အလဲထိုး၊ အမှတ်ပေး ဝိရောဓိ

တူးတူးနှင့် ကနေဒါလက်ဝှေ့သမား ဒေ့ဗ်တို့ ၂၀၁၆ ခုနှစ်အတွင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့စဉ်။

အသည်းကောင်းသူတို့၏ ကြိုးဝိုင်းထက်က ခက်ထန်ကြမ်းတမ်းသော အားကစားတစ်ခု။

ဗိန်းမောင်းသံများနှင့်အတူ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်သတ်ပုတ်ရသော မြန်မာ့ရိုးရာလက်ဝှေ့ ရာစုနှစ်နှင့်ချီ ဂုဏ်ရှိန် ထွန်းပြောင်ခဲ့သည်။ ရိုးရာလက်ဝှေ့ အားကစားကား အစဉ်အလာကြီးမားသည်။

သို့သော် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မြန်မာ့ရိုးရာလက်ဝှေ့အစဉ်အလာသည် အရွေ့တစ်ခုသို့ ဆိုက်ကပ်လာခဲ့ပြီ။

ရိုးရာလက်ဝှေ့စင်မြင့်တွင် ပင်လယ်ရပ်ခြား နိုင်ငံတကာလက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ထိုးသတ်ပွဲအများအပြားရှိလာသလို ကြိုးဝိုင်းအတွင်းကစားသမားနှစ်ဦးကို အနိုင်၊ အရှုံးဆုံးဖြတ်ရာတွင် မွေထိုင်းနှင့် ကစ်ဘောက်ဆင် ကစားနည်းကဲ့သို့ အမှတ်ပေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းလာသည်။

ယင်းအပေါ် အချို့က မနှစ်မြို့။ ရိုးရာအနှစ်သာရ အပြည့်ပါဝင်သည့် အလဲထိုးစနစ်ကိုသာ ပိုခံတွင်းတွေ့သည်။ အချို့ကမူ အမှတ်ပေးစနစ်ကို ကြိုဆိုကြသည်။ အမှတ်ပေးနှင့် အလဲထိုးစနစ် မည်သည့်စနစ်က အံဝင်ခွင်ကျ ဖြစ်မည်နည်း။

ထိုမေးခွန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးဇေသီဟပိုင် မြန်မာလက်ခမောင်းကုမ္ပဏီက ပြုလုပ်သည့် WLC 4 လက်ဝှေ့ ပွဲစဉ်တစ်ခုက လှုပ်နှိုးလိုက်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် တွင် WLC မစ်ဒယ်ဝိတ် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံကာကွယ်ပွဲအဖြစ် တူးတူး (မြန်မာ) နှင့် ဆိုရိုကင် (ယူကရိန်း) တို့ထိုးသတ်ခဲ့သည်။

ထိုပြိုင်ပွဲသည် အမှတ်ပေးစနစ်နှင့် အနိုင်အရှုံး ဆုံးဖြတ်သည့်ပွဲစဉ်ဖြစ်ပြီး တူးတူးက ဆိုရိုကင်ကို အနိုင်ရခဲ့သည်။ ပဉ္စမအချီပွဲစဉ်ပြီးဆုံးသည်အထိ နှစ်ဖက်အပြန်အလှန် ထိုးသတ်ခဲ့သော်လည်း ဒိုင်သုံးခုစလုံးက တူးတူးကို အနိုင်ပေးခဲ့သည်။

သို့သော် ဆိုရိုကင်က အသာစီးရကြောင်း ယူဆမှုများရှိပြီး ဒိုင်သုံးဦး၏ အမှတ်ပေးစနစ်အပေါ် ရိုးရာလက်ဝှေ့ ဝါသနာအိုးများက ဝေဖန်မှုများခဲ့သည်။ နောက်ဆုံးမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ရှင်းလင်းချက်ထုတ်ရသည်အထိ လှုပ်ခတ်ခဲ့သည်။

“အမှတ်ပေးစနစ်မှာ တော်တော်များများ သံသယရှိတယ်။ ကျွန်တော်တို့ ဒီပွဲမှ မဟုတ်ပါဘူး။ မေဝယ်သာပွဲလည်း အမှတ်ပေးတာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်းလိုလို ငြင်းခုန်နေကြတာပေါ့” ဟု ဦးဇေသီဟက ဆိုသည်။

အမေရိကန် လက်ဝှေ့ကစားသမား ဖလွိုက်ဒ်မေဝယ်သာ ကစားပွဲများကို သူက ရည်ညွှန်းသည်။ ၂၀၁၅ ခုနှစ်တွင် စိန်ခေါ်ထိုးသတ်ခဲ့သည့် မေဝယ်သာနှင့် ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီအိုတို့၏ကစားပွဲတွင် အမှတ်ပေးစနစ်နှင့် ပတ်သက်၍ ငြင်းခုန်ဖူးသည်။

ယင်းမှာ အမှတ်ပေးစနစ်၏ ဘေးထွက်ဆိုးကျိုး ကိစ္စတစ်ရပ်ဖြစ်သည်။ WLC လက်ဝှေ့ပွဲတွင် အမှတ်ပေးစနစ် ထည့်သွင်းခြင်းမှာ ရှေးအစဉ်အလာကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအလွတ်တန်း လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်က သူ၏လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည်။

“ဒါက မွေထိုင်းတို့၊ ကစ်ဘောက်ဆင်တို့ မဟုတ်ပါ။ (မြန်မာ့) လက်ဝှေ့ကို အမှတ်ပေးစနစ်ထည့်တာ ရူးတာဖြစ်ပြီး မြန်မာ့သမိုင်းကြောင်းကို မလေးစားတာ ဖြစ်ပါတယ်” ဟု ၎င်းကရေးသားခဲ့သည်။

စင်စစ် ယင်းစနစ်သည် ယခုမှပေါ်ပေါက်လာခြင်းမဟုတ်။ ၁၉၉၆ ခုနှစ်ကတည်းက မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် တရားဝင်ကျင့်သုံးခဲ့သည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ ပြိုင်ပွဲများ၊ ဒဂုံအောင်လံလက်ဝှေ့ပြိုင်ပွဲများတွင် အမှတ်ပေးစနစ်ကျင့်သုံးခဲ့သည်။ လေးယောက်၊ ငါးယောက်ပတ်လည်ယှဉ်ပြိုင်ရသောပွဲများသည် အမှတ်ပေးစနစ် မဖြစ်မနေထည့်သွင်းရမည်။

အမှတ်ပေးစနစ်ဆိုသည်မှာ ငါးချီ ယှဉ်ပြိုင်ထိုးသတ်ရသော ပွဲစဉ်တစ်ခုတွင် ပြိုင်ဘက်ကစားသမားကို အလဲထိုးနိုင်လျှင် အနိုင်ရသည်။ ပွဲစဉ်ပြီးဆုံးပြီးနောက် အလဲမထိုးနိုင်လျှင် ဒိုင်များက အမှတ်ပေးစနစ်ဖြင့် အနိုင်၊ အရှုံးကို ဆုံးဖြတ်သည်။ ချန်ပီယံရွေးချယ်မည်ဖြစ်ခြင်းကြောင့် အရှုံး၊ အနိုင်ပြတ်သားရန် ယင်းသို့ ဆုံးဖြတ်သည်။

အလဲထိုးစနစ်ကို နှစ်ယောက်တည်း စိန်ခေါ်ပွဲများတွင် ကျင့်သုံးသည်။ ထိုစနစ်တွင် လက်ဝှေ့ကစားသမားသည် ထိခိုက်မှု တစ်စုံတစ်ရာဖြစ်လျှင် နှစ်မိနစ်အနား တောင်းခွင့်ရှိသည်။ ငါးချီပွဲပြီးဆုံးချိန်အထိ ပြိုင်ဘက်ကစားသမားကို အလဲမထိုးနိုင်လျှင် ပူးတွဲသရေဖြစ်သည်။

ဒဂုံရွှေအောင်လံပွဲ (၂၀၀၉) တွင် ရွှေဆိုင်းနှင့် ရန်ကြီးအောင်တို့ပွဲမှ အမှတ်ပေးဒိုင်တစ်ဦး

“စနစ်နှစ်ခုစလုံးကို ကျွန်တော်တို့ဘက်က ကန့်ကွက်တာမျိုးမရှိဘူး။ ကျွန်တော်တို့က ရပ်တည်တာက အမှတ်ပေးစနစ်နဲ့ ရပ်တည်မယ်။ ကျန်တဲ့သူတွေက အလဲထိုးစနစ်နဲ့ လုပ်ကြ။ ဒီလိုသဘောမျိုးပဲ” ဟု ဦးဇေသီဟက ဆိုသည်။

မြန်မာ့ရိုးရာလက်ဝှေ့ကို စီစဉ်သူအမျိုးမျိုးက ခေါင်းစဉ်အမျိုးမျိုးဖြင့်ကျင်းပသည်။ WLC အပြင် Lethwei Nation Fight, Lethwei Nation Champion စသည်ဖြင့်ဖြစ်သည်။

ကျင်းပမည့်ပွဲ အမျိုးအစားအလိုက် အမှတ်ပေးနှင့် အလဲထိုးစနစ်တစ်ခုခုကို ရွေးချယ်ရမည်။ သို့သော် အမှတ်ပေးစနစ်သည် မြန်မာရိုးရာလက်ဝှေ့နှင့် အံဝင်ခွင်ကျ မဖြစ်နိုင်သေးကြောင်း တူးတူး၏ချန်ပီယံကာကွယ်ထိုးသတ်ပွဲက သက်သေပြနေသည်။ မြန်မာလက်ဝှေ့ပရိသတ်များနှင့်လည်း လိုက်လျောညီထွေ မဖြစ်သေးပေ။

အဓိကအားဖြင့် ရိုးရာလက်ဝှေ့ အနှစ်သာရဖြစ်သည့် ရေကုန်ရေခန်းတိုက်ခိုက်မှုသည် အမှတ်ပေးပွဲစဉ်များတွင် ပျောက်ဆုံးသွားသည်။ တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်ရေးထက် နည်းစနစ်ပိုင်းကို အလေးထားလာပြီး အမှတ်ရရေး အာရုံစိုက်လာနိုင်ကြောင်း ရိုးရာလက်ဝှေ့ပွဲစီစဉ်သူတစ်ဦးဖြစ်၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးစိုင်းဇော်ဇော်က ဆိုသည်။

ယင်းမှာ အစဉ်အလာကြီးမားသည့် မြန်မာ့ရိုးရာလက်ဝှေ့အတွက် စိန်ခေါ်မှုလည်း ဖြစ်သည်။ ရိုးရာလက်ဝှေ့ အနှစ်သာရသည် သူပြိုင်ကိုယ်ပြိုင် တွန်းတွန်းတိုက်တိုက် ကစားခြင်းဖြစ်ပြီး အမှတ်ပေးစနစ်ကြောင့် အခြားနိုင်ငံ လက်ဝှေ့ယဉ်ကျေးမှုများ ရောယှက်လာနိုင်ကြောင်း ထောက်ပြမှုများရှိသည်။

“သူထိ၊ ကိုယ်ထိ။ သူကျ ကိုယ်ကျ အဲဒီလိုထိုးကြတာ။ ဒီတော့ ပရိသတ်စိတ်ဝင်စားတယ်။ ပွဲက မြိုင်ဆိုင်တယ်။ ဒါကို အမှတ်ပေးပြောင်းလိုက်တော့ သူ့ကိုထိလို့ရတယ်။ ကိုယ့်ကို ထိလို့မရဘူး။ အဲ့တော့ ပွဲက အေးသွားတယ်။ ငြိမ်သွားတယ်” ဟု ၎င်းကဆိုသည်။

အမှတ်ပေးစနစ်သည် ထိုင်းရိုးရာလက်ဝှေ့မွေထိုင်းနှင့်ဆင်တူပြီး ဒိုင်များ၏ လွှမ်းမိုးမှု၊ ဘက်လိုက်မှုရှိလာနိုင်ကြောင်း သူက ဆိုသည်။ ထိချက်ကွာဟမှုအပေါ်တွင် ဒိုင်က အမှတ်ပေးသော်လည်း နိုင်ငံစွဲ၊ အသင်းစွဲ၊ ရင်းနှီးကျွမ်းဝင်မှုအစွဲများအပေါ် အခြေခံကာ ဘက်လိုက်မှုရှိနိုင်ကြောင်း သူကဆိုသည်။

“ဒိုင်တွေက စက်ရုပ်တွေမဟုတ်ဘူး။ လူသားတွေ” ဟု သူက ဆိုသည်။

အမှတ်ပေးဒိုင်များ၏ သမာသမတ်ရှိမှု၊ အကဲဖြတ်မှုစွမ်းဆောင်ရည်များနှင့် ပတ်သက်ပြီး အချိန်ယူတည်ဆောက်ရဦး မည်ဖြစ်သည်။ သို့သော် အတွေ့အကြုံ ရင့်သန်သော နိုင်ငံတကာလက်ဝှေ့ဒိုင်များ သည်ပင် အမှားမကင်းစင်ကြောင်း လက်ဝှေ့ ပွဲစီစဉ်သူများက ဆိုသည်။
လက်ရှိ မြန်မာ့လက်ဝှေ့အကဲဖြတ် ဒိုင်များ၏ စွမ်းဆောင်ရည်များ မြင့်မားလာရန် သင်တန်းများပို့ချပေးနေကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးမောင်ဝင်းကဆိုသည်။ သို့သော် အမှတ်ပေးစနစ်သည် ရှုပ်ထွေး နက်နဲခြင်းကြောင့် ယင်းစနစ်ကျင့်သုံးနေသမျှ အငြင်းပွားနေဦးမည်သာ။

အမှတ်ပေးစနစ်သည် ပြိုင်ဘက်ကစားသမား၏ နာကျင်မှုထက် ထိချက်များကို အခြေခံအမှတ်ပေးခြင်းဖြစ်ပြီး ယင်းစနစ်ကို သေချာစွာနားမလည်သူ ရှိကောင်းရှိနိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အတူ ဒိုင်ဆုံးဖြတ်ချက်မှားနိုင်သလို ပရိသတ်၏ အယူအဆလည်းမှားနိုင်သည်။

“ဒိုင်ဆုံးဖြတ်ချက်မှန်လည်း ကြည့်တဲ့ပရိသတ်က ထင်ချင်ရာထင်နိုင်တယ်လေ။ ပြီးခဲ့တဲ့ပွဲက (WLC 4) တူးတူး အနိုင်ပေး လို့ မကျေနပ်တာတွေရှိသလို တူးတူးရှုံးရင်လည်း မကျေနပ်တဲ့သူပေါ်မှာပဲလေ။ ဒါတွေကတော့ ပြောနေကြမှာပဲ” ဟု ၎င်းကဆိုသည်။

အလဲထိုးစနစ်တွင်မူ ထိုအငြင်းပွားမှုမရှိ။ ဒိုင် စွက်ဖက်ခွင့်မရှိ။

ကြိုးစင်ပေါ်က ပြိုင်ဘက်ကို အလဲတိုက်ခိုက်ရမည်ဖြစ်ပြီး နောက်ဆုံးကျန်သူတစ်ဦးသည် ချန်ပီယံ။ ပွဲပြီးချိန် နှစ်ဦးစလုံး ကျန်နေလျှင် သရေဖြစ်သည်။ ထိုစနစ်သည် မြန်မာလက်ဝှေ့ပရိသတ်များနှင့် အသားတကျ ရှိပြီးဖြစ်သည်။

အနိုင်၊ အရှုံးရလဒ်သည် ပြိုင်ဘက်နှစ်ဦး၏ လက်သီး၊ တံတောင်၊ ဒူး၊ ခြေကန်တိုက်ချက်များအပေါ်တွင် မူတည်သည်။ သို့သော်လည်း သရေပွဲများနေနိုင်ကြောင်း ဦးဇေသီဟကဆိုသည်။ စနစ်တကျ လေ့ကျင့်ထားသော ကစားသမားဖြစ်ခြင်းကြောင့် နှစ်ယောက်တွင် တစ်ယောက်လဲကျရန် မလွယ်ကြောင်း ၎င်းကဆိုသည်။

“အလဲထိုးကျတော့ ဒိုင်တွေက ဘာမှလုပ်လို့မရဘူး။ သူတို့ထိုးတာ ထိုင်ကြည့်နေရတယ်။ သူတို့ ညှာထိုးလည်း ထိုင်ကြည့်နေရတယ်။ နောက်တစ်ခုက အရှုံးအနိုင်မပေါ်တော့ ပရိသတ်စိတ်ဝင်စားမှုနည်းတယ်” ဟု ၎င်းကဆိုသည်။

သို့သော် မြန်မာပရိသတ်များသည် ရလဒ်ထက် ပြိုင်ပွဲအတွင်းယှဉ်ပြိုင်သည့် စိတ်အားထက်သန်မှုကို ပိုမိုအာရုံစိုက်ကြသည်။ ပြိုင်ပွဲအတွင်း မတော်တဆချွတ်ချော်မှုကြောင့် အနားတောင်းခွင့် နှစ်မိနစ်ရသဖြင့် ပွဲပြီးဆုံးချိန်အထိ အရည်အချင်းထုတ်ပြခွင့်ရမည်ဖြစ်သည်။

“အလဲထိုးစနစ်အားသာချက်က ပွဲချိန်ကို အပြည့်အဝကြည့်ရတယ်။ စစ်မှန်တဲ့အရည်အချင်းဆိုတာ အဲဒီမှာပေါ်တာ။ ကြက်ကန်းတိုးပြီး ထိတဲ့ကန်ချက်မျိုးနဲ့ အနိုင်မရဘူး။ တကယ်ထိုးမှနိုင်မယ်” ဟု ဦးစိုင်းဇော်ဇော်က ဆိုသည်။

စနစ်နှစ်ခုလုံးတွင် အားသာချက်၊ အားနည်းချက်ဒွန်တွဲနေသည်။

နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် ရှိရင်းစွဲအယူဆများ၊ နည်းစနစ်များကို ပြောင်းလဲရန်လိုအပ်သည်ဟူသော တွေးဆမှုများရှိသည်။

အဘယ်ကြောင့်ဆိုသော် ၂ နှစ် အတွင်း ကျော်ကြားလာသည့် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်နည်းပြိုင်ပွဲ (MMA) အားကစားပြိုင်ပွဲကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ရန် နည်းစနစ်ပိုင်းအာရုံစိုက် လေ့ကျင့်ရမည် ဖြစ်သည်။ ယင်းပြိုင်ပွဲသည် အမှတ်ပေးစနစ် ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အမှတ်ရရေး နည်းစနစ်ပိုင်းအားထုတ်မိလျှင်လည်း ရိုးရာလက်ဝှေ့အစဉ်အလာ မှေးမှိန်နိုင်သည့်အခြေအနေကို သတိချပ်ရမည်ဖြစ်သည်။ ထိုအတွက် မျှခြေက အဘယ်နည်း။

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကမူ ရွှေခါးပတ်လုပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားစားပြိုင်ပွဲများနှင့် WLC ပွဲများတွင်သာ အမှတ်ပေးစနစ်ခွင့်ပြုပေးထားကြောင်း ဦးမောင်ဝင်းကဆိုသည်။ အခြားပြိုင်ပွဲများကို ရိုးရာမပျက် အလဲထိုးစနစ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း သူက ဆိုသည်။

မည်သို့ဆိုစေ တူးတူး၏ ချန်ပီယံကာကွယ်ပွဲသည် ဆက်လက်ကျင်းပမည့် မြန်မာ့လက်ဝှေ့ပွဲစဉ်များ ပိုမိုစိတ်ချကောင်းမွန်ရန် သင်ခန်းစာရနိုင်သည်။ အခြားတစ်ဖက်တွင်လည်း မြန်မာ့လက်ဝှေ့ လောက ဂုဏ်ငယ်စရာအဖြစ် ရှုမြင်သူလည်းရှိသည်။

ယင်းနှင့် ပတ်သက်ပြီး ရိုးရာလက်ဝှေ့လောကတွင် နှစ်ပေါင်း ၄၀ ကျော် ဖြတ်သန်းခဲ့သူတစ်ဦးက ယခုလိုဆိုသည်။

“နားလည်မှုနည်းနည်း နည်းတဲ့သူတွေအမြင်မှာ မြန်မာ့လက်ဝှေ့လောက အမည်းစက် တင်သွားမယ်” 

 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *