တရုတ်ဧကရာဇ်ဆိုး ပြန်လာပြီ

တရုတ်အာဏာရှင်နိုင်ငံရေးစနစ်သည် အခြားသော ကမ္ဘာ့အာဏာရှင်စနစ်အားလုံးနှင့် ၁၉၇၈ ခုနှစ် နောက်ပိုင်းမှစတင်ပြီး ကွဲထွက်သွားတော့သည်။

ယင်းကဲ့သို့ ကွဲပြားသွားရခြင်းအကြောင်းရင်းတစ်ရပ်သည် အာဏာလွှဲပြောင်းရေး ဥပဒေများကို အာဏာရတရုတ်ကွန်မြူနစ်ပါတီ လက်ခံခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ဆယ်နှစ်တာကာလတိုင်း ထိပ်တန်းခေါင်းဆောင်ပိုင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ရာထူးသက်တမ်းကန့်သတ်မှုသည် လက်ရှိအချိန်ထိ သုံးကြိမ်တိုင်တိုင် ဆောင်ရွက်ပြီးဖြစ်သည်။ ထို့အပြင် နုတ်ထွက်သွားသည့် ခေါင်းဆောင်များကို အစားထိုးရေးခေါင်းဆောင်သစ်များ လေ့ကျင့်မွေးမြူရေးစနစ်ကြောင့်လည်း တရုတ်နိုင်ငံသည် သမ္မတများ ဆယ်စုနှစ်ချီအုပ်ချုပ်သည့် အီဂျစ်၊ ဇင်ဘာဘွေ၊ လစ်ဗျား သို့မဟုတ် အင်ဂိုလာနိုင်ငံတို့ကဲ့သို့ တိုင်းပြည်တိုးတက်မှု ကင်းမဲ့မှုဒဏ်ကို ရှောင်ရှားနိုင်ခဲ့သည်။

သို့သော် သမ္မတရာထူးသက်တမ်းကန့်သတ်ချက်ကို ဖျက်သိမ်းမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မကြာသေးမီက ထုတ်ပြန်လိုက်သဖြင့် အထက်ဖော်ပြပါအချက်များအားလုံး ပြတင်းပေါက်မှ အပြင်သို့ လွှင့်ပစ်ခြင်းခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် တရုတ်သမ္မတရှီသည် ၎င်း အသက်ရှင်သန်နေသရွေ့ ကာလပတ်လုံး တရုတ်ခေါင်းဆောင်အဖြစ် ရပ်တည်သွားနိုင်ပြီး အင်စတီကျုရှင်နယ်လိုက် အာဏာရှင်စနစ်သည် ပုဂ္ဂိုလ်ရေးအာဏာရှင်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ဥက္ကဋ္ဌမော်နှင့်အတူ ယှဉ်တွဲပြီး ရှီကျင့်ဖျင်၏ အတွေးအခေါ်ကိုတရုတ်အခြေခံဥပဒေတွင် ထည့်သွင်းထားပြီးဖြစ်သလို ရှီအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအလွန်အမင်း တည်ဆောက်ထားပြီးဖြစ်ကာ ယင်းအပေါ်အခြေခံပြီး ပုဂ္ဂိုလ်ရေး အာဏာရှင်စနစ်ကို ပုံဖော်လာခြင်း ဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်မျှ အချိန်ခါမရွေး ဉာဏ်အမြော်အမြင်မရှိနိုင်သလို အကန့်အသတ်မရှိ အုပ်ချုပ်နိုင်ရေးအတွက် စိတ်ကောင်းစေတနာလုံလောက်စွာမရှိနိုင်သဖြင့် လူတစ်ဦးအာဏာရယူနိုင်သည့် ကာလအပေါ် စည်းမျဉ်းများ ရှင်းရှင်းလင်းလင်း ချမှတ်မှုသည် ဒီမိုကရေစီစနစ်အတွက်ရော ဒီမိုကရေစီမဟုတ်သည့် နိုင်ငံများအတွက်ပါ အရေးပါသည်။

ထို့ကြောင့်ပင် အာဏာဆက်ခံရေးသည် အာဏာရှင်အားလုံးအတွက် အားနည်းချက်ဖြစ်နေရခြင်း ဖြစ်သည်။ ခေါင်းဆောင်ကြီးတစ်ဦးဦး သေဆုံးပါက အာဏာဆက်ခံရေး စည်းမျဉ်းမရှိလျှင် ထိခိုက်ဆုံးရှုံးမှုပေါ်စေမည့် အာဏာလုပွဲများ ပေါ်လာမည်ဖြစ်သည်။

ခေတ်ပြိုင် ရုရှားနိုင်ငံအပေါ် တရုတ်နိုင်ငံ အားသာနေခြင်းသည် အထက်ဖော်ပြပါ စည်းမျဉ်းကြောင့်ဖြစ်သည်။ မနက်ဖြန်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် နှလုံးရောဂါဖြင့် သေဆုံးသွားပါက အာဏာလေဟာနယ် ကြီးစွာပေါ်လာမည်ဖြစ်ပြီး ဓားထက်သည့် အီလစ်ခ်များအချင်းချင်း အားပြိုင်ကြမည်ဖြစ်သဖြင့် တိုင်းပြည်မှာ မရေရာမှုဆီသို့ ဦးတည်မည်ဖြစ်သည်။ အာဏာဆက်ဆံရေး စည်းမျဉ်းမရှိဘဲ ခေါင်းဆောင်မှုအပြောင်းအလဲ ပုံမှန်ဖြစ်ပေါ်လျှင်ပင် အတွေးသစ်အမြင်သစ်နှင့် မျိုးဆက်သစ်များ ပေါ်ထွက်လာနိုင်ပြီး မူဝါဒများကို အားသစ်လောင်းပေးနိုင်မည် ဖြစ်သည်။ ယခင် ခေါင်းဆောင်ဟောင်းများကိုလည်း အတိုင်းအတာတစ်ရပ်ထိ တာဝန် ခံအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

သို့သော် ယဉ်ကျေးမှုတော်လှန်ရေး ကာလတွင်း တရုတ်တို့ နာနာကျင်ကျင် ခံစားခဲ့ရမှုကြောင့် ချမှတ်ထားသည့် အာဏာဆက်ခံရေး စည်းမျဉ်းသည် လက်ရှိတွင် ဖျက်သိမ်းခံလိုက်ရပြီဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ တည်မြဲလာသည့်တရုတ်ပြည်၏ အစဉ်အလာ အာဏာရှင်နိုင်ငံရေးစနစ်၏ အားနည်းချက်ကို ‘ဧကရာဇ်ဆိုး’ ပြဿနာဟု ခေါ်ဆိုသည်။ ဧကရာဇ်ကောင်းတစ်ဦးဆိုပါက အံ့ချီးဖွယ်လုပ်ရပ် များကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လွတ်လပ်သော တရားရုံး၊ လွတ်လပ်သည့် မီဒီယာ သို့မဟုတ် ရွေးကောက်ခံဥပဒေပြု လွှတ်တော်တို့ ကဲ့သို့သော အုပ်ချုပ်ရေးအာဏာအပေါ် စောင့်ကြည့်၊ ချိန်ညှိမည့်အရာများ အနည်းငယ်သာရှိသဖြင့် ဖြစ်သည်။ ထို့ကြောင့်လည်း စင်ကာပူနိုင်ငံ၏ အစောပိုင်းနှစ်များ အတွင်းဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း တရုတ်အုပ်စိုးမှုပုံစံများ ကျဆုံးသွားရခြင်းသည် ဧကရာဇ်ဆိုးများ ပေါ်ထွက်လာခြင်းကြောင့် ဖြစ်သည်။ သူ သို့မဟုတ် သူမ (တန်မင်းဆက် မိစ္ဆာဧကရီဝူ) တို့၏ အာဏာအပေါ် ထိထိရောက်ရောက် ကန့်သတ်မည့် အရာအနည်းငယ်သာရှိသဖြင့် တိုင်းပြည်မှာ ကြောက်မက်ဖွယ် အကျပ်အတည်းတွင်းသို့ ကျရောက်သွားသည်။

နောက်ဆုံးသော ဧကရာဇ်ဆိုးသည် မော်စီတုန်းဖြစ်သည်။ တိုင်းပြည်ကို နိုင်ငံခြားသိမ်းယူမှုမှ လွှတ်မြောက်အောင် မော် လုပ်ဆောင်ပေးနိုင်ခဲ့သော်လည်း လွန်စွာကြီးမားသည့် ကပ်ဆိုးနှစ်ခုကို ဖန်တီးပေးခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် လုပ်ဆောင်ခဲ့သည့် မဟာခုန်ပျံကျော်လွှားတိုးတက်ရေး လုပ်ဆောင်ချက်နှင့် ၁၉၆၀ နှောင်းပိုင်း ယဉ်ကျေးမှုတော်လှန်ရေးတို့ ဖြစ်သည်။

ယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်ပြည်ကြီးသည်မျိုးဆက်တစ်ခု နောက်ပြန်ဆုတ်သွားရသလို ယင်းကို ကြုံခဲ့သည့် အီလိခ်များလည်း ကြောက်ရွံ့သွားခဲ့သည်။ ယင်းအတွေ့အကြုံကို တိုက်ရိုက်တုံ့ပြန်နိုင်ရေးအတွက် စုပေါင်း ခေါင်းဆောင်မှု ပေါ်ထွက်လာခဲ့သည်။ မည်သည့်ခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ မော်ကဲ့သို့ လွန်စွာကြီးမားသည့် စည်းရုံးလှုံဆော်နိုင်စွမ်းရှိသည့်ပါဝါ မည်သည့်အခါမျှ မစုစည်းနိုင်စေရဟု တိန့်ရှောင်ဖိန်နှင့် အခြားသောပါတီ အကြီးတန်းအရာရှိများက ကတိပြုခဲ့ကြသည်။

တရုတ်စနစ်သည် မှုန်ဝါးဝါးသာရှိနေသဖြင့် မည်သည့်အကြောင်းရင်း သို့မဟုတ် မည်သို့မည်ပုံ ရှီ ပုဂ္ဂိုလ်ရေး အာဏာထူထောင်နိုင်ခဲ့ခြင်းကို မသိနိုင်ပေ။ ဖြစ်နိုင်သည့် အကြောင်းရင်းတစ်ရပ်သည် ဒေသဆိုင်ရာနှင့် ဝန်ကြီးအဆင့် နယ်စားပယ်စားများ၏ အာဏာကြီးမားလာပြီး အကျင့်ပျက်လာသလို ဗဟိုက ထိန်း ချုပ်ရန် ခက်ခဲလာခြင်းကြောင့်လည်း ဖြစ်နိုင်သည် (ချုံကင်းပါတီ အကြီးအကဲဟောင်း ဘိုရှီလိုင်း)။ အခြားဖြစ်နိုင်ခြေသည် ထိပ်တန်းကွန်မြူနစ်ခေါင်းဆောင်များ သားသမီးများဖြစ်သည့် မင်းညီမင်းသား အုပ်စုဝင်များ (ရှီအပါအဝင်) က အုပ်စု ပြင်ပမှ လူများအပေါ် မနာလိုလာမှု ဖြစ်သည်။ ယင်းပြင်ပအုပ်စုကို ကျန်ဇီမင်းနှင့် ၎င်းကို ဆက်ခံသူများ ဦးဆောင်သည်။

နောက်အကြောင်းရင်းသည် အချိန်ကာလကြောင့် ဖြစ်မည်။ အရှေ့ ဥရောပမှာကဲ့သို့ပင် ကြမ်းတမ်းသည့် အာဏာရှင် စနစ်အောက် နေခဲ့ရသည့် အတွေ့အကြုံသည် လူတစ်ဦးချင်းဆီကို ကြောက်ရွံ့စေခဲ့ပြီး ယင်းကဲ့သို့ အထိန်းအချုပ်မရှိသည့် စနစ်ကို မလိုလားစေပေ။

“ယဉ်ကျေးမှု တော်လှန်ရေးဟာ အရမ်းဆိုးရွားတယ်ဆိုတာကို နားမလည်နိုင်ဘူးဆိုရင် ခေတ်ပြိုင်တရုတ်နိုင်ငံကို နားလည်နိုင်မှာ မဟုတ် ဘူး” ဟု ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးက ပြောကြားဖူးသည်။ သို့တော် တော်လှန်ရေးကာလတွင်း ကျေးလက်သို့ ပို့ဆောင်ခံခဲ့ရသည့် မျိုးဆက်များသည် အိုမင်းလာပြီဖြစ်သည်။ ထို့အပြင် မော်၏ သွေးထွက်သံယိုမှုများသော လုပ်ဆောင်ချက်များကို မျိုးဆက်သစ်များအပေါ် ပညာပေးမှုလည်း မရှိပေ။ ထို့ကြောင့်ပင် ‘အရှေ့တစ်ခွင်လုံး နီ’ ဆိုသည့် ယင်းခေတ်ကာလ သီချင်းများကိုသာ မျိုးဆက်သစ်တို့ ထိတွေ့ ခွင့်ရခဲ့ပြီး ယင်းအချိန်သည် ကြီးစွာသော သွေးစည်းညီညွတ်မှုနှင့် ပျော်ရွှင်မှုပေးခဲ့သည့်အချိန် ဟုသာ တွေးထင်မိစေသည်။

အခြေခံဥပဒေနှင့် အုပ်ချုပ်သည့် အစိုးရတစ်ရပ်သည်သာ ကောင်းမွန်သည့် အရာဖြစ်သည်ကို တရုတ်နိုင်ငံတွင်း သမ္မတ သက်တမ်း ကန့်သတ်မှုဖယ်ရှားလိုက်ခြင်းက ဖော်ပြထားသည်။ တရုတ်အခြေခံဥပဒေသည် ပါတီထိပ်တန်းခေါင်းဆောင်များက ရေးဆွဲထားခြင်းဖြစ်ကာ ၎င်းတို့အပေါ် ကန့်သတ်ထားမှုမျိုးမရှိပေ။ နှိုင်းရအားဖြင့် လက်တင်အမေရိကန်တွင် အခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီနိုင်ငံများ ပြည့်နှက်လျက်ရှိပြီး ယင်းနိုင်ငံများတွင် တရားရေးစနစ်သည် အံ့အားသင့်ဖွယ် လွတ်လပ်စွာ ရပ်တည်နိုင်သည်။ အာဂျင်တီးနား၊ ဗင်နီ ဇွဲလား၊ အီကွေဒေါ၊ ကိုလံဘီယာ စသည့် နိုင်ငံများတွင် သက်ဆိုင်ရာ သမ္မတများသည် ၎င်းတို့၏ ရာထူးသက်တမ်းကို တိုးမြှင့်နိုင်ခဲ့သည်။ သို့သော် ယင်းသို့လုပ်ဆောင်ရန် နိုင်ငံရေးရာ အရင်းအနှီးကိုကား ပေးခဲ့ရသည်။ ထို့အပြင် ၎င်းတို့၏ ကြိုးပမ်းမှုများ အမြဲပင် အောင်မြင်သည် မဟုတ်ပေ။

တတိယမြောက် သက်တမ်းထမ်းဆောင်ရန် ကိုလံဘီယာ သမ္မတဟောင်း အယ်ဗာရိုယူရီဘီက ၂၀၀၉ ခုနှစ်တွင် ကြိုးပမ်းခဲ့သော်လည်း ယင်းလုပ်ဆောင်မှုသည် အခြေခံဥပဒေနှင့်မညီဟု အခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ၎င်းအနေနှင့် သမ္မတတစ်ဦးအဖြစ် ကောင်းမြတ်သည့်အရာများ လုပ်ဆောင်ခဲ့နိုင်သော်လည်း ပေါ်ပြူလာသမ္မတတစ်ဦးရာထူးမှ နုတ်ထွက်အောင် လုပ်ဆောင်သည့်စနစ်ရှိ ခြင်းကြောင့် တိုင်းပြည်ပိုမိုကောင်းမွန်စေသည်။ ပြီးခဲ့သည့်နှစ်ကလည်း အီကွေဒေါ အာဏာရှင်သမ္မတ ရာဖယ်ကော်ရီယာ ရာထူးမှ နုတ်ထွက်ပေးရပြီး ၎င်းကိုဆက်ခံသည့် သမ္မတသစ်မာရီနိုသည် တိုင်းပြည် ဒီမိုကရေစီထံသို့ အားသစ်အင်သစ် ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ၏ လက်ရှိ ဧကရာဇ်သစ် မည်သည့်အတိုင်းအတာထိ ဆိုးသွမ်းမည်ကို စောင့်ကြည့်ရန် လိုနေသေးသည်။ လက်ရှိအချိန်ထိမူ ပိုမိုပွင့်လင်း၊ ထင်သာမြင်သာရှိသည့် လစ်ဘရယ်လူ့အဖွဲ့အစည်း တစ်ရပ်ထူထောင်လိုသည့် များစွာသော တရုတ်များ၏မျှော်လင့်ချက်များကို ရှီကျင့်ဖျင် ချေဖျက်လိုက်ပြီး ဖြစ်သည်။ ထို့အပြင် တိုင်းပြည်ထက် ပါတီကို ပိုမို အာရုံစိုက်ခဲ့သည်။ အတိုက်အခံ လှုပ်ရှားမှု အငယ်စားများကိုပင် ဖိနှိပ်ခဲ့သည်။ နိုင်ငံသားများ၏ နေ့စဉ်အပြုအမူများကို စောင့်ကြည့်ရေးဉာဏ်ရည်တုနှင့် များစွာသော အချကအလက်များကို အသုံးပြုထားသည့် လူမှုရေးရာယုံကြည်ရမှု စနစ်ကိုလည်း စနစ်တကျ ထူထောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၂၁ ရာစု အလုံးစုံချုပ်ကိုင်ရေး နိုင်ငံတော်တစ်ရပ်အနေနှင့် ယခင်က မတွေးမထင်ထားသည့် ပုံစံများ လုပ်ဆောင်နိုင်ကြောင်းကို ရှီ၏ ဦးဆောင်မှုအောက် တရုတ်ပြည်က ကမ္ဘာကြီးအား ပြသသွားနိုင်သည်။

(မူရင်းဆောင်းပါးရှင် ဖရန်စစ် ဖူကူယားမားသည် စတန်းဖို့တက္ကသိုလ်မှ Senior Fellow ဖြစ်ပြီး အဆိုပါ တက္ကသိုလ်၏ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးစင်တာ ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။ ၎င်း၏စာအုပ်သစ်ဖြစ်သော ‘အမှတ်လက္ခဏာ-ဂုဏ်သိက္ခာတောင်းဆိုခြင်းနှင့် ခံပြင်းမှုနိုင်ငံရေး’ ကို လာမည့် စက်တင်ဘာလတွင် ထုတ်ဝေမည်ဖြစ်သည်။)

ကိုးကား -The Washington

ချမ်းမြေ့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *