NLD လက်ထက် တပ်ချုပ်၏ အမာဆုံးမိန့်ခွန်း

လတ်လတ်ဆတ်ဆတ် တပ်မတော်နေ့မိန့်ခွန်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အပေါ် ဝေဖန်သူများအတွက် တပ်လှန့်သံဖြစ်လာသည်။ တပ်မတော်၏ သဘောထားကိုလည်း လှစ်ဟပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နေ့ မိန့်ခွန်းပြောဆိုပြီးနောက် NLD အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်၏ သဘောထား ပိုမိုတင်းမာလာသလောဆိုသည့် မေးခွန်းထွက်ပေါ်လာသည်။

ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့စည်းခွင့်ရရန် ကျိန်းသေနေချိန်မှစ၍ တပ်မတော်နေ့နှင့် NLD အစိုးရခေတ်တွင် သုံးကြိမ်ကြုံကြိုက်သည်။ ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် မိန့်ခွန်းတို့ဖြစ်သည်။ ယင်းအနက် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ကျရောက်ခဲ့သည့် တပ်မတော်နေ့တွင် ပြောကြားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းမှာ ထူးခြားမှုများ တွေ့ရသည်။

တစ်နည်းအားဖြင့် တပ်မတော်၏ ပြောင်းလဲနေသည့် သဘောထားကို တွေ့မြင်ရသည့် မိန့်ခွန်းလည်း ဖြစ်သည်။

သတိပေးချက်လော

ယခုနှစ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ယခင် ၂ နှစ်က ပြောဆိုခြင်းမရှိသည့် ထူးခြားချက်အချို့ပါဝင်သည်။

ပထမအချက်မှာ တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင်၊ တပ်မတော် ပြိုကွဲအောင် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုကို သတိတရား၊ အသိတရားနှင့် ယှဉ်ပြီး တုံ့ပြန်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယင်းကြောင့် တပ်မတော်၏ လုပ်ရပ်များအပေါ် ဝေဖန်သူများကို အရေးယူမှု ပိုမိုတိုးမြင့်လာမည်လောဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာသည်။ မေးခွန်းထုတ်ရသည့်အကြောင်းအရင်း များလည်း ရှိနေသည်။

တပ်မတော်က တုံ့ပြန်မည်ဆိုသည့် ပြောဆိုချက်မှာ ဒီမိုကရေစီလမ်းကြောင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ဆိုသူက အမျိုးသမီးအရေးနှင့် လူငယ်ထုအရေး တက်ကြွလှုပ်ရှားနေသူက ဒေါ်သဉ္ဇာရွှန်းလဲ့ရည် ဖြစ်သည်။

“အခုလက်ရှိ စစ်တပ်နဲ့ လူထုကြား၊ လွှတ်တော်နဲ့ စစ်တပ်ကြား နေရာစုံမှာ အတွန်းအတိုက် ပြဿနာဖြစ်နေတယ်။ ကျွန်မမြင်တာကတော့ တပ်မတော်ရဲ့ ဆတ်ဆတ်ထိမခံတတ်တဲ့ အမူအကျင့်နဲ့ ပြန်လည်တုံ့ပြန်တဲ့အခါတရားစွဲဆိုမှုမျိုးတွေကို မြင်ရတယ်”

တပ်မတော်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို မီဒီယာသို့ ထုတ်ဖော်ပြောဆိုခဲ့သည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည်။ ၎င်း၏ ပြောဆိုချက်မှာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုထားသည်။

သရော်စာ ရေးသားဖော်ပြမှုကြောင့် The Voice အယ်ဒီတာချုပ်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုပြီး TNLA လက်နက်ကိုင်အဖွဲ့က ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ပွဲသို့ သွားရောက်သတင်းယူသည့် သတင်းသမားသုံးဦးကိုလည်း မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

မောင်တောမြို့နယ် အင်းဒင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သား များက လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့် သတင်းကို ဖော်ထုတ်ခဲ့သည့် ရိုက်တာသတင်းထောက်နှစ်ဦးလည်း ရဲတပ်ဖွဲ့ထံမှ အရေးကြီးစာရွက်စာတမ်းများ တရားမဝင် ရယူခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည်။ ယင်းတို့နှစ်ဦးကို တပ်မတော် လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်း ဖြစ်သည်။

အစိုးရနှင့် လွှတ်တော်လည်း မလွတ်။

ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညွှန်ကြားမှူးချုပ်အဆင့်သာရှိသည်ဆိုသည့် ပြောဆိုချက်ကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း တပ်မတော်ကို တောင်းပန်ခဲ့ရသေးသည်။

မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၂) က NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာလည်း မတ်လ ၂၉ ရက်နေ့က တပ်မတော်ကို တောင်းပန်ထားရသေးသည်။

သမ္မတ ရွေးချယ်ရေးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အစည်းအဝေး ကျင်းပရာတွင် တပ်မတော်သားကိုယ်စားလှယ်များ ထွက်ခွာနိုင်ပြီဟု ကြေညာချိန်မှာ အလွန်ဂုဏ်ယူစရာကောင်းသည်ဟု ဒေါ်သီရိရတနာက Facebook တွင် ရေးသားချက်ကြောင့် ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ဒီမိုကရေစီစံနှုန်းနှင့်အညီလွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်ဆိုသော်လည်း ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီပြောဆိုရေးသားရန်လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပွင့်လင်းလာသည့် ခေတ်စနစ်တွင် တပ်မတော်ကို မဟုတ်မမှန်သည့် အကြောင်းအရာများဖြင့် ထိုးနှက်တိုက်ခိုက်မှုများပြားလာသဖြင့် ယင်းသို့ သတိပေးခြင်းဖြစ်နိုင်ကြောင်း သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

“နိုင်ငံတစ်ခုရဲ့ တရားဝင်တပ်မတော်ကို ပြိုကွဲအောင်တော့ လုပ်လို့မရဘူးပေါ့။လုပ်မယ်ဆိုရင်တော့ တရားဥပဒေအရ ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောမျိုး ပြောတယ်လို့ ကျွန်တော် ထင်ပါတယ်”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းသို့သတိပေးခဲ့သော်လည်း တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှု ပုံမှန်အတိုင်း ဆက်လက် ရှိနေဦးမည်ဟု ယူဆသူက တိုင်းရင်းသားအရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူဦးမောင်မောင်စိုး ဖြစ်သည်။

“အရင်ကလည်း တပ်ကိုထိခိုက်တယ်လို့ ထင်ရင် အရေးယူတဲ့ကိစ္စတွေက ရှိခဲ့တာပဲ။လူထုကလည်း ဝေဖန်ကြမှာပဲလေ။ အဲ့ဒါကြောင့်မို့လို့ ဝေဖန်တာ ရပ်သွားတယ်ဆိုတာမျိုးလည်း ရှိမှာမဟုတ်ဘူး”

မဖြစ်နိုင်တာ မတောင်းနှင့်

ဒုတိယအချက်မှာ ငြိမ်းချမ်းရေးအတွက် သတင်းစကားဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးနေပြီဖြစ်သဖြင့် သဘောထားကွဲလွဲမှုများကို လက်နက်စွဲကိုင် တောင်းဆိုရန် မလိုအပ်တော့ဘဲ နိုင်ငံရေးနည်းလမ်အရ တွေ့ဆုံဆွေးနွေး အဖြေရှာရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယင်းသို့ အဖြေရှာရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကို အခြေခံကာ ဆောင်ရွက်ရမည်ဟု ပြောဆိုသည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီး လက်မှတ်မထိုးသေးသည့် အဖွဲ့လည်း ၁၀ ဖွဲ့ ကျော် ရှိနေသေးသည်။

NCA ကို ငြင်းဆန်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကမူ ယင်းပြောဆိုချက်ကို လက်မခံ။

“အဆင်မပြေလို့ KIO က လက်မှတ်ထိုးတဲ့အထဲမှာတောင်မပါဘူးလေ။ ဒါက Principle အရပြောတာပေါ့။ အကြောင်းအရာတွေကို လက်မခံနိုင်လို့ လက်မှတ်ထိုးတဲ့ အထဲမှာ မပါတာဖြစ်တယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က တုံ့ပြန်ပြောဆိုသည်။

“ဒီနောက်ပိုင်းမှာ တပ်မတော်က အင်အားနဲ့ ချ (တိုက်ခိုက်) မယ်ဆိုတဲ့ ဟာမျိုးပေါ့”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောဆိုသည့် NCA လမ်းကြောင်းအတိုင်းသွားမှသာလျှင် ငြိမ်းချမ်းရေးရမည်ဟု ဆိုသူမှ စစ်ရေးလေ့လာသုံးသပ်နေသည့် ဒေါက်တာနိုင်ဆွေဦးက မှတ်ချက်ပေးသည်။ သမ္မတ ဦးသိန်းစိန်အစိုးရ၊ တပ်မတော်နှင့် လက်ရှိ NLD အစိုးရကလည်း ယင်းလမ်းကြောင်းအတိုင်းသာ သွားနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါက မှန်ကန်တဲ့ လမ်းကြောင်း တစ်ခုလို့ မြင်ပါတယ်” ဟု ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

ပုံမှန်အတိုင်းဆိုလျှင် NCA လမ်းကြောင်းအတိုင်း လုပ်ဆောင်မည်ဆိုပါက အငြင်းပွားဖွယ်ရာများစွာရှိသော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အလျှော့အတင်း လုပ်နိုင်သည့် အကြောင်းအရာများစွာရှိကြောင်း ဦးမောင်မောင်စိုး က မှတ်ချက်ပေးသည်။

“ဒီအခြေအနေကိုပဲ စောင့်ကြည့်ရလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် ရာဇသံလည်း ရှိသည်။

“ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါ မဖြစ်နိုင်တာတွေ တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မျှော်တွေး တောင်းဆိုညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်မှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခြင်း ဖြစ်
သည်။

မဖြစ်နိုင်သည့် ကိစ္စဆိုသည့် စကားရပ်ကိုမူ အဓိပ္ပာယ်ဖွင့်ပြောဆိုခဲ့ခြင်း မရှိပေ။

ဦးဒေါင်ခါးကမူ “ဖက်ဒရယ် တောင်းဆိုမှုက သူတို့အတွက် မဖြစ်နိုင်ဘူးလို့ ယူဆနေတဲ့ကိစ္စလို့ မြင်တယ်။ ကျွန်တော်တို့ တစ်လျှောက်လုံး တောင်းဆိုနေတာက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံဖြစ်တယ်” ဟု ၎င်း၏ ယူဆချက်ကို ပြောဆိုသည်။

၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးတွင် စစ်မှန်သည့် ပြည်ထောင်စု ပုံစံဖွဲ့စည်းမည်ဆိုလျှင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်မည်ဟု ညှိနှိုင်းခဲ့ဖူးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မဖြစ်နိုင်သည့် အကြောင်းအရာကို မတောင်းဆိုရန်ဆိုသည့်အချက်နှင့် ပတ်သက်၍လည်း ဒေါက်တာနိုင်ဆွေဦးက သဘောတူပြန်သည်။

“ဥပမာပေါ့ တစ်ချိန်လုံး တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုနေတဲ့ အလှည့်ကျ ကာကွယ်ရေးဦးစီးချုပ် လုပ်မယ်ဆိုတဲ့ကိစ္စ လုံးဝမဖြစ်နိုင်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်ဖွဲ့တစ်မျိုး အဓိပ္ပာယ်ဖွင့်နေကြသဖြင့် ငြိမ်းချမ်းရေးခရီးမှာ စမ်းတဝါးဝါး လမ်းလျှောက်နေရသည့် ပုံစံဖြစ်နေကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောဆိုသည်။

“NLD အစိုးရလိုချင်တဲ့ ငြိမ်းချမ်းရေး၊ တပ်မတော်လိုချင်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ လိုချင်တဲ့ ငြိမ်းချမ်းရေး၊ ဒီထဲမှာပါဝင်တဲ့ တရုတ်အစိုးရ ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေး ၊ USတို့ ၊ UK တို့ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေး ဒီငြိမ်းချမ်းရေးဟာ ဘုံအဓိပ္ပာယ်ဖွင့်ဆိုမှု မရှိတဲ့ အတွက်ကြောင့် လိုရာဆွဲပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာလည်း အနုတ်လက္ခဏာဆောင်နေသည်ဟု ၂၁ ရာစု ပင်လုံညီလာခံအကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းမှု၊ တပ်မတော်က ထိုးစစ်ဆင်မှု စသည်တို့ကို အကြောင်းပြကာ ဦးဒေါင်ခါးက ထောက်ပြသည်။

NLD ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့စည်းခွင့်ရရန် သေချာသွားပြီ ဖြစ်သည့် ၂၀၁၆ ခုနှစ် တပ်မတော်နေ့က ပြောဆိုသည့် မိန့်ခွန်းတွင်မူ ငြိမ်းချမ်းရေးသတင်းစကားမှာ ယခုနှစ်ကဲ့သို့ မဟုတ်။

ထာဝရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာတွင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒရှိရန် လိုအပ်သည်ဟုသာ ၎င်းက ပြောဆိုခဲ့သည်။ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းသောနိုင်ငံရေး လမ်းကြောင်းဖြင့် လျှောက်လှမ်းသွားလိုသည့် စိတ်ဓာတ်ရှိလျှင် ထာဝရ ငြိမ်းချမ်းရေးမလွဲမသွေရမည်ဟု ၎င်းက ဆိုသည်။

အသစ်တက်လာမည့် NLD အစိုးရနှင့် လက်တွဲမည်ဆိုသည့် သတင်းစကားကိုလည်း ပါးခဲ့သေးသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ယိမ်းယိုင်သွားစေမည့် ကိစ္စရပ်များ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုများကို ထိပါးစေမည့် ကိစ္စရပ်များနှင့် ပြည်ထောင်စု ပြိုကွဲမှုကို ဦးတည်လာမည့် အခြေအနေများကို တပ်မတော်အနေနှင့် အရောက်ခံမည်မဟုတ်လည်း သတိပေးစကားဆိုခဲ့သေးသည်။

၂၀၁၇ ခုနှစ် တပ်မတော်နေ့တွင်မူ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အထူးတလည် ပြောဆိုခြင်းမျိုး မရှိခဲ့ပေ။ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တပ်မတော်က အားသွန်ခွန်စိုက်ပါဝင်ခဲ့သည်ဟုသာ ပြောဆိုခဲ့သည်။

NLD အစိုးရတာဝန်ယူခါနီးနှင့် ယူပြီးအချိန်တွင် ကြုံကြိုက်သည့် တပ်မတော်နေ့ သုံးကြိမ်လုံးတွင် တူညီသည့် ပြောဆိုချက်တစ်ရပ် ရှိသည်။ ယင်းမှာ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်အောင် တည်ဆောက်ရေးပင်။

နည်းပညာမြင့်မားလာသည့် ၂၁ ရာစု ခေတ်သစ်စစ်ပွဲတွင် ဆင်နွှဲနိုင်ရန် စွမ်းရည်ထက်မြတ်သည့် ခေတ်မီတပ်မတော်ဖြစ်ရေးကို အမျိုးသားအကျိုးစီးပွားအမြင်၊ နိုင်ငံရေးအမြင်၊ အမျိုးသားရေးအသိနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

မပြောသည့် အကြောင်းနှစ်ရပ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတွင် မပါဝင်ခဲ့သည့် အရေးကြီးအကြောင်းအရာအချို့လည်း ရှိသည်။

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတကို ရွေးချယ်ရန် တစ်ရက်အလိုက ပြောကြားခဲ့သည့် ယင်းမိန့်ခွန်းတွင် သမ္မတသစ်ရွေးချယ်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

ယင်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန်ဖိအားပေးကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးသို့ပင် တင်၍ စစ်ဆေးရန် တောင်းဆိုကြသည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။

မြန်မာနိုင်ငံ ပြိုကွဲပျက်စီးမည့် အခြေအနေများကို ထိန်းသိမ်းပေးနိုင်ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဦးဆောင်ပြုလုပ်ပေးနိုင်ခဲ့သည့် သမိုင်းတစ်လျှောက် အရေးပါသည့် လုပ်ရပ်များကြောင့် ဂုဏ်ယူကြောင်းကိုမူ အထူးတလည် ပြောဆိုသွားသည်။

ယင်းအပြင် မြန်မာ့တပ်မတော်အနေနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်နှင့် အမျိုးသားနိုင်ငံရေးတာဝန်များ ဆက်လက်ရှိနေမည်ဟုလည်း အသိပေးခဲ့သေးသည်။

ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတွင် တပ်မတော်သည် အရပ်ဘက်ထိန်းချုပ်မှုအောက်တွင်သာ ရှိရမည်ဟု ဆိုသော်လည်း လွတ်လပ်ရေး ဖွားဖက်တော်ဟု ကြွေးကြော်နေသည့် မြန်မာ့တပ်မတော်ကမူ ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ခြင်း မဟုတ်ဘဲ နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ဆက်လက်ပါဝင်နေဦးမည့် သဘောလည်း ဖြစ်သည်။

“နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ဆက်ပြီးတော့ ရှိနေဦးမှာ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သူတို့ရဲ့ ပါဝင်မှုဟာ အခိုင်အမာ ရှိနေတယ်။ ခြေကုပ်ယူထားတာတွေ အကြီးအကျယ် ရှိနေတယ်ဆိုတော့ ဒါက သေချာတယ်” ဟု ဒေါ်သဉ္ဇာရွှန်းလဲ့ရည်က ပြောဆိုသည်။

NLD အစိုးရရွေးကောက်ပွဲ နိုင်ပြီးချိန်နှင့် အစိုးရတာဝန်ယူချိန် ကြုံကြိုက်ခဲ့သည့် တပ်မတော်နေ့ သုံးကြိမ်တွင် ယခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းမှာအမာဆုံးဟု ဆိုရမည်ဖြစ်သည်။ ယင်းကြောင့် သဘောထားတင်းမာလာသလော မေးခွန်းကလည်း ထွက်လာသည်။

ပြီးခဲ့သည့်နှစ်က တပ်မတော်နေ့တွင် လက်နက်ကြီးများဖြင့် အင်အားပြခဲ့သေးသည်။

“တပ်မတော်က သဘောထားတင်းမာတာ အရင်ကတည်းကပဲလို့ မြင်တယ်”ဟု အမျိုးသမီးအရေးနှင့် လူငယ်ထုအရေး တက်ကြွလှုပ်ရှားသူ ဒေါ်သဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *