Regional Roundup

ကျောင်းသားများ အနှောင့်အယှက်ကင်းကင်းဖြေဆိုနိုင်ရန် ရည်ရွယ်သည်။

(ဧရာဝတီ)

လုံခြုံရေး ၁၈၀၀ ကျော် သုံးထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ

ဧရာဝတီတိုင်းမြို့နယ်များရှိ တက္ကသိုလ်ဝင်စာမေးပွဲအတွက် တိုင်းအစိုးရက အရာရှိ၊ အခြားအဆင့်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် လုံခြုံရေးအင်အား ၁၈၀၀ ကျော် သုံးစွဲထားသည်။

ကျောင်းသားများ အနှောင့်အယှက်ကင်းကင်း ဖြေဆိုနိုင်ရန် ရည်ရွယ်ပြီး ဆန္ဒပြမည့်သူများကိုလည်း အခြားသောရက်များသို့ ရွှေ့ဆိုင်းရန် ညှိနှိုင်းထားသည်။

စာမေးပွဲဖြေစဉ် ကျန်းမာရေးချို့ယွင်းလာသည့် ကျောင်းသားများအတွက်လည်း လူနာတင်ယာဉ်များ အသင့်ပြင်ပေးထားသည်။

—————————————————-

(မကွေး)

စက်စမ်းသပ်ကာလ အခမဲ့သင်္ဂြိုဟ်ခွင့်ပေး

ချောက်မြို့ ၌ မီးသင်္ဂြိုဟ်စက်သစ် စမ်းသပ်ကာလတွင် အခမဲ့သင်္ဂြိုဟ်ခွင့်ပေးမည်ဖြစ်သည်။

မြေနီကုန်းသုသာန်တွင် တည်ဆောက်ထားသည့် ယင်းစက်သစ်စမ်းသပ်ကာလအဖြစ် မတ်လကို အခမဲ့သင်္ဂြိုဟ်ခွင့်ပေးကြောင်း မနောဖြူ နာရေးကူညီမှုအသင်းထံမှ သိရသည်။

နောက်လများတွင် မီးသင်္ဂြိုဟ်ရသည့် ကုန်ကျစရိတ်အပေါ် မူတည်ကာ တစ်ဦးလျှင် ကျပ်နှစ်သောင်းအောက်ကောက်ခံမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

—————————————————–

(ကချင်)

တရုတ်ဆက်ဆံရေးရုံးဖွင့်

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်လိုက်သည်။

စုပေါင်းရုံးတွင် မတ်လ ၆ ရက်နေ့က ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းသို့ ဖွင့်လှစ်နိုင်ခြင်းမှာ မြန်မာ-တရုတ် အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုသည်။

လစဉ်ပုံမှန်အစည်းအဝေး၊ သတင်းဖလှယ်ရေး၊ မှုခင်းဖော်ထုတ်ရေး၊ တရားဥပဒေစိုးမိုးရေး အပါအဝင် နယ်စပ်အဝင်အထွက်များအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။

—————————————————-

(ရခိုင်)

လူထုတွေ့ဆုံပွဲလည်း လုပ်ခွင့်မရ

ရခိုင်ပြည်နယ်တွင် လူထုတွေ့ဆုံပွဲ ကျင်းပခွင့်မရသေးပေ။

ငြိမ်းချမ်းရေးညီလာခံတွင် စာတမ်းတင်ပြဆွေးနွေးနိုင်ရန် တတိယအကြိမ် ပြုလုပ်မည့် လူထုတွေ့ဆုံပွဲကို ပြည်နယ်၏ တည်ငြိမ်မှု အားနည်းသည်ဟု အကြောင်းပြကာ ပြည်ထောင်စု အစိုးရက ကျင်းပခွင့်မပေးကြောင်း ရခိုင်လွတ်မြောက်ရေးပါတီ ALP အလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ပြောဆိုသည်။

ALP သည် အပစ်ရပ် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မပြုသည့်အပြင် လူထုတွေ့ဆုံပွဲကိုပါ ခွင့်မပြုခြင်းမှာ NCA လက်မှတ်ထိုးထားသည့်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို လျစ်လျူရှုခြင်းဟု ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

————————————————–

(တနင်္သာရီ)

တနင်္သာရီက မွန်နှင့် ကရင်တိုက်ပွဲ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် KNU တို့ မတ်လ ၄ ရက်က တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ခြံအလုပ်သမား ၂၇ ဦးကို KNU က ဖမ်းဆီးသွားမှုကြောင့် မွန်ပြည်သစ်ပါတီက နယ်မြေရှင်းလင်းရာတွင် အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် ပစ်ခတ်မှုများပြီးသွားခဲ့ပြီး ဒဏ်ရာရသူနှင့် သေဆုံးသူမရှိပေ။

—————————————————

(ရှမ်း)

ရေမလာတော့ပါ

လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် ရေအခက်အခဲ ဖြစ်ပေါ်နေပြီဖြစ်သည်။

စည်ပင် ရေပိုက်က ရေမလာတော့သဖြင့် အဝီစိရေကို ကားဖြင့်သယ်ကာ ရောင်းချသူများထံမှ ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကုန်းမြင့်ရပ်ကွက်များတွင် နွေရာသီဆိုလျှင် နှစ်စဉ်ရေအခက်အခဲနှင့် ကြုံတွေ့နေခြင်းဖြစ်သည်။

မြို့ပေါ်ရပ်ကွက်များကို ရေသိုလှောင်ကန်မှတစ်ဆင့် ပုံမှန်ဖြန့်ဖြူးပေးနေပြီး ကုန်းမြင့်ပိုင်းတွင်ရှိသည့် ရပ်ကွက်များကို ရေသယ်ယာဉ်လေးစီးဖြင့် လိုက်လံဖြန့်ဝေမည်ဟု စည်ပင်တာဝန်ရှိသူက ပြောဆိုသည်။

————————————————–

(မွန်)

ထိုင်းဝက်ပြီးတော့ ထိုင်းကြက်

ထိုင်းနိုင်ငံက တရားမဝင် တင်သွင်းလာသည့် ကြက်ကောင်ရေ ခြောက်ထောင်ခန့်ကို မော်လမြိုင်တွင် ဖမ်းမိပြန်သည်။

အသားစားကြက်များ တရားမဝင် တင်သွင်းနေကြောင်း သတင်းပေးမှုအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကားလေးစီးဖြင့် တင်သွင်းလာခြင်း ဖြစ်ကာ ယာဉ်မောင်းနှစ်ဦးကိုသာ ဖမ်းမိခဲ့ကြောင်း မွန်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ထိုင်းနိုင်ငံက တရားမဝင် တင်သွင်းသည့် ဝက်ကောင်ရေ နှစ်ရာနီးပါးကို ဖမ်းမိခဲ့သေးသည်။

————————————————–

(ပဲခူး)

ဘက်ထရီအိုးပေးတဲ့ သောက

ပဲခူးတိုင်း၊ ပဲခူးမြို့ ကင်းချောင်းကျေးရွာတွင် ဘက်ထရီအိုးတစ်လုံး ပေါက်ကွဲရာမှ အိမ်နှစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။

မတ်လ ၃ ရက်က ဆိုလာစနစ်ဖြင့် ဘက်ထရီအိုးအားသွင်းရာမှ အပူလွန်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ် နေအိမ်နှင့် ဘေးအိမ်ကိုပါ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်ကို မီးပေါ့ဆမှုဖြင့် ပဲခူးအမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ထားသည်။

—————————————————-

(တနင်္သာရီ)

ဇီဝဇိုးမွေးမယ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ဇီဝဇိုးငှက် မွေးမြူခြင်းများအတွက် တရားဝင်လျှောက်ထားမှုရှိသော်လည်း ယနေ့တိုင် ခွင့်ပြုချက်ချပေးခြင်း မရှိသေးပေ။

ဇီဝဇိုးငှက်သည် အန်ဖတ်ဖြင့် အသိုက်ပြုလုပ်ပြီး ယင်းအသိုက်ကို တန်ဖိုးကြီးသော ဆေးဖက်ဝင်ပစ္စည်းအဖြစ် သုံးစွဲကြသည်။

ဇီဝဇိုးငှက်မွေးမြူခြင်းသည် ခွင့်ပြုချက်ရမှ တရားဝင်ပြီး တရားမဝင်မွေးမြူပါက သစ်တောဥပဒေအရ အရေးယူခံရနိုင်သည်။

——————————————————

(ရခိုင်)

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲကင်းလှည့်

နတ်မြစ်တစ်လျှောက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲ ရေကြောင်းကင်းလှည့်ခဲ့သည်။

မြန်မာနယ်ခြားစောင့်ရဲ ၁၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲ ၁၅ ဦးတို့သည် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ကင်းလှည့်ခဲ့ကြပြီး လှည့်ကင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားသည်။

ဆွေးနွေးညှိနှိုင်းချက်အရ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို မတ်လ ၁၁ ရက်မှ မတ်လ ၂၇ ရက်အထိ ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။ နယ်စပ်တွင် မြန်မာဘက်က တပ်အင်အားတိုးချသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်က ပြီးခဲ့သည့်ရက်ပိုင်းက ကန့်ကွက်ထားသည်။

—————————————————–

တိုင်လုံးလဲလှယ်ရေးကိစ္စ အငြင်းပွားကြခြင်းဖြစ်သည်။

(မန္တလေး)

ရွှေကျောင်းပြင်ဆင်မှု အငြင်းပွား

ကုန်းဘောင်ခေတ်လက်ရာ ရွှေနန်းတော်ကျောင်းပြင်ဆင်မှု အငြင်းပွားနေသည်။

ယင်းကျောင်းကို ပြုပြင်ထိန်းသိမ်းနေသည့် အမေရိကန်အခြေစိုက် World Monument Funds (WMF) က တိုင်လုံးများကို အသစ်လဲလှယ်ပြုပြင်လိုပြီး ရှေးဟောင်းသုတေသနဦးစီးဌာနကမူ တိုင်လုံးများကို အစားထိုးနည်းဖြင့် ပြုပြင်လိုသည်။

ကျောင်းရှိ ခြစားခံရသည့် တိုင်လုံးငါးလုံးကို ပြုပြင်လဲလှယ်ရေးအငြင်းပွားနေသဖြင့် ညှိနှိုင်းပေးမည်ဟု မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကပြောကြားသည်။ ယင်းအငြင်းပွားမှု ပြေလည်စေရန် မတ်လ ၅ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရုံးတွင် အစည်းအဝေးခေါ်ယူ ညှိနှိုင်းခဲ့သော်လည်း တိကျသည့်အဖြေ မထွက်ရှိခဲ့ပေ။

—————————————————

(ဧရာဝတီ)

ကားသုံးစီးဆင့်တိုက် ခုနစ်ဦးသေ

ဧရာဝတီတိုင်း ဓနုဖြူတွင် မတ်လ ၃ ရက်က ကားသုံးစီးဆင့်တိုက်ခဲ့ပြီး ဘုန်းကြီးနှစ်ပါး၊ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် အမျိုးသားသုံးဦး သေဆုံးခဲ့သည်။

ဘုန်းကြီးကားက ရပ်ထားသောဝါးကားကို နောက်မှ တိုက်မိခဲ့ပြီး မျက်နှာချင်းဆိုင်ဖြစ်သည့် ရန်ကုန်ဘက်မှ လာသောကားက ဘုန်းကြီးကားကို ထပ်မံတိုက်မိခဲ့ခြင်း ဖြစ်သည်။

ဘုန်းကြီးကားပေါ်တွင် ပါလာသည့် ဘုန်းကြီးနှစ်ပါးနှင့် လူနှစ်ဦး၊ ရန်ကုန် ဘက်မှလာသောကားမှ လူသုံးဦး စုစုပေါင်းခုနစ်ဦး သေဆုံးခဲ့သည်။

————————————————-

(မန္တလေး)

ပုဂံဘုရားတစ်ဆူ ပြိုကျ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားအမှတ် (၁၀၆၆) သည် မတ်လ ၄ ရက်နေ့က ပြိုကျခဲ့သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပေါ်ခဲ့သည့် ချောက်ငလျင်ကြောင့် ပျက်စီးရာတွင် ပါဝင်ခဲ့သည့် ဘုရားဖြစ်ပြီး ပြန်လည်ပြုပြင်ခဲ့သော်လည်း အပေါ်ပိုင်းအလေးချိန်များသဖြင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ သိရသည်။

အဆိုပါဘုရားသည် ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်ကြောင့် ပြိုကျခဲ့ဖူးပြီး ၁၉၉၆ ခုနှစ်တွင် အသစ်ပြန်တည်ခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *