ဈေးကွက်စီးပွားရေး မြန်မာပြည်မှာ ဖြစ်ထွန်းနိုင်သလား

ဈေးကွက်စီးပွားရေး မြန်မာပြည်တွင် ဖြစ်ထွန်းနိုင်သလားဟု မိတ်ဆွေတစ်ဦးက ဆိုင်းမဆင့်ဗုံမဆင့်မေးလာသည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ရောက်ပြီဟု ပြည်တွင်းပြည်ပက ထင်မြင်ယူဆပြီး များမကြာမီတွင် အချို့နေရာများတွင် နောက်ပြန်လည်သည်ဟု မြင်စရာ များ တွေ့လာသည့်အခါ ဒီမိုကရေစီနှင့် ပြိုင်တူတည်ဆောက်နေသော ဈေးကွက်စီးပွားရေးအခြေအနေရော မည်သို့လဲဟုမေးခြင်းဖြစ်သည်။ ယခုဆောင်းပါးသည် မိတ်ဆွေ၏မေးခွန်းကို ကြိုးစားဖြေထားခြင်းဖြစ်သည်။

အခြေခံဥပဒေ သန္နိဋ္ဌာန်

‘နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်’ ဟု နိုင်ငံအခြေခံလည်ပတ်နေသည့် ၂၀၀၈ အခြေခံဥပဒေ၏ ပုဒ်မ ၃၅ တွင် ဖော်ပြထားသည်။ အခြေခံဥပဒေထဲတွင် ဖော်ပြထားသဖြင့် အခြေခံဥပဒေအရ သန္နိဋ္ဌာန်ချထားသည်ဟု ဆိုနိုင်သည် Constitutional Commitment ။ အခြေခံဥပဒေထဲတွင်ပင်ပါသဖြင့် အခြားစနစ်ကို ပြောင်းလဲကျင့်သုံးလိုလျှင်ပင် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်မှသာ ရပေလိမ့်မည်။

ရေစီး

မြန်မာနိုင်ငံသည် ဆိုရှယ်လစ်ခေတ်အပြီး ၁၉၉၀ နောက်ပိုင်းကတည်းက ဈေးကွက်စီးပွားရေးဘက်သို့ လျှောက်လှမ်းနေခဲ့သည်။
ရေစီးကိုကြည့်လိုက်လျှင် အတက်အကျရှိသော်လည်း ဈေးကွက်စီးပွားရေးဘက်သို့ သွားနေသည်ကိုကား မြင်ရသည်။ နှေးခြင်းမြန်ခြင်း၊ မပီပြင်ခြင်း ပီပြင်ခြင်းက နောက်တစ်ပိုင်း။ ကိုယ်နှင့် တစ်ပြိုင်တည်းလောက် တံခါးဖွင့်ခဲ့သော နိုင်ငံများ (ဥပမာ – ဗီယက်နမ်) နှင့် ယှဉ်ကြည့်လျှင်မူ အတော်ကျန်ခဲ့သည်ကို တွေ့ရသည်။

အစိုးရ၏အခန်းကဏ္ဍ

ဈေးကွက်စီးပွားရေးအကြောင်းပြောလျှင် အစိုးရဆိုသည့်အရာနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဟု ယူဆကြသော်လည်း တကယ်တမ်းတွင် အစိုးရမပါလျှင်မပြီး။ ဈေးကွက်မှဈေးကွက် အလွန်အကျွံသမားတို့က အစိုးရဟူသော စကားကို ‘နားမှလေစ၊ မကြားရသောကိုယ်’ ဖြစ်ချင်ကြသော်လည်း တစ်ကမ္ဘာလုံးကို နိုင်ငံအသီးသီးက ဝေပုံကျခွဲယူထားပြီးဖြစ်သည့် ယနေ့ခေတ်အခါတွင် အစိုးရကို ရှောင်လွှဲ၍ မရပါ။ စီးပွားရေးတွင် အစွန်းနှစ်ဖက်ရှိသည်။ စီးပွားရေးတွင် စစ်တပ်၊ ရဲနှင့် တရားရုံးလောက်သာ အစိုးရကိုပါစေလိုပြီး ကျန်သည်များ လက်ရှောင်စေလိုသူများက တစ်ဖက်အစွန်း၊ အစိုးရသည် စီးပွားရေးကို ချုပ်ကိုင်လုပ်ဆောင်ရမည်ဆိုသော သူများက အခြားအစွန်း။ နိုင်ငံအများအပြားသည် ထိုအစွန်းနှစ်စွန်းကြားတွင်ရှိသည်။ မြောက်ကိုရီးယားကဲ့သို့ နိုင်ငံသည် စီးပွားရေးကို အစိုးရကသာ လုပ်ရမည်ဆိုသည့် အစွန်းနှင့်ပိုကပ်သည်။ ဗြိတိန်ကဲ့သို့ နိုင်ငံသည် အစိုးရမပါလျှင် အကောင်းဆုံးဆိုသော အစွန်းနှင့် နီးစပ်သည်။ မြန်မာပြည်သည် ဆိုရှယ်လစ်ခေတ်က ဟိုမှာဘက် အစွန်းနားရောက်ခဲ့ရာ ပြန်ပြီးခွာလာခြင်းဖြစ်သည်။

ဆိုရှယ်လစ်ခေတ်နောက်ပိုင်း အစိုးရယန္တရားအဆက်ဆက် ( ယနေ့ အစိုးရအပါအဝင်) ၏ လုပ်ကိုင်ဆောင်ရွက်ပုံများကိုကြည့်လျှင် ဒိုင်လူကြီး နှင့် ကစားသမားစိတ်ရောနေသေးခြင်း၊ ထိုအရောကို ခွဲထုတ်ရန် အမျိုးမျိုးကြိုးစားနေရခြင်းတို့ကို မြင်ရသည်။ အစိုးရပိုင်လုပ်ငန်းကြီးများ ဆက်ရှိနေသေးခြင်း၊ ဈေးကွက်စီးပွားရေးကို သဘောမပေါက်သေးခြင်းတို့သည်လည်း ဒိုင်နှင့် ကစားသမားစိတ်ရောနေခြင်း အကြောင်းရင်းများဖြစ်သည်။

ပြည်သူ့သဘောထား

စီးပွားရေးလုပ်ခြင်းသည် မလုပ်အပ်သောအရာဟု မြန်မာအများစု ထင်နေကြဆဲဖြစ်သည်။ ယင်းသည် ၁၉၄၀ ကျော်နှစ်များကစခဲ့သော ကမ္ဘာ့ဆိုရှယ်လစ်ဝါဒမှသည် ၁၉၆၂-၈၈ကာလအတွင်း စွဲကပ်ခဲ့သော အစွဲလား၊ မြန်မာတို့၏ ရိုးရာအစွဲအလမ်းလားမူ မသိပါ။

ဈေးကွက်စီးပွားရေးကို ဒီမိုကရေစီနှင့် အတွဲအစပ်ဟု သဘောပေါက်ကြသဖြင့် ကြိုက်နှစ်သက်ကြသော်လည်း ဈေးကွက်စီးပွားရေး၏ အဓိကယူနစ်တစ်ခုဖြစ်သော စီးပွားရေးလုပ်ငန်းများ တည်ထောင်လုပ်ဆောင်ခြင်းကိုမူ သံသယရှိနေကြသည်။ စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် ဝိသမလောဘသားများဟု ထင်နေခြင်းသည် အစွဲတစ်ရပ်ဖြစ်သည်။ ယင်းသည် Crony ဟု အလွယ်ခေါ်သည့် အစိုးရနှင့်ပင်းပြီး မတရားစီးပွားရှာသူများနှင့် သမ္မာအာဇီဝ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကို ရောမြင်ခြင်းကြောင့်ဖြစ်သည်။

မြန်မာတို့သည် အစိုးရနှင့် ပတ်သက်လျှင် ဆန့်ကျင်ဘက်သဘောထားနှစ်ရပ်ရှိသည်။ အစိုးရကို ရန်သူမျိုးငါးပါးထဲ ထည့်ကြသည်။ သို့သော် ‘ကြွေးတင် ရှင်ဘုရင်ဆပ်’ ဟု အစိုးရကို အားလည်းကိုးကြသည်။ လူတစ်ဦးလျှင် သဘောထားတစ်မျိုးစီရှိခြင်းမှာ မဆန်းသော်လည်း အစိုးရကို ရန်သူမျိုးငါးပါးထဲထည့်သူကပင်လျှင် အစိုးရက အရာရာတာဝန်ယူရမည် ဟု တစ်ပြိုင်တည်း ယူဆနေပြန်လျှင်ကား ထူးခြားသည်။ အစိုးရက တာဝန ယူရမည်ဆိုလျှင် Subsidies ခေါ် နယ်ပယ်တစ်ခုကို အစိုးရက ယာယီသဘော ထောက်ပံ့ကြေးပေးခြင်းများ၊ တစ်စုံတစ်ရာ အစိုးရက ကျခံစိုက်ထုတ်ခြင်းများ ပါလာသည်။ ထိုအခါတွင် ထောက်ပံ့ကြေးသည် တကယ်တမ်း ထိုနယ်ပယ်ကို အကျိုးပြုသလား၊ စီးပွားရေးတစ်ခုလုံးကို အကျိုးပြုသလား ဟူသော မေးခွန်းများကပ်ပါလာသည်။ မြန်မာကဲ့သို့ ဗျူရိုကရေစီယန္တရား အတွင်း ပွင့်လင်းမြင်သာမှုနည်းနေသေးသောနိုင်ငံတွင် ထောက်ပံ့ကြေးသည် စဉ်းစားစရာ များစွာရှိသည်။

အစိုးရက အရာရာတာဝန်ယူရမည်ဆိုသော စိတ်သည် ‘အကြီးဆုံး ဈေးကွက်သည် မြန်မာအစိုးရ’ ဟူသော အမြင်နှင့်လည်း ဆက်စပ်နေသည်။ အစိုးရထံမှ စီမံကိန်းများအပေါ် မိမိ၏ စီးပွားရှာလမ်း Business Model ကို တင်ထားခြင်းသည် ပြဿနာမရှိသော်လည်း အစိုးရမူဝါဒ အပြောင်းအလဲပေါ်တွင် မိမိလုပ်ငန်းကံကြမ္မာကို တင်ထားရခြင်းဖြစ်သည်။ နောက်ပြဿနာတစ်ရပ်မှာ ပွင့်လင်းမြင်သာမှုနည်းသေးသော၊ ခြစားမှု မြင့်သောနိုင်ငံတွင် အစိုးရကို အဓိကဝယ်သူအဖြစ် သတ်မှတ်သည်ကများလျှင် ပြည်သူ့ဘဏ္ဍာ ယိုဖိတ်မှုများပေါ်နိုင်သည်။ အစိုးရ၏ စီမံ ကိန်းခေါ်ယူခြင်း၊ ပစ္စည်းဝယ်ယူခြင်းများသည် ပွင့်လင်းမြင်သာမှုရှိရန် လိုသလို အစိုးရကိုယ်စား ဝယ်ယူသူများ၏ အမြင်ကျယ်မှုပေါ်လည်း မူတည်နေသည်။

နောက်တစ်ခုမှာ ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့်ဆိုင်သည်။ ပြင်ပကမ္ဘာသို့ တိုးထွက်ရမည်ဖြစ်သောခေတ်ကြီးထဲတွင် အစိုးရကိုသာရောင်း ရန် ကြိုးစားနေလျှင် မြန်မာလုပ်ငန်းများသည် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်မည်မဟုတ်ပါ။ ပုဂ္ဂလိကလုပ်ငန်းများသည် ကမ္ဘာ့ကုမ္ပဏီ များနှင့် ယှဉ်နိုင်မှသာ ပုဂ္ဂလိကကဏ္ဍကို အခြေတည်ရမည့် မြန်မာ့ဈေးကွက်စီးပွားရေး အောင်မြင်မည်ဖြစ်သည်။ ပြည်ပဈေးကွက်ကို မဆိုထားနှင့် နယ်ခြားမျဉ်းများကျိုးပျက်သွားပြီဖြစ်သည့်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဖွင့်ပေးလိုက်သည့် မြန်မာနိုင်ငံဈေးကွက်တွင်ပင် နိုင်ငံတကာ ကုမ္ပဏီများ၏ ကုန်ပစ္စည်းများသည် နိုင်ငံတွင်းဝင်ရောက်လာသည်ဖြစ်ရာ မပြိုင်နိုင်လျှင် အညွန့်တုံးသွားမည်ဖြစ်သည်။

နိုင်ငံပိုင်လုပ်ငန်းကြီးများ

နိုင်ငံပိုင်လုပ်ငန်းကြီးများကို ဈေးကွက်စီးပွားတည်ဆောက်ရေးတွင် ပြဿနာဟု မြင်နေကြသော်လည်း part of the problem and part of the solution ပြဿနာတစ်ပိုင်းဖြစ်သလို အဖြေတစ်ပိုင်းလည်း ဖြစ်သည်ဟု စာရေးသူအနေနှင့် မြင်ပါသည်။ လောက်လောက်လားလား လုပ်ငန်းများ နည်းပါးသည့် မြန်မာနိုင်ငံတွင် ဖောက်သည်များစွာရှိသော၊ လူသားရင်းမြစ်ရှိသော၊ မြေ၊ အဆောက်အအုံ၊ ငွေ စသည့် အရင်းအမြစ်များရှိသော နိုင်ငံပိုင်လုပ်ငန်းကြီးများသည် ဈေးကွက်စီးပွားရေးကို အထောက်အကူပြုမည့် အရည်အသွေးမြင့် အများပိုင်လုပ်ငန်းများ၊ ကုမ္ပဏီဆန်ဆန် လည်ပတ်သည့်လုပ်ငန်းများ ဖြစ်လာလျှင် တအားပင်ဖြစ်သည်။

ရေခံမြေခံ

ဈေးကွက်စီးပွားရေး ဖြစ်ထွန်းစေရန် စီးပွားရေးရေခံမြေခံလည်း မထည့်မဖြစ် ထည့်ရပါမည်။ စီးပွားရေးလုပ်ရကိုင်ရလွယ်အောင် ကြိုးနီ စနစ် ဖြတ်တောက်ထားနိုင်၊ မလိုအပ်သော ကုန်ကျစရိတ်များဖြစ်သည့် အချိန်၊ ငွေ၊ စိတ်ဒုက္ခတို့ လျှော့ချထားနိုင်၊ လမ်းပန်းဆက်သွယ်ရေးကောင်း အောင် ဆောင်ရွက်ထားနိုင်လျှင် မြန်မာ့ဈေးကွက်စီးပွားရေးသည် ပြည်တွင်းလုပ်ငန်းများအားနှင့်ရော ပြည်ပလုပ်ငန်းများအားနှင့်ပါ ထောင်တက် သွားမည်။

သတင်းအချက်အလက်လည်ပတ်စီးဆင်းမှု

ဈေးကွက်စီးပွားရေး၏ အခရာမှာ ဈေးကွက်တွင်း ရှိနေသူများသည် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အရည်အသွေးကောင်းခြင်း၊ မကောင်းခြင်း၊ ထိုကုန်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်သူတို့၏ အရည်အသွေးကောင်းခြင်း၊ မကောင်းခြင်းတို့နှင့် အဆိုပါအရည်အသွေးတို့အလိုက် ဈေးကွက်ပေါက်ဈေးများကို အချိန်နှင့်တစ်ပြေးညီ သိရှိရန်ဖြစ်သည် Informed Citizen ။ ထိုသို့သိမှသာ အရည်အသွေးကောင်းပြီး ဈေးမှန်သည်ကို ဝယ်ယူပြီး သတင်းပြန်ဖြန့်သည့်အတွက် အရည်အသွေး ကောင်းထုတ်လုပ်သည့် ကုမ္ပဏီများ ကြီးပွားတိုးတက်မည်။ ယင်းဖြင့် ဈေးကွက်တွင်းရှိ ဝယ်ယူသူများလည်း ဈေးချိုသည့် ပစ္စည်းကောင်းများ ဝယ်ယူနိုင်ကာ သူတို့ဘ၀သာယာမည်၊ ကုမ္ပဏီများလည်း လုပ်အားကိုင် အားပိုရှိပြီး ကုမ္ပဏီသစ်များပေါ်ထွက်မည်။ သတင်းအချက်အလက်ကောင်း မွန်စွာစီးဆင်းရေးသည် ဈေးကွက်စီးပွားရေး၏ ရေခံမြေခံလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး ဖြစ်ထွန်းနေသည်။ အထက်ပါ အချက်များကို မျက်ခြည်မပြတ်လျှင် ပိုပြီး မြန်မြန်ဖြစ်ထွန်းမည်။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *