အိမ်အကူတို့၏ လောကငရဲ

ပြည်ပသို့ထွက်ကာ အလုပ်သွားလုပ်သော အိမ်အကူတို့၏ နှိပ်စက်ခံရသည့် လောကငရဲက ပြည်တွင်းမှာပင် တောက်လောင်နေပြီ ဖြစ်သည်။

ယခင်က အခြားနိုင်ငံများသို့ နည်းပေါင်းစုံဖြင့် သွားရောက်ကာ အိမ်အကူအဖြစ် လုပ်ကိုင်ကြရင်း နှိပ်စက်ညှဉ်းပန်းခံရမှု၊ အသတ်ခံရမှုတို့က သတင်းမီဒီယာနှင့် လူမှုကွန်ရက်စာမျက်နှာတို့တွင် မကြာခဏဆိုသလို တွေ့မြင်ခဲ့ရသည်။

ယင်းကဲ့သို့ လူလူချင်းညှဉ်းပန်းသည့် အမူအကျင့်က ယဉ်ကျေးမှုမြို့တော်ဟု သတ်မှတ်ထားကြသည့် မန္တလေးမြို့တွင်ပင် ထဲထဲဝင်ဝင် လှိုက်စားနေပြီဖြစ်ကြောင်း မနန်းမေဇင်ဦး၏ ဖြစ်ရပ်က သတိပေးလိုက်သည်။

“ဘ၀တစ်ခုလုံးကို နစ်နာသွားစေတယ်” ဟု မနန်းမေဇင်ဦး၏ ဖြစ်ရပ်ကို ရည်ညွှန်း၍ ဒေါ်သန္တာဘုန်းဝင်းက ပြောသည်။

ဒေါ်သန္တာဘုန်းဝင်းက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဖြစ်ပြီး မနန်းမေဇင်ဦးကို ကူညီပေးနေသူတစ်ဦး ဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ရှမ်းပြည်နယ် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မနန်းမေဇင်ဦးသည် မိသားစုစီးပွားရေး အခြေအနေအရ တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မန္တလေးမြို့ရှိ ဒေါ်မိုးမိုး၏ ကုန်စုံဆိုင်တွင် ဆိုင်အကူလုပ်ကိုင်ရန် ရောက်ရှိလာခဲ့ရသည်။

ဆင်းရဲနွမ်းပါးသည့် မိသားစုအတွက် နှစ်လစာ ကျပ်နှစ်သောင်းကိုလည်း ပေးခဲ့နိုင်သဖြင့် နေအိမ်ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ဆိုင်အကူအဖြစ် လုပ်ကိုင်ပြီး နှစ်လအကြာတွင် ဒေါ်မိုးမိုး၏ ကုန်စုံဆိုင်ပိတ်ခဲ့သဖြင့် စက်မှုဘက်ရှိ ဒေါ်မိုးမိုး၏ မောင်ဖြစ်သူ ကုန်စုံဆိုင်တွင် ကိုးလကြာ အလုပ်လုပ်ခဲ့ရပြန်သည်။ ယင်းနောက် ဒေါ်မိုးမိုးနေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရသည်။

၂၀၁၀ ပြည့်နှစ် သင်္ကြန်ပွဲတော်က မနန်းမေဇင်ဦးအတွက် ကံဆိုးခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ဒေါ်မိုးမိုး၏ချွေးမဖြစ်သူ ဒေါ်နီနီနုနွယ်တို့နှင့်အတူ သင်္ကြန်လည်ပတ်ရင်း ဒေါ်နီနီနုနွယ်၏ မောင်ဝမ်းကွဲတော်စပ်သူ၏ ချစ်ကြိုက်ကြောင်း ပြောဆိုခံလိုက်ရသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရေချိုးနေစဉ် ဒေါ်နီနီနုနွယ်က အက်စစ်ဖြင့် လှမ်းပက်ခြင်းကို ခံလိုက်ရသည်။

ဘယ်ဘက်ဦးခေါင်းပိုင်းမှစ၍ ကိုယ်တစ်ခြမ်းလုံး အက်စစ်ရည်တို့ ထိတွေ့မှုကြောင့် မျက်နှာတစ်ခြမ်းပျက်ခဲ့သလို မျက်လုံးတစ်ဖက်လည်း ကွယ်ခဲ့ရသည်။ ဘယ်ဘယ်လက်မှာလည်း အရိုးအထိ ထိခိုက်သွားသဖြင့် အကွေးအဆန့်ပင် မရတော့။

“အက်စစ်နဲ့ပက်ရတဲ့ အကြောင်းကိုတော့ ကလေးမလေးကို စစ်မေးတဲ့အချိန်တိုင်း အဲဒီလိုပဲ ပြောတာပါ။ ဘာကြောင့် ဒီလိုပက်ရတယ်ဆိုတာကိုတော့ တရားရုံးမှာ စစ်မေးတဲ့အချိန်မှပဲ သိရမယ်” ဟု အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ ရဲမှူးမျိုးဇင်က ပြောပြသည်။

အက်စစ်ဖြင့် အပက်ခံရပြီးနောက် မနီနီနုနွယ်၏ အစ်မဖြစ်သူနေထိုင်သည့် ပြင်ဦးလွင်မြို့နယ် ဘန့်ဘွေးကျေးရွာသို့ နှစ်ညအိပ် ပို့ဆောင်ခဲ့သည်။ ယင်းနောက် မန္တလေးမြို့ ချမ်းမြသာစည်မြို့ရှိ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ကာ ဒေါ်မိုးမိုးတို့ မိသားစုက မနန်းမေဇင်ဦးကို နေအိမ်အတွင်း ပိတ်လှောင်ခဲ့သည်။ ဒဏ်ရာများကို တတ်ကျွမ်းသည့် ဆရာဝန်တို့ဖြင့် မပြ သဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုသပေးခဲ့သည်။ မနန်းမေဇင်ဦးကို နေအိမ်အပြင် မထွက်စေတော့။

ယင်းကာလများသည် မနန်းမေဇင်ဦးအတွက် စိတ်ထိခိုက်မှုအဖြစ်ဆုံး ကာလများဖြစ်သည်။ အသက် ၁၆ နှစ်ထဲရောက်နေပြီဖြစ်ပြီး အပျိုဖော်ဝင်ချိန် အများသူ ငါလို ပြင်ပလောကနှင့် ထိတွေ့ခွင့်မရဘဲ နေအိမ်အိပ်ခန်းထဲတွင် ပိတ်လှောင်ခံခဲ့ရသည်။

ရိုးရိုးပိတ်လှောင်ခြင်းမဟုတ်။ ငရဲမီးပမာ ပူပြင်းလှသည့် အက်စစ်ဖြင့် အပက်ခံရပြီး ကိုယ်ခန္ဓာတစ်ခြမ်း ပြင်းထန်စွာနာကျင်မှုနှင့် ဖြစ်သည်။

ထိုဖြစ်စဉ်အပြီး နှစ်လခန့်အကြာ ဖခင်ဖြစ်သူကို ခေါ်ယူကာ ယင်းဒဏ်ရာများသည် သင်္ကြန်လည်ပတ်စဉ် အခြားတစ်ဦးက ပက်သဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး အမှုမဖွင့်ရန်နှင့် ဆေးကုသပေးမည်ကို လက်ခံရန် ရပ်ကွက်ရုံးတွင် လက်မှတ်ရေးထိုးစေခဲ့သည်။ ထို့နောက် ငွေတစ်သိန်းကျပ်ပေးကာ ပြန်လွှတ်လိုက်သည်။ နောက်ထပ် သုံးနှစ်ခန့်အကြာတွင် ဖခင်ဖြစ်သူ ပြန်လည်ရောက်ရှိလာရာ ငွေကျပ်နှစ်သိန်းပေး၍ ပြန်ခိုင်းသည်။ ဖြစ်စဉ်အမှန်ကိုမူ ဖုံးကွယ်ထားခဲ့ကြသည်။

ယင်းဒဏ်ရာများကို မိမိကိုယ်တိုင်လည်း မကုသနိုင်သလို ဖခင်ဖြစ်သူတို့ကလည်း ကုသမပေးနိုင်သဖြင့် ဒေါ်မိုးမိုးတို့၏ အစီအမံကို လက်ခံခဲ့ရသလို ဖြစ်ခဲ့ရသည်။

ဒဏ်ရာများ သက်သာလာချိန်တွင်လည်း နေရပ်သို့ ပြန်မလွှတ်၊ မနန်းမေဇင်ဦးကလည်း ပျက်စီးသွားသည့် ရုပ်ဆင်းအင်္ဂါဖြင့် ပြန်မသွားချင်။ ထို့ကြောင့် နေအိမ်တွင်ပင် အိမ်မှုကိစ္စများကို အိမ်အကူအဖြစ် လုပ်ကိုင်စေခဲ့သည်။

တစ်နေ့တွင် အမှိုက်သွန်စဉ် လက်တစ်ဖက်က မသန်သဖြင့် အမှိုက်ပုံးလွတ်ကျသဖြင့် မနီနီနုနွယ်က နံရံဖြင့် တွန်းကန်ဆောင့်လှဲခြင်း၊ ဝက်စာပုံးတွင် မျက်နှာအပ်ကာ ဖိချထားခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခြင်းခံခဲ့ရသည်။ အက်စစ်ဖြင့် ပက်ထားသည့်ဒဏ်ကြောင့် လက်တစ်ဖက် မသန်သည့်အဖြစ် ရောက်ရှိခဲ့ရသည့် မနန်းမေဇင်ဦး၏ ညှိုးနွမ်းထိခိုက်နေသည့် စိတ်နှလုံးကို ရေနွေးပူဖြင့် ပက်လိုက်သလို ခံစားခဲ့ကြသည်။

ထို့ကြောင့် လူအလစ်တွင် နေအိမ်မှ ထွက်ပြေးခဲ့ပြီးနောက် အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ ထိုနေ့က ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၆ နာရီ အချိန် ဖြစ်သည်။

“ကျွန်မ စတွေ့ရတဲ့အချိန်မှာ သူက ကြောက်လန့်နေတယ်။ စကားကို ကောင်းကောင်း မပြောနိုင်ဘူး။ ရေတွေ ဘာတွေတိုက်ပြီးတော့မှ မေးမြန်းရတယ်။ ဟိုမှာ သူ့ကို ချော့တာ ခြောက်တာတွေကြား နိစ္စဓူဝ စိတ်ဆင်းရဲနေခဲ့ရတာကိုး” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် ဒေါ်သန္တာဘုန်းဝင်းက ပြောပြသည်။

မနန်းမေဇင်ဦး ရင်ဆိုင်ခဲ့ရသည့် လောကငရဲမှ လွတ်လာပြီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပုံမှန်အတိုင်း ပြန်ဖြစ်ရန် အားပေးမှုတို့ ဝိုင်းလုပ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

တစ်ပတ်ခန့် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်အပြီး မတ်လ ၁ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်၍ အောင်ပင်လယ်ရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄^၃၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန် သူတို့ကို ဖမ်းဆီးအရေးယူထားသည်။

မတ်လ ၃ ရက်နေ့တွင်မူ အက်ဆစ်ဖြင့်ပက်ခဲ့သည့် မနီနီနုနွယ်၊ နေအိမ်တွင် ပိတ်လှောင်ထားပြီး လုပ်ခစာမပေးဘဲ အိမ်အကူအဖြစ် ခိုင်းစေခဲ့သည့် ဒေါ်မိုးမိုး နှင့် ယင်းဖြစ်စဉ်ကို အားပေးကူညီပေးခဲ့ သည့် ဒေါ်မိုးမိုး၏သား၊ မနီနီနုနွယ်၏ ခင်ပွန်း ကိုသူရ (ခ) အားတီကို ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၄၄/၁၁၄ တို့ဖြင့် အရေးယူပေးရန် အောင်ပင်လယ်ရဲစခန်းတွင် မနန်းမေဇင်ဦးကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဒေါ်မိုးမိုးနှင့် မနီနီနုနွယ်တို့ကို ဖမ်းဆီးအရေးယူထားသော်လည်း ကိုသူရမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“လုပ်ခလစာ မပေးဘူး။ ပိတ်လှောင်ထားတယ်။ နှိပ်စက်ညှဉ်းပန်းတယ်။ ခေါ်တုန်းက ကုန်စုံဆိုင်မှာ လုပ်ဖို့ဆိုပြီးခေါ်တယ်။ အဲဒါကြောင့် လူကုန်တားဥပဒေနဲ့ ငြိစွန်းနေတယ်” ဟု ရဲမှူးမျိုးဇင်က ရှင်းပြသည်။

လူကုန်တားဥပဒေဖြင့် အမှုဖွင့်ခဲ့သည့် ပုဒ်မများအရ ပြစ်မှုပေါ်ပေါက်လျှင် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် မနန်းမေဇင်ဦးကို လုံခြုံစိတ်ချရသည့်နေရာတွင် ထားရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တို့၏ အကူအညီဖြင့် ဆေးကုသလျက် ရှိသည်။

“အမှုအခြေအနေကလည်း တည်ဆောက်ဆဲပဲဖြစ်တယ်။ တရားရင်ဆိုင်ရဦးမယ်။ လောလောဆယ် သူ့ကို အားပေးနှစ်သိမ့်မှုတွေ လုပ်ပေးနေတယ်။ အမှုကို ရင်ဆိုင်နိုင်စွမ်းရှိဖို့ လုပ်ပေးနေတယ်” ဟု ဒေါ်သန္တာဘုန်းဝင်းက ဆိုသည်။

မနန်းမေဇင်ဦး၏ ဖြစ်ရပ်သည် တရားရေးလမ်းကြောင်းပေါ် မရောက်လျှင် ရောက်အောင် တင်ပေးရမည်ဖြစ်ပြီး လက်ရှိတွင် တရားဥပဒေလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်၍ စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပေါ် ခဲ့သည့် အိမ်အကူကို နှိပ်စက်သည့်အမှုကို ရဲတပ်ဖွဲ့က အမှုဖွင့်ပေးခြင်းမရှိသဖြင့် ကွင်းဆင်းလေ့လာကာ တရားရေးလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“ရသင့်ရထိုက်တဲ့လစာ မရတာတို့၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ၊ ရေနွေးနဲ့ ပက်ခံရတာ၊ အက်စစ်နဲ့ ပက်ခံရတာတွေဟာ သေရာပါတဲ့အထိ စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်” ဟု ဦးယုလွင်အောင်က ဆိုသည်။

အမရပူရမြို့နယ်ရှိ စက်ချုပ်ဆိုင်တစ်ခုတွင် အိမ်အကူလုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို ဝါယာကြိုး၊ ဖိနပ်တို့ဖြင့် ရိုက်နှက်ခြင်း၊ ရေကန်အတွင်း နှစ်ခြင်း၊ ဦးခေါင်းကို နံရံဖြင့်တိုက်ခြင်း၊ ဒူးနှင့် လက်တို့ကို အပ်ဖြင့် ထိုးခြင်းတို့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ချွတ်စေကာ အိမ်ရှင်အမျိုးသားကို ပြသစေခြင်းတို့ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည်။

အိမ်အကူတို့ နှိပ်စက်ညှဉ်းပန်းခံရမှုသည် မြန်မာနိုင်ငံတွင်း သိသိသာသာ ကူးစက်နေပြီဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း တိုးချဲ့ ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်အကူလုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မသန်းသန်းအိကို ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်တို့ကို သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

၂၀၁၆ ခုနှစ်အတွင်း ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် တိုက်ခန်းတစ်ခုမှ အော်သံကြား၍ လမ်းအတွင်း နေထိုင်သူများက ရာအိမ်မှူးထံတိုင်ကြားမှုကြောင့် သွားရောက်ကြည့်ရှုခဲ့ကြရာ အိမ်အကူကလေးငယ်ကို နှိပ်စက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ယင်းအိမ်အကူ မိန်းကလေးတွင် ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းနှစ်ဖက်၊ ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများနှင့် ခြေထောက်တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုမျှမက အိမ်အကူကို နှိပ်စက်သည့် နာမည်ကြီးဖြစ်စဉ်တစ်ခုက ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါသေးသည်။ အသက် မပြည့်သေးသည့် အိမ်အကူအမျိုးသမီးနှစ်ဦးကို ရန်ကုန်မြို့လယ်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် ငါးနှစ်ကြာ မတရားထိန်းသိမ်း၍ ကျွန်သဖွယ်ပြုကျင့်ကာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည်အထိ နှိပ်စက်ခဲ့သည့်အမှုဖြစ်သည်။

ယခု မန္တလေးမြို့၏ဖြစ်စဉ်မှာ အင်းဝအပ်ချုပ်ဆိုင်အမှုကို ကျော်လွန်၍ ရှစ်နှစ်ကြာ ပိတ်လှောင်နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။

အိမ်အကူတို့ နှိပ်စက်ညှဉ်းပန်းခံနေရခြင်းသည် နေရာတိုင်းတွင် ဖြစ်နေသော်လည်း အိမ်တိုင်းတွင် ဖြစ်နေခြင်းတော့ မဟုတ်ပေ။ အိမ်အကူတိုင်းကို အိမ်ရှင်က နှိပ်စက်နေခြင်းမဟုတ်ဘဲ အိမ်ရှင်တို့ဘက်မှ အိမ်အကူတို့ နှိပ်စက်မှုကို ခံရသည်တို့လည်းရှိပြီး လူတစ်ဦးချင်းစီ၏ အမူအကျင့်ပေါ် မူတည်ကြောင်း ဒေါ်သန္တာဘုန်းဝင်းက မှတ်ချက်ပြုသည်။

အိမ်အကူလုပ်ငန်းသည် ယနေ့လို အပြင်ထွက်၍ အလုပ်လုပ်ကိုင်နေရသော အမျိုးသမီးများအတွက် မရှိမဖြစ် တန်ဖိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နှစ်ဖက် ဟန်ချက်ညီဖို့လိုသလို မိသားစုအသွင်ဖြင့် အလုပ်လုပ်ကိုင်ကြလျှင် ပျော်စရာကောင်းမွန်သည့် လုပ်ငန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ့်အိမ်မှာ လာလုပ်နေလို့၊ ပိုက်ဆံပေးထားရလို့ဆိုပြီး လုပ်ချင်တာ လုပ်လို့ မရဘူး” ဟု ဒေါ်သန္တာဘုန်းဝင်းက ပြောသည်။

နှိပ်စက်ခံရသည့် အိမ်အကူအလုပ်ကို မည်သူတို့ လုပ်ကိုင်နေကြသနည်း။

လူကုန်တား ရဲမှူးမျိုးဇင်ကမူ ဗဟုသုတနှင့် အစွမ်းအစ နည်းပါးသူတို့က လုပ်ကိုင်ကြကြောင်း ပြောသည်။ ယင်းအပြင် ပတ်ဝန်းကျင်နှင့် အဆက်ပြတ်နေသူမျိုး၊ မိဘမဲ့ကလေးမျိုး၊ ပညာအရည်အချင်းနည်းပါးသူမျိုးတို့က အိမ်အကူအဖြစ် လုပ်ကိုင်တတ်ကြကြောင်း ၎င်းက ဆိုသည်။

“မနန်းမေဇင်ဦးဆို အခြေခံပညာလောက်ပဲ သင်ယူခဲ့ရတဲ့ပုံပဲ။ သူတို့ မိဘတွေကလည်း တော်တော် ဆင်းရဲကြရှာတယ်။ မန္တလေးလာဖို့ အတွက် ကားခ ကျပ်လေးထောင်ကိုတောင် ချေးငှားပြီးတော့ လာခဲ့ရတယ်လို့ ပြောတယ်” ဟု ရဲမှူးမျိုးဇင်က ပြောသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်ကမူ ဆင်းရဲနွမ်းပါးမှုကြောင့် စားဝတ်နေရေးမပြေလည်သည့် ကလေးများကို အိမ်အကူအဖြစ် ထားတတ်ကြကြောင်း၊ တောရွာတွင် တစ်နေ့လုပ်တစ်နေ့စားဖြစ်သည့်အတွက် ကလေးများ မြို့ပေါ်တွင်နေရသည်။ ရုပ်မြင်သံကြား ကြည့်ရသည် စသည်တို့ကြောင့် အိမ်အကူအဖြစ် လုပ်ကိုင်စေတတ်ကြောင်း ပြောဆိုသည်။

“ဒီလောက်ပဲ မြင်တာကိုး။ ဒီလိုမျိုး ဖြစ်နေတယ်ဆိုတာတွေကို မဖြစ်အောင် အသိပညာပေးတွေ လုပ်ဖို့လည်းလိုတယ်။ နိုင်ငံတကာမှာ အိမ်ဖော်ဥပဒေ ရှိတယ်။ ဒီမှာက မရှိဘူး။ ဥပဒေတင်လိုက်မယ်ဆိုရင် အိမ်ရှင်ကလည်း အိမ်ဖော်ကိုနှိပ်စက်လို့ မရသလို အိမ်ဖော်ကလည်း အိမ်ရှင်ကို ဒုက္ခပေးလို့ မရတော့ဘူးပေါ့။ နှစ်ဖက် အဆင်ပြေအောင် လုပ်နိုင်တဲ့ စနစ်တစ်ခုတော့ ရှိဖို့ လိုတယ်” ဟု ဦးယုလွင်အောင်က ပြောသည်။

ယင်းကို ရဲမှူးမျိုးဇင်ကလည်း ထောက်ခံသည်။ အိမ်အကူအဖြစ် လုပ်ကိုင်သူများနှင့် အိမ်အကူ ခေါ်ယူသူတို့အတွက် ကာကွယ်ထိန်းကျောင်းပေးမည့် ဥပဒေ တစ်ခု သတ်မှတ်ရမည်ဟု ၎င်းက ပြောသည်။ ယင်းဥပဒေအရ အိမ်အကူများသည် အလုပ်သမားမှတ်ပုံတင်လုပ်ခွင့်၊ နစ်နာကြေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည်တို့ကို ခံစားခွင့်များ ရရှိလာနိုင်မည်ဟု ၎င်းက ဆိုသည်။

“အိမ်အကူတွေအတွက် ဥပဒေ တစ်ခု ပြဋ္ဌာန်းဖို့ လိုနေပြီ။ အခုဖြစ်ပွားခဲ့တဲ့ အိမ်အကူ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေမှာ လူမှုကွန်ရက်စာမျက်နှာ၊ အနီးပတ်ဝန်းကျင်နဲ့ မီဒီယာတွေကတစ်ဆင့် သိရတာတွေချည်းပဲ။ တကယ်လို့ ဒီလိုတွေသာ မသိရင် အိမ်အကူတွေကို ရေနွေးနဲ့ပက်တာတွေ၊ အက်စစ်နဲ့ ပက်တာတွေ၊ ညှဉ်းပန်း နှိပ်စက်တာတွေက တစ်သက်လုံး ဖြစ်နေနိုင်တယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောဆိုသည်။

မနန်းမေဇင်ဦးသည် အက်ဆစ်ဖြင့် ပက်ခံခဲ့ရပြီးနောက် လူတောထဲ ပြန်ဝင်ဆံ့ရန်၊ ဒဏ်ရာများ ပျောက်ကင်းရန်တို့ မဖြစ်နိုင်တော့ဟု ဆိုသည့် အိပ်မက်ဆိုးကြီးကို လေးနှစ်ကျော် မက်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ယင်းဒဏ်ရာတို့ ပျောက်ကင်းရန်နှင့် လူတောပြန်တိုးရန်ကလည်း သူ့ရည်မှန်းချက်ပင် ဖြစ်သည်။

ယခုမူ လောကငရဲမှ လွတ်မြောက်လာပြီဖြစ်သည်။ သို့သော် မပြီးဆုံးသေး။

အိမ်ရှင်၊ အိမ်အကူ နှစ်ဖက်လုံး အဆင်ပြေမည့် ဥပဒေပြဋ္ဌာန်းရမည်ဖြစ်ပြီး ကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန်လည်း လိုကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ထပ်မံ ပြောဆိုသည်။

“ဒါမှ နောက်လူတွေ ဒါမျိုး မလုပ်ရဲမှာ”

မြတ်(ကလေး)၊ အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *