ထန်း ဘယ်သူတက်ပါ့မယ်

“အပင်ပေါ်တက်ရတာ မကြောက်ပါဘူး”

ထန်းပင်တွင် ကပ်လျက်ချည်ထားသည့် ရင်းထောင်ကို ကိုင်ရင်း ကိုသိန်းဇော်ဝင်းက ပြောလိုက်သည်။ ထို့နောက် ဂက်စ်မီးခြစ်ကို ရင်းထောင် ခြေနင်းကြား ညှပ်ထားသည့်နေရာမှထုတ်၍ ဆေးလိပ်မီးညှိကာ ဖွာရှိုက်လိုက်သေးသည်။ ပြီးမှ ထန်းပင်ပေါ် လျင်မြန်စွာတက် သွားလေသည်။

အနီးတွင် ထန်းရည်ခံရန် ဂါလန်ပုံးကိုကိုင်၍ ထိုင်စောင့်နေသည့် ဇနီးဖြစ်သူ မသင်ဇာကမူ လင်ယောက်ျားကို ချစ်မက်သည့် မျက်လုံးများဖြင့် ကြည့်ရင်း ” ကိုယ် တတ်သလောက် မှတ်သလောက်နဲ့ စောင့်ရှောက်ပါဆိုပြီး တိုင်တည်ရတာပေါ့။ အန္တရာယ်ကင်းဘေးရှင်းအောင်၊ ခြေချော် လက်ချော် မဖြစ်အောင်” ဟု စိုးရိမ်စိတ်ထားရပုံကို ပြောပြသည်။

သက်စွန့်ဆံဖျား အမြင့်တက်နေရသူ အန္တရာယ်ကင်းရေး မေတ္တာပို့သည့် အလုပ်ကို မသင်ဇာ နေ့စဉ်မပျက်မကွက် လုပ်ရသည်။

အိမ်ရှေ့မင်းထန်းတောဟု လူသိများသော ထန်းဥယျာဉ်ကျေးရွာငယ်မွေး ခြံပေါက် ကိုသိန်းဇော်ဝင်းသည် လက်ရှိတွင် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး နောက်ဆုံးသော ထန်းတက်သမားမျိုးဆက်ဟု ခေါ်ရမလိုပင် ဖြစ်နေသည်။

လူဦးရေ ၅၅၀ ခန့် ရှိသည့် ထန်းဥယျာဉ်ကျေးရွာသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိပြီး ကနောင်မင်းသားကြီး စိုက်ပျိုးခဲ့သည့် ထန်းတောကို အမှီပြု၍ နေထိုင်ကြခြင်း ဖြစ်သည်။ ကျေးရွာအမည်ထက် အိမ်ရှေ့မင်းထန်းတော အမည်ကသာ ပိုမိုပျံ့နှံ့ သည်။ ထန်းရည်ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့်ရွာလည်း ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းခေတ်ကာလ အပြောင်းအလဲဖြစ်ကာ အလုပ်အကိုင်ပေါများလာသဖြင့် ထန်းတက်မည့်သူများ တစ်စတစ်စ ယုတ်လျော့လာရာမှ၂၀၁၃ ခုနှစ်ခန့်တွင်မူ အောက်ဆုံးအဆင့်ထိလျော့ကျလာခဲ့ကြောင်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ထန်းဥယျာဉ်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် ဦးခင်မောင်ကြည်က ပြောပြသည်။

အခြားနယ်များမှ ထန်းအငှားလာတက်ကြသည့်သူများအပါအဝင် လက်ရှိတွင် ထန်းပင်တက်မည့်သူမှာအယောက် ၄၀ ခန့်သာရှိသည်ဟု ရပ်မိရဖလည်းဖြစ်သည့် ဦးခင်မောင်ကြည်က ဆိုသည်။

“ဒီရွာသားဆိုရင် ထန်းမတက်ကြတော့ဘူး” ဟု ၎င်းက ထန်းဥယျာဉ် ကျေးရွာ၏ ထန်းသမားအခြေအနေကို ရှင်းပြသည်။

အိမ်ရှေ့မင်းထန်းတောသည် အိမ်ရှေ့စံကနောင်မင်းသား စိုက်ပျိုးခဲ့သည့် ထန်းပင်တို့မှ ဆင့်ပွားလာခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းအထိ တည်တံ့အောင် ဒေသခံတို့က ထိန်းသိမ်းခဲ့မှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။

အကျယ်အဝန်း ဧကပေါင်း ၄၀ ခန့် ရှိကာ စတင်စိုက်ပျိုးစဉ်ကအပင်ပေါင်း သုံးသောင်းကျော်ဟု ခန့်မှန်းကြသော်လည်းလက်ရှိတွင် အပင် အကြီးအသေး စုစုပေါင်း ခြောက်ထောင်ခန့်သာ ရှိတော့သည်။ ထန်းတက်နိုင်သည့် (ထန်းရည်ချ နိုင်သည့်) အပင်တို့ ရှိသော်လည်း ထန်းတက်သမားရှားပါးမှုကြောင့် အလှကြည့်ပင်အဖြစ်သာ ထားနေကြရသည်။

ထန်းတက်သမား ၄၀ ခန့် ရှိသည့်အတွက် တစ်ဦးလျှင် ၂၅ ပင်နှုန်းတက်သည်ဟုသတ်မှတ်လျှင် အပင်ပေါင်းတစ်ထောင်ခန့် နေ့စဉ် တက်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ ထန်းတောနှင့်စာလျှင် ယင်းပမာဏမှာ နည်းပါးလှသည်။

မျိုးဆက်သစ် ထန်းတက်တောင်သူတို့ ရှားပါးလာမှုကြောင့် ထန်းဥယျာဉ်ရွာရှိ ထန်းပင်အများစုမှာ ထန်းတက်ခြင်းမခံကြရတော့။ ထန်းတက်သူ အယောက်လေးဆယ်ခန့်က နိုင်သလောက်သာ ထန်းရည်ချနေကြရသည်။

“လေးကြည်တို့ ထန်းတွေဆိုရင် မချနိုင်တာ လေးနှစ်ရှိပြီး ထန်းသမား ရှာမရလို့” ဟု ဦးခင်မောင်ကြည်က ထန်းပင်များဘက် မျက်လုံးဝေ့ရင်း ဆိုသည်။

မောင်နှမလေးယောက်ပိုင် ထန်းပင်ပေါင်းလေးရာနီးပါးရှိပြီး ထန်းတက်မည့်သူ မရှိသဖြင့် ဒီအတိုင်းပင် ပစ်ထားရကြောင်း ၎င်းက ဆိုသည်။ ယခင်ကတော့ မုံရွာ၊ ငါန်းဇွန်၊ အရာတော် စသည်တို့ဘက်မှ ထန်းသမားများ ရှာဖွေရနိုင်သေးသော်လည်း ယခုမူ ထိုဒေသများတွင်လည်း မရတော့။

ထန်းဥယျာဉ်ရွာတွင် ထန်းသမားမျိုးရိုးနှင့် တောင်သူမျိုးရိုးဟူ၍ နှစ်မျိုး နေထိုင်ကြသည်။ ထန်းသမားမျိုးရိုးက တောင်သူအလုပ် တွဲဖက်လုပ်ကိုင်သော်လည်း တောင်သူမျိုးရိုးကမူ ထန်းမတက်။ ထန်းပင်ကို အငှားချစားကြသည်။

ဦးခင်မောင်ကြည်တို့လည်း တောင်သူမျိုးရိုးဖြစ်၍ ထန်းမတက်တတ်ကြ။

ထို့ကြောင့် အခြားနယ်များမှ ထန်းတက်မည့်သူများကိုခေါ်ကာ မိမိပိုင် ထန်းတောထဲတွေ မြေနေရာပေးကာ တဲဆောက်နေထိုင်စေပြီး ထန်းတက်ခိုင်းရသည်။

ကိုယ်ပိုင် ထန်းတက်သူများသည် ထန်းပင်မှ ထွက်သမျှ ထန်းရည်အားလုံးရသော်လည်း အငှားတက်သူကတော့ ထက်ဝက်သာရသည်။ အငှားတက်မည့် ထန်းသမားတွင် ထန်းလှီးဓားနှင့် ထန်းပြင်သည့် ကိရိယာသာ ပါလာသည်။ ကျန် ထန်းတက်ပစ္စည်းများဖြစ်သည့် အိုး၊ ကြိုး၊ ဝါး စသည်တို့နှင့် ထန်းပင်တို့ကို ထန်းပိုင်ရှင်က ပေးရသည်။ ထန်းတက်ပြီးတစ်နေ့ ဆယ်ဂါလန်ရလျှင် တစ်ဦးငါးဂါလန်ဆီ ဝေစုရသည်။

“ရတဲ့ပိုက်ဆံ ထန်းသမားအငှားတက်သူကို ပေးလိုက်တာနဲ့ ကုန်ရော၊ ပိုင်ရှင်အတွက် ကျန်ခဲ့တာက ထန်းရည်ပဲ။ ဒီတော့ သောက်လို့ မကုန်တာကို ထန်းရည် အရက်ချက်လိုက်ကြရတယ်”ဟု ကိုယ်တိုင်လည်း ထန်းတက်ခဲ့ဖူးသည့် ထန်းဥယျာဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ရယ်ရယ်မောမော ပြောပြသည်။

ထန်းဥယျာဉ်ကျေးရွာ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းသည် ထန်းပင်ဖြင့် စီးပွားရှာသူများဖြစ်သော်လည်း လက်ရှိအချိန်တွင် ထန်းတက်သမား ရှားပါးမှုက တဖြည်းဖြည်း သိသာလာပြီ ဖြစ်သည်။

ထန်းသမားများ ဘယ်ရောက်သွားကြသနည်း။

အရွယ်ကောင်းအားကောင်းမောင်းသန် ထန်းတက်သမားတစ်ဦးသည် တစ်နေ့လျှင် ထန်းပင် ၂၅ ပင်ခန့် အများဆုံးတက်နိုင်သည်ဟု ဒေသခံများက ဆိုသည်။ ထို ၂၅ ပင်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ခါတိတိ တက်ရသည်။ ထို့ကြောင့် တစ်ရက်လျှင် အပင်ပေါင်း ၅၀ ခန့်ကို နေ့စဉ် တက်နေရသည့် သဘောဖြစ်သည်။

ထန်းတက်ရုံဖြင့် မပြီးသေးပါ။ နံနက် ၃ နာရီခန့် အိပ်ရာမှထပြီးလျှင် ခေါင်းစွပ်ပါသည့် ဓာတ်မီးဖြင့် ထန်းပင်ပေါ်တက်ရသည်။ သို့မှသာ နံနက်မိုးလင်းချိန် ဖောက်သည်များထံ ထန်းရည် အချိန်မီပို့နိုင်မည် ဖြစ်သည်။

ထန်းရည်ကနံနက်ပိုင်းတွင် ပိုရသည်။ အပင်အားလုံးတက်ပြီး နံနက်တွင် ၁၀ ဂါလန်ရလျှင် ညနေဘက်တွင် ငါးဂါလန်ခန့်သာ ရသည်။ ခေါက်ချိုးလျော့သွားခြင်းပင်။ ထို့ကြောင့် နံနက်ပိုင်းကို အားခဲ၍ လုပ်ဆောင်တတ်ကြသည်။

နံနက်ခင်း ထန်းတက်နားချိန်တွင် ရေမိုးချိုးကာ လျှော်သပ်ရသည်။ ထန်းပင်ပေါ်တက်သည့် လှေကားဖြစ်သည့် ရင်းထောင်၊ ရင်းဆွဲ၊ ရင်းကပ် စသည်တို့ကို ကွပ်ရသည်။ ရင်းထောင်ဆိုသည်က ထန်းပင်အောက်ခြေမှ အထက်သို့ တက်သည့် လှေကားဖြစ်ပြီး ရင်းဆွဲဆိုသည်က ထန်းပင်ထိပ်ဖျားမှ အောက်ဘက်သို့ ပြန်လည်ဆင်းနိုင်အောင် သုံးသည့်လှေကားဖြစ်သည်။

အနည်းဆုံးပေ ၇၀ ခန့် ရှိသည့် ထန်းပင်အမြင့်ကို စေ့ငုနိုင်သည့် လှေကား အရှည်မတတ်နိုင်သဖြင့် ရင်းထောင်၊ ရင်းဆွဲတို့ဖြင့် အပင်တက်နိုင်ရန် ပြုလုပ်ရသည်။ ရံဖန်ရံခါ ရင်းထောင်နှင့် ရင်းဆွဲ မစပ်အပ်မိလျှင် ရင်းကပ်ဟုခေါ်သည့် နှစ်ဖက် လှေကားကို ပေါင်းကူးပေးသည့် လှေကားတို့ကိုလည်း ထားရသေးသည်။

ယင်းအလုပ်များ လုပ်ကိုင်ပြီးစီးချိန်တွင် ခေတ္တအနားယူကာယင်းနောက် ညနေဘက် ထန်းတက်ရန် ပြန်လည်ပြင်ဆင်ရသည်။ ထို့ကြောင့် ထန်းတက်သည့် အလုပ်သည် တစ်နေကုန် မနားရ။ ထန်းမတက်လျှင် ဝင်ငွေမရနိုင်သဖြင့် နားရသည့် အားလပ်ရက်မရှိ။ ထို့ကြောင့် ပင်ပန်းသည်။

ပေ ၇၀ ခန့်အမြင့်ကို ဉာဏ်ပညာနှင့် အသိ၊ သတိပေါင်းစပ်၍ တက်ကြရပြီး သတိတစ်ချက်လွတ်လျှင် ဒုက္ခိတဘ၀ကို ချက်ချင်း ရောက်သွားနိုင်သည်။

“တအားမှောင်တဲ့၊ လမထွက်တဲ့ ရက်တွေဆိုရင် အောက်ကနေ ထန်းကောက် တဲ့ (ထန်းရည်သိမ်းသည့်) မိသားစုက ထန်းရွက်တွေကို စုပြီးတော့ အပေါ်ဘက် အလင်းရောင်ရအောင် မီးရှို့ပေးရတယ်။ အဲလိုကိုတက်ရတာ” ဟု နှစ်သုံးဆယ်ခန့် ထန်းတက်သမားဘ၀အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည့် ထန်းဥယျာဉ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပြသည်။

ထန်းတက်သည့် နည်းပညာမှာ အဆင့်မြင့်မလာသဖြင့် ထန်းသမားများ ယုတ်လျော့လာရခြင်းပင်။

ခက်ခဲဆင်းရဲကာ ပင်လည်း ပင်ပန်းသည့် အသက်တစ်ဖျား တက်မစားကြတော့ဘဲ မြို့ပေါ်တက်ကာ လွယ်ကူသည့် အလုပ်ကိုသာ လုပ်ကိုင်နေကြတော့သည်ဟု ထန်းဥယျာဉ် ဒေသခံတို့က ဆိုကြသည်။

ထန်းအမွေကိုဆက်ခံမည့် လူငယ်တို့ကလည်း ဆယ်မိုင်ခန့်ဝေးသည့် မန္တလေး မြို့ပေါ်ရှိစတီးလုပ်ငန်း၊ လက်သမား၊ ပန်းရံ၊ တိုက်ဆေးသုတ်၊ ပန်းထိမ်၊ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့စသည်တို့တွင် ရောက်ရှိ သွားကြသည်။

ထန်းဥယျာဉ်ရွာတွင် ထန်းသမား ရှားပါးလာခြင်း၏ အကြောင်းတစ်ခုမှာ ထန်းလျက်ချက်သည့် အလုပ်မရှိခြင်းကြောင့် ဖြစ်သည်။

အိမ်ရှေ့မင်းထန်းတောမှ ထွက်သည့် ထန်းရည်သည် အချိုရည်ကျဲပြီး ထန်းရည်ချက်နိုင်လောက်သည့် အာနိသင် မရှိ။ မြူအိုးကြီးတစ်အိုးကို ကျိုချက်လျှင် လောက်စာလုံးတစ်လုံးစာပင် မရ။ ထို့ကြောင့် ထန်းလျက်ချက်သည့်အလုပ်ထက် ထန်းရည်အရက် ချက်သည့်အလုပ်ကိုသာ ဦးစားပေးကြရသည်။

ယင်းအပြင် ထန်းပင်ကို အကြောင်းမဲ့မခုတ်ရန် ထိန်းသိမ်းစောင့်ရှောက်ထားပြီး ထန်းပင်ထွက် လက်မှုပစ္စည်း (ဥပမာ- ထန်းပလပ်ထိုင်ခုံ) တို့ကို ဖောဖောသီသီ မထုတ်လုပ်ကြသဖြင့် ထန်းပင်ကို ချစ်သည့် သူ နည်းပါးလာခဲ့ရသည်။

ထန်းတက်သူများ ဆက်ရှိနေလျှင် ဆိုသည့်အမေးကို ဦးခင်မောင်ဝင်းက ယခုကဲ့သို့ ဖြေသည်။

“ထန်းတက်မယ်၊ တက်မယ့်သူတွေ ရှိနေဦးမယ်ဆိုရင်တော့ ထန်းတောက ရှင်သန်နေဦးမယ်ပေါ့။ ထန်းရည်ချိန်ဆို ထန်းရည်၊ ထန်းသီးချိန် ထန်းသီး၊ ထန်းရွက်ချိန် ထန်းရွက်၊ အဲဒီလို သူ့အချိန်နဲ့သူ လည်ပတ်နေနိုင်မယ်။ ထန်းသမားတွေ အတွက်လည်း ဝင်ငွေပိုရမယ်။ ထန်းပင်ကို လည်း ပိုချစ်ကြမယ်”

ထန်းမတက်ဖြစ်တော့လျှင်တော့ ယင်းအချက်များနှင့် ဆန့်ကျင်ဘက်ရလဒ်များ ဖြစ်လာမည်။ ထန်းပင်များကိုလည်း အပိုပင်များအဖြစ် မြင်လာကာ တဖြည်းဖြည်း ထန်းတောပျောက်ကွယ်မည့် အနေအထားပင်။ မြေလတ်ဒေသအချို့တွင် ထန်းတက်မည့်သူမရှိသဖြင့် ထန်းပင်တို့ကို အပတ်လိုက်ခုတ်ရောင်းသည့် သတင်းများကလည်း မကြာခဏဆိုသလို ကြားသိနေရသည်။

“ခေတ်မီနည်းစနစ်တွေနဲ့ ထန်းပင်တက်နိုင်မယ်ဆိုရင်တော့ တစ်ခါလောက်တော့ ထန်းပင်တက်ကြည့်ချင်သေးတယ်” ဟု အသက် ၅၅ နှစ်အရွယ်ရှိပြီး ထန်းမတက်သည်မှာ ငါးနှစ်ခန့်ကြာပြီဖြစ်သည့် ထန်းဥယျာဉ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက မျှော်လင့်ချက်ဖြင့် ပြောနေသေးသည်။

သို့သော် ထိုနည်းစနစ်များကို မျှော်လင့်ကာနေသည်ထက် ထန်းပင်တက်သလောက် မစွန့်စားရဘဲ တစ်ရက်တစ်သောင်းခန့်ရသည့် အခြားအလုပ်များကိုသာ လူငယ်တို့က ရွေးချယ်သွားကြပြီ ဖြစ်သည်။

ထန်းတက်သည့်အလုပ်သည့် ခက်ခဲဆင်းရဲသည် မှန်သော်လည်း လုပ်နေကျ လုပ်ငန်းတစ်ခုဖြစ်၍ ကျွမ်းကျင်ရာလိမ္မာဆိုသလို ယနေ့အချိန်ထိ ထိခိုက်မှုများမရှိခဲ့ကြောင်း ထန်းဥယျာဉ်ရွာမှ အသက် ၃၉နှစ်အရွယ် ထန်းတက်သမား ကိုအောင်ခိုင်က ပြောသည်။

သူသည်လည်း အသက် ၂၁ နှစ် အရွယ်တွင် ထန်းစတင်တက်ခဲ့သည့် နောက်ဆုံးထန်းမျိုးဆက်တွင် အပါအဝင် ဖြစ်သည်။ သူတို့အောက်တွင် ထန်းတက်မည့် ညီငယ်တို့ မရှိတော့။

“ကာတွန်းထဲကလို ထန်းတက်မယ့် သူက မလေးရှားသွားလို့ ထန်းရည်သောက်ချင် ကိုယ့်ဘာသာကိုယ် တက်ပြီးသောက်လို့ ပြောရမလို ဖြစ်နေပြီ”ဟု ထန်းပင်ပေါ်မှ ချလာသည့် ထန်းရည်အိုးကို ကိုင်ထားရင်း ကိုကျော်ခိုင်က ပြောပြသည်။

သားသမီးရှိသော်လည်း ထန်းတက်အမွေကို လက်ဆင့်ကမ်းမပေးတော့ဟု သူက ဆုံးဖြတ်ချက်ချထားသည်။

ထန်းဥယျာဉ်ရွာအတွက် နောက်ဆုံးထန်းမျိုးဆက်တစ်ဦးဖြစ်သည့် ကိုသိန်းဇော်ဝင်းကလည်း ခြောက်နှစ်အရွယ် သားကြီးကို ထန်းတက်သည့် အလုပ်သင်မပေးဘဲ အခြားလုပ်ငန်းများသာ လုပ်ကိုင်စေမည်ဖြစ်ကြောင်း ထန်းပင်ကို ကိုင်ထားရင်း ပြတ်သားစွာ ပြောနေသည်။

မိမိတို့ကိုယ်တိုင်လည်း စီးပွားရေး မပြေလည်သဖြင့် ဆက်တက်နေရခြင်းဖြစ်ပြီး အဆင်ပြေသည့်တစ်နေ့တွင် ထန်း မတက်ချင်တော့ကြောင်း ၎င်းက ညည်းညူသည်။

“အခုချိန် သိန်းတစ်သောင်းထီ ပေါက်ရင်တော့ ထန်းပင် မတက်တော့ဘူး” ဟု ထန်းပင်ကိုမော့ကြည့်ရင်း ပြောလိုက်လေသည်။

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *