ရှေးဟောင်းအမွေအနှစ်မြေ၏ အနာဂတ်

အနောက်ဘက်သို့ တအိအိတိုးဝင်နေသည့် လိမ္မော်ရောင်နေလုံးမှ အလင်းရောင်အချို့က နီစွေးစွေးပုဂံစေတီပုထိုးများအကြားတွင် ပြန့်ကြဲနေသည်။

နေဝင်ဆည်းဆာချိန်နှင့် ဝင့်ဝင့်ထည်ထည်ရှိနေသော စေတီပုထိုးများ စပ်ယှက်လှပနေခြင်းက မဟာပုဂံ၏ အလှတစ်ခုဖြစ်သလို ထိုအလှတရားများကြောင့်ပင် မဟာပုဂံမှာ ကမ္ဘာအထိ ကျော်ကြားခဲ့သည် မဟုတ်ပါလော။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသူအများစုတွင် ရှေးဟောင်းလက်ရာများစွာ ကျန်ရှိနေသေးသော စေတီပုထိုးများကို လေ့လာ လိုသူများစွာရှိသလို ပုဂံတစ်မြို့လုံးရှိ စေတီပုထိုးများနှင့် နေဝင်နေထွက်ချိန်ကို တွဲစပ်၍ကြည့်ရှုသည့် အရသာကို ခံစားလိုသူများလည်း ရှိသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလလယ်အထိ ထိုမြင်ကွင်းကို တစိမ့်စိမ့် ကြည့်ရှုခံစားရင်း တွေးသူ၊ ဆွေးသူ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာနှင့် ပုဂံဘုရားများပေါ်တွင် ပြည့်နှက်နေခဲ့သေးသည်။

ယခုမူ နေဝင်နေထွက်ကြည့်ရှုရန် စေတီများအပေါ်တက်ရောက်ခြင်းကို ပိတ်ပင်လိုက်ပြီး ပုဂံမြို့ဟောင်းအတွင်း လူလုပ်မြေကုန်းများ ပေါ်လာခဲ့လေသည်။ နေဝင်၊ နေထွက်(Sunset, Sunrise) ကြည့်ရှုရန် ဘုရားပေါ်သို့ တက်ရောက်မည့် ခရီးသွားများအတွက် အစားထိုးသည့်အနေဖြင့် ပြုလုပ်လိုက်ခြင်းပင်။

“ကုန်းလုပ်လိုက်တဲ့အတွက်ကြောင့် ဘုရားပေါ်တက်တဲ့သူတွေကို လျှော့ချသွားနိုင်တယ်” ဟု ရှေးဟောင်း သုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆိုသည်။

မြေကုန်းများမှာ ပုဂံမြို့ဟောင်းအတွင်း အသင့်ရှိနေသော ၁၃ ရာစု ရှေးဟောင်းရေကန်များအတွင်းက မြေကို ယူပြီး အဆိုပါကန်များ၏ ကန်ပေါင်များမှ မြေကြီးများကို ထပ်မံမြင့်တင်ကာ ကုန်းပုံစံ ပြုလုပ်ထားခြင်းဖြစ်သည်။ အမြင့်ပေ ၁၇၊ ၁၈ ပေခန့်ရှိ တောင်ကုန်းများပုံစံ ဖြစ်ပြီး လူ ၃၀၀ ခန့် တက်ရောက်နိုင်သောနေရာပင်။

ပုဂံဘုရားများ ရေရှည်ကြံ့ခိုင်မှုအတွက် ဘုရားများပေါ်သို့ နေဝင်နေထွက် ကြည့်ရန် ရေရှည်တွင် တက်ရောက်ခွင့်မပြုဘဲ ကန်ပေါင်များဘေးတွင် ပြုလုပ်ပါက သင့်လျော်မည်ဟု ယူဆကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ပုဂံသို့ သွားရောက်ခဲ့စဉ် ပြောကြားခဲ့သည်။

ထို့နောက်တွင် တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်မှုနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဦးဆောင်၍ ဒေသမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

မြေကုန်းများကို ပုဂံမြို့ဟောင်းရှိ စူဠာမဏိဘုရားအနီးမှ စူဠာမဏိကန်၊ သပိတ်မှောက်ဘုရားအနီးမှ ညောင်လက်ဖက်ကန်နှင့် ပြဿဒ်ကြီးဘုရားအနီးမှ ကိုမောက်ကန်တို့တွင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဆက်လက်၍ မင်းနန်သူကန်နှင့် ပုဂံမြို့သစ်သို့သွားသော လမ်းအနီးမှ မရိုးကန်တို့တွင်လည်း ပြုလုပ်မည့် အစီအစဉ်ရှိနေသည်။

သက်တမ်းနှစ်ပေါင်းထောင်ချီရှိနေသော လိုဏ်ပါဝင်သည့် ပုဂံစေတီပုထိုးများနှင့် အုတ်ကျောင်းများ၏ အတွင်း လိုဏ်ဂူများတွင် သံတံခါးများကို တပ်ဆင်လိုက်ပြီဖြစ်ရာ လောလောဆယ်အထိ စေတီပုထိုး ၄၀ ကျော် တပ်ဆင်ပြီးစီးခဲ့ပြီ ဖြစ်သည်။ လိုဏ်ပါရှိသော စေတီများနှင့် အပေါ်သို့တက်ရောက်နိုင်သည့် အုတ်ကျောင်းများ၏ ရေရှည်ကြံ့ခိုင်မှုနှင့် တက်ရောက်သူများ တစ်စုံတစ်ရာ အန္တရာယ် မဖြစ်စေရန် ရည်ရွယ်တပ်ဆင်လိုက်ခြင်း ဖြစ်သည်။

“ဘုရားတွေရဲ့ ရေရှည်ကြံ့ခိုင်မှုအတွက်ရော၊ အန္တရာယ်မဖြစ်စေဖို့ရေပေါ့” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ယင်းသို့ စီစဉ်ပြောင်းလဲအစားထိုးခြင်း၏ တစ်ဖက်ခြမ်းတွင်မူ ခြားနားမှုများက ရှိနေသည်။

ထိုအစားထိုးမြေကုန်းများပေါ်က မြင်တွေ့ရသည့် ပုဂံရှုမျှော်ခင်းနှင့် စေတီပုထိုးများပေါ်က မြင်တွေ့ရသည့် ရှုမျှော်ခင်းအရသာ ကွာခြားကာ မြေကုန်းများကို ပြည်တွင်းပြည်ပခရီးသွားများ နှစ်ခြိုက်မှုမရှိလှဟု ပုဂံဒေသရှိ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

ထို့ပြင် ပြီးစီးသွားသော မြေကုန်းသုံးခုတွင် နေဝင်ချိန်ကို ကြည့်ရှုနိုင်သော်လည်း နေထွက်ချိန်ကို မမြင်ရသည့် မြေကုန်းတစ်ခုက ပါဝင်နေပြန်သည်။

“ညောင်လက်ဖက်ကန်ဆိုရင် အနောက်ဘက်ကိုပဲ ကြည့်လို့ရတယ်။ နေထွက်ချိန်ကို ကြည့်လို့မရဘူး။ ရွှေဆံတော်တုန်းကတော့ ပတ်ပတ်လည်ပြလို့ ရတယ်”ဟု ဦးဇော်ဝင်းချိုက ဆိုသည်။ ၎င်းမှာ မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း (ပုဂံဇုန်)၏ နာယကတစ်ဦးဖြစ်သလို ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Bagan , Heritage Turst)တွင် အတွင်းရေးမှူးအဖြစ် ပါဝင်သူလည်း ဖြစ်သည်။

ထိုမြေကုန်းများအနက်မှ အနောက်ဖွားစောရွာရှိ ကိုမောက်ကန်ကို ဦးစွာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုန်းအနေအထားမှာ တက်ရောက်သူများအတွက် အဆင်မပြေသောကြောင့် လက်ရှိတွင်လည်း သွားရောက်သူ နည်းပါးလျက် ရှိသည်။

မြေကုန်းများမှာ ရှုခင်းကြည့်ရှုရန် ကောင်းမွန်သည့် နေရာများကို ရွေးချယ် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဆိုသည်။

“မြင်ကွင်းကတော့ မတူနိုင်ဘူး။ ဒါပေမဲ့ ရှေးဟောင်းနယ်မြေဖြစ်တဲ့အတွက် ဘုရားတွေရဲ့မြင်ကွင်းကို မကွယ်အောင်လို့ ရှေးဟောင်းက သတ်မှတ်ပေးတဲ့ အမြင့်ပေအတိုင်းပဲ ကုန်းတွေကို လုပ်ထားရတာ”ဟု ဦးစိုးတင့်က ပြောပြသည်။

ပုဂံဒေသ၏ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် Sunset ကြည့်ရှုခြင်းမှာ ယင်းသို့ အခြေအနေဖြစ်နေသောကြောင့် လာမည့် ၂၀၁၉ ခုနှစ်ခရီးသွားရာသီတွင် ပုဂံသို့ ပြည်ပဧည့်အဝင်လျော့ကျနိုင်သည်ဟု ဦးဇော်ဝင်းချိုက သုံးသပ်သည်။

“ကျွန်တော်တို့ တောင်းဆိုတာက အနုလက်ရာမရှိတဲ့ ဘုရားတွေ၊ အဆောက်အအုံတွေ ခုနစ်ဆူလောက်ဖြစ်ဖြစ် သတ်မှတ်ပြီး အလှည့်ကျတက်တဲ့စနစ်နဲ့ ဖွင့်ပေးစေချင်တာပါ။ အခုက အကုန်နီးပါးပိတ်လိုက်တာ” ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ပုဂံဒေသခံ ကိုမြင့်နိုင်က ဆိုသည်။

ထို့အပြင် စေတီပုထိုးပေါ်မှ Sunset ကြည့်ရှုသူ ပြည်တွင်း ပြည်ပ ခရီးသွားများကို မှီခို၍ ရောင်းဝယ်ဖောက်ကားကြရသည့် ဒေသခံများအနေဖြင့်လည်း မြေကုန်းများအစားထိုးလိုက်ခြင်းက ၎င်းတို့အတွက် သိပ်မထူးခြားလှ။

ဘုရားတွင် ဈေးရောင်းချသူအတွက် ထိုဘုရားကသာ ၎င်း၏ ဈေးကွက်နယ်မြေ ဖြစ်သလို မိမိရောင်းချနေသော ဘုရားကို စွန့်ခွာ၍ မြေကုန်းများသို့ မသွားလိုကြပေ။

“မြေကုန်းမှာက အလုအယက် လိုက်ရောင်းကြရတာ ရုပ်ပျက်တာပေါ့။ ကိုယ်ရောင်းနေကျနေရာကတော့ အသားကျနေပြီလေ”ဟု ရွှေဂူကြီးစေတီတွင် ဆယ်နှစ်ခန့်သဲပန်းချီရေးဆွဲရောင်းချသူ ကိုတင်လင်းအောင်က ညည်းညည်းညူညူဖြင့် ပြောဆိုသည်။

ကိုတင်လင်းအောင်၏ သဲပန်းချီကားများမှာ ယခင်က တစ်နေ့လျှင် ခုနစ်ကား၊ ရှစ်ကား ရောင်းချခဲ့ရသော်လည်း သံတံခါးများ ပိတ်လိုက်ပြီးနောက်တွင်တော့ ဈေးဦးပင်မပေါက်တော့။

သံတံခါးပိတ်လိုက်သည့် စေတီများတွင် သစ္စာဝတီ၊ ဘူးလယ်သီး၊ ရွှေဂူကြီး ကဲ့သို့ စေတီများပါဝင်ပြီး ထိုစေတီများတွင် ပြည်တွင်းပြည်ပဘုရားဖူးများကို အမှီပြုရောင်းချသည့် သဲပန်းချီရောင်းချသူများနှင့် အမှတ်တရပစ္စည်း ရောင်းချသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။

သံတံခါးပိတ်လိုက်သည့် အခြေအနေများနှင့်ပတ်သက်ပြီး အလယ်မဏ္ဍိုင်ရှိ၍ အနုပညာတန်ဖိုးနည်းသော ဘုရားများနှင့် အုတ်ကျောင်းများတွင် ပြန်လည်တက်ရောက်ခွင့်ပြုသင့်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်က အကြံပြုပြောကြားသည်။

“အပေါ်က ၁၀ ယောက်ဆင်း၊ ၁၀ ယောက်တက် စနစ်မျိုးနဲ့ လုပ်ရင်လည်း ဒါအဆင်ပြေနိုင်တယ်”ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ခရိုင်အုပ်ချုပ်ရေးရုံးက မြေကုန်းသုံးခုခန့်ပြုလုပ်ပြီးစီးပြီ ဖြစ်သလို ထပ်မံ၍မြေကုန်း လေးခုပြုလုပ်ရန် စီစဉ်ထားသည်။

“မြေကုန်းတွေက သုံးလေးခုထက် မပိုသင့်ဘူး။ အတုအယောင်လုပ်တဲ့ဟာမို့ အစစ်အမှန်ကြားကနေ မြင်ကွင်းကို ထိခိုက်စေတယ်။ အရမ်းများလာရင် မြင်ကွင်းကို အနှောင့်အယှက်ပေးသလို ဖြစ်တယ်” ဟု ရှေးဟောင်း သုတေသန ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွှန့်အောင်က ပြောကြားသည်။

မြေကုန်းများပြုလုပ်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ကြိုးစားခဲ့ဖူးသော်လည်း အမွေအနှစ်များ ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (HIA – Heritage Impact Assessment) အရ အဆင်မပြေသည့်အတွက် ကိုမောက်ကန်ကို ပြုလုပ်ရန် နောက်ဆုတ်ခဲ့သလို ယခုမြေကုန်းများ ပြုလုပ်သည့် ရေကန်များမှာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းရေကန်များလည်း ဖြစ်သည်။

“ထိန်းသိမ်းဖို့ ပြုပြင်တာက အကြောင်းမဟုတ်ပေမယ့် အခုက ဘူဒိုဇာနဲ့ထိုးပြီး ဘောင်တွေဖို့လိုက်တော့ မူလရှိနေတာ ပျက်စီးသွားတာပေါ့။ ကျွန်တော်တို့ ဒါကြောင့် ကန့်ကွက်တာ”ဟု ယဉ်ကျေးမှုအမွေအနှစ်ဖော်ဆောင်ရေးကော်မတီ (ပုဂံ၊ ညောင်ဦး)မှ ကော်မတီဝင် ဦးကျော်ဇောက ဆိုသည်။

မြေကုန်းများစတင်ပြုလုပ်ချိန်တွင်ပင် ၎င်းတို့ကော်မတီက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဘုရားများပိတ်လိုက်သောကြောင့် မြေကုန်းများတွင် Sunset ကြည့်ရန် လာရောက်သည့် ကားစက်သံများ၊ လူများရှိလာပြီဖြစ်ရာ ကန်များဆီ လာရောက်နေကျ ဆောင်းခိုငှက်များ နည်းပါးသွားကြောင်းလည်း ငှက်ကြည့်ခရီးစဉ် လိုက်ပါသည့် ဧည့်လမ်းညွှန် ကိုဆန်းဝင်းက ပြောဆိုသည်။ ပုဂံဒေသသည် ငှက်ကြည့် ခရီးစဉ်အတွက် အရေးပါသည့် ဒေသတစ်ခုလည်းဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွက် နိုင်ငံခြားသားအတော်များများလည်း လာရောက်လေ့ရှိသည်။

ဘုရားများပေါ်သို့ မတက်ရောက်ရန် ကန့်သတ်ခြင်းနှင့် ယင်းကို ဖြေရှင်းလိုက်သည့် နည်းလမ်းဖြစ်သည့် မြေကုန်းများပြုလုပ်ခြင်းက မှန်ကန်ပါ၏လော။ အခြားတစ်ဖက်တွင်လည်း ဘုရားပေမတက်ရေး ကန့်သတ်ခြင်းအတွက် အကြောင်းရင်းများက ရှိနေသည်။

“တစ်ခုမဟုတ်တစ်ခုတော့ သက်ရောက်မှုက ရှိနေမှာပဲ။ ဘုရားတွေကို သံတံခါးမပိတ်ရင်လည်း နှစ်ငါးဆယ်ခံမယ့်ဘုရားက နှစ်သုံးဆယ်လောက်ပဲ ခံမယ်။ ဒါပေမဲ့ ကျွန်တော်တို့ တချို့ဘုရားတွေကို ပြန်လည်တက်ရောက်ခွင့်ပေးနိုင်ဖို့တော့ ပြန်တင်ပြထားပါတယ်”ဟု ရှေးဟောင်း သုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောဆိုသည်။

ပုဂံစေတီပုထိုးများမှာ ငလျင်ဒဏ်အကြိမ်ကြိမ် ခံစားခဲ့ရသလို မှားယွင်းသော ပြုပြင်ထိန်းသိမ်းမှုများကြောင့် ထိခိုက်မှုများစွာကိုလည်း ခံစားခဲ့ရပြီးဖြစ်သည်။ ကန်ထရိုက်စနစ်ဖြင့် ပြုပြင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်မှုကြောင့် ထိန်းသိမ်းခဲ့ရသော ဘုရားအမှတ် (၁၀၆၆) မှာ မတ်လ ၄ ရက်နေ့ကပင် ပြိုကျခဲ့သေးသည်။

စေတီပုထိုးများ၏ ကြံ့ခိုင်မှုအတွက် အသံတုန်ခါမှုကိုပင် မဖြစ်စေရန် သရပါတံခါးအနီးမှ ဝင်ရောက်သည့် ကားလမ်းကို ယာဉ်များ မဝင်ရောက်နိုင်ရန် ပိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

လက်ရှိတွင် ပုဂံခရီးသွားလုပ်ငန်းမှ ရရှိသော ရှေးဟောင်းဇုန်ဝင်ကြေးငွေမှ ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကိုပေးသွင်းပြီး ၆ ရာခိုင်နှုန်းကို ကန်ထရိုက်ယူလုပ်ကိုင်သူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ယူကာ ၄ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းကို ဘုရားများ ပြုပြင်ထိန်းသိမ်းရန်နှင့် ကျန်သော ၂ ရာခိုင်နှုန်းကို ပုဂံဒေဖွံ့ဖြိုးရေးအတွက် အသုံးပြုနေခြင်းဖြစ်ကြောင်းလည်း တရားဝင်စာရင်းများအရ သိရသည်။

ပုဂံသည် ရှေးဟောင်းစေတီပုထိုး များရှိနေသောကြောင့် ခရီးသွားလာရောက်ခြင်းဖြစ်သလို ဘုရားပုထိုးများ၏ ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းများအတွက်လည်း ခရီးသွားဝင်ရောက်မှုရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ရေရှည်တည်တံ့ရန်၊ ခရီးသွားလုပ်ငန်းကိုလည်း မထိခိုက်စေရန်အတွက် မျှတမှုရှိသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပုဂံကမ္ဘာ့အမွေအနှစ်တင်သွင်းရေးတွင်လည်းပါဝင်သူ ဒေါက်တာစန်းဝင်းက အကြံပြုပြောကြားသည်။

ကြံ့ခိုင်မှုရှိသော ဘုရားများကို ပြန်လည်ဖွင့်လှစ်ပေးရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (ပုဂံဇုန်)က စာတင်ပြထားသည်။ ထို့အတူပင် ပုဂံအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံများကို ကိုယ်စားပြုသည့် ဒေသခံ ဧည့်လမ်းညွှန်အဖွဲ့ကလည်း တင်ပြထား သေးသည်။ သို့သော် တစ်စုံတစ်ရာပြန်လည် အကြောင်းပြန်ခြင်းမူမရှိသေး။

သမိုင်းအမွေအနှစ်များပိုင်ဆိုင်ရာ ကမ္ဘာကျော်အလှအပရှိရာ ဒေသ၊ ဧည့်သည် များကို ဆွဲဆောင်နိုင်ရာဒေသ ရှေးဟောင်း ပုဂံနယ်မြေမြင်ကွင်းများကမူ နေဝင် နေထွက်ချိန်တိုင်း လှပနေမြဲ။ သို့သော် သူ့ထံသို့ လာရောက် လည်ပတ်ကြည့်ရှု ခံစားရသည့် မြင်ကွင်းကမူ မတူတော့။

ဧည့်လမ်းညွှန်တစ်ဦးလည်းဖြစ်၊ ပုဂံဒေသခံလည်းဖြစ်သူ ကိုမြင့်နိုင်ကမူ ယခုလို ဆိုလိုသည်။

“ပုဂံခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး လက်နက်မရှိတော့ဘူးပေါ့”

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *