ဒီမိုကရေစီအစိုးရကို ဝေဖန်ခြင်း

ဒီမိုကရေစီခေတ်တွင် ပြည်သူများအနေဖြင့် ပါးစပ်ပိတ်ထားနိုင်ကြမည် မဟုတ်ပါ။

အစိုးရ၏လုပ်ငန်းဆောင်တာများအပေါ် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ နည်းမျိုးစုံဖြင့် ဝေဖန်ထောက်ပြနေကြမည်ဖြစ်ကြောင်း အောက်ပါအခြင်းအရာများက ပြဆိုနေသည်။

“ဒီမိုကရေစီအစိုးရမှာအသံထွက်တယ်ဆိုတာက Normal (ပုံမှန်)ပဲပေါ့”ဟု ဒေါ်နီလာမြိုင်က ဆိုသည်။

၎င်းသည် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာပညာရှင်တစ်ဦး ဖြစ်သည်။

ဇာတ်လမ်းကအစိုးရပိုင်သတင်းစာများတွင် အစိုးရကို အကြည်ညိုပျက်စေခြင်းအကြောင်း ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြရာမှ စတင်သည်။

ယင်းက ပြည်သူများကို ပါးစပ်ပိတ်ထားဖို့ နိုင်ငံပိုင်သတင်းစာများက ခြိမ်းခြောက်နေသယောင်။

၂၀၁၈ခုနှစ်သို့ချဉ်းနင်းဝင်ရောက်ပြီးအစောပိုင်းကာလမှာပင် ယင်းခံစားမှု တို့နှင့်အတူ လူထုအတွင်းတွင်လည်း ပွက်လောညံ သွားပြန်သည်။

ကျွန်တော်တို့က ဘာကို ကြည်ညို ရမှာလဲ”ဟု ကိုမိုးဃ်းသွေးက မေးခွန်းထုတ်သည်။

နိုင်ငံပိုင်သတင်းစာများက ယင်းသို့ ဖော်ပြခဲ့မှုအပေါ် Generational Wave အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ တည်ထောင်ရန် လျှောက်ထားသည့် ရှစ်လေးလုံးပါတီ၏ စည်းရုံးရေးမှူးလည်းဖြစ်သည့် ကိုမိုဃ်းသွေးက စိတ်ပျက်နေသည်။

အဆိုပါသတင်းစာများတွင် ဇန်နဝါရီတတိယပတ်အတွင်းက မောင်စာဂဆိုသူ၏ ‘အစိုးရကိုအကြည်ညိုပျက်အောင်ပြုမှု ဟူသည်’ ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ အစိုးရကို မုန်းစေအောင်၊ မလေးစားစေအောင် သို့မဟုတ် မေတ္တာပျက်အောင်ပြုလုပ်၊ အားထုတ်ပါက ထောင်ဒဏ်နှစ်၂၀ (တစ်သက်တစ်ကျွန်း)အထိ အပြစ်ပေးနိုင်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

တစ်နည်းအားဖြင့် အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်လျှင် တန်ပြန်ခံရနိုင်မည့် ဘေးကို ၎င်းဆောင်းပါးက ရှင်းပြထားခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲတွေ နီးတုန်းကတော့ ပါတီတိုင်း အားလုံးပဲ ကျွန်တော်တို့ကို ခိုင်းပါ၊ ကျွန်မတို့ကို ခိုင်းပါ။ ပြည်သူအတွက် အလုပ်အကျွေးပြုချင်လို့ပါ။ ပြည်သူ့အစေခံပါ ဆိုပြီးတော့ မဲတွေလိုက်တောင်း။ အဲဒီလိုလုပ်ပြီးတော့မှ ပြည်သူက ရွေးကောက်လိုက်လို့ နိုင်ငံတော်မှာ အာဏာတစ်ခုရလာတယ်ဆိုတဲ့အခါကျတော့ ငါတို့ကို ကြည်ညိုရမယ်။ ငါတို့ကို အကြည်အညိုမပျက်နဲ့ဆိုတဲ့ဟာမျိုးက ဒါအာဏာရှင်တွေရဲ့စကားလုံးပဲ”ဟု ကိုမိုဃ်းသွေး ကဆိုသည်။

တပ်မတော်၏ ခပ်ပြင်းပြင်းအုပ်ချုပ်မှုအောက်တွင် နှစ်များစွာရှိနေခဲ့သည့် မြန်မာနိုင်ငံသည် ၂၀၁၀ပြည့်နှစ်အကုန် ပိုင်းတွင် နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး၂၀၁၁ခုနှစ်တွင် အစိုးရအဖွဲ့သစ်တစ်ခု ပေါ်ပေါက်ခဲ့သည်။

၂၀၁၇ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့ တက်ရောက်လာသော သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ။

ယင်းနောက်၂၀၁၅ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရတာဝန်ကို ပြောင်းလဲရယူခဲ့ပြီး ယခုဆိုလျှင်၂နှစ် ဝန်းကျင်တိုင်လာပြီ ဖြစ်သည်။

လူများစု၏ မဲဆန္ဒဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရလက်ထက်တွင် ပြည်သူ့အသံတို့ တိတ်သွားအောင် အစိုးရက ကြိုးပမ်းလာနေသည်ဆိုသည့် ကောက်ချက်များက တစ်ခုပြီး တစ်ခု။

အစိုးရကိုထောက်ခံခြင်း၊ အားပေးခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်း၊ ရှုတ်ချခြင်းစသည်တို့သည် ဒီမိုကရေစီစနစ်၏ ဖွားဖက်တော်များလည်းဖြစ်ပြီး လူထုအနေနှင့် ယုံကြည်ရာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် မွေးရာပါ အခွင့်အရေးများ ဖြစ်သည့်တိုင် ပဒေသရာဇ်ခေတ်နှောင်း၊ ကိုလိုနီခေတ်ဦး ပြဋ္ဌာန်းခဲ့သည့် ဥပဒေအချို့ကို အစိုးရက လက်ကိုင်တုတ်အဖြစ် အသုံးပြုနေခြင်းတို့က အထက်ပါ ကောက်ချက်များကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

အန္တရာယ်ကစားပွဲ

အစိုးရကို အကြည်ညိုပျက်စေမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်သည် ခေတ်ဟောင်းဥပဒေလည်းဖြစ်၊ နိုင်ငံရပ်ခြားမှ မျိုးပွားရယူထားသောဥပဒေလည်းဖြစ်သည့် ရာဇသတ်ကြီးဥပဒေပါပုဒ်မတစ်ခု ဖြစ်သည်။

ရာဇသတ်ကြီးသည် ပြစ်မှုဆိုင်ရာ ဥပဒေအဖြစ်လည်း လူသိများပြီး မင်းတုန်း မင်းလက်ထက်၊ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်နေစဉ်တွင် ရေးဆွဲခဲ့သည့် ဥပဒေ ဖြစ်သည်။ အဆိုပါ ဥပဒေပုဒ်မ၁၂၄ (က) တွင် အစိုးရအကြည်ညို ပျက်စေမှုနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်ပါရှိခြင်း ဖြစ်သည်။

ကိုလိုနီအုပ်ချုပ်ရေးစနစ်အောက်တွင် ပြဋ္ဌာန်းချက်များသည် ဒီမိုကရေစီအစိုးရနှင့် ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် ဆီလျော်မှုမရှိတော့ကြောင်း အခြေအနေများစွာက ပြသနေသည်။ ယင်းအပြင် စနစ်သစ်တွင် လူထုနှင့် အစိုးရအကြား ချုပ်ဆိုထားသည့် ပင်မလူမှုပဋိညာဉ် (အခြေခံဥပဒေ)နှင့် ကိုက်ညီမှုရှိ၊ မရှိ ချိန်ထိုးကြည့်ရန်လည်း လိုပါမည်။

တရားလွှတ်တော်ရှေ့နေလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်၊ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်းညွန့်ကမူ အဆိုပါရာဇသတ်ကြီးနှင့် ပတ်သက်၍ ယခုလိုပြောဆိုသည်။

‘ကိုလိုနီခေတ်ဥပဒေဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြတာတော့ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ဥပဒေအရ ခြိမ်းခြောက်မှုကြီးကို စတင်နေပြီလို့ပြောရမှာပေါ့”

၎င်းသတင်းစာများအနေနှင့် အစိုးရ၏ လုပ်ဆောင်မှုများသည် မှန်ကန်ကြောင်း သက်သေထူခြင်း သို့မဟုတ် ရှေ့တွင် လုပ်ဆောင်မည့် အစီအစဉ်များကို ကြိုတင်အသိပေးခြင်း၊ အစိုးရသဘောထားများကို ချပြခြင်းစသည့် တာဝန်တို့ကို ထမ်းရွက်နေသည့် သတင်းစာများ ဖြစ်ကြောင်း လူအများက နားလည်ထားရာ အထက်ပါဆောင်းပါးကို ထည့်သွင်းဖော်ပြ လာခြင်းသည် ဝေဖန်သူများကို ခေါင်းလောင်းထိုး သတိပေးခြင်းအဖြစ် ရှုမြင်ကြသည်။

သတိပေးမှုသည် တစ်ကြိမ်တည်း မဟုတ်။

ယင်းဆောင်းပါးဖော်ပြပြီး တစ်လကျော်အကြာ မတ်လ၂ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မည်သည်တို့က အစိုးရကို အကြည်ညိုပျက်စေသက်ရောက်ကြောင်းဆောင်းပါး ကောက်နုတ်ချက်ကို ထပ်မံဖော်ပြလိုက်သေးသည်။

အစိုးရကို အကြည်ညိုပျက်စေအောင်ပြုလုပ်ရာတွင် စာပေထုတ်ဝေခြင်း၊ သီချင်းဆိုခြင်း၊ ရုပ်သေး၊ ရုပ်ရှင်ပြဇာတ် ကပြခြင်း၊ ပန်းပုထုလုပ်ခြင်း၊ ဓာတ်ပုံပန်းချီ ပြသခြင်း စသည့် နည်းမျိုးစုံအကျုံးဝင်ပြီး ပြုလုပ်သူ ကာယကံရှင်သာမက ထပ်ဆင့် ဖြန့်ဝေသူကိုပါ အရေးယူနိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

“နိုင်ငံအတွင်း နေထိုင်သူတွေကို အကာအကွယ်မပေးနိုင်တဲ့ တည်ဆဲဥပဒေတွေကို ယခုအစိုးရလက်ထက်၊ ယခု လွှတ်တော်လက်ထက်မှာ ပြင်ဆင်ဖျက်သိမ်းပြုပြင်ပြောင်းလဲနိုင်မယ်၊ လူ့အခြေခံ ရပိုင်ခွင့်တွေကို အားပေးလာနိုင်မယ့် တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင် ပံ့ပိုးထောက်ပံ့မယ့် ဥပဒေကောင်းတွေကို ပြဋ္ဌာန်းမယ်လို့ ယုံကြည်ခဲ့တယ်”ဟု မြန်မာစာရေးဆရာများဖြင့် စုဖွဲ့ထားသည့် Pen Myanmar ၏အတွင်းရေးမှူး ဦးဟန်ဇော်က The Voice Journal သို့ပြောဆိုသည်။

“အခု အဲဒီယုံကြည်ချက်တွေဟာ မျှော်လင့်ချက်မဲ့နေတယ်”

အကယ်၍ အဆိုပါဖော်ပြချက်သည် အစိုးရအာဘော်မဟုတ်ဘူးဆိုလျှင် လူထုကို တရားဝင် ပြန်လည်ဖြေရှင်းပေးဖို့ ဦးဟန်ဇော်က တောင်းဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းစာထုတ်ဝေရေးကို တာဝန်ယူလုပ်ကိုင်နေသည့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကမူ ဥပဒေအကြောင်းနားလည်စေလိုရန်သာ ဖြစ်ပြီးခြိမ်းခြောက်လိုသည့်သဘော မဟုတ်ကြောင်း နောက်ပိုင်းတွင် ပြောဆိုခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ၏ပြည်သူ့ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ နိုင်ငံရေးသုတေသီ တစ်ဦးလည်းဖြစ်သည့် ဦးရဲထွန်းကလည်း အထက်ပါအတိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု မှတ်ချက်ပြုသည်။

တပ်မတော်အစိုးရလက်ထက်အတွင်း အဆိုပါပုဒ်မဖြင့် အရေးယူ၊ ဖမ်းဆီး ထောင်ချမှုများ ပေါပေါများများရှိခဲ့သော်လည်း တပ်မတော်လူဟောင်းများ ဦးဆောင်သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အသုံးပြုမှုမှာ ရှားရှားပါးပါး။

၎င်းတို့နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို အရေးယူရာတွင် ယုံကြည်အပ်နှံအလွဲသုံးမှု ပုဒ်မ ၄၀၉ နှင့်အတူ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄ (က) ကို ထုတ်သုံးခဲ့ပြီး၂၀၁၄ခုနှစ်က စုစုပေါင်းထောင်ဒဏ် ၁၃နှစ် ချမှတ်ခဲ့ခြင်းဖြစ် သည်။ (၎င်းမှာ ယခု အစိုးရလက်ထက်အတွင်း ပြီးခဲ့သည့်နှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။)

ယင်းသို့ အသွင်ပြောင်း အစိုးရစနစ်သစ်တွင် အဆိုပါဥပဒေကို ချောင်ထိုးထားခဲ့ရာမှ သတင်းစာတွင် ထည့်သွင်းဖော်ပြကာ လှုပ်နှိုးလိုက်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး မအောင်မမြင်ရှိနေပြီး ယခင်ထောက်ခံသူ လူဟောင်းများ အပါအဝင် လူများစွာ၏ ဝေဖန်ပြစ်တင်မှုများကို ကြုံနေရသည့် အစိုးရအနေနှင့် သူ့ကိုယ်သူ ကာကွယ်လိုက်ခြင်းလောဟု မေးခွန်းများရှိလာသည်။

အစိုးရကို အမြဲတစေ ထောက်ပြဝေဖန်ရာတွင် မီဒီယာသည် ရှေ့ဆုံးမှရှိနေရာ မီဒီယာသမားများသည် အန္တရာယ်ကို နေ့စဉ် မျက်စောင်းထိုးနေကြရမည့် ကိန်း။

“ရှင်းရှင်းပြောရရင်တော့ ဒါတွေက ပြည်သူကို မဝေဖန်ရဲအောင် လုပ်တဲ့သဘောလို့ပဲ ကျွန်တော်ကတော့ ယူဆတယ်လေ”ဟု မော်ကွန်းမဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးဇေယျာလှိုင်က ဆိုသည်။

လက်ရှိ အစိုးရလက်ထက်အတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အသရေဖျက်မှု၊ အကြည်ညိုဖျက်မှုတို့နှင့် ပတ်သက်၍ အခြားဥပဒေများ ဖြစ်သည့် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ)၊ ပြစ်မှုဆိုင်ရာဥပဒေ ၅၀၀၊ ၅၀၅ (ခ)  စသည်တို့ဖြင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက တရားလို ပြုလုပ်ကာ တရားစွဲသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သေးသည်။

ရန်ကုန်မြို့တွင် မတ်လ ၅ ရက်နေ့က ငြိမ်း၊ စု၊ စီ ဥပဒေပြင်ဆင်မှုကို ဖျက်သိမ်းရန် တောင်းဆို ဆန္ဒပြနေစဉ် ။

ယင်းက အစိုးရအနေနှင့် ဝေဖန်မှုများနှင့်ပတ်သက်၍ အရေမထူကြောင်း ပြဆိုနေသည်ဟု ဦးဇေယျာလှိုင်က ရှုမြင်သည်။

“နိုင်ငံရေးသမားဆို အရေထူရမှာပေါ့”

ပြီးခဲ့သည့်လက ၎င်းတို့၏ မဂ္ဂဇင်းမျက်နှာဖုံးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဝေဖန်ထားသည့်ဆောင်းပါးပါရှိခဲ့ရာ အစိုးရက အရေးယူမည်ကို စိုးရိမ်ကာ ပုံနှိပ်စက်ပိုင်ရှင်က မဂ္ဂဇင်းကို ပုံနှိပ်ပေးရန် ငြင်းဆိုခဲ့သေးသည်။

အရေထူ၊ မထူ

အစိုးရဆိုသည်က သူ့မူဝါဒနှင့်သူ။

ပြီးလျှင် ရွေးကောက်ပွဲတွင် ပြည်သူကို ပေးထားသည့် ကတိကဝတ်များလည်း ရှိနေသေးရာ ယင်းကို အကောင်အထည်ဖော်ရန်လည်း တာဝန်ရှိနေသည်။

အခြားတစ်ဖက်တွင် ပြည်သူတို့၏ မကျေနပ်မှုသည် အစိုးရ၏ ဆောင်ရွက်ချက်များ၊ ပြောဆိုချက်များနှင့် အဓိက သက်ဆိုင်ပြန်သည်။
ယင်းကအစိုးရ၏ မူဝါဒများသည် ပြည်သူ့ဆန္ဒကို အလေးထားမှုရှိနေရန် အရေးကြီးကြောင်း ပြဆိုနေခြင်းဖြစ်သည်။

အစိုးရအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီမံကိန်းများချမှတ်ခြင်းများတွင် အများပြည်သူသို့ ရှင်းလင်းပြောဆိုခြင်း၊ အကြံဉာဏ်ရယူခြင်းမျိုး လုပ်ဆောင်သင့်ကြောင်း ပြည်သူ့ရေးရာမူဝါဒ ပညာရှင်တစ်ဦးဖြစ်သူ ဒေါ်နီလာမြိုင်က ပြောဆိုသည်။

မူဝါဒများသည် အလျင်စလိုချမှတ်ခြင်းထက် ပြည်သူ့အတွက် အမှန်တကယ်လိုအပ်ချက်များဟုတ်၊ မဟုတ် သေချလေ့လာရန် လိုအပ်သလို အကျိုးဆက်များ၊ အားနည်းချက်များ၊ ဝေဖန်သူတို့ထံမှ ပြန်လည်ထောက်ပြနိုင်ခြေများကို ကြိုတင်မြင်နိုင်ရန်လည်းလိုမည် ဖြစ်သည်။

အစိုးရအနေနှင့် မိမိလုပ်မည့်လုပ်ငန်းများအပေါ် ရှင်းလင်းပြတ်သားနေပါက ဝေဖန်မှုများကို ကြံ့ကြံ့ခံ၍ ကိုယ်ယုံကြည်ရာအတိုင်း ဆက်လုပ်သွားနိုင်သည်ဟု ဒေါ်နီလာမြိုင်က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် နှစ်အတွင်းက ရွှေတိဂုံစေတီတော် ခြေရင်း၌ အစိုးရဖြုတ်ချရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေကြသူများ ။

တစ်ယောက်တစ်မျိုး ဝေဖန်ထောက်ပြနေမှုများအတိုင်း လိုက်လံလုပ်ဆောင်နေပါက အလုပ်ဖြစ်မည် မဟုတ်။

တစ်ချိန်တည်းတွင်ပင် ဝေဖန်သူများကို အသံတိတ်စေအောင် ခြောက်လှန့်ပိတ်ပင်ခြင်းသည်လည်း အဖြေမဟုတ်ပေ။

“တချို့ထင်မထားတဲ့လူတွေဆီက အရမ်းကောင်းတဲ့ အကြံဉာဏ်တွေရတတ်တာမျိုးတွေ ရှိတယ်။ ကျွန်မသိသလောက်တော့ လယ်သမားပဲဖြစ်ဖြစ်၊ ဆိုက်ကားနင်းတဲ့သူပဲဖြစ်ဖြစ် သူတို့ဘ၀နဲ့ ပတ်သက်လာရင် ကျွန်မတို့ထက် ပိုပြီးတော့ ဖြေရှင်းချက်အကောင်းလေးတွေ ပေးလိုက်နိုင်တယ်” ဟုဒေါ်နီလာမြိုင်က ဆိုသည်။

ဝေဖန်ခြင်း (ပြစ်တင်ခြင်း)နှင့် ပတ်သက်၍ အပြုသဘောဆောင်ရန်လိုသည်ဆိုသည့်အချက်ကို ပြိုင်ဘက်နိုင်ငံရေးသမားများ၊ မီဒီယာသမားများအပါအဝင် လူများစွာက လက်ခံကြပါသည်။ ဝေဖန်မှုသည် လက်လွတ်စပယ်ဖြစ်နေခြင်း၊ အခြောက်တိုက်ထိုင်၍ ဆဲရေးနေခြင်းတို့သည် အကျိုးမများ။

ယင်းလုပ်ရပ်များက အစိုးရကို စိတ်ရှုပ်စေမည်ဖြစ်သလို တန်ပြန်ဒေါသလည်း ထွက်စေမည်။ ယင်းကပင် မလိုလားအပ်သည့် အထက်ပါဥပဒေများဖြင့် အရေးယူခြင်း ဘေးကို ဖြစ်ပေါ်နိုင်သည်။

“ဝေဖန်ထောက်ပြတဲ့နေရာမှာ အချက်အလက်နဲ့ ဝေဖန်ထောက်ပြတဲ့ဟာမျိုးကိုတော့ ပိုပြီးတော့ အလေးထား ဦးစားပေးသင့်တယ်ပေါ့”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်လည်း ဖြစ်၊ ဝါရင့်သတင်းစာဆရာလည်းဖြစ်သည့် ဦးမြင့်ကျော်က မှတ်ချက်ပေးသည်။

ဒီမိုကရေစီခေတ်တွင် အစိုးရကို ပုတ်ခတ်ခြင်း၊ မကောင်းပြောခြင်းသည် ရေးကြီးခွင်ကျယ် လုပ်ဖွယ်ရာကိစ္စ မဟုတ်ပေ။

နိုင်ငံတကာတွင်လည်း အတိုက်အခံများ သို့မဟုတ် ဝေဖန်သူများက အစိုးရကို နာမည်ပျက်အောင် ပြုမူပြောဆိုကြသည်။ အထူးသဖြင့် ပြိုင်ဘက်နိုင်ငံရေးသမားများအနေနှင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရရှိအောင် သို့မဟုတ် အစိုးရ၏ နောက်ခံပါတီအာဏာပြန်မရအောင် အစိုးရမ ကောင်းကြောင်း၊ ညံ့ဖျင်းအသုံးမကျကြောင်း တွင်တွင်ဟောပြော၍ မဲဆွယ်ကြသည်သာ။ တစ်နည်းအားဖြင့် ကိုယ့်ကိုကြည်ညိုစေပြီး သူ့ကိုအကြည်ညိုပျက်အောင် ဟောပြောလှုံ့ဆော်ကြခြင်းဖြစ်သည်။

“ထရမ့် (အမေရိကန်သမ္မတ) ဆိုရင်လည်း အိုဘားမားအစိုးရကို အကြည်ညိုပျက်အောင်ပြောပြီးတော့ သူ မဲရအောင် လုပ်ရတာပဲလေ” ဟု နိုင်ငံရေး သုတေသီလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည့် ဦးရဲထွန်းက ဆိုသည်။

အစိုးရပိုင်သတင်းစာများက အစိုးရကို အကြည်ညိုပျက်စေခြင်းဆိုင်ရာ ဥပဒေပုဒ်မများ၊ ရှင်းလင်းချက်များကို ထင်ထင်ရှားရှား ထည့်သွင်းဖော်ပြလာခြင်းက အစိုးရ၏ အားနည်းချက်များကို ထောက်ပြမည့်သူများကို စိုးရိမ်သွားစေသည်။

ထောက်ပြခြင်းက ဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွန်းသလော သို့မဟုတ် သူ လိုရာဆွဲ၍ အဓိပ္ပာယ်ကောက်ယူကာ အရေယူနိုင်သလော စသည့်မေးခွန်းများလည်း ဂယက်ထလျက် ရှိနေသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ဦးဉာဏ်ဝင်းကမူသတင်းစာအနေနှင့် ဥပဒေအကြောင်း သိကောင်းစရာကို အများပြည်သူသို့ ပညာပေးခြင်းဟု ရှုမြင်နေသည်။

အဆိုပါရှုမြင်မှုနှင့်အတူ ပြည်သူ များကိုလည်း မစိုးရိမ်ကြရန် The Voice Journal ကတစ်ဆင့် စကားပါးသည်။

“ကျွန်တော် ပြောချင်တာကတော့ စိုးရိမ်စရာမရှိပါဘူး”ဟုဦးဉာဏ်ဝင်းက ဆိုသည်။

သတင်းစာက ထုတ်ပြလာသည် ဖြစ်စေ၊ ထုတ်မပြခဲ့သည့် ဖြစ်စေ ဥပဒေက နဂိုကပင် ရှိနေပြီးသား။ ယင်းကပင် စိုးရိမ်ဖို့ မလိုသည့်အချက်ဟု သူကဆိုသည်။

သို့သော်။

“အဲဒီဥပဒေပြဋ္ဌာန်းချက်တွေကို မငြိစွန်းအောင် ဝေဖန်ပေါ့ဗျာ”ဟု၎င်းက နောက်ဆက်တွဲစကားဆိုသည်။

ယင်းတို့ကား ဝေဖန်ရေးနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၊ မီဒီယာသမား၊ ပညာရှင်များထံမှ ထွက်ပေါ်လာသည့်စကားသံများ ဖြစ်သည်။

၂၀၊ ၆၀၊ ၂၀

ယခုရက်များအတွင်း ငြိမ်းစုစီဥပဒေပြင်ဆင်မှု အပါအဝင် နိုင်ငံရေးသမားများ၊ အထူးသဖြင့် အတိုက်အခံအင်အားစုများအတွက် စိတ်ပျက်စိတ်တိုစေသည့် အခြေအနေများက မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်နေသည်။ မြန်မာ့နိုင်ငံရေး ပင်လယ်သည် လှိုင်းထန်နေသည်။

ပြည်သူကို အလုပ်အကျွေးပြုရန် တစ်နည်းအားဖြင့် ပြည်သူခိုင်းသမျှလုပ်ပေးရန်ဟူ၍ ရွးကောက်ပွဲတွင် မဲဆွယ်ကာ အနိုင်ရရှိသွားသည့် အစိုးရကို ကြည်ညိုရန် လိုအပ်သလောဆိုသည့် မေးခွန်းက Generation Wave အဖွဲ့ခေါင်းဆောင် ကိုမိုဃ်းသွေး၏ ဒေါသကို နှိုးဆွလိုက်သည်။

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် လူသားချင်း လေးစားမှုအရ လေးစားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောစရာရှိရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ”ဟု ၎င်းက ဆိုသည်။

သေချာသည်မှာ အစိုးရအနေနှင့် မည်မျှပင် မူဝါဒနှင့် လုပ်ဆောင်မှုများသည် ကောင်းစေကာမူ ပြည်သူအားလုံးကို စိတ်ကျေနပ်စေမည်မဟုတ်။ အချို့အတွက် ကောင်းကျိုးဖြစ်စေနိုင်သော်လည်း အချို့ (အနည်းစု ဖြစ်ချင်ဖြစ်မည်)အတွက် ဆိုးကျိုးကြုံရမည်လည်း ဖြစ်သည်။ ထိုမျှမက ပြစ်တင်ဝေဖန်မည့် သူ၊ ဆိုးကွက်ရှာ၍ မကောင်းကြောင်း ပြောမည့်သူများကလည်း ရှိနေမည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့်တိုင် မည်သည့်အစိုးရ အဖွဲ့မဆို မစမီကတည်းက မုန်းနှင့်သူများရှိနေမည်သာ။ အတိုက်အခံအင်အားစုများသည် နဂိုကပင် အစိုးရကို ကြည်ညိုကြမည် မဟုတ်ပေ။

ယင်းက ထုံးစံ။

ခေါင်းဆောင်မှုနယ်ပယ်တွင် ယေဘုယျ လက်ခံထားသည့် သဘောတရားတစ်ခုရှိသည်။ ယင်းက၂၀၊ ၆၀၊ ၂၀ သဘောတရား။

အဖွဲ့အစည်းတစ်ခုတွင် တစ်စုံတစ်ခုကို လုပ်ဆောင်မည်ဆိုပါက၂၀ရာခိုင်နှုန်း က ထောက်ခံရန်အဆင်သင့် ဖြစ်နေတတ်ပြီး ၂၀ရာခိုင်နှုန်းက ဆန့်ကျင်ရန်အဆင်သင့် ပြင်ထားကြလိမ့်မည်။ ၆၀ရာခိုင်နှုန်း ကမူ စဉ်းစားခန်းဖွင့်မည်။

တစ်နည်းအားဖြင့် ခေါင်းဆောင်လုပ်သူက ဘာပြောပြော နှစ်ခါမစဉ်းစားဘဲ ထောက်ခံမည့်သူ၂ ၀ရာခိုင်နှုန်း၊ မျက်စိမှိတ် ဆန့်ကျင်မည့်သူ ၂၀ရာခိုင်နှုန်း၊ အခြေအနေကို စောင့်ကြည့်၍ ထောက်ခံ၊ ဆန့်ကျင်ဆုံးဖြတ်မည့်သူ ၆၀ရာခိုင်နှုန်း ဖြစ်သည်။ အစိုးရအနေနှင့်လည်း ထိုနည်း တူပင်ဖြစ်သည်။

စောင့်ကြည့်နေသည့် ၆၀ရာခိုင်နှုန်းသောသူများကို လက်ခံလာအောင် အစိုးရအနေနှင့် ဆွဲဆောင်တတ်ရန်လိုသည်ဟု ဒေါ်နီလာမြိုင်က ဆိုသည်။ အခြားတစ်ဖက်တွင် ဝေဖန်သူများအနေနှင့်လည်း ချက်ကျလက်ကျဖြစ်ဖို့ လိုသည်။

အစိုးကို ဝေဖန်ခြင်းနှင့် ပတ်သက်၍ ၎င်းက ယခုလိုဆိုသည်။

“ကျွန်မတို့က တစ်ခုခုပြောမယ်ဟေ့ဆိုရင် စည်းလွတ်၊ ဘောင်လွတ်ပြောနေတာထက် အချက်နဲ့အလက်နဲ့ ပြောတတ်တဲ့ အကျင့်ကိုတော့ ကျွန်မတို့ ကျင့်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်”

အောင်မျိုးထက်၊ ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *