အဆိုးကျော့သံသရာထဲမှ အသံများ

ဦးဖိုးထူးစိုးရိမ်နေသည်များ အမှန်တကယ်ပင် ဖြစ်လာလေသည်။ နောင်လာနောက်သားများအတွက် ရတက်မအေးရတော့သဖြင့် ဦးဖိုးထူးသက်ပြင်းရှည်ကြီးကို လေးလေးပင်ပင်ချလိုက်မိ၏။

အဘယ်ကြောင့်နည်း။

ကွင်းပြင်ကျယ်ကြီး၏ အလယ်ရှိ အဆောက်အအုံတစ်ခုဆီမှာမီးခိုးငွေ့မည်းမည်းများ ထွက်ပေါ်နေသည်။

မီးလောင်နေခြင်းလော၊ ဟင်းချက် နေခြင်းလော။ တစ်ခုမျှမဟုတ်ချေ။ စက်ရုံ တစ်ခု စမ်းသပ်လည်ပတ်နေခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြင်တွေ့ခဲ့ရသော မြင်ကွင်းသာဖြစ်ပြီး ထိုအဆောက်အအုံမှာမှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအရှေ့ဖျားတွင် အသစ်စက်စက် ဆောက်လုပ်ထားသည့် ပိုးသတ်ဆေး စက်ရုံဖြစ်သည်။

“ဒီစက်ရုံတွေကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ကျွန်တော်တို့ နောက်မျိုးဆက်တွေအထိ ဒုက္ခရောက်သွားနိုင်တယ်” ဟု ဦးဖိုးထူးက ဆိုသည်။

မြန်မာနိုင်ငံတွင် စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်မှုနှင့် သက်ဆိုင်သောပြဿနာများ ဖြစ်ပေါ်ခဲ့သည်မှာ အချိန်ကာလတစ်ခုအထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော အကြောင်းတရားများထဲမှ လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုတို့မှာ အဓိကဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုဇုန်များစွာကို ဖော်ဆောင်ခဲ့ကြပြီး မြို့ကြီးများတွင် စက်မှုဇုန်များ အပြိုင်အဆိုင်ပေါ်ထွန်းလာခဲ့သလို စက်ရုံအချို့မှ ထွက်ရှိသော ညစ်ညမ်းသည့်လေထုနှင့် ရေထုတို့ကလည်း တွဲလဲခိုလျက်ပါလာခဲ့သည်။

ထိုအရာများအထဲမှ ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်မှုမှာ မြန်မာနိုင်ငံတွင် တဖြည်းဖြည်းကြီးထွားလာသည့် ပြဿနာတစ်ရပ်ဖြစ်လာသည်။ ထိုပြဿနာမှာ ရန်ကုန်မြို့တော်အပါအဝင် မြန်မာနိုင်ငံ၏ ဒေသအသီးသီး၌ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထိုပြဿနာများကို သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ တားဆီးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းအမျိုးမျိုး က ဝေဖန်ထောက်ပြခြင်းနှင့် လက်မှတ်ထိုးကန့်ကွက်မှုခြင်းစသဖြင့် ပုံစံအမျိုးမျိုးဖြင့် နှစ်ကာလကြာရှည်စွာ တားဆီးလာခဲ့ကြသည်။

သို့သော် စီးပွားရေးလုပ်ငန်းရှင်နှင့် ဒေသခံပြည်သူများအကြားမှ ထိုပြဿနာများမှာ ယနေ့ထိတိုင် ပြေလည်မှုမရရှိနိုင်သေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ၂၅ ရက်နေ့ ကပင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာမှ ဒေသခံများစုပေါင်း၍ ၎င်းတို့ရွာများအနီးတွင် ဆောက်လုပ်နေသော မြန်မာ့ဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်၏ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးစက်ရုံကို ရွှေ့ပြောင်းပေး ရေးအတွက် ‘နားထောင်သူမဲ့သော အသံများ’ အမည်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ထိုစက်ရုံဆောက်လုပ်မှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စက်ရုံမှာ ဝါးနက်ချောင်းကျေးရွာအရှေ့ဖျားတွင် တည်ရှိကာ လက်ပံတန်းစုကျေးရွာအုပ်စု၊ ဘိုးဒေါနကုန်းကျေးရွာအုပ်စု နယ်နိမိတ်တို့နှင့် ထိစပ်နေသည်။ စက်ရုံပတ်လည်ရှိ တစ်မိုင်၊ နှစ်မိုင်၊ နှစ်ဖာလုံစသည့် အကွာ အဝေး အသီးသီးတွင် ညောင်ကုန်းရွာ၊ ဝါးနက်ချောင်းရွာကြီး၊ ရေတာရှည် ကျေးရွာ၊ သပြေကုန်းရွာ၊ ပုရွတ်ဆိတ်ကုန်း ရွာ၊ စမ်းကြီးရွာတို့ တည်ရှိနေသည်။

စက်ရုံရွှေ့ပြောင်းပေးရေးစက်ရုံ ပတ်လည်ရွာများမှ ဒေသခံများ၏ စုပေါင်းလက်မှတ်များကို အစိုးရဌာနပေါင်း ၃၀ ကျော်သို့ ၂၀၁၆ ခုနှစ်ကတည်းက တင်ပြထားခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဩဘာမှော်ဘီ စိုက်ပျိုးရေး သွင်းအားစုတည်နေရာကို ကန့်ကွက်သူဒေသခံများထဲမှ ရေတာရှည် ကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးဖိုးထူးက ပြောကြားသည်။

ထိုစက်ရုံမှစွန့်ပစ်မည့် ရေဆိုးများနှင့် လေထုအတွင်းမှ ပျံ့နှံ့လာနိုင်သည့် ဓာတုပစ္စည်းများကြောင့် စက်ရုံပတ်ဝန်းကျင်တွင် နေထိုင်ကြသူများတွင် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် ယင်းဒေသခံများက စက်ရုံကို ရွှေ့ပြောင်းပေးစေလိုကြသည်။

ဒေသခံများပြောကြားချက်အရ ထိုသို့ရွှေ့ပြောင်းပေးစေလိုသည့် အကြောင်းအရင်းမှာ ထိုအချက်များကြောင့်ပင် မဟုတ်သေး။

ယခု မြန်မာ့ဩဘာစက်ရုံမဆောက်လုပ်ခင်ကပင် ထိုနေရာ၌ ၁၉၈၆ ခုနှစ်က မဆလအစိုးရပိုင် ပိုးသတ်ဆေးစက်ရုံ စတင်တည်ဆောက် လည်ပတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထိုစက်ရုံရပ်နားလိုက်ပြီးနောက် ပီတိပြည့်စုံကုမ္ပဏီက ပိုးသတ်ဆေးထုတ်လုပ်ရန်အတွက်၂၀၀၆ ခုနှစ်မှစ၍ ယနေ့အထိ ငှားရမ်းလည်ပတ်နေသည်။

ပီတိပြည့်စုံစက်ရုံ လည်ပတ်ခဲ့သည် မှာ နှစ်သုံးဆယ်ကျော်ကြာပြီဖြစ်ပြီး ထိုစက်ရုံကြောင့် ဖြစ်ပေါ်ခဲ့သည့် ကျန်းမာရေးဆိုးကျိုးများကို ဒေသခံများမှ စတင်သိရှိချိန်တွင်ပင် ထပ်မံပြီး မြန်မာ့ဩဘာစက်ရုံ က လည်ပတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုအစိုးရပိုင်စက်ရုံမှစ၍ ပီတိပြည့်စုံ ကုမ္ပဏီ၏ စက်ရုံလည်ပတ်ချိန်အတွင်း ကျန်းမာရေးချို့တဲ့သည့် စက်ရုံဝန်ထမ်းများ ရှိခဲ့ဖူးကြောင်း ဦးဖိုးထူးက ပြောကြားသည်။

“စက်ရုံအဟောင်းက နှစ်ပေါင်းသုံးဆယ်လောက် လည်ပတ်သွားတာ ဒီလောက်အထိဒုက္ခပေးရင် ထပ်ဆောက်မယ့် စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေဟာ နောင်လာနောင်သားတွေအတွက် အင်မတန်မှအန္တရာယ်ရှိပါလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပါ” ဟု ၎င်းကဆိုသည်။

ပြင်းထန်သည့် ပိုးသတ်ဆေးအနံ့များကြောင့် ပီတိပြည့်စုံကုမ္ပဏီ စတင်လည်ပတ်ချိန်မှ လေးလခန့်အထိသာ ပိုးသတ်ဆေးသယ်ယူသည့် ယာဉ်ကို မောင်းနှင်နိုင်ခဲ့ကြောင်း အသက် ၆၀ အရွယ် ရေတာရှည်ရွာဒေသခံ ဦးအောင်မြင့်သိန်း က ပြောကြားသည်။

“အစိုးရစက်ရုံတုန်းက အရည်ပဲလုပ်တာ ပြဿနာသိပ်မရှိဘူး။ သူတို့ လက်ထဲရောက်တော့ အမှုန့်လုပ်တာ။ ဒီကနေ ပစ္စည်းတင်သွားတယ်။ ထောက်ကြန့် မရောက်ဘူး ခေါင်းတွေ အပ်နဲ့ထိုးသလို ခံစားရတယ်။ စူးကနဲ စူးကနဲဖြစ်လို့ ကားကို ၁၅ မိနစ်လောက် နားရတယ်”  ဟု ၎င်းကပြောဆိုသည်။

ထိုစက်ရုံများ တည်ရှိရာနေရာအနီး သို့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်း (ALARM’s Ecological Laboratory) ရွေ့လျားတိုင်းတာရေးအဖွဲ့ (Mobile Technical Lab Team) က၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် နေ့တွင် ရေအရည်အသွေးနှင့် လေထုအရည်အသွေးများကို ကွင်းဆင်းတိုင်းတာခဲ့သည်။

လေထုအရည်အသွေးမှာ Myanmar Emission Standars (၂၀၁၅) ၏ သတ်မှတ်ချက်ထက်ကျော်လွန်မှုမရှိဘဲ ပုံမှန်လေထုအရည်အသွေး ရှိသော်လည်း စက်ရုံဝန်းကျင်ကျေးရွာအနီးရှိ ချောင်းရေနမူနာလေးနေရာနှင့် အဝီစိတွင်းရေ နမူနာနှစ်နေရာမှ ရေများကို ၎င်းတို့၏ ဓာတ်ခွဲခန်းတွင် တိုင်းတာစစ်ဆေးခဲ့မှုအရ တွင်းရေနှင့် ချောင်းရေနှစ်မျိုးစလုံး၏ ချဉ်ဖန်ကိန်းများမှာ WHO ၏ စွန့်ပစ်ရေသတ်မှတ်စံနှုန်းအောက်သို့ ရောက်ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအဖွဲ့က ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည်။

ချဉ်ဖန်ကိန်း ထပ်မံကျဆင်းလာပါက ခန္ဓာကိုယ်ယားယံခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းချဉ်ဖန်ကိန်းမှ အခြားသောသတ္တုဓာတ်များကို ပိုမိုပျော်ဝင်စေနိုင်သည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းတို့၏ တွေ့ရှိချက်ကို ဖော်ပြထားသည်။

ဆာလ်ဖိတ်နှင့် Phenol ပါဝင်မှုမှာ ရေနမူနာရယူသည့် ခြောက်နေရာစလုံးတွင် တွေ့ရှိရပြီး နမူနာနေရာအချို့တွင် Phenol ပါဝင်မှုမှာ သောက်သုံးရေစံနှုန်းသတ်မှတ်ချက်အထက်တွင် ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါဓာတ်ပစ္စည်းမှာ ရေနံတူးဖော်စက်ရုံ၊ ပိုးသတ်ဆေးစက်ရုံ၊ အလူမီနီယံစက်ရုံနှင့် ပလတ်စတစ်စက်ရုံ များတွင် အသုံးပြုမှုများသောကြောင့် တွေ့ရှိရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စံသတ်မှတ်နှုန်းထက် ကျော်လွန်၍ ထိတွေ့မှုများလျှင် အာရုံကြောဆိုင်ရာ ရောဂါများနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ အဓိကဖြစ်ပေါ်နိုင်ပြီး ကျောက်ကပ်၊ အဆုတ်နှင့် အသည်းပျက်စီးနိုင်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က ဒီအဆိပ်အန္တရာယ်ကို ပိုကြောက်တယ်” ဟုရေတာရှည်ရွာ ဒေသခံဦးထွန်းနုက ပြောဆိုသည်။

လေထုနှင့် ရေထုညစ်ညမ်းမှုများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်နိုင်သလို နှစ်ကာလရှည်ကြာစွာ ညစ်ညမ်းသောလေကို ရှူရှိုက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာ အစရှိသဖြင့် ရောဂါများဖြစ်ပေါ်နိုင်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာသော်တာမြင့်က ပြောကြားသည်။

“နှစ်ရှည်အဲဒီလိုတွေ ရှူရှိုက်မိပြီး ဖြစ်တဲ့လူနာတွေကို တွေ့ဖူးတယ်။ ချက်ချင်းတော့ မဖြစ်ပေမယ့် နှစ်ရှည်လာရင် ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

စက်ရုံများနှင့် လူနေရပ်ကွက်များ၊ နေအိမ်များ မည်မျှကွာဝေးရမည်ဆိုသည်ကို တိကျသော နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များ မရှိသော်လည်း အထက်ပါအချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် စက်ရုံများ၊ စက်မှုဇုန်များမတည်ဆောက်ခင်တွင် စက်ရုံတစ်ခုချင်းစီ၏ ထုတ်ကုန်ပေါ်တွင် မူတည်ပြီး အကွာအဝေးကို သတ်မှတ်ရေးဆွဲလေ့ရှိကြသည်။

“ဒီစက်ရုံက ကျောက်မီးသွေးထုတ်တာလား။ ဒါဆိုရင် အမှုန်အမွှားတွေကြောင့် အန္တရာယ်မဖြစ်စေဖို့ လူနေအိမ်ခြေနဲ့ ဘယ်လောက်ဝေးရမယ်။ စက်ရုံအနေအထားပေါ်မူတည်ပြီး ကွာခြားတာပေါ့။ ဒါပေမဲ့ ဆောက်နေပြီဆိုရင်တော့လည်း ဒါက ဘာမှမဖြစ်လို့ဆောက်တယ်လို့ ပြောရမှာပေါ့” ဟု ALARM’s Ecological Laboratory ၏ အတိုင်ပင်ခံဒေါက်တာ ကျော်ငြိမ်းအေးက ပြောကြားသည်။

ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်ရုံများ လိုအပ်သော်လည်း သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် အညီလုပ်ဆောင်ရမည်ဟု ၎င်းကအကြံပြုသည်။

မြန်မာ့ဩဘာကုမ္ပဏီသည် မှော်ဘီတွင် စက်ရုံတည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစိုးရထံမှ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စက်ရုံလည်ပတ်ခွင့်လိုင်စင်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း မြန်မာ့ဩဘာမှ စီမံကိန်းတာဝန်ခံ ဦးဉာဏ်လင်းဖြိုး က ပြောကြားသည်။

“ကျွန်တော်တို့က လစဉ် ခြောက်လတစ်ခါ ဒီရေဆိုးနဲ့ပတ်သက်ပြီး တိုင်းတာသွားမယ့် အစီအစဉ်ရှိပါတယ်။သူ့အရိပ်နေပြီး သူ့အခက်ချိုးတာမျိုးတော့ မလုပ်ပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စက်ပစ္စည်းများ ပျက်စီးမှုမရှိရန် စက်ရုံစမ်းသပ်မှုများပြုလုပ်နေပြီး ယခုနှစ်လယ်တွင် လိုင်စင်ချထားပေးရန် မျှော်မှန်းထားကြောင်းလည်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရေဆိုးစွန့်ပစ်သည့် စက်ရုံအမျိုးအစား ကိုးမျိုးသတ်မှတ်ထားပြီး အရက်ချက်စက်ရုံ၊ သားရေနယ်စက်ရုံ၊ သကြားစက်ရုံ၊ စက္ကူပျော့ဖတ်စက်ရုံများလည်း ပါဝင်နေသည်။ အဆိုပါစက်ရုံများလည်ပတ်ခွင့်ကို ခွင့်ပြုပေးရသော စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနကလည်း ရေဆိုးစွန့်ပစ်သည့် စက်ရုံအမျိုးအစားများကို စာရင်းကောက်ယူနေကြောင်း ယင်းဌာနထံမှ သိရသည်။

“အဓိကက သူတို့ဆီကထွက်တဲ့ ရေဆိုးကို သူတို့ တာဝန်ယူရမယ်” ဟု စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆိုသည်။

ရွှေပြည်သာမြို့နယ်တွင်လည်း အရက်ချက်စက်ရုံများမှ ရေဆိုးများ လူနေရပ်ကွက် ရေမြောင်းများအတွင်းစီးဆင်းနေသဖြင့် ယင်းကိုရပ်တန့်ပေးရန် ယင်းမြို့နယ်တွင် ဖွဲ့စည်းထားသော Right View (SPT) အဖွဲ့က ပြီးခဲ့သည့်လအတွင်း လက်မှတ်ကောက်ခံခဲ့ကြသည်။

ထိုအရက်ချက်စက်ရုံများကိုရေဆိုး သန့်စင်စနစ် တည်ဆောက်နေချိန်တွင် စက်ရုံလည်ပတ်မှု ယာယီရပ်နားထားရန် နှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီသော ရေဆိုးသန့်စင်စနစ် တည်ဆောက်ပြီး၍ သက်ဆိုင်ရာကခွင့်ပြုမှသာ ပြန်လည်လည်ပတ်ရန် ၂၀၁၇ ခုနှစ် ဩဂုတ်လမှစ၍ အစိုးရက ညွှန်ကြားထားသည်။

“ဒေသခံတွေရဲ့ လက်မှတ်ကောက်ထားတာ တစ်ထောင်ကျော်ရတယ်။ စက်ရုံတွေက ရေဆိုးစွန့်ပစ်တဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း ကျွန်တော်တို့ ဝန်ကြီးချုပ်ကို ပြီးခဲ့တဲ့လက တင်ပြထားတယ်။ အခုထိတော့ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မောင်ဆောင်းခက ဆိုသည်။

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရှိ အရက်ချက်စက်ရုံများမှ စီးဆင်းလာသော စိမ်ရည်များက ဠသရိုးချောင်းနှင့် မိချောင်းအိုင်အတွင်းသို့ စီးဝင်ကာ ထိုမှတစ်ဆင့် လှိုင်မြစ်ထဲသို့စီးဝင်သွားပြီး အနံ့ဆိုးများရရှိ၍ မြစ်ချောင်းအနီးနေထိုင်သူများအတွက် အန္တရာယ်ရှိကြောင်းလည်း ၎င်းကပြောဆိုသည်။

ယခုလအတွင်း ရေဆိုးသန့်စင်စက်ရုံကို ဖွင့်လှစ်မည်ဟု ရွှေပြည်သာစက်မှုဇုန် (၁) မှ တာဝန်ရှိသူ တစ်ဦးက သတင်း မီဒီယာများတွင် ဖြေကြားထားသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ ထုတ်ပေးထားသော ကြိုတင်ခွင့်ပြုချက်ပါ စည်းကမ်းချက်၊ ကန့်သတ်ချက် (သို့) တားမြစ်ချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ရှိ ပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများ (သို့) စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်း၊ ထုတ်လွှင့်ခြင်း (သို့) စုပုံခြင်းဖြင့် မြေထု၊ ရေထု၊ လေထုအပါအဝင် ပတ်ဝန်းကျင် အစိတ်အပိုင်းတစ်ရပ်ရပ်၏ ရုပ်ပိုင်းဆိုင်ရာ၊ အပူဓာတ်ဆိုင်ရာ၊ ဓာတုဆိုင်ရာ (သို့) သက်ရှိ ဇီဝဆိုင်ရာ ဂုဏ်သတ္တိများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောင်းလဲစေမှု၊ သက်ရောက်စေမှုတစ်ရပ်ရပ်ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေ၏ အခန်း (၁၄)၊ ၃၉ ပုဒ်မခွဲ (က) အရ အကြောင်းကြားချက်ကို လက်ခံရရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ကြိုတင်ခွင့်ပြုချက်ပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထုတ်ပေးထားသောလိုင်စင်၊ ခွင့်ပြုချက် (သို့) မှတ်ပုံတင်ကို ပယ်ဖျက်ခြင်း (သို့) ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်သည်ဟု ပါရှိသည်။

ထိုသို့ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ယနေ့အထိ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဖြစ်ပေါ်နေသည့် ပြဿနာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအကြားက ပဋိပက္ခများ ကြီးထွားနေဆဲပင်။

“ပြစ်မှုကျူးလွန်သူကို တိုင်တောဖို့ တစ်ခါ ဝန်ကြီးရဲ့ ခွင့်ပြုချက်ယူရသေးတယ်။ ဥပဒေက အားနည်းတာလည်းပါတယ်” ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ထောက်ပြသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေမှာ ၂၀၁၂ ခုနှစ်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်းနည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ နိုင်ငံတကာစံချိန်စံညွှန်းများမှာ ဥပဒေထွက်ပေါ်ပြီးနောက်ပိုင်းတွင် ဆက်တိုက်မပါလာသည့်အတွက် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်နေရဆဲဖြစ်ကြောင်း မြန်မာ့အစိမ်းရောင်ကွန်ရက်မှ တည်ထောင်သူ ဒေါ်ဒေဝီသန့်စင်က ဝါးနက်ချောင်းဒေသခံများ၏ သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ခဲ့သည်။

ဥပဒေတစ်ခုကိုထိန်းချုပ်နိုင်ရန်အတွက် နည်းဥပဒေလိုအပ်ပြီး ထိုနည်းဥပဒေ၏ ပဲ့ကိုင်မှုဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဟု ၎င်းကဆိုသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေမှာ ၂၀၁၄ ခုနှစ်မှ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေနောက်ဆုံးတွင်မူ ထိုစက်ရုံများအနီး နေထိုင်ကြသော ဦးဖိုးထူးတို့လို ဒေသခံများမှာ နဖူးတွေ့ဒူးတွေ့ဆိုးကျိုးများကို ရင်ဆိုင်ကြရမည်ဖြစ်သဖြင့် နားထောင်သူမဲ့နေသော ၎င်းတို့၏အသံများကို သက်ဆိုင်ရာ တာဝန်ရှိသူများကြားသိနိုင်ရန် လိုအပ်လှသည်။

အဆိုးကျော့သံသရာထဲမှ စိုးရိမ်သံများလည်း ပိုမိုကျယ်လောင်လာပြီဖြစ်သည်။

အစိုးရအနေနှင့် စက်ရုံများကိုယင်းကဲ့သို့ မဖြစ်စေရန် နည်းပညာနှင့် ငွေကြေးပိုင်းကူညီသင့်ပြီး ရေဆိုးသန့်စင်ရန် ရန်ပုံ ငွေထူထောင်ပေးခြင်း၊ ငွေကြေးစိုက်ထုတ်ချေးခြင်းမျိုး လုပ်သင့်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်လာသော အငြင်းပွားမှုမျိုးကိုလည်း နည်းလမ်းမှန်ဖြင့် ဖြေရှင်းပေးရန်လည်းလိုကြောင်း ဦးဝင်းမျိုးသူက အကြံပေးသည်။

“ဒီလိုမှမဟုတ်ရင် မထူးဇာတ်ခင်းပြီးတော့ လုပ်နေကြမှာပဲ” ဟု ၎င်းက ဆိုသည်။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *