ပါဝါရဲ့ အနာဂတ်

ပါဝါဂုရုကြီးဖြစ်တဲ့ Joseph Nye ရေးထားတဲ့ စာအုပ်ကို ဒီတစ်ပတ်ညွှန်းချင်တယ်။ ၂၀၁၁ လောက်က ရေးထားတဲ့ စာအုပ်ဖြစ်ပေမယ့် ဒီစာအုပ်ရဲ့ ရိုက်ချက်က ပြင်းနေတုန်းပါ။

ပါဝါဆိုတာ ကိုယ့်အလိုကို လူတွေ (နိုင်ငံတွေ) လိုက်အောင်လုပ်နိုင်တဲ့ စွမ်းရည်ဖြစ်တယ်။ အင်အားသုံးတာက ပါဝါကြမ်း။ စည်းရုံးတာ၊ နှစ်လိုဖွယ်ဖြစ်အောင် နေတာက ပါဝါနု။ ပါဝါကြမ်းက တွန်းတာ Push ၊ ပါဝါနုက ဆွဲတာ Pull ဖြစ်တယ်။

ပါဝါနုကို အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု (တခြားသူတွေ နှစ်သက်နေဦးမှ)၊ သူတန်ဖိုးထားတဲ့အရာတွေ (အများနှစ်လိုဖွယ်ရှိပြီး ကာယကံရှင်ကိုယ်တိုင်လည်း ကျင့်သုံးနေရမယ်) နဲ့ သူ့ မူဝါဒတွေ ( အားလုံးပါဝင်လို့ ရတယ်၊ သဘာဝကျတယ်) နဲ့ တည်ဆောက်ထားတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို သဘောကျနေရင်၊ ကိုယ့် ထုတ်ကုန်တွေကို မြတ်နိုးနေရင်၊ ကိုယ့်နိုင်ငံရဲ့ မူဝါဒတွေဟာ တရားနည်းလမ်းကျနေရင် ကိုယ့်အလိုကို တခြားသူတွေက ပိုလိုက်လျောတယ်။ အင်္ဂလန်တက္ကသိုလ်က ကျောင်းဆင်းလာသူတွေဟာ အင်္ဂလန်ကို သံယောဇဉ်ရှိတယ်။ အမေရိကန်သမ္မတ အိုဘားမားလာတုန်းက မြန်မာတွေ ရင်ခုန်စိတ်လှုပ်ရှားနေကြတာ ဝက်ဝက်ကွဲ။

ပါဝါနုဟာ ကိုယ့်အလို အလိုလိုပြည့်စေတယ်လို့ သဘောပေါက်လာတဲ့အတွက် ပါဝါနုကို တည်ဆောက်လာတယ်။ မြန်မာပြည်က အရေးကြီးပုဂ္ဂိုလ်တွေကို တရုတ်က အလည်အပတ်ပိုဖိတ်လာတာဟာ၊ အမေရိကန်နိုင်ငံကို ဖိတ်ခေါ်လည်ပတ်စေတဲ့ လေ့ကျင့်သင်ကြားပေးတဲ့ အစီအစဉ်တွေဟာ ဒီသဘောပါ။ ဒါပေမဲ့ ပါဝါနုဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ ၉၆ ပါး ပျောက်ဆေးတော့ မဟုတ်ဘူး။ မြောက်ကိုရီးယား အာဏာရှင် Kim အမေရိကန် ဟောလိဝုဒ်ရုပ်ရှင်တွေ ကြိုက်တာက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ်ပေါ်တော့ သိပ်မသက်ရောက်ဘူး။ အယ်လ်ကေးဒါးတွေကို အာဖဂနစ္စတန် တာလီဘန် အစိုးရက မဆက်ဆံအောင် အမေရိကန်က ဆွဲဆောင်စည်းရုံးတာ အရာမရောက်ဘဲ စစ်အင်အားနဲ့ပဲ တိုက်ခဲ့ရတယ်။ ဒါ့ကြောင့် ပါဝါကြမ်းနဲ့ ပါဝါနုကိုတွဲပြီး သုံးနိုင်တဲ့ ပါဝါလိမ္မာ Smart Power ကသာ အကောင်းဆုံးဖြစ်တယ်။

ပါဝါနုနဲ့ ပါဝါကြမ်း ဘယ်ဟာက ပိုကောင်းလဲ ဒီတိုင်း အလွတ်ပြောမရဘူးလို့ Joseph Nye က ပြောတယ်။ အဓိကက Context ပေါ် တည်တယ်။ မြည်းကို ရေသောက်ဆင်းဖို့ ချောင်းနားခေါ်ချင်ရင် တုတ်ထက် မုန်လာဥနီနဲ့ခေါ်တာက ထိရောက်တယ်။ ဒါပေမဲ့ ကိုယ့် ပြိုင်ဘက်ပိုင် မြည်းကို အပျောက်ရှင်းချင်ရင်တော့ မုန်လာဥနီထက် သေနတ်က ပိုထိရောက်တယ်။

အခြေအနေပေါ်မူတည်ပြီး ပါဝါရင်းမြစ်တစ်ခုတည်းကနေ ပါဝါကြမ်းရော ပါဝါနုပါထွက်နိုင်တယ်။ ဥပမာ – စစ်ပါဝါ Military Power ကို ပါဝါကြမ်းလို့ပဲ လူအများစု ထင်ကြတယ်။ ဒါပေမဲ့ တကယ်က အခြေအနေပေါ်ပဲ တည်တယ်။ စစ်တပ်ကိုသုံးပြီး တိုက်မယ် ခိုက်မယ်၊ ဒါမှမဟုတ် ခြိမ်းခြောက်မယ်ဆိုရင် ဒါ ပါဝါကြမ်း။ ဒါပေမဲ့ စစ်တပ်ကပဲ သဘာဝဘေးအန္တရာယ်ကျရောက်တာတွေကို သွားကယ်တယ် ဆိုရင် ဒါပါဝါနုလို့ Joseph Nye က ပြောတယ်။ စစ်တပ်ကောင်းဟာ တခြားသူတွေ နှစ်လိုဖွယ်ဖြစ်နိုင်တယ်။ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တာ၊ လေ့ကျင့်ခန်း တွေ ပေါင်းလုပ်တာဟာ ကမ္ဘာအနှံ့ကွန်ရက်တွေ၊ မိတ်ဆွေ တွေဖြစ်စေပြီး နိုင်ငံရဲ့ပါဝါနုကို တက်စေတယ်။

စီးပွားပါဝါ Economic Power ဆိုလည်း ဒီလိုပဲ။ ပါဝါကြမ်းရော ပါဝါနုရော ထွက်နိုင်တယ်။ နိုင်ငံအချင်းချင်း အခင်းဖြစ်တဲ့အခါ ပါဝါကြမ်းအဖြစ် စစ်တိုက်ရင်နိုင်ဖို့ အင်အားတောင့်တင်းတဲ့ စစ်တပ် တည်ဆောက်ထားရမယ်၊ ဒီအတွက် နိုင်ငံ့စီးပွားတောင့်ရမယ်။ တရုတ်တို့ ဥရောပ သမဂ္ဂတို့ရဲ့ ပါဝါနုအားကောင်းလာတာ၊ ဒီအဖွဲ့တွေကို ပေါင်းချင်သင်းချင်သူများလာတာဟာ သူတို့စီးပွားရေး ကောင်းလာလို့ အများကြီးပါတယ်။ ပြည်ပအကူအညီ အထောက်အပံ့တွေဟာ ချစ်ခင်နှစ်သက်မှုကို ဖြစ်စေတဲ့ အတွက် ပါဝါနုဖြစ်တယ်။ ဒါပေမဲ့ အထောက်အပံ့တွေ မပေးတော့ဘူး ဖြတ်မယ် တောက်မယ်ဆိုရင် ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာဖြစ်တဲ့အတွက် ပါဝါကြမ်း။ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေဟာလည်း ဒီတိုင်းပါ။ ပိတ်မယ် ဆို့မယ် ပိတ်တယ် ဆို့တယ်ဆို ပါဝါကြမ်း။ ပိတ်တာဆို့တာတွေ ရုပ်သိမ်းမယ်ဆိုရင် ပါဝါနု။ ဘယ်နိုင်ငံမဆို သူတို့ အကျိုးစီးပွားအတွက် စီးပွားရေးပါဝါကို သုံးတတ်ကြတယ်။ နော်ဝေဆိုရင် လူငါးသန်းလောက်ပဲရှိပေမယ့် ကမ္ဘာအနှံ့ ငြိမ်းချမ်းရေးမှာ ကူညီထောက်ပံ့တဲ့အတွက် ပါဝါနုက အရွယ်နဲ့မလိုက် ကြီးတယ်။
သတင်းနည်းပညာတွေ ခုန်ပျံကျော်လွှားတိုး တက်လာတဲ့ ကနေ့ခေတ်မှာ Cyberpower အရေးသိပ်ကြီးလာပြီ။ ကွန်ပျူတာကွန်ရက် အင်တာနက်လောက Cyberspaceနဲ့ ဆိုင်တဲ့ ပါဝါပါ။ ဆက်သွယ်ရေး စရိတ်တွေ ဈေးပေါသွားတာ၊ လွယ်သွားတာကြောင့် ကမ္ဘာ့နိုင်ငံရေးဟာ နိုင်ငံတော်တွေရဲ့ အရာသာမဟုတ်တော့ဘဲ အားလုံးဝင်ကစားနိုင်တဲ့နေရာ ဖြစ်လာတယ်။ ကော်ပိုရေးရှင်းတွေ၊ NGO တွေ၊ အကြမ်းဖက်သမားတွေ၊ လူပုဂ္ဂိုလ်တွေဟာ ကမ္ဘာ့နိုင်ငံရေးမှာ တိုက်ရိုက်ဝင်ပါနိုင်လာတယ်။ နောက်ထူးခြားချက်က နိုင်ငံတော်တွေရဲ့ ပါဝါက Cyber လောကမှာ ပြောင်း သွားတယ်။ ဥပမာ – သက်ဆိုင်ရာနိုင်ငံရဲ့ ဝေဟင်၊ မြေပြင်တွေကို နိုင်ငံရဲ့ လေတပ်၊ ကြည်းတပ်တွေက စိုးမိုးနိုင်ပေမယ့် Cyber လောကမှာတော့ အဲဒီလိုမဟုတ်ဘူး။ non-state actor လို့ခေါ်တဲ့ နိုင်ငံတော် မဟုတ်တဲ့ player တွေရဲ့ ပါဝါဟာ အရွယ်နဲ့ မလိုက်အောင်ကြီးလာတယ်။

စာအုပ်အစမှာ ရည်ညွှန်းထားတဲ့ စာပိုဒ်နဲ့ စာအုပ် ညွှန်းကို အဆုံးသတ်ချင်ပါတယ်။ ‘ဘယ်လိုရင်းမြစ်တွေက ပါဝါကို ထုတ်လုပ်ပေးနိုင်လဲ။ ရွှေတုံးတွေနဲ့ ကိုလိုနီတွေပိုင်တဲ့ စပိန်ဟာ ၁၆ ရာစုမှာ အထက်စီးရတယ်။ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးကနေ နယ်သာလန် အမြတ်ထွက်တာ ၁၇ရာစု။ ပိုများတဲ့ လူဦးရေနဲ့ စစ်တပ်တွေကြောင့် ပြင်သစ် ၁၈ ရာစု မှာ တက်လာတယ်။ ရေတပ်တော်နဲ့ စက်မှုတော်လှန်ရေးမှာ ထိပ်တန်းရောက်တာတို့အပေါ်မှာ ဗြိတိန်ရဲ့ ပါဝါတည်နေတာ ၁၉ ရာစု။ အကြီးဆုံးစစ်တပ်ရှိတဲ့ နိုင်ငံပဲ အထက်စီး ရောက်တယ်လို့ သမားရိုးကျမြင်ကြပေမယ့် သတင်းအချက် အလက်ခေတ်မှာ အကောင်းဆုံးဇာတ်လမ်းရှင်နိုင်ငံ (နိုင်ငံ မဟုတ်သော Player များ) ကပဲ အနိုင်ရလိမ့်မယ် … ၂၀၀၁ စက်တင်ဘာ ၁၁ မှာ နိုင်ငံမဟုတ်တဲ့ Player က သတ်လိုက်တဲ့ နယူးယောက်က လူအရေအတွက်ဟာ ဒုတိယကမ္ဘာစစ်မှာ ဂျပန်ဆိုတဲ့နိုင်ငံက ပုလဲဆိပ်ကမ်းမှာ သတ်လိုက်တဲ့လူတွေထက် ပိုများတယ်။’

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *