ကျောမွဲတို့အတွက် အခြေခံစပါးဈေး

အိပ်မက်များ တကယ်ဖြစ်လာပြီခဲ့ပြီ ဖြစ်သည်။

၂၀၁၃ခုနှစ်ခန့်က တက္ကသိုလ်ရိပ်သာလမ်း၊ခြံအမှတ်၅၄တွင် လွတ်လပ်သော တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ လယ်သမား ကိုကျော်ထက် အပါအဝင် လယ်သမားများစွာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသည်။

ခြံအမှတ်၅၄မှ အပြန်တွင် သရက်တောကျောင်းတိုက်ဝင်းအတွင်းရှိ စေတီတော်ရင်ပြင်၌ လယ်သမားစုဝေးကာ ၎င်းတို့ တောင်းဆိုခဲ့သည့် အခြေခံစပါးဈေးသတ်မှတ်ပေးရေးနှင့် နှစ်ရှည်ချေးငွေထုတ်ချေးပေးရေးကိစ္စကို မစားရ၀ခမန်း ပြန်ပြောင်းပြောဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် လွတ်လပ်သောတောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးအသင်းအစား တောင်သူလယ်သမားဖွံ့ဖြိုးရေးတိုးတက်ရေးအသင်းအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့ပြီးနောက် အဆိုပါအသင်းက တောင်းဆိုခဲ့ဖူးသည့် ကျောမွဲတို့အတွက် အခြေခံစပါးဈေးနှုန်းမှာ ယခုအခါ အမှန်ပင် ဖြစ်လာခဲ့သည်။

အစိုဓာတ်ပါဝင်မှု ၁၄ရာခိုင်နှုန်း၊ စံချိန်စံညွှန်းမီပြီး ၄၆ပေါင် စပါးတင်းတစ်ရာလျှင် ကျပ်ငါးသိန်းသတ်မှတ်ကြောင်း မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲအပြီး မတ်၆ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာသည်။

“အခြေခံစပါးဈေးနှုန်းဖြစ်တဲ့အတွက် စပါးဈေးကို အခုသတ်မှတ်တဲ့နှုန်းအောက် မကျသွားအောင် ကြေညာပေးတာပါ”ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူးဦးရဲမင်းအောင် က ပြောကြားသည်။

မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ ၂၀၁၈ကို နေပြည်တော်တွင် မတ်လ ၆ရက်က ကျင်းပခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဦးချစ်ခိုင် ဦးဆောင်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖိတ်ကြားခဲ့သည်။

“ကျွန်မက ရှင်းရှင်းပဲပြောတာ။ အဲဒါကြေညာရင် ကြေညာ၊ မကြေညာနိုင်ရင် မတက်ဘူးပေါ့။ ကျန်တာတွေကိုတော့ ကိုယ့်ဘာသာကိုယ် ရှင်းပေါ့” ဟုဒေါ်အောင်ဆန်းစုကြည်၏ ပွဲတက်ရသည့်အကြောင်းရင်းကို ၎င်း၏အဖွင့်မိန့်ခွန်းတွင် ရှင်းပြသည်။

အခြေခံစပါးဈေးနှုန်းသတ်မှတ်ခြင်းသည် ကောင်းပါ၏လော။

ယေဘုယျဆိုရင်လျှင် လယ်သမားအများစုက ကြိုဆိုကြပါသည်။ မူလတန်း ဖတ်စာအုပ်၌ ‘ဦးကြီးများ’ဟု ဂုဏ်ပြုခံခဲ့ရရုံမှတစ်ပါး ခေတ်အဆက်ဆက်တွင် လူမှုဘ၀ဖွံ့ဖြိုးမလာသည့် လယ်သမားများအတွက် အခြေခံစပါးဈေးနှုန်းသတ်မှတ် ပေးရန် နှစ်ပါင်းများစွာက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

နေပူပူတွင် ကျောပြောင်ပြောင်ဖြင့် ခြေသလုံးသမန်းဆီတက်ကာ ထွန်ယက်စိုက်ပျိုးခဲ့ကြသော်လည်း စပါးဈေးမှာ ထိုက်သင့်သော နှုန်းမဖြစ်ခဲ့။ ရခိုင်ပြည်နယ် ဆန်ပြတ်လပ်မှု၊ ၈၈အရေးအခင်းဆန်လုယက်မှုများကို သင်ခန်းစာယူခဲ့သည့် အစိုးရ များသည် နိုင်ငံရေးတည်ငြိမ်မှုရှိစေရန် စားသုံးသူကို ဦးစားပေးသောကြောင့် ဖြစ်သင့်သည့် ဆန်ဈေးတက်မလာသည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သည်။ ဆန်ကို စီးပွားရေးလက်နက်အဖြစ်ထက် နိုင်ငံရေးလက်နက်အဖြစ် ရှုမြင်သောအစိုးရများ လက်ထက်တွင် လယ်သမားများ ဘ၀ချွတ်ခြုံကျခဲ့သည်မှာ မဆန်း။

သို့သော်လည်း လက်ရှိစပါးဈေး သတ်မှတ်မှုသည် ပြီးပြည့်စုံခြင်းတော့လည်း မဟုတ်ပြန်။

လက်ရှိတွင် နိုင်ငံတကာ ဝယ်လိုအားမှာ ကောင်းလျက်ရှိသည်။ ဆန်စပါးကို ပြည်ပသို့တင်ပို့ရာတွင်လည်း ယခုဘဏ္ဍာနှစ်တွင် ဝယ်လက်အသစ်များ တွေ့ရှိနေသည်။ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံပေါင်း၂၀ကျော်သို့ ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတင်ပို့သည့် နိုင်ငံမှာ ၆၀ကျော်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့်ပင် ယခု၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းတင်ပို့နိုင်၍ လယ်သမားများကို ကျေးဇူးတင်ကြောင်း မတ်လ၂ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော် သမ္မတဦးထင်ကျော်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

“နိုင်ငံခြား Export တွေ၊ လုပ်ငန်းရှင်တွေ နိုင်ငံခြားကို ပို့လာတဲ့အတွက် စပါးဈေးက မြင့်တက်လာတယ်။ ဒီလိုစပါး ဈေးရလို့ ငါးသိန်းထက် ပိုရမယ်ထင်လို့ အားပိုစိုက်လာတယ်။ ဒါက ရှေ့ဆက်ဖို့ပဲ ရှိနေတယ်။ ငါးသိန်းကနေ လျော့သွားမယ်ဆို လယ်သမားရဲ့အားစိုက်မှုက လျော့သွားနိုင်တယ်”ဟုဘုရင့်နောင်မှ ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။

ဆိုရလျှင် ယခုနှစ် ဆန်တင်ပို့မှုက အားကောင်းသည်။ ထို့ကြောင့် စပါးဈေးလည်း ကောင်းလျက်ရှိသည်။ ဤအချိန်တွင် အခြေခံစပါးဈေးသတ်မှတ်ခြင်းပင် ဖြစ်သည်။၂၀၁၂ -၂၀၁၃ ခုနှစ်ခန့်ကမူ ဧည့်မထ စပါးတင်းတစ်ရာလျှင် ကျပ် သုံးသိန်းဝန်ကျင်သာ ရရှိသည်။ ယခုအခါစပါးဈေးက နှစ်ဆနီးပါး ဖြစ်လျက်ရှိသည်။

“သုံးသိန်းဈေးတုန်းကအခြေခံ ဈေးသတ်မှတ်မပေးဘဲ တရုတ်က စပါးဈေး ခုနစ်သိန်း၊ ရှစ်သိန်းလာဝယ်တော့မှ ငါးသိန်း အခြေခံဈေးပေးတာက စားစရာမရှိလို့ တောင်းတုန်း ငှက်ပျောသီးလေးတစ်ဖီးတောင် မပေးတဲ့သူတွေ ဒီနေ့တော့ မုန်ပုံး ၁၀၀နဲ့ လာကန်တော့သလိုဖြစ်နေတယ်” ဟုဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ မြို့နယ်မှလယ်သမား ဦးသိန်းအောင်က ဆိုသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ လယ်သမား ကိုကျော်ထက် စိုက်ပျိုးသော ဆောင်းစပါးဧည့်မထသည် တင်းတစ်ရာလျှင် ကျပ် ၆၄၀,၀၀၀မှ ၆၅၀,၀၀၀ခန့် ရရှိနေသည်။ အခြေခံစပါးဈေး သတ်မှတ်မှုက တင်းတစ်ရာလျှင်ငါးသိန်းဖြစ်သည်။

ထို့ကြောင့် အခြေခံစပါးဈေးပေါ်မူတည်၍ လက်ရှိမြင့်တက်နေသောစပါးဈေးများပြန်ကျမည်ကိုလည်း လယ်သမားများက စိုးရိမ်လျက်ရှိသည်။

“တက်ဖို့ထက် ကျဖို့လမ်းကို ပိုရွေးနေတယ်လို့ ထင်တယ်”ဟုကိုကျော်ထက်က ၎င်း၏ စိုးရိမ်မှုကို ဖွင့်ဟသည်။

သို့သော်လည်း ပေါ်ဆန်းနှင့် အထူးဧည့်မထအုပ်စုဝင်ကဲ့သို့ တင်းတစ်ရာလျှင် ခုနစ်သိန်းမှ ၁၀သိန်းကျော်အထိ ဈေးကောင်းများ ရရှိထားသည့် စပါးများကိုမူ ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားသည်။

တစ်ဖက်တွင်လည်း လုပ်ကွက်ငယ်လယ်သမားများ စိုက်ပျိုးသည့် သာမန်စပါးများမှာ စပါးပေါ်ချိန်တွင်ဈေးနှုန်းကျဆင်း မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ကုန်သည်များသည် အဆိုပါစပါးများကို ဈေးနှိမ်ပြီး ဝယ်ယူသိုလှောင်ကြသည်။ ယင်းအချက်ကို ဖြေရှင်းရန် လုပ်ကွက်ငယ်လယ်သမားများအတွက် ဦးစားပေး၍ အခြေခံစပါးဈေနှုန်းသတ်မှတ်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုသည်။

ထို့ပြင်လည်း ရခိုင်ပြည်နယ်ကဲ့သို့ လုပ်ကွက်ငယ် လယ်သမားများပြားသည့် ဒေသတွင် ပေါက်ဈေးမရဘဲ စပါးဈေးနှိမ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အခြေခံဈေးနှုန်းသတ်မှတ်မှုသည် ဈေးနှိမ်ခံရမှုများကို လျော့ပါးစေမည်ဖြစ်သည်။

“စိုက်ပျိုးရေးကဏ္ဍအားနည်းပြီး ဝေးလံခေါင်ဖျားတဲ့ ရခိုင်ဒေသလိုနေရာမျိုးတွေ ငါးသိန်းက လယ်သမားတွေ အရမ်း အဆင်ပြေစေတယ်”ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

အခြေခံစပါးသတ်မှတ်ချက်သည် ဈေးကွက်ပေါက်ဈေးထက်ပို၍သတ်မှတ် မရပေ။ ထိုင်းနိုင်ငံတွင် အခြေခံစပါးဈေးကို လယ်သမားများအကျိုးအတွက် ပေါက်ဈေးထက်ပို၍ အရှုံးခံသတ်မှတ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းယင်းလပ်သည် နိုင်ငံဘဏ္ဍာငွေများစွာ အလွဲသုံးစားမှုဖြင့်တရားရင်ဆိုင်ခဲ့ရသည်။ ယင်းလပ်၏ အခြေခံစပါးဈေးသတ်မှတ်ချက်သည် စီးပွားရေးအရ မဟုတ်ဘဲ နိုင်ငံရေးအရလယ်သမားများထောက်ခံမှုကို ရယူလိုခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံဘဏ္ဍာငွေများစွာ ဆုံးရှုံးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏အခြေခံစပါးဈေးသတ်မှတ်မှုသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ် ခြင်းဖြစ်သည်။ နိုင်ငံတော်က သတ်မှတ်ခြင်းမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ခြင်းမဟုတ်။ အခြေခံစပါးဈေးကို ဈေးကွက်ပေါက်ဈေးထက်ပို၍ သတ်မှတ်ပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ပြိုလဲသွားနိုင်သည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခြေခံစပါးဈေးသတ်မှတ်မှုကို နှစ်အလိုက် ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။ လက်ရှိသတ်မှတ်မှုသည်၂၀၁၈ခုနှစ်မိုးစပါးနှင့် နွေစပါးတွင်သာ အကျုံးဝင်သည်။

လက်ရှိ အခြေခံစပါးဈေးသတ်မှတ်မှုသည် လယ်သမားများအတွက်အဆင် ပြေကြောင်း ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ လယ်ငါးဧကပိုင်ရှင်လယ်သမား ဦးမင်းဇော်က ဆိုသည်။

အကြောင်းမှာ လက်ရှိတွင် လယ်တစ်ဧကလျှင် စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ ထုတ်လုပ်မှုစရိတ်သည် သုံးသိန်းဝန်းကျင်သာ ကုန်ကျသောကြောင့် ဖြစ်သည်ဟုဆိုသည်။

“အရမ်းကြီးမကောင်းပေမယ့်လည်းအဆင်ပြေတဲ့ ဈေးနှုန်းလို့တော့ ပြောလို့ရတယ်။ မကြိုက်ရင်လည်း အပြင် က ပေါက်ဈေးနဲ့ ရောင်းမှာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ လယ်သမားများ ဘ၀ပိုမိုတိုးတက်လာရေး ကုန်ထုတ်စွမ်းအားမြှင့်တင်ရမည်ဟု ဆိုသည်။ လယ်တစ်ဧကအထွက်နှုန်းနည်းလျှင် စပါးဈေး မည်မျှ ကောင်းကောင်းမကိုက်။ ဒေးဒရဲမြို့နယ်တွင် လယ်တစ်ဧကလျှင် နွေစပါးတင်း ၈၀၊ မိုးစပါးတင်း ၆၀ခန့် ထွက်ရှိသည်။ ဤအထွက်နှုန်းသည် လယ်သမားများအတွက် မဆိုးလှသော အထွက်နှုန်း ဖြစ်သည်။

မည်သို့ဆိုစေ အခြေခံစပါးဈေးသတ်မှတ်မှုသည် ဖန်ခွက်ထဲတွင် ရေတစ်ဝက် ရှိခြင်းပင်ဖြစ်သည်။ အမြင်အမျိုးမျိုး ရှိနိုင်ပြီး ရေတစ်ဝက်ပဲရှိသည်ဟု ယူဆနိုင်သကဲ့သို့ ဖန်ခွက်ပြည့်ရန် ရေတစ်ဝက်သာလိုသည်ဟုလည်း ရှုမြင်နိုင်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ ၂၀၁၈တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ကြရန် ယခုလို ဆိုသည်။

“ဆန်ကုန်သည်ကြီးတွေကလည်း တောင်သူလယ်သမားတွေကို အနိုင်ကျင့်ချင်တဲ့စိတ် မရှိရဘူး။ တောင်သူလယ်သမားတွေကလည်း ဆန်ကုန်သည်ကြီးတွေကို အနိုင်ကျင့်ချင်တဲ့စိတ် မရှိရဘူး။ တစ်ဦးနဲ့တစ်ဦးကို ရန်သူလို မမြင်ဘဲနဲ့ မိတ်ဆွေလို၊လုပ်ဖော်ကိုင်ဖက်လို မြင်မှသာ အဆင်ပြေမှာဖြစ်ပါတယ်”

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *