နွေနေပူမှာ သင်္ကြန်လည်မယ့်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ

နွေနေပူချိန်ခါ သင်္ကြန်လည်မယ့်သူတွေအတွက် ကျန်းမာရေးဆိုင်ရာထိခိုက်နိုင်မှု၊ သတိပြုစရာတွေကို ဆေးတက္ကသိုလ် (မကွေး)၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနက သရုပ်ပြဆရာဝန် ဒေါက်တာညိုကောင်းနှင့် The Voice Journal က မေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

Voice  : သင်္ကြန်တွင်းမှာအတွေ့ရများတဲ့ကျန်းမာရေးပြဿနာကိုသိပါရစေဆရာ။

Dr.NK : ရေအေးနဲ့ ကစားကြတယ်။ ပတ်ဝန်းကျင်က ပူတာကြောင့် ခန္ဓာကိုယ်က ရေက အလျင်အမြန် ခြောက်တာကြောင့် ခန္ဓာကိုယ်အပူချိန်ထိန်းတာပျက်ပြီး နာမကျန်းဖြစ်တယ်။ အပူရှပ်တယ်။ အပူရှပ်တဲ့ လက္ခဏာပြင်းလာရင် ဆေးရုံ၊ ဆေးခန်းပြရမယ်။ အပူရှပ်တာကြောင့် ရေငတ်မယ်။ ဒါကိုဂရုမစိုက်ဘဲ ဆက်ကစားတာကြောင့် ဖျားမယ်။ အာခေါင်နာ၊ ချောင်းဆိုး၊ နှာစေးတာတွေဖြစ်မယ်။ ပုံမှန်ဖြစ်သလို တစ်ပတ်နှစ်ပတ်လောက် ဂရုမစိုက်တာကြောင့်ဖြစ်တာ မဟုတ်ဘဲ တစ်ရက်နှစ်ရက်အတွင်း ရေဆော့ကစားရင်းဖြစ်တဲ့ ရောဂါဖြစ်တာကြောင့်ဖြစ်ရင် ပိုပြင်းထန်တယ်။ လူငယ်က ရောဂါအခံမရှိရင် မပြင်းပေမယ့် သွေးတိုး၊ နှလုံးရောဂါ အခံရှိနိုင်တဲ့ အသက် ၃၀ ကျော် ၄၀အရွယ်တွေဆို အပူရှပ်တာမျိုးဖြစ်ရင် ရောဂါပိုဆိုးနိုင်တယ်။

Voice : အပူနဲ့ပတ်သက်ပြီး နေပူထဲ လည်ပတ်ကြတယ်ဆိုရင် အသားအရည် ထိခိုက်မှုရှိနိုင်တာကြောင့် ကျန်းမာရေးအရထိခိုက်နိုင် တာတွေနဲ့ သတိထားသင့်တာတွေ သိပါရစေ။

Dr.NK : ပုံမှန်နေပူထဲသွားရင် အကာအကွယ် ဆောင်တယ်။ အဝတ်ထူထူ၊ အင်္ကျီလက်ရှည် ဝတ်ကြတယ်။ ထီးဆောင်းကြတယ်။ သင်္ကြန်မှာ ထီးမဆောင်းကြဘူး။ အဝတ်အစားကို ရေစိုရင် ခြောက်လွယ်တာမျိုး ရွေးဝတ်ကြတယ်။ Sကညခမနနည လိမ်းတယ်ဆိုလည်း ရေစိုရင် ပျက်သွားတာကြောင့် အသားအရေကို နေရောင်ခြည်ထိတာကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်တယ်။ လတ်တလော ခံစားရတာတော့ အသားမည်းတယ်။ နေရောင်ခြည်ဒဏ်ခံရတာကြောင့် အရေးအကြောင်းနဲ့ မှဲ့ခြောက်ပေါ်နိုင်တယ်။ ဆံသားအနေနဲ့ ဦးခွံကို မကာကွယ်ထားတာကြောင့် ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထတယ်။ သင်္ကြန်လည်ရင် ချည်ထည်လက်ရှည်ဝတ်ပါ။ နေကာမျက်မှန် တပ်ပါ။ ဦးထုပ်ဆောင်းပါ။

Voice : သင်္ကြန်နဲ့ အရက်သောက်ခြင်းက ဒွန်တွဲနေတတ်ကြတာကြောင့် အပူချိန်များတဲ့ကာလမှာ ရေဆော့ကစားတဲ့အခါ အရက် သေစာသောက်စားမယ်ဆိုရင် ပုံမှန်ချိန် အရက်သောက်တာနဲ့ ကွာခြားမှု ရှိပါသလား ဆရာ။

Dr.NK : အရက်သောက်တဲ့အခါ ခန္ဓာကိုယ်ထဲ အရက်ဝင်ရင် High(လေထဲလွင့်)တဲ့ ခံစားချက်ကို ရတတ်တာကြောင့် အရက် သောက်ကြပါတယ်။ သင်္ကြန်ရေကစားတဲ့အခါ ရေက အေးတဲ့အတွက် အရက်က တော်ရုံနဲ့ မမူးတာကြောင့် အရက်ပိုသောက်ဖြစ်သွားတတ်ကြပါတယ်။ လတ်တလော ထိခိုက်တာကတော့ ဝေဖန်နိုင်စွမ်းလျော့ ကျတာပါ။ ကိုယ်ခန္ဓာအေးနေတာကို သတိမထားမိဘူး။ ဗိုက်ဆာတာလည်း မူးနေရင် မသိတော့ဘူး။ အစာအိမ်အနာတွေ ဖြစ်တတ်တယ်။ အရက်ဝင်ရင် အသည်းမှာ ချေဖျက်ရတာကြောင့် အသည်းထိခိုက်တယ်။ အရက်သောက်လေ့သောက်ထမရှိရင် အသည်းထိခိုက်မယ်။ သင်္ကြန်မှာ တစ်ရက်ထဲ သောက်မှာ မဟုတ်ဘူး။ မနက်သောက်၊ ညအိပ်၊ နောက်တစ်နေ့ ပြန်သောက်ဆိုတော့ အလွန်အမင်းမောပန်းနွမ်းနယ် (Hangover) ဖြစ်ပြီး နေမကောင်း ဖြစ်တတ်တယ်။ မသောက်မဖြစ်သောက်မယ်ဆိုရင်တော့ အပြင်းအစားပျော့တာကို ရွေးသောက်ပါ။ ရေများများ သောက်ပါ။ ကျောက်ကပ်သွေးစီးမှု ပိုများပြီး ဆီးထုတ်မှု (ဆီးသွား)များတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်သွားတယ်။ အရက်က ဓာတ်တွေဟာ သွေးထဲအကြာကြီး မအောင်းနေတော့ဘူး။

Voice :အရက်သောက်တာကြောင့် ကျန်းမာရေးပြဿနာအပြင် အခြားမတော်တဆမှုတွေလည်း ဖြစ်နိုင်သေးတာပဲ ဆရာ။

Dr.NK : သင်္ကြန်မှာတော့ လူထူထပ်တာ၊ အရက်သောက်တာအပြင် ဆယ်ကျော်သက်တွေလည်း လည်ကြတာကြောင့် မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နိုင်ခြေများတယ်။ ဆိုင်ကယ်၊ မော်တော်ကားနဲ့ လမ်းပေါ်လျှောက်သူ ထိခိုက်မိတာရှိတယ်။ မတော်တဆမှုအတွက် ပညာပေးတာက ကာကွယ်ဆေးတဲ့။ သင်္ကြန်မှာတော့ ပြောဖို့ အဆင်မပြေဘူး။ ဒါကြောင့်လည်တဲ့သူတွေက ရန်ပွဲတွေ ရှောင်ရမယ်။ ကိုယ်နဲ့ မရင်းနှီး၊ မကျွမ်းဝင်တဲ့သူတွေနဲ့ မလည်သင့်ဘူး။ အရက်မူး၊ သောက်စားတတ်သူပါရင် ထိန်းဖို့၊ ကားဆရာ၊ ဆိုင်ကယ်မောင်းသူက မူးမနေဖို့ အရေးကြီးတယ်။ စက်ပစ္စည်းတွေကို ကောင်းအောင် စစ်ဆေးသင့်တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသင့်တယ်။ ဒါ့အပြင် ဓာတ်လိုက်တာ သတိထားရမယ်။ အသံချဲ့စက်တွေကို ရေနဲ့ထိတာ၊ ဓာတ်ကြိုး ပေါက်တာဆိုရင် ရေနဲ့ထိသူတွေ ဓာတ်လိုက်နိုင်တယ်။ ရေတင်ရင်လည်း မော်တာကို သတိထားရမယ်။ ရေတင်တဲ့ သူရဲ့အန္တရာယ်ရှိတယ်။ ရေတင်တဲ့သူက လက်၊ ဆံပင်အရှည် စက်မှာညှပ်ပါသွားရင် လက်ပြတ်၊ ခြေပြတ်၊ ခေါင်းပြတ်တာတွေ တွေ့နေရတယ်။ သင်္ကြန်မှာ နေ့လယ်အနားယူရင် ကန်ဘေး၊ ချောင်းဘေး၊ ရေကူးကန်ဘေး နားတတ်ကြတယ်။ သင်္ကြန်မှာ အရက်ကြောင့် မူးနေမယ်ဆိုရင် ဒါဟာ အန္တရာယ်များတယ်။ ရေမကူးတတ်သူကလည်း ကိုယ် ရေမကူးတတ်တာ၊ ရေနက်ထဲမသွား သင့်တာ မဆုံးဖြတ်နိုင်သလို ရေကူးတတ်သူကလည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူး။ သင်္ကြန်မှာမူးနေရင်တော့ ဒီလို အနားမယူသင့်ဘူး။

Voice : အခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဆရာ။

Dr.NK : သင်္ကြန်လည်ရင် စီးပွားရေးနစ်နာတယ်။ အစိုးရဝန်ထမ်းအပါအဝင် ဝန်ထမ်းတွေက မသိသာပေမယ့် ကိုယ်ပိုင်အလုပ်လုပ်တဲ့ သူတွေက သင်္ကြန်မှာ လုပ်ငန်းပိတ်ထားရတယ်။ တကယ်လို့ ခုနကပြောခဲ့သလို နာမကျန်းစေတာမျိုးတွေ လုပ်ခဲ့လို့ နေမကောင်းရင်လည်း အလုပ်ကို ဆက်ပိတ်ထားရမယ်ဆိုရင် စီးပွားရေးထိခိုက်မယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ သင်္ကြန်ပွဲတော်တစ်ခုလုပ်လို့ အညစ်အကြေးတွေ ပုံတာ၊ ရေဆုံးရှုံးတာ၊ အရက်၊ ယမကာသုံးစွဲမှု မြင့်တာ၊ လောင်စာသုံးစွဲမှုမြင့်တာတွေဟာ နိုင်ငံတစ်ဝန်းအတွက်ဆို နစ်နာတယ်။

Voice : သေသေချာချာပြောပြ အကြံပြုပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *