Regional Roundup

ရန်ကုန်မြို့တွင် စမ်းသပ်ပြေးဆွဲနေသည့် မင်္ဂလာပါ အမိုးဖွင့်ကားကြီးတစ်စီးကို တွေ့မြင့်ရစဉ်။

(မန္တလေး)

အမိုးဖွင့်ကားကြီး ပျော်ပျော်စီး

မြန်မာနိုင်ငံသားပိုင် Aquamarine Ecotourism Development ကုမ္ပဏီက တရုတ်နိုင်ငံမှတင်သွင်းလာသောအမိုးဖွင့်ကားများဖြင့် ရန်ကုန် မြို့သာမက အခြားမြို့သုံးမြို့၌ပါ လည်ပတ်နိုင်မည့်ဝန်ဆောင်မှုစတင်တော့မည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ပြင်ဦးလွင်မြို့တို့၏ နံနက်ခင်းနှင့်ညနေခင်းအလှတို့အား လိုက်လံကြည့်ရှုနိုင်သည့်အစီအစဉ်ကို အဆိုပါကုမ္ပဏီသည် Mingalarbus  အမည်နှင့်အမိုးဖွင့်ကားဝန်ဆောင်မှုဖြင့်အောက်တိုဘာလ၁ ရက်နေ့တွင်စတင်မည်ဖြစ်သည်။

—————————————————-

(တနင်္သာရီ)

တနင်္သာရီကို မျက်စိကျသည့် ဥရောပ

ယခုနှစ်အတွင်း ဥရောပနိုင်ငံသားများသည် တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံရန် မျက်စိကျလျက်ရှိသည်။

အကြောင်းမှာ တနင်္သာရီတိုင်းအတွင်း ထားဝယ်ရေနက်စီမံကိန်းဖော်ဆောင်မည့် အသံများကို ပြန်လည် ကြားနေရသောကြောင့် ဖြစ်သည်။

ယခင်ကမူတရုတ်၊ ဂျပန်၊ ထိုင်းတို့ကဲ့သို့ အာရှနိုင်ငံများသာ လာရောက်မှုများခဲ့သော်လည်း ယခုအခါ နယ်သာလန်၊ ကနေဒါနှင့် ချက်သမ္မတနိုင်ငံတို့က လာရောက်ဆွေးနွေးလျက်ရှိပြီး မကြာမီကာလတွင် ပြင်သစ်နိုင်ငံကလည်း လာရောက်မည်ဖြစ်သည်။

——————————————————–

(ဧရာဝတီ)

ငါးကန်တူးရာမှ ပဋိပက္ခဖြစ်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ရှိ တိုင်းအစိုးရက တားမြစ်ထားသည့် ငါးကျီးဆည်အင်းကို ဆက်တူးမှုကြောင့် ငါးကန်လုပ်ငန်းရှင်နှင့် ဒေသခံရေလုပ်သားများအကြား မတ်လ ၁၈ ရက်တွင် ဆူပူမှုဖြစ်ပွားခဲ့သည်။

ဒေသခံရေလုပ်သားများက ငါးကန်မတူးရန် အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ လေးခွဖြင့် ပစ်ခြင်း၊ တုတ်၊ ဓားဖြင့် တိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ငါးကန်တူးသူများက ဒေသခံတို့ကို စက်ယန္တရားများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

ဒေသခံများက ငါးကန်မတူးရနေရာတွင် တူးဖော်နေမှုကို တရားစွဲဆိုပေးရန် တိုင်းအစိုးရသို့ တောင်းဆိုခဲ့သော်လည်း အစိုးရက လျစ်လျူရူခဲ့သောကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

——————————————————

(ရခိုင်)

ကုလကို ဆွဲထည့်ပြီ

ထွက်ပြေးဘင်္ဂါလီများ ပြန်လည်လက်ခံရေးတွင် ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာအစိုးရနှင့် ညှိနှိုင်းနေသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် ဆွေးနွေးနေခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်နေသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

ဒုက္ခသည် ပြန်လည်လက်ခံရေးတွင် ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေကို အကြမ်းဖျင်းဆွေးနွေးထားသည့် အဆင့်သာရှိသေးကြောင် မြန်မာအစိုးရဘက်က ပြောဆို ထားသည်။

———————————————————

(မန္တလေး)

ခွေးဘီလူးနဲ့ လိုက်လု

ခွေးဘီလူး (Suzuki) ကားတစ်စီးကို အသုံးပြု၍ မန္တလေးမြို့ပေါ်တွင် လုယက်မှုကျူးလွန်နေသူကို ရဲတပ်ဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် ဖမ်းမိခဲ့သည်။

အမှတ် (၁) ရဲစခန်းအနီး ဆိုင်ကယ်စီးလာသူများထံမှ ရွှေဆွဲကြိုးလုယက်သည်ကို CCTV မှတ်တမ်းများမှ တစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ပြီး အမှုဟောင်းများပါ ပေါ်ပေါက်ခဲ့ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူသည် အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး ၎င်းပိုင်ကားကိုအသုံးပြု၍ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရွှေဆွဲကြိုးသုံးကုံးနှင့် ပိုက်ဆံအိတ်တစ်အိတ်တို့ကို လုယက် ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ ထပ်မံသိရသည်။

——————————————————-

လယ်ယာလုပ်ငန်းခွင်တွင်ပါ ခိုင်းနွားများ ရှားပါးလျက်ရှိသည်။

(ဧရာဝတီ)

ဟင်္သာတ နွားအလှပြိုင်ပွဲ

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် လာမည့် မတ် လ ၂၇ ရက်မှစ၍ နွားအလှပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။

နွားအလှပြိုင်ပွဲအပြင် မြင်းအလှပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ပြီး ကျေးလက်များတွင် နွားနှင့်မြင်း တိုးချဲ့မွေးမြူကြရန် ရည်ရွယ်သည်။

အဆိုပါဒေသတွင် မြင်းအလှနှင့်နွားအလှပြိုင်ပွဲ များကို လွန်ခဲ့သော ၃၈ နှစ်က ကျင်းပခဲ့ပြီးနောက် ယခုအခါ တစ်ကျော့ပြန် ကျင်းပမည်ဖြစ်သည်။

——————————————————–

(ရခိုင်)

ရခိုင်ပါတီ သင်တန်းရပ်ဆိုင်း

ရခိုင်အမျိုးသားပါတီ (ANP) က ဖွင့်လှစ်မည့် သင်တန်းကို အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ရပ်ဆိုင်းလိုက်သည်။

အိန္ဒိယက ပညာရှင်နှစ်ဦး လာရောက်ပို့ချမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်သင်တန်းကို စစ်တွေမြို့ရှိ ရွှေသဇင်ဟိုတယ်တွင် မတ်လ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သင်တန်းပြုလုပ်ခွင့်မပြုရန် ရဲတပ်ဖွဲ့က ဟိုတယ်ပိုင်ရှင်ကို ဖိအားပေးခဲ့သဖြင့် ANP တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါတီ၏ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး က ပြောကြားသည်။

နိုင်ငံခြားသားနှစ်ဦး လာရောက်သင်တန်းပို့ချမည်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုအပ်သည်ဟု အကြောင်းပြကြောင်း ၎င်းက ဆိုသည်။

—————————————————

(ပဲခူး)

ရွာ ၃၀ ကျော် သောက်သုံးရေရှား

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ ၃၀ သည် ယခုနှစ်တွင် သောက်သုံးရေရှားပါးမှုနှင့် စတင် ရင်ဆိုင်နေရပြီဖြစ်သည်။

အစိစီရေတူးရန်ခက်လာခြင်း၊ မြေအောက်ရေမလိုက်ခြင်း၊ ရေငန်များသာထွက်ရှိခြင်း စသည့်အခက်အခဲများကို ဒေသခံများ ရင်ဆိုင်နေရပြီဖြစ်သည်။

ကားလမ်းမပေါက်သောကြောင့် သွားလာရခက်ခဲပြီး အိမ်ခြေ ၃၂၀၀ ခန့်မှာ မတ်လဆန်းပိုင်းမှစ၍ သောက်သုံးရေ ပြတ်လပ်လျက်ရှိသည်။

—————————————————-

(မကွေး)

ဆိုင်အများစုပိတ်ထားတဲ့ ဈေးသစ်ကြီး

ဆိုင်ခန်း၁၀ခန်းကျော်သာဖွင့်လှစ်ရောင်းချလျက်ရှိသည့် အောင်လံမြို့ အမှတ် (၂)ဈေးကြီးမှဆိုင်ခန်းအများစု မှာပြန်လည်ပိတ်သိမ်းခဲ့သည်။

ဈေးကြီးစတင်ဖွင့်လှစ်ပြီးတစ်လကျော်အကြာတွင်လူစည်ကားမှုမရှိသဖြင့်ဖွင့်ထားသည့်ဆိုင်အများစုပြန်လည် ပိတ်သိမ်းခဲ့ခြင်းလည်းဖြစ်သည်။

————————————————————

(ရှမ်း)

ဖမ်းဆီးသစ်တွေကို မီးခိုးရှို့

ရှမ်းပြည်နယ်နမ့်စန်၊လဲချား၊မိုင်းကိုင်နှင့် ကျောက်မဲ မြို့တို့ရှိ သစ်တောရုံးများအတွင်း ဖမ်းမိတရားမဝင်သစ်ပုံများကို လူအချို့ကမတ်လ၁၆ရက်နေ့တွင်တစ်ပြိုင်နက်တည်းဝင်ရောက်မီးရှို့ခဲ့ကြသည်။

လူအချို့သည်ဓာတ်ဆီနှင့် အဝတ်စများ အသုံးပြု၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီးလဲချားနှင့် ကျောက်မဲမြို့တို့ရှိ သစ်ပုံနှစ်ပုံမီးရှို့မှုမှာ ထိခိုက်မှုနည်းပါးခဲ့ပြီး နမ့်စန်နှင့်မိုင်းကိုင်မြို့တို့မှ သစ်ပုံများမီးရှို့မှုတွင် ကျွန်းသစ်နှစ်တန်ကျော်မီးလောင်ခဲ့ပြီး သစ်မျိုးစုံခုနစ်တန်ခန့်မီးလောင်ခဲ့သည်။

————————————————————-

ရေရှားသည့်နေရာများမှာ ရေတွင်း၊ ရေကန်တူး၍ မရပေ။

(မွန်)

ရေရှားနိုင်တဲ့ ကျေးရွာတွေ

မွန်ပြည်နယ်တွင် ယခုနွေရာသီ၌ ကျေးရွာ ၃၀ ကျော် ရေရှားပါးမှုဒဏ် ခံရနိုင်သည်။

မြို့နယ်ငါးမြို့နယ်ရှိ ကျေးရွာ ၃၇ ရွာမှာ ရေရှားပါးနိုင်သည်ဟု ခန့်မှန်းထားပြီး ယမန်နှစ်ကထက် ရေရှားပါးမှု လျော့နည်းလာခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

အထူးသဖြင့် ပေါင်၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် ရေရှားမည်ဟု ခန့်မှန်းထားပြီး ရေလှူရန် ကြိုတင် ပြင်ဆင်ထားကြောင်း၊ ရေရှားသည့်နေရာများမှာ ရေတွင်းရေကန်တူး၍ မရသည့်နေရာများဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

————————————————————-

(မန္တလေး)

တရားသူကြီးပြီးတော့ တရားရုံးကို ဖိနပ်နဲ့ပေါက်

တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်သဖြင့် အမှုရင်ဆိုင်နေရသည့် တရား လွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက တရားရုံးကို ဖိနပ်ဖြင့် ထပ်မံပစ်ပေါက်ခဲ့သည်။

ပြည်ကြီးတံခွန်တရားရုံးတွင် မတ်လ ၁၅ ရက်နေ့က စစ်ဆေးနေသည့် အမှုတစ်ခုနှင့်ပတ်သက်၍ တရားရုံး၏ ဆုံးဖြတ်မှုကို မကျေနပ်သောကြောင့် တရားခွင်ဝင်ထွက်ပေါက်ရှိ ကြော်ငြာဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းကို ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး ဒေါ်စုသက်ငုံက ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ညစ်ညမ်းသော ပြုလုပ်မှုများ)၊ ပုဒ်မ ၃၅၃ (တာဝန် ဝတ္တရား ဆောင်ရွက်ခြင်းမှ ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှုကျူးလွန်ခြင်း)၊ ပုဒ်မ ၂၂၈ (တရားစီရင်မှုဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားခြင်း သို့မဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်း)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် မတ်လ ၁၆ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းသည် မတ္တရာမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေစဉ် အာမခံရုပ်သိမ်းခံရသဖြင့် မကျေနပ်သောကြောင့် တရား သူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပုဒ်မသုံးခုဖြင့်အမှုဖွင့်ခံရပြီး လက်ရှိတွင် အာမခံဖြင့် မိတ္ထီလာတရားရုံးတွင် တရားရင်ဆိုင်နေရသူလည်း ဖြစ်သည်။

——————————————————-

(တနင်္သာရီ)

မြိတ်မြို့က ဆွမ်းခြောက်လောင်းလှူပွဲ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် သံဃာအပါး ၅၄၀ ဆွမ်းခြောက်လောင်းလှူပွဲကို ဧပြီလ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပင့်သံဃာ ၁၀၀ လည်း အဆိုပါဆွမ်းခြောက်လောင်းလှူပွဲတွင် ပါဝင်မည်ဖြစ်သည်။

ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေးဆွမ်းခြောက်လောင်းလှူပွဲကို မြိတ်မြို့မှ ပင့်သံဃာ ၂၅၀ နှင့် ထိုင်းနိုင်ငံမှ ပင့်သံဃာ ၂၀၀ တို့ဖြင့် ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့သည်။

———————————————————–

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *