကပါ ဘယ်လိုအခက်အခဲအတားအဆီးတွေရှိနေသလဲ၊ အဲဒီအတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်မလဲ။

အခုမေးခဲ့တဲ့မေးခွန်းတွေရဲ့ အဖြေအားလုံးဟာ အပြောင်းအလဲအတွက် သတင်းအချက်အလက်တွေ ဖြစ်လာတယ်။ သတင်းအချက် အလက်တွေရဲ့ တိကျမှု၊ ခိုင်မာမှု၊ အချိန်ကိုက်ဖြစ်မှုဟာ အပြောင်းအလဲ လုပ်ငန်းစဉ်အတွက် အရေးပါတယ်ဆိုတာ အထူးပြောဖို့မလို။

ကိုယ်လိုချင်တာကတော့ အကောင်းတကာ့ အကောင်းဆုံးအခြေအနေ။ အကောင်းဆုံးက မရရင် ရချင်တဲ့၊ ရနိုင်တဲ့ ရည်မှန်းချက်က ဘာလဲ။ တောင်းတာကတော့ နိဗ္ဗာန်ဆုပေါ့။ ဒါပေမဲ့ နတ်ပြည် ဒါမှမဟုတ် လူ့ပြည်လောက်ပဲ ရောက်နိုင်သလား။ တစ်နေ့က ဆွေးနွေးပွဲတစ်ခုမှာ ဥရောပသမဂ္ဂက ပညာရှင်တွေကို ပြောခဲ့သလို ကိုင်ချင်တာကတော့ Apple တွေ၊ iPhone တွေ၊ Samsung Note 8 တွေပေါ့။ လောလောဆယ်တော့ Huawei တို့ Xiaomi တို့နဲ့ ကျေနပ်နေရတာမျိုးလည်း ဖြစ်နိုင်တယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အကုန်ပြောင်းမယ်ဆိုတာ စကားလှပြီး နားထောင်လို့ကောင်းပေမယ့် ကိုယ့်မှာအဲဒီလို အားလုံးတစ်ပြိုင်နက်တည်း ပြောင်းလဲနိုင်လောက်အောင် အရင်းအနှီးရှိသလား၊ လူ့စွမ်းအားတွေရှိသလား၊ နည်းပညာတွေပြည့်စုံရဲ့လားဆိုတဲ့ မေးခွန်း တွေကို ကျေနပ်အောင်ဖြေဆိုဖို့ ခက်တယ်။

ဒါကြောင့် ဘာကိုဦးစားပေးမလဲဆိုတဲ့ မူဝါဒတိတိကျကျချမှတ်ဖို့လိုသလို ဖြစ်နိုင်ခြေအမျိုးမျိုးထဲက ကိုယ်သွားမယ့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ရွေးချယ်ဖို့လိုပါတယ်။ မဟာဗျူဟာမြောက် ဆင်ခြင်စဉ်းစားမှုတွေ လိုအပ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးအတွက် ရည်မှန်းချက်တွေ ချမှတ်တယ်ဆိုတာ ဖြစ်နိုင်တာတွေကို ချိန်ဆရတာ၊ အကျိုးစီးပွားမကင်းတဲ့သူအမျိုးမျိုးရဲ့ တုံ့ပြန်မှုတွေကို မျှော်လင့်ချင့်ချိန်တာ စတဲ့အကြောင်းတရားတွေ ပါဝင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာ လူတွေအတွက်လုပ်တာ၊ လူတွေနဲ့လုပ်တာဆိုတော့ အဲဒီလူတွေရဲ့တုံ့ပြန်မှုတွေ၊ အကျိုးစီးပွားတွေ၊ သူတို့ရဲ့ကြိုက်နှစ်သက်မှုတွေကို ပေါင်းစည်းချိန်ဆကြရတာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်တွက်ဆမထားတဲ့သူတွေက အရေးပါလာတာမျိုးတွေကိုလည်း တွေ့ရနိုင်ပါတယ်။

အကျိုးစီးပွားဆက်စပ်နေသူများ (Stakeholders) ကို တစ်ခါတစ်ရံ အတိုချုံးပြီး ‘စီးပွားရှင်များ’ လို့ ခေါ်တဲ့အခါလည်းရှိတယ်။ အစုရှယ်ယာရှင် (Shareholders) တွေနဲ့ ခွဲခြားသတ်မှတ်ထားတဲ့ အဓိပ္ပာယ်နဲ့ပါ။ တစ်ခါတလေကျတော့လည်း ကစားသမား (Players) တွေ၊ လုပ်ဆောင်သူ (Actors) တွေလို့ ခေါ်တဲ့အခါလည်း ခေါ်ကြတယ်။ အတူတူပါပဲ။ သူတို့တစ်တွေဟာ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ သေသေချာချာ၊ ရေရေရာရာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ အကျိုးစီးပွားရှိသူ (ထိသူ) တွေပေါ့။

သူတို့လို့ပြောရာမှာ တစ်ဦးချင်း တစ်ယောက်ချင်းဖြစ်နိုင်သလို အုပ်စုလိုက်လည်း ဖြစ်နိုင်ပါတယ်။ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့ ပြောရရင် ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တစ်ယောက်လည်း ဖြစ်နိုင်တယ်။ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေ ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်လည်း ဖြစ်နိုင်တယ်။

အဖွဲ့အစည်းလို့ပြောရင် အလုပ်သမားအဖွဲ့အစည်း၊ အုပ်ချုပ်ရေး ဌာနခွဲတစ်ခု၊ လွှတ်တော်က အဖွဲ့အစည်းကော်မတီကော်မရှင်တစ်ခုခု၊ နိုင်ငံရေးပါတီ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ အလှူရှင်အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးမိတ်ဘက်တွေလည်း ပါပေသပေါ့။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုအတွက်သော်လည်းကောင်း အခွင့် အလမ်းတွေ ဖြစ်စေနိုင်သလို စိန်ခေါ်မှုတွေကိုလည်း ပေါ်ပေါက်စေနိုင်ပါတယ်။

အပြောင်းအလဲတစ်ခုလုပ်ဖို့ဆိုရင် အကျိုးစီးပွားရှင်တွေ၊ ပလေယာတွေကို စုစည်းနိုင်၊ ပေါင်းစည်းနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်ဦးချင်းသမားတွေဟာ တခြားသူတွေနဲ့ အလုပ်လုပ်တတ်တဲ့ အလေ့အကျင့်မရှိဘူး။ ဒီအခါ ညှိရနှိုင်းရ၊ ပြောရဆိုရတာ ခက်ခဲစေတတ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးရဲ့ ဘုံရည်မှန်းချက်အောက်မှာ ဘယ်သူက ဘယ်လောက်တာဝန်ယူရမယ်။ ပေးဆပ်ရမယ်ဆိုတာ ကွဲပြားခြားနားမှုတွေ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါတွေဟာ တကယ်တော့ အဆန်းတကြယ်မဟုတ်ဘဲ ကြိုတင်မျှော်လင့်တွက်ဆထားရမည့် ကိစ္စတွေပါ။

အဲဒီလိုစိန်ခေါ်မှုတွေအတွက် ပြုပြင်ပြောင်းလဲရေးလုပ်သူဟာ ကြိုတင်ပြင်ဆင်ထားစရာတွေ ရှိပါတယ်။

ဒီနေရာမှာလည်း ပြုပြင်ပြောင်းလဲရေးလုပ်သူဟာ ဘယ်သူလဲ၊ တစ်ဦးတစ်ယောက်လား၊ အဖွဲ့အစည်းတစ်ခုလားလို့ မေးစရာရှိပါတယ်။

ပြုပြင်ပြောင်းလဲရေးရဲ့ရလဒ်တွေကို ဘယ်သူတွေက အကျိုးခံစားကြမလဲ၊ ဘယ်သူက ဘယ်သူ့ထက်၊ ဘာတွေသာလွန်ကောင်းမွန်နေသလဲ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ လူတွေစုစည်း မဟာမိတ်ပြု (Coalition) နိုင်တဲ့ အလားအလာရှိသလား ချိန်ဆစရာရှိပါတယ်။ ဒါကြောင့် ဘယ်သူတွေက အကျိုးစီးပွားရှင် ပလေယာ (ကစားသမား) တွေလဲ၊ သူတို့သူတို့ ချင်းကရော ဘယ်လိုချိတ်ဆက်နေကြသလဲ၊ အဓိကကျတာက ဘယ်သူတွေလဲ၊ သူတို့ရဲ့ဩဇာက ဘယ်လောက်ကြီးမားသလဲဆိုတာ သိဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ရင် ဘယ်သူတွေ ဘယ်လောက်အကျိုး ရှိမလဲ။ ဒါမှမဟုတ် မလုပ်နိုင်ရင် ဘယ်သူတွေ ဘယ်လောက်အကျိုးရှိမလဲ၊ ဘယ်လောက်အတိုင်းအတာအထိ အကျိုးရှိကြ၊ ဆုံးရှုံးကြမလဲ။ အကျိုးစီးပွားတွေက အမျိုးမျိုးရှိနေပြီး တချို့အကျိုးစီးပွားတွေက ကိန်းဂဏန်းနဲ့ ချပြရေတွက်လို့ ရတာမျိုးမဟုတ်ပါဘူး။

အဓိကကျတဲ့ အကျိုးစီးပွားရှင်တွေကို

– ဥစ္စာဓနပိုင်ဆိုင်မှုအပေါ်မူတည်ပြီး လူမှုစီးပွားရှုထောင့်က ချမ်းသာသူ၊ ဆင်းရဲသူ၊ လူလတ်တန်းစားတွေ ရှိမယ်၊
– တိုင်းရင်းသားတွေ
– ဘာသာရေးအဖွဲ့အစည်းတွေ
– အချိတ်အဆက်ကောင်းတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ အလွတ်သဘော အုပ်စုဖွဲ့စည်းမှုတွေ
– ကျေးလက်နဲ့မြို့ပြ ခွဲခြားပြီးဖြစ်စေ၊
အကြမ်းဖျင်း အုပ်စုခွဲနိုင်တယ်။ တစ်ခါတစ်ခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ထဲမှာ သူတို့ရဲ့ အကျိုးစီးပွားတွေ ဘယ်လောက်ရှိပြီး အဲဒီစီးပွားတွေကို စုစည်းနိုင်တဲ့ အလားအလာပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။

 

ခင်မောင်ညို (ဘောဂဗေဒ)

ညွှန်း – The World Bank- Understanding Policy Change

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *