ဒါရိုက်တာခရစ်(စ်)တီနားခီ နှင့် တွေ့ဆုံခြင်း

“အရသာလည်းမတူတဲ့ နှစ်ကားဖြစ်နေတော့ ဘယ်သူ သာတယ်၊ ဘယ်သူမသာဘူးဆိုတာမျိုးတော့ မရှိဘူး။ အစ်မတို့က မြင်းပြိုင်ပွဲက မြင်းနှစ်ကောင်မဟုတ်ဘူး။ တစ်ယောက်စိတ်နဲ့ တစ်ယောက်အလုပ်လုပ်နေကြတဲ့ အနုပညာရှင်တွေဖြစ်တော့ မပြိုင်တာ ပိုကောင်းပါတယ်။”

ခရစ်(စ်)တီးနားခီ

လက်ရှိရုံတင်ပြသနေတဲ့ မုဒြာရဲ့ခေါ်သံဇာတ်ကားကို ပရိသတ်အားပေးမှုအပေါ်ခံစားချက်၊ ရုပ်ရှင်လောက နှစ်ခြမ်းကွဲသွားတယ်လို့ ပြောဆိုမှုတွေအပေါ် အမြင်နဲ့ စင်ကာပူမှာ ဥပါယ်တံမျဉ်ဇာတ်ကားပြသဖြစ်တဲ့ အကြောင်းတွေကို ဒါရိုက်တာ ခရစ်(စ်) တီနားခီနဲ့ မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : မုဒြာရဲ့ခေါ်သံဇာတ်ကားရုံတင်ချိန်မှာ စိတ်ခံစားမှုက ဘယ်လိုဖြစ်မိလဲ။
CK     : ကြည့်ထားတဲ့သူတွေဆီကနေ ကြိုက်တယ်ဆိုရင် တော်တော်လေးသက်ပြင်းချနိုင်တယ်။ မကြည့်ရသေးတဲ့ သူတွေဆီကနေ ကြိုက်ပါစေလို့ စိတ်ထဲကနေ ဆုတောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားကသူတို့ မျှော်လင့်ချက်အရမ်းကြီးမယ်ဆိုတာ အစ်မသိတယ်။ ပထမကားက ဒုတိယဖြစ်သွားပြီဆိုတော့ လွဲချော်မှုက အကြီးကြီးဖြစ်သွားပြီ။ နောက်တစ်ခုက အစ်မက ဒရာမာအေးအေးလေးတွေ ကြိုက်တော့ ရိုက်တယ်။ ပရိသတ်က ကြိုက်ပါ့မလား၊ စိတ်ပူတာပေါ့။

Voice : ဒေါ်ဆွေဇင်ထိုက်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်အငြင်းပွားနေကြတဲ့အပေါ် ဘာများပြောချင်လဲ။
CK      : သူတို့ဖြစ်တဲ့ကိစ္စအပေါ်မှာ အစ်မဘက်က ဝေဖန်မပြောဆိုချင်ပါဘူး။ အစ်မမှာ ဆရာကြီးတွေရဲ့ ဝေဖန်အကြံပေးမှု အရမ်းအရေးကြီးတယ်။ သူတို့ရဲ့ချီးကျူးသံက ပျော်ရွှင်စရာကောင်းတယ်။ သူတို့ရဲ့ Review တွေဖတ်ချိန်မှာ အစ်မမှာရင်တုန်ပြီး ကြောက်ပြီးတော့ ကြည့်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ၁၀၀ ရာခိုင်နှုန်း ကောင်းတဲ့ အနုပညာရှင်မဟုတ်သေးဘူးဆိုတာ သိပေမယ့်လည်း ရှေ့ဆက်သွားလို့ရတဲ့ခွန်အားတွေ ရသွားတယ်။ တစ်ဖက်မှာလည်း အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာ ရသွားကြတာကြားရတော့ စိတ်မကောင်းဘူး။

Voice : အစ်မရိုက်ထားတဲ့ ရုပ်ရှင်နှစ်ကားထွက်လာပြီးနောက်ပိုင်း ပရိသတ်တွေက အရင်ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ဝေဖန်မှုတွေ ပိုများလာတာ ဘာကြောင့်လို့ ထင်လဲ။
CK : ပရိသတ်ဆိုတာလည်း ပရိသတ်ရဲ့ Right ပေါ့။ အစ်မနောက်တစ်ကားရိုက်လို့ သူတို့ မကြိုက်ဘူးဆိုတာပဲဖြစ်ဖြစ်၊ အစ်မရဲ့ကြိုးစားအားထုတ်မှု တစ်ခုခုလွဲသွားလို့ သူတို့ မကြိုက်တော့ဘူးဆိုရင်လည်း အစ်မကိုလည်း နာမည်တစ်ခုခုတပ်မယ်ထင်ပါတယ်။ အဲဒီတော့ ဒါ သူတို့ရဲ့ ကိုယ်ပိုင်ပြောဆိုခွင့်တစ်ခု ဖြစ်သွားပြီဖြစ်တဲ့အတွက် အစ်မအနေနဲ့လည်း ဘာမှပြောလို့မရဘူး။

Voice : အခုလက်ရှိရုံတင်နေတဲ့ ဇာတ်ကားနှစ်ကားရဲ့ ပြိုင်ဆိုင်မှုအပေါ် ဘာများပြောချင်လဲ။
CK : အစ်မ Team တွေမှာပဲဖြစ်ဖြစ်၊ တခြားအနုပညာရှင်တွေမှာပဲဖြစ်ဖြစ် အဲဒီလိုပြိုင်နေရင် အစ်မ သိပ်မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းသားနှစ်ယောက်ကို သွားပြိုင်နေရင် အလုပ်လုပ်ချိန်မှာ သူတို့နှစ်ယောက်ရန်ဖြစ်နေတာနဲ့ အစ်မအလုပ် ကောင်းကောင်းလုပ်လို့ရမှာ မဟုတ်ဘူး။ ရုပ်ရှင်ဟာ လူပေါင်းရာချီအထိ အလုပ်လုပ်ရတာ။ စည်းစည်းလုံးလုံးလေးနဲ့ လုပ်ရတာကောင်းတယ်။ ရန်ဖြစ်ကြတာတွေ၊ သွေးကွဲသွားကြတာတွေ တကယ်တော့ မကောင်းဘူး။ ဖြစ်နိုင်ရင် ကိုဝိုင်းရဲ့ကားကို ကြည့်ပါ။ အစ်မလည်း အားရင်သွားကြည့်မယ်။ အနုပညာကို ကြိုးစားနေတဲ့ လူတိုင်းမှာ ကိုဝိုင်းလည်း ပါတယ်။ သူ တောက်လျှောက်ကြိုးစားခဲ့တာလည်း ရှိတယ်။ အရသာလည်းမတူတဲ့ နှစ်ကားဖြစ်နေတော့ ဘယ်သူသာတယ်၊ ဘယ်သူမသာဘူးဆိုတာမျိုးတော့ မရှိဘူး။ အစ်မတို့က မြင်းပြိုင်ပွဲက မြင်းနှစ်ကောင် မဟုတ်ဘူး။ တစ်ယောက်စိတ်နဲ့ တစ်ယောက် အလုပ်လုပ်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်တော့ မပြိုင်တာပိုကောင်းပါတယ်။

Voice : ဥပါယ်တံမျဉ်ဇာတ်ကား စင်ကာပူမှာပြဖြစ်တာ ဘယ်လိုကြောင့်လဲ။
CK : စင်ကာပူမှာ ပြဖြစ်တာက ပရိသတ်တွေကြောင့် အများကြီးဆိုင်တယ်။ ဒီဘက်က Review တွေရေးကြတော့ စင်ကာပူက ပရိသတ်ကလည်း အရမ်းကြည့်ချင်ကြတယ်။ ဖေ့စ်ဘွတ်ခ်ကနေ ဆက်သွယ်လာကြတယ်။ မြို့လယ်ကောင်ရုံကြီးတွေပြဖို့က လာကြည့်တဲ့ပရိသတ်တွေကို တွက်ရတယ်။ အစ်မတို့ကိုယ်တိုင်က ပိုက်ဆံရှာပေးရမယ်ဆိုတာ ဘယ်လောက်ရမယ်မှန်းမသိတော့ လက်ခံတဲ့ရုံမှာပဲ လုပ်လိုက်တာ။ တစ်ရက်တည်းနဲ့ကို လူ ၃၀၀၀၊ ၄၀၀၀ လောက် လက်မှတ်ဝယ်လိုက်တယ်။ ဝယ်လိုက်တော့ ရုံရှင်က ပွဲချိန်တွေ ထပ်တိုးလိုက်တယ်။

Voice : နောက်ထပ် ဘယ်နိုင်ငံတွေ ဆက်လက်ပြဖို့ ရှိလဲ။
CK     : အမေရိကားတော့ ကျိန်းသေတယ်။ နေဖူး နေတော့ လုပ်ရတာလည်း ပိုအဆင်ပြေတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ အခုဟာက ထိုင်း၊ အင်္ဂလန်၊ ကိုရီးယား ကလည်း ခေါ်တယ်။ ခေါ်တယ်ဆိုပေမယ့်လည်း အဲဒီဘက်ကနေ အစ်မကို လာခဲ့ပါ၊ ရုံလေးတွေက ဒီလိုရှိ တယ်ဆိုရင် အစ်မအတွက် ပိုအဆင်ပြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုနိုင်ငံတွေကိုသွားပြီးတော့ စုံစမ်းရင်ခက်ခဲမှုရှိမယ် ထင်တယ်။ 

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *