“ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရကတော့ သေဒဏ်ကို အတည်ပြုနိုင်ပါတယ်”

ဥပဒေအကြံပေးပုဂ္ဂိုလ် ဦးခင်မောင်မြင့်နှင့် တွေ့ဆုံခြင်း

ကလေးသူငယ်များ အဓမ္မကျင့်သတ်ဖြတ်ခံရသည့် အမှုအခင်းများ မကြာခဏဖြစ်ပေါ်နေသောကြောင့် ပြည်သူလူထုနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက ကျူးလွန်သူကို သေဒဏ်ပေးစေလိုကြောင်း တောင်းဆိုဆန္ဒပြလျက်ရှိသည်။ ထိုသို့ တောင်းဆိုနေသူတို့ ကင်ပွန်းတပ်ထားသည့် ‘သက်ငယ်မုဒိမ်း’ ဆိုသော ဝေါဟာရနှင့် ယင်းသို့ကျူးလွန်မှုကို သေဒဏ်ပေးနိုင်ခြင်း ရှိ မရှိ ဥပဒေကြောင်းအရ ရှင်းလင်းစွာသိရှိရန် လိုအပ်လာသည်။ ထို့ကြောင့် နာမည်ကျော် ၆၆ (ဃ) ပုဒ်မဖြင့် တရားစွဲဆိုခံရသူ မီဒီယာလောကသားများဘက်မှ ဥပဒေရေးရာ အကူအညီပေးခဲ့သူ ဦးခင်မောင်မြင့် (ဥပဒေအကြံပေး) နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး – သက်ငယ်မုဒိမ်း သေဒဏ်ပေးဆိုပြီး လူမှုကွန်ရက်တွေမှာရော၊ အပြင်မှာပါ တောင်းဆိုနေကြတယ်ဆရာ။ သက်ငယ်မုဒိမ်းဆိုတဲ့ စကားလုံးဟာ ဥပဒေအရ ဘယ်လိုအကျုံးဝင်လဲ၊ ဘယ်လို မုဒိမ်းမှုမျိုးကို ခေါ်ဆိုတာလဲဆရာ။

ဖြေ – ဒီမေးခွန်းက အင်မတန်အရေးကြီးတယ်။ အခု လူတွေပြောပြောနေတဲ့ ‘သက်ငယ်မုဒိမ်း’ ဆိုတဲ့ စကားလုံးရဲ့ Definition က ဘယ်ဥပဒေမှာမှ မပါသေးပါဘူး။ အထူးသဖြင့် ဒီလိုအမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးမှာလည်း သက်ငယ်မုဒိမ်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မတွေ့ဘူး။ အခြားအထူးဥပဒေမှာလည်း မတွေ့ဘူး။ သူနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကလေးသူငယ်ဥပဒေမှာ ကြည့်လိုက်တော့လည်း ကလေးသူငယ်နဲ့ လူငယ်ဆိုတာကို ကလေးသူငယ်ဥပဒေပုဒ်မ ၂(က) နဲ့ (ခ) မှာ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို တွေ့ရ တယ်။ ကလေးသူငယ်ဆိုတာက အသက် ၁၆ နှစ်မပြည့်သေးသောသူ၊ လူငယ်ဆိုတာက အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသောသူဆိုပြီး ဖွင့်ဆိုထားတယ်။

အဲဒီတော့ အခုတောင်းဆိုနေကြတဲ့ လတ်တလော သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတဲ့ သက်ငယ်မုဒိမ်းဆိုတာက ဘယ်သူ့ကိုပြောတာလဲ။ ကျူးလွန်းသူ ယောက်ျားလေးအသက်ငယ်တာကို ပြောတာလား။ ပြုကျင့်ခံရသူ မိန်းကလေး အသက်ငယ်တာကို ပြောတာလားဆိုတဲ့ ဒီ Definition ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းပေးဖို့ လိုတယ်။ ဘာကြောင့်လဲဆိုရင် ကလေးသူငယ်ဥပဒေပုဒ်မ ၄၅၊ ၄၆ မှာ အတိအလင်းပြဋ္ဌာန်းထားတာရှိတယ်။ အကယ်၍ ပြုကျင့်တဲ့သူ (ကျူးလွန်သူ) ယောက်ျားလေးက အသက် ၁၆ နှစ်အောက် ကလေးသူငယ်ဖြစ်နေမယ် ဆိုရင် ကလေးသူငယ်ဥပဒေပုဒ်မ ၄၅ မှာ တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ မည်သည့် ကလေးသူငယ်ကိုမျှ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် သို့မဟုတ် ကြိမ်ဒဏ်ချမှတ် ခြင်းမပြုရဆိုပြီး အတိအလင်းပြဋ္ဌာန်းထားတာ ရှိတယ်။

အကယ်၍ သက်ငယ်မုဒိမ်းဆိုတာသည် ပြုကျင့်ခံရသူ မိန်းကလေးကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်လည်း ဒီကနေ့အထိ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘယ်ဥပဒေထဲမှာမှ ပြဋ္ဌာန်းချက် မရှိသေးဘူး။ အခုလူတွေကရော မီဒီယာတွေကရော လွယ်လွယ်ကင်ပွန်းတပ်ပြီး ပြောနေပေမယ့်လည်း ဥပဒေထဲမှာမရှိတဲ့ အခေါ်အဝေါ်တစ်ခုအတွက် တောင်းဆိုနေကြတယ်။ အဲဒါ ကြောင့် နံပါတ် (၁) က သက်ငယ်မုဒိမ်း ဆိုတာကို တိတိကျကျ ပြဋ္ဌာန်းဖွင့်ဆိုနိုင်ဖို့ လိုအပ်နေပါတယ်။ သက်ငယ်မုဒိမ်းဆိုတာကို အခုတည်ဆဲဥပဒေ ဘယ် ဥပဒေမှာမှ အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိပါဘူး။

မေး – သေဒဏ်ပေးဖို့တောင်းဆိုနေကြတော့ သေဒဏ်အကြောင်းကိုလည်း ပြောပြပေးပါဦးဆရာ။

ဖြေ – သေဒဏ်အကြောင်းပြောရမယ်ဆိုရင် တော့ ပထမတစ်ပိုင်းက သေဒဏ်ပြစ်ဒဏ်ချမှတ်တာပေါ့။ သေဒဏ်ပြစ်ဒဏ်ချမှတ်တာက တရားရုံးအသီးသီးက တည်ဆဲဥပဒေများနှင့်အညီ ချမှတ်ပေးလို့ရတယ်။ ဒါပေမဲ့ အဲဒီလိုအမိန့်ချလိုက်ပေမယ့် အဲဒါက သေသေးတာ မဟုတ်ဘူး။ ပြစ်ဒဏ်ကို အကောင်အထည်ဖော်ဖို့ကြတော့ အမြင့်ဆုံးတရားရုံးက အယူခံကို ပယ်ချတာဖြစ်ရမယ်။ သို့သော် ဒီသေဒဏ်အတည်ပြုခြင်းကို ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ်ကသာလျှင် ဆောင်ရွက် နိုင်ပါတယ်။ ဒါကြောင့် အခု ၂၀၁၁ နောက်ပိုင်း ပြည်သူက ရွေးကောက်တင်မြှောက်တဲ့အရပ်သား အစိုးရကတော့ သေဒဏ်ကို အတည်ပြုနိုင်ပါတယ်။

မေး – ဒါပေမဲ့ ၂၀၁၁ နောက်ပိုင်း သမ္မတ ဦးသိန်းစိန်နဲ့ အခုလက်ရှိ ဦးထင်ကျော် လက်ထက်မှာရော ဘာဖြစ်လို့ သေဒဏ်ပြစ်ဒဏ် ပေးခြင်းမရှိသေးတာလဲဆရာ။

ဖြေ  အခု တရားရုံးကနေ သေဒဏ်အမိန့်ကို ချလိုက်တဲ့အခါ ဆရာတို့နိုင်ငံက အင်္ဂလန်တရားစီရင်ရေးစနစ်ကနေ ဆင်းသက်လာတာကြောင့် ကျင့်သုံးနေတဲ့ တရားစီရင်ရေးစနစ်အရ ဒီပြစ်ဒဏ်အတွက် အယူခံခွင့်အခွင့်အရေး အဆင့်ဆင့်ရှိတယ်။ အချို့ နိုင်ငံတွေ အခုအမိန့်ချလိုက်တယ်။ အခုပဲ ကွပ်မျက်တယ်ဆိုတာမျိုးရှိတယ်။ ဥပမာ – တရုတ်လိုနိုင်ငံမျိုးပေါ့။
သေဒဏ်ကို ချမှတ်နိုင်တဲ့တရားရုံးသည် ခရိုင်တရားရုံးက ချမှတ်လို့ ရတယ်။ အဲဒီတော့ သူသည် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်ကို အယူခံခွင့်ရှိတယ်။

အဲဒီမှာ အယူခံရှုံးရင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှာ အယူခံခွင့်ရှိတယ်။ အဲဒီမှာလည်း တစ်ဦးထိုင်မှာ ရှုံးမယ် ဆိုပါစို့။ ဒါဆို နှစ်ဦးထိုင်ကို တက်လို့ရတယ်။ ပြီးရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ခုနစ်ဦးထိုင်တဲ့ စုံညီခုံရုံးကို အယူခံ တက်ခွင့်ရှိတယ်။ အဲဒီစုံညီခုံရုံးကနေ သူ့အယူခံပယ်လိုက်ရင်တောင် သမ္မတကြီးထံ အသနားခံစာတင်ခွင့် ရှိတယ်။ အဲဒီလိုတင်တဲ့ အသနားခံစာပယ်လိုက်ပြီဆိုမှ သေဒဏ်အတည်ပြုမိန့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ပေးတာ။ ဒီလို အဆင့်ဆင့်ကို ဖြတ်သန်းကြတဲ့အခါ အခုလက်ရှိအချိန်ထိ နိုင်ငံတော်သမ္မတဆီကို အသနားခံစာတင်တဲ့အထိကို မရောက်ကြသေးဘူး။ အယူခံအဆင့်မှာပဲ ကြန့်ကြာနေကြတဲ့အမှုတွေဖြစ်တဲ့အတွက် အခုအကျဉ်းထောင် အသီးသီးမှာ သေဒဏ်ချမှတ်ခံထားသော ပုဂ္ဂိုလ်တွေသည် မည်သူတစ်ဦးတစ်ယောက်မှ ၂၀၁၁ ကနေ ယခုအချိန်အထိ သေဒဏ်ပြစ်ဒဏ် ကွပ်မျက်ခြင်း (သေဒဏ်အတည်ပြုခြင်း) လုံးဝမရှိသေးပါဘူး။

မေး – သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးဆိုပြီး အခုတောင်းဆိုနေကြသလို သေဒဏ်ပေးဖို့ကို ဥပဒေအရ တောင်းဆိုဖို့ လိုအပ်ပါသလား ဆရာ။

ဖြေ – ၁၉၇၃ ခုနှစ် စကားရပ်များ အနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေမှာက ရှေ့မှာ ရှိနှင့်ပြီး ဥပဒေတွေနဲ့ ပြည့်စုံလုံလောက်နေတယ်ဆိုရင် နောက်ထပ်ဥပဒေတစ်ရပ် မပြဋ္ဌာန်းဖို့ ကန့်သတ်ထားတာရှိတယ်။ အဲဒီတော့ တည်ဆဲဥပဒေတွေ လုံလောက်နေသလားလို့ ဆန်းစစ်လေ့လာလိုက်တဲ့အခါ အခု လူထုတောင်းဆိုနေကြတဲ့ သေဒဏ်ပေးဖို့ ပြစ်မှုမျိုးတွေသည် တည်ဆဲဥပဒေအရလည်း သေဒဏ်ပေးကို ပေးရမယ်ဆိုတဲ့အခြေအနေရှိတယ်ဆိုတာ တွေ့ရတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ မှာ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတာတွေ့ရတယ်။

ဒါကြောင့် သူဟာ မုဒိမ်းမှုတစ်ခုထဲကို ကျူးလွန်ရင် အမြင့်ဆုံးအားဖြင့် တစ်သက်တစ်ကျွန်းဒဏ်ကို ကျခံရဖို့ ပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။
ဒါကိုပြုကျင့်နေရင်းနဲ့ ပြုကျင့်ခံရတဲ့ ကလေး သို့မဟုတ် မိန်းကလေး သေဆုံးသွားတယ်ဆိုရင်တော့ သူဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ သေဒဏ်ပေးကို ပေးရမယ့် အခြေအနေပေါ်ပေါက် သွားတယ်။ ပုဒ်မ ၃၀၂၊ ၁ – က မှာ တစ်သက်တစ်ကျွန်းဒဏ် စီရင်ခြင်းခံနေရစဉ်အတွင်း လူသတ်မှုကို ကျူးလွန်ခဲ့မယ်ဆိုရင် သေဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထာတယ်။ အခုလို ရာဇသတ်ကြီးမှာ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့အတွက် ဆရာတို့အမြင်မှာတော့ နောက်ထပ် ဒါကို အသစ်ပြဋ္ဌာန်းပေးဖို့ မလိုအပ်ပါဘူး။

မေး – ပြည်သူလူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဘာတွေ လုပ်သင့်လဲဆရာ။

ဖြေ – ဒီလိုဖြစ်ရတာက တရားစီရင်ရေးကဏ္ဍမှာ တည်ဆဲဥပဒေတွေအတိုင်း ပြစ်ဒဏ်တွေကို စီရင်မှုမပြုဘူး။ တရားစီရင်ရေးကဏ္ဍရဲ့ ချို့ယွင်းမှုတွေကြောင့် ဖြစ်နေတယ်လို့ ဆရာတို့က ဒီအတိုင်း သုံးသပ်တယ်။ ဒီလိုပြစ်မှုမျိုးတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက်က တရားရုံးအဆင့်ဆင့်ရဲ့ လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက စောင့်ကြည့်ပြီးတော့မှ တည်ဆဲဥပဒေတွေအတိုင်း စစ်ဆေးစီရင်ဖို့ ထိန်းသိမ်းကွပ်ကဲနိုင်ကြမယ်ဆိုရင် အခုတောင်းဆိုနေတဲ့ သေဒဏ်ပေးဖို့ဆိုတာ အလိုအလျောက်ဥပဒေအရ ဖြစ်သွားမှာပဲ။ နောက်ပြီး တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ဆေးဘက်ဆိုင်ရာအမှုအခင်းတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ တရားရုံးအဆင့်ဆင့်တွေ ဒီအဆင့်တွေမှာ တည်ဆဲဥပဒေအရ ပြဋ္ဌာန်းထား တဲ့အတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်ဖို့အပိုင်းကို အာရုံစူးစိုက်ပြီး တွန်းအားပေးဖို့ လိုအပ်ပါတယ်လို့ မြင်ပါတယ်။

မေအင်ကြင်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *