Regional Roundup

(မန္တလေး)

မညီအောင် တမင်လုပ်ထားတဲ့ ကျုံးလက်ရန်း

မန္တလေးကျုံးလက်ရန်းများအသစ်တပ်ဆင်ရာတွင် လက်ရန်းများမညီညာမှုမှာ မြေပြင်အနေအထားကြောင့် တမင်ပြုလုပ်ထားခြင်းဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုလိုက်သည်။

၂၆လမ်းပေါ်ရှိ ၆၆လမ်းထိပ်သည် ၇၂လမ်းထိပ် မြေပြင်ထက် ၁၂ လက်မ (တစ်ပေ) နိမ့်ကျနေကြောင်း၊ လမ်းရန်းတပ်ဆင်ရာတွင် အသုံးပြုသည့် တိုင်များသည် CNC (Computerized Numerical Control) စနစ်ဖြင့် အတိအကျပုံစံထုတ်ထားသည့်အတွက် အောက်ခံရေပြင်ညီမှ စတီးလ်ပိုက်များ ထိုးထည့်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အောက်ခံမြေမှာ ရေပြင်ညီ မဟုတ်သည့်အတွက် အချို့နေရာများတွင် နှစ်လက်မမှ သုံးလက်မအထိ နှိမ့်ချခဲ့ရကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရှင်းလင်းထားသည်။

—————————————————————-

(မကွေး)

လစ်လပ်ဝန်ကြီးနှစ်နေရာ အမည်စာရင်းတင်သွင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လစ်လပ်နေသောဝန်ကြီးနှစ်နေရာအတွက် အမည်စာရင်းကို လွှတ်တော်သို့ဒုတိယအကြိမ်တင်သွင်းလိုက်ပြီ ဖြစ်သည်။

အဆိုပါရာထူးနေရာအတွက် သုံးလနီးပါးကြာလစ်လပ်နေခြင်းဖြစ်ပြီး ပထမအကြိမ်ဝန်ကြီးနှစ်ဦးနေရာအတွက် နာမည်စာရင်းတင်သွင်းစဉ် လွှတ်တော်တွင် ကန့်ကွက်မှုများဖြစ်ခဲ့သဖြင့် အမည်စာရင်းတင်သွင်းမှုကို ဝန်ကြီးချုပ်က ရုပ်သိမ်းခဲ့သည်။

ယခုတင်သွင်းသည့် အမည်စာရင်းမှာ အငြိမ်းစားခရိုင်ပညာရေးမှူး(ဒုတိယညွှန်ကြားရေးမှူး) ဦးမြင့်ဆွေ (၆၂ နှစ်)နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးဟောင်း ဦးခင်မောင်ထွန်း (၆၂ နှစ်)တို့ဖြစ်သည်။

—————————————————————–

(စစ်ကိုင်း)

အစားမတော် တစ်လုတ်

ကနီမြို့နယ်မုဌောကျေးရွာတွင်ဧပြီလ၂ ရက်နေ့ကအလှူထမင်း၊ ဟင်းစားကာ လူ ၁၀၀ ကျော်မှာ မူးဝေ၊အော့အန်၊ ဝမ်းလျှောခြင်းများ ဖြစ်ကာ အစာအဆိပ်သင့်ခဲ့သည်။

အလှူတွင် ဟင်းချို၊ ငါးခြောက်ထိုး၊ အစိမ်းကြော်၊ ကုလားပဲဟင်း၊ ပဲတီချဉ်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

——————————————————————

(ပဲခူး)

တပ်မတော်လေယာဉ်ပျက်ကျ

ပဲခူးတိုင်း၊တောင်ငူမြို့နယ်၊ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်းသို့မြန်မာ့တပ်မတော်၏ကြားဖြတ်တိုက်ခိုက်ရေး F 7 တိုက်လေယာဉ်တစ်စီး ဧပြီ ၃ရက်က ပျက်ကျခဲ့သည်။

တိုက်လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အဆိုပါလေယာဉ်ပျက်ကျစဉ် လေထီးဖြင့် ခုန်ဆင်းခဲ့သော်လည်း ဒဏ်ရာများကြောင့်သေဆုံးခဲ့ရသည်။

တောင်ငူလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းမှ ပျံတက်ပြီးမိနစ် အနည်းငယ်အကြာတွင် ပျက်ကျခဲ့ရခြင်းဖြစ်သည်။ မည်သည့်အကြောင်းကြောင့် ပျက်ကျသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

—————————————————————

(ကရင်)

ကရင်စာပေ ဆရာရှား

ကရင်စာပေကို သင်ကြားခွင့်ပြုထားသော်လည်း ဆရာအလုံအလောက် မရှိသေးပေ။ ယင်းကြောင့် ကရင်စာပေ ဆရာဖြစ်သင်တန်းကိုဖွင့်လှစ်ရန် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်မြင့်မားရေးအသင်းက စီစဉ်နေသည်။ ကရင်ပြည်နယ်သာမက ကရင်လူမျိုးများရှိသည့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင်လည်း ဖွင့်လှစ်မည်ဖြစ်သည်။

အစိုးရသတ်မှတ်ချက်တွင် ကရင်စာပေသင်ကြားမည့် ဆရာသည် အနည်းဆုံး န၀မတန်းအောင်မြင်ရမည်ဆိုသဖြင့် စာသင်ကြားတတ်သော်လည်း ယင်းသတ်မှတ်ချက်ကြောင့် ဆရာအလုံအလောက်မရှိဟု ယင်းအသင်း ဥက္ကဋ္ဌက ပြောဆိုသည်။ ၏

—————————————————————–

(မန္တလေး)

နာရေးကူညီမှုယာဉ် ချောက်ထဲကျ

မန္တလေးမြို့တွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့သည့် အမျိုးသမီး၏ အလောင်းကို ချင်းပြည်နယ် မတူပီမြို့သို့ ပြန်လည်ပို့ဆောင်ပေးသည့် မဏိစလလူမှုရေးနှင့် နာမှုကူညီရေးအသင်းယာဉ် ချောက်ထဲပြုတ်ကျကာ ယာဉ်ပေါ်ပါလာသူ အမျိုးသားလေးဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

မတ်လ၂၈ရက်နေ့က ယင်းကဲ့သို့ ပို့ဆောင်ပြီးအပြန် ချင်းပြည်နယ် လုံဒေါကျေးရွာအနီး ပေ၈၀၀ခန့်အနက်ရှိသည့် ချောက်အတွင်းပြုတ်ကျခဲ့မှုကြောင့် ယာဉ်မောင်း၊ ယာဉ်အကူနှင့် လမ်းကြုံလိုက်လာသည့် သေဆုံးသူ၏ ဆွေမျိုးအမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့ရသည်။

သေဆုံးသူများ၏ အလောင်းကို မတ်လ၃၀ရက်နေ့တွင်မှ ရှာဖွေတွေ့ရှိပြီး ယင်းနေရာတွင်ပင် သင်္ဂြိုဟ်ခဲ့သည်။

——————————————————————

(မန္တလေး)

လိမ်ညာရောင်းခံနေရတဲ့ မန်းကျောက်ဝိုင်း

မန္တလေးမဟာအောင်မြေကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအတုများ လိမ်ညာအရောင်းခံနေရကြောင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။

လက်ရှိကော်မတီတာဝန်ယူသည့် ၂၀၁၇နှစ်လယ်ခန့်မှစတင်၍ ယခုအထိ လိမ်ညာရောင်းချမှုပေါင်း ၄၀ခန့်ရှိနေပြီး ကျပ် ၁၀ သိန်းအောက် တန်ဖိုးရှိသည့် ကျောက်စိမ်းများ ဖြစ်သည်။ အများအားဖြင့် နိုင်ငံခြားသားများနှင့် လက်ဆောင်ပေးရန် ဝယ်ယူသူ (ကျောက်စိမ်း အတုအစစ်ခွဲခြားခြင်း မပြုနိုင်သူ) များသာ ယင်းကဲ့သို့ လိမ်ညာရောင်းချမှုခံရသည်ဟုဆိုသည်။

ယင်းပြဿနာဖြေရှင်းနိုင်ရန်အတွက် ကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအတုအစစ် စစ်ဆေးခွဲခြားနိုင်သည့် စက်တပ်ဆင်သွားရန် ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီက ပြင်ဆင်လျက်ရှိသည်။

——————————————————————–

(ရခိုင်)

၁၅ ရာစုလက်ရာတွေ တွေ့

ကျောက်တော်မြို့နယ်တွင် ၁၄၊ ၁၅ ရာစုခတ် လက်ရာ ဘုရားဆင်းတုတော်နှင့် ကျောက်ထွင်းရုပ်ကြွင်းများ မတ်လ ၃၁ ရက်နေ့က တူးဖော်တွေ့ရှိသည်။

မြောက်ဦးမြို့နယ် သကျမာန်အောင်ဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်၏ အိပ်မက်အရရှာဖွေရာ လိုဏ်ဂူစေတီတစ်ဆူကို တွေ့ရှိပြီး စေတီထဲတွင် သုံးပိုင်းကျိုးနေသည့် ဘုရားဆင်းတုတစ်ဆူနှင့် ကျောက်ထွင်းရုပ်ကြွင်းများကို တွေ့ရှိခြင်းဖြစ်သည်။

ဆက်လက်တူးဖော်လျှင် ပျက်စီးမည် စိုးရိမ်သဖြင့် ဆက်မတူးရန် ဆရာတော်ကို လျှောက်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ထံမှ သိရသည်။ တူးဖော်ရမည့်နေရာ အများအပြားရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

———————————————————————

(ဧရာဝတီ)

ဦးဝီရသူ တရားဟောခွင့်ရပြီ

ဆရာတော်ဦးဝီရသူကိုနိုင်ငံတော်သံဃမဟာနာယကအဖွဲ့လမ်းညွှန်ချက်ဖြင့် ဧရာဝတီတိုင်းအစိုးရက တရားဟောခွင့်ပြန်လည်ခွင့်ပြုလိုက်သည်။

ဆရာတော်သည် မအူပင်မြို့နယ် လက်ကျားကြီး ကျေးရွာအုပ်စု၊ဖိုးကန်ဘေးကျေးရွာတွင် ဧပြီလ ၁၀ရက်၌ တရားဟောမည် ဖြစ်သည်။

၂၀၁၇ခုနှစ်အတွင်း ဧရာဝတီတိုင်းတွင် တရားဟောရန် ငါးကြိမ်စီစဉ်ခဲ့သော်လည်း ဖျာပုံနှင့် ပုသိမ်တို့တွင် ဒေသခံများက လက်မခံသောကြောင့် မဟောခဲ့ရပေ။

———————————————————————-

(ရခိုင်)

တရားသူကြီး လာဘ်စားမှု

သံတွဲမြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ် လာဘ်စားခဲ့သည်ဟုဆိုကာ ကျိုက်ထိုမြို့နယ် တရားသူကြီးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်လိုက်သည်။

အမှုတစ်ခုတွင် တရားသူကြီး ဦးဦးသိန်းထွန်းက တရားလိုထံမှ ကျပ် ၆၂ သိန်းကျော် ရယူခဲ့ပြီး တရားခံဖြစ်သူထံမှလည်း ကျပ်သိန်းတစ်ရာ ရယူခဲ့ကာ တရာခံကို အမှုနိုင်ပေးခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

တရားသူကြီး လာဘ်ငွေယူရာတွင် ကျပ်လေးသိန်း ရယူကာ အကူအညီပေးခဲ့သည့် သံတွဲမြို့နယ်မှ အထက်တန်းရှေ့နေ ဒေါ်ချိုချိုဝင်းကိုလည်း အမှုဖွင့်ထားခြင်းဖြစ်သည်။

ယင်းကြောင့် တရားလိုက တိုင်တန်းသဖြင့် စစ်ဆေးရာ မှန်ကန်နေကြောင်း ကော်မရှင်ထံမှ သိရသည်။ ၎င်းတို့ နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဧပြီ လ ၁ ရက်နေ့တွင် သံတွဲရဲစခန်း၌ အမှုဖွင့်ခြင်းဖြစ်သည်။

————————————————————————-

(ဧရာဝတီ)

ရွေးမြစ်ထဲ တံတားကျ

သက်တမ်းနှစ်၂၀ကျော်ရှိသည့် မြန်မာ့ပထမဆုံး မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ရက်တွင် ပြတ်ကျခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ခြောက်ဘီးကားတစ်စီးနှင့် လူနှစ်ဦး ဆုံးပါးခဲ့ရသည်။ ယင်းတံတားကို တရုတ်နိုင်ငံအကူအညီဖြင့် ၁၉၉၄ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တံတားများ၏ အရည်အသွေးကို ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ပြင်ဆင်ပြီး သီတင်းပတ်အနည်းငယ်အတွင်း အဆိုပါတံတားပြတ်ကျသွားခြင်းဖြစ်ကာ မပြတ်ခင်ကမူ ပြည်သူများအန္တရာယ်ကင်းစွာသွားလာနိုင်ကြောင်း ကြေညာခဲ့သေးသည်။

————————————————————————–

(တနင်္သာရီ)

သံချပ်မပါတဲ့ မဏ္ဍပ်

တနင်္သာရီတိုင်းအစိုးရ၏ ဗဟိုမဏ္ဍပ်တွင် သံချပ်ထိုးခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။

ဖျော်ဖြေရေးယိမ်းအကများဖြင့် အစီအစဉ်အချိန်ပြည့်နေသောကြောင့် ယင်းသို့ခွင့်မပြုခြင်းဖြစ်ကြောင်း တိုင်းအစိုးရက ဆိုသည်။ သို့သော်လည်း အခြားသောမဏ္ဍပ်များတွင် ခွင့်ပြု၊ မပြုကမူ ဆိုင်ရာမဏ္ဍပ်ကြီးကြပ်သူနှင့်သာသက်ဆိုင်သည်ဟု တိုင်းအစိုးရက ဆိုသည်။

ဒီမိုကရေစီခေတ်တွင် သံချပ်ထိုးခွင့်မရခြင်းအတွက် တိုင်းအစိုးရအပေါ်ဝေဖန်မှုများလည်း ရှိသည်။

—————————————————————————

(ပဲခူး)

ရေမြောင်းထဲက အလောင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေးရွာအုပ်စု အင်ဒိုင်းဆည်မှ ရေပေးဝေသည့် မြောင်းအတွင်း အမျိုးသမီး အလောင်းနှစ်လောင်းကို မတ်လ ၃၀ရက်က တွေ့ရှိခဲ့ရသည်။

အသက်၁၈နှစ်နှင့် အသက်၂၂အရွယ် အဆိုပါအမျိုးသမီးနှစ်ဦးသည် အဆိုပါ မြောင်းအတွင်း ရေနစ်သေဆုံးသည့် ပုံစံဖြင့်သေဆုံးနေခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးနှစ်ဦး စီးနင်းသွားသည့် ဆိုင်ကယ်ကိုမူ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးဆဲ ဖြစ်သည်။

—————————————————————————

(ရှမ်း)

မငြိမ်းနိုင်တဲ့ စစ်မီး

တပ်မတော်နှင့်ရှမ်းမြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တို့ဧပြီလ၂ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းပြည်ထောင်စုလမ်းမကြီးလားရှိုး- သီပေါလမ်းပိုင်း ဆန့်ဟန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် နမ့်ဆန်မြို့နယ်တွင်လည်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *