NLDပါတီထိပ်ပိုင်း အပြောင်းအလဲသုံးချက်

သမ္မတရွေးကောက်ပွဲနေ့က ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရသည့် ဦးဝင်းထိန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းဖွဲ့စည်းပုံ အပြောင်းအလဲများနှင့်ပတ်သက်၍ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်များတွင် ထူးခြားသည့် သို့မဟုတ် ကြီးမားသည့် အပြောင်းအလဲအချို့ကို တွေ့မြင်ရသည်။ ယင်းတို့အနက် အရေးပါသောအပြောင်းအလဲသုံးခုကို အလေးပေးဖော်ပြလိုပါသည်။

၁။ ဦးဝင်းထိန်အပြောင်းအလဲ

မတ်လ၂၆ရက်ရက်စွဲပါရှိသည့် ထုတ်ပြန်ချက်သုံးခုအနက် ပထမတစ်ခုမှာ သဘာပတိအဖွဲ့ဝင်များ တိုးချဲ့ခြင်းကိစ္စဖြစ်ပြီး ဩစတေးလျမှပြန်လာသူ ဦးဝင်းထိန်မှာ ယင်းသဘာပတိအဖွဲ့ဝင်ထဲတွင် ပါဝင်လာသည်။

၎င်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီနှင့် ဦးအုံးကြိုင်၊ ဦးကျော်ခင်တို့သုံးဦးလည်း ပါဝင်သည်။

ဦးဝင်းထိန်သည် ယခင်က အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်ခဲ့သူဖြစ်ပြီး ပါတီတွင်းဩဇာကြီးမားသူလည်း ဖြစ်သည်။

၎င်းအနေနှင့် သားဖြစ်သူ၏ မင်္ဂလာဆောင်အပြီး ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားခဲ့သလို ပါတီမှအနားယူကြောင်း စာပေးပို့ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ခေါ်ဆောင်ခဲ့သဖြင့် ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သူဖြစ်သည်။

သဘာပတိအဖွဲ့သည် ပါတီတွင်နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အသက်ရွယ်ကြီးရင့်သူများကို ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုထားသည့်အဖွဲ့ ဖြစ်သည်။ လက်ရှိထပ်တိုးလိုက်သူများအပါအဝင် သဘာပတိအဖွဲ့တွင် စုစုပေါင်းခြောက်ဦးရှိလာမည် ဖြစ် ပြီး သူရဦးတင်ဦးက နာယကအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

“သဘာပတိအဖွဲ့က အထူးသဖြင့် အသက်အရွယ်ကြီးလာတဲ့အခါမှာ ကျွန်တော်တို့ တာဝန်အင်မတန်ဖိစီးမယ်၊ စိတ်ဖိစီးမှုများမယ်။ အဲဒီအလုပ်မျိုးကို မပေးတော့ဘဲနဲ့ ဂုဏ်ထူးဆောင်တာဝန် တွေကို ပြောင်းရွှေ့လိုက်တာပါခင်ဗျ”ဟု ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ဆိုသည်။

ဦးဝင်းထိန်သည် သူ့အနေနှင့်အသက်အရွယ်ကြောင့် သဘာပတိအဖွဲ့တွင် ပါဝင်ချိန်တန်နေပြီဖြစ်ကြောင်း ယခင်ကပင် မီဒီယာသမားများသို့ ပြောဆိုခဲ့ဖူးသည်။

ဦးဝင်းထိန်ကို သဘာပတိအဖွဲ့ဝင်ထဲသို့ ပို့လိုက်သည့်အခါ အတွင်းရေးမှူးအဖွဲ့တွင် ဦးဉာဏ်ဝင်းနှင့် ဦးဟံသာမြင့်တို့နှစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။

၂။ ဒုဥက္ကဋ္ဌများ ခန့်ထားခြင်း

ကြေညာချက်နောက်ထပ်တစ်စောင်သည် ဒုဥက္ကဋ္ဌများ တာဝန်ပေးမှုကိစ္စ ဖြစ်သည်။

ပါတီ၏ ဒုတိယဥက္ကဋ္ဌတာဝန်များကို လောလောလတ်လတ်ပင် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကို ပေးအပ်ထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဖြစ်စဉ်များ ပြန်လည်ပေါ်ပေါက်လာသည့် ၂၀၁၀နောက်ပိုင်းတွင် ပါတီကို အသစ်ပြန်လည် မှတ်ပုံတင်ခဲ့ချိန်မှစ၍ ပါတီ၏ဥက္ကဋ္ဌတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်က ရယူထားခဲ့သော်လည်း ဒုတိယဥက္ကဋ္ဌနေရာကို မည်သူ့ကိုမျှ တာဝန်ပေးခြင်းမရှိခဲ့ရာမှ ယခုပထမဆုံးအကြိမ်တာဝန် ပေးအပ်ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များသည် ပါတီ၏လုပ်ငန်းတွင် ဝင်ရောက်ဆောင်ရွက်ခြင်းမပြုရန် အခြေခံဥပဒေအရ တားမြစ်ထားသည်။ သို့သော်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် ပါတီလုပ်ငန်း လုပ်နိုင်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ပေးရန်လျာထားခြင်းသာဖြစ်ပြီး ပါတီလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း၊ ယင်းနှစ်ခုသည် အဓိပ္ပာယ်များစွာကွဲခြားကြောင်း ဒေါက်တာမျိုးမြင့် ကပြောဆိုသည်။

“အခြေခံဥပဒေကနေ ခွင့်ပြုတဲ့သူတွေက နိုင်ငံရေးအရ ကျွန်တော်တို့ပါတီ အစည်းအဝေးတွေမှာ တက်မယ်၊ ပါတီလုပ်ငန်းများ လုပ်မယ်၊ အခြေခံဥပဒေအရ လုပ်ဆောင်လို့မရ၊ တားမြစ်ထားတာပေါ့လေ။ လုပ်ဆောင်လို့မဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်များကတော့ တာဝန်သာယူထားပြီးတော့ ပါတီလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်းပြုမှာ မဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။

၃။ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်နှင့် ဗဟိုအလုပ်အမှုဆောင် အပြောင်းအလဲ

ပါတီ၏ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များကိုလည်း မတ်လ၂၄ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်တို့က ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ ဖြစ်လာသည်။

ယခင်က ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း စသည့်အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လက်ရှိသမ္မတ ဦးဝင်းမြင့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်တို့က ယင်းတာဝန်ကိုယူခဲ့ကြရာမှ အပြောင်းအလဲလုပ်လိုက်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် ပါတီကိစ္စများနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့်က ဒိုင်ခံဖြေကြားလျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာဇော်မြင့်မောင်ကိုမူ အလွယ်တကူဆက်သွယ်၍မရနိုင်ပေ။

ယင်းသို့ အလွယ်တကူဆက်သွယ်နိုင်ခြင်းမရှိသူကို ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ထားမှုနှင့်ပတ်သက်၍လည်း ဝေဖန်မှုများရှိနေသည်။

အသက်ငယ်ရွယ်သူလည်းဖြစ်၊ ပါတီဝင်အဖြစ် သက်တမ်းနုနယ်သေးသူလည်းဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်လည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ဆက်လက်ပါဝင်လျက်ရှိသည်။ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ဦးတွင် လက်ရှိဝန်ကြီးချုပ် တာဝန်ယူထားသူငါးဦးပါဝင်ပြီး အခြားကိုးဦးမှာ ပါဝင်ခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍မူ ဒေါက်တာမျိုးညွန့်က ယခုလို မှတ်ချက်ပြုသည်။

“အဓိကတော့ ပါတီရဲ့လုပ်ဆောင်ချက်မှာ တောက်လျှောက်ပေါ့၊ ပါလာတဲ့ သူတွေ၊ လုပ်ငန်းကျွမ်းကျင်တဲ့သူတွေကို ဦးစားပေးရွေးချယ်တယ်လို့ ကျွန်တော် ထင်ပါတယ်”

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *