သင်္ကြန်အထူးပြပွဲ

ဟိုးအောက်အရပ် လူ့ပြည်ဘက်ဆီက တူးပို့ တူးပို့ အသံတွေကြားတော့ ပီအက်စ်အို မာတလိရင်ထဲမှာ ကလိကလိဖြစ်လာတယ်။ ကလိ ကလိဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါရဲ့။

ဒီနှစ် သူ့ဘိုးတော် သိကြားမင်းက လူ့ပြည်မဆင်းဘူးတဲ့။ ဘယ်နှယ့် သိကြားသက် နှစ်ငါးရာလုံးလုံး လူပြည်ဆင်းနေကျသိကြားမင်းက ဘယ်နှယ့် မဆင်းရတာတုန်း။

ဒါက ဒီလိုရှိတယ်။

ဒီနှစ်က ဘိုးတော်သိကြား တာဝတိံသာကို အုပ်ချုပ်တာ သက်တမ်းစေ့တဲ့နှစ် ။ နောက်နှစ် တာဝတိံသာမှာ နတ်သဘင်ရွေးကောက်ပွဲရှိတယ်။ လူ့ပြည်မှာကလည်း ရုတ်ရုတ်ရုတ်ရုတ် အသံတွေကြားနေရတော့ သိကြားကြီးရဲ့ ကတော်လေးပါးကလည်း လူပြည်မသွားစေချင်ကြဘူး။ စိတ်ပူကြရှာလေရဲ့။

ဖြစ်နိုင်ရင် နောက်သက်တမ်းနှစ်ငါးရာမှာ ထပ်အရွေးခံရအောင် ဖိုးသိကြားကြီးကို သင်္ကြန်မှာ လူ့ပြည်မဆင်းဘဲ နတ်ပြည်မှာပဲ မဲဆွယ်တဲ့ အနေနဲ့ အမှိုက်ကောက်စေချင်ကြတာ။

ဘယ်နှယ့်ဗျာ … တစ်နှစ်မှတစ်ခါ လူ့ပြည်လေးဆင်းရတဲ့ပွဲမှာ မနွှဲရရင် ရာဇဝင်ရိုင်းတော့မှာပေါ့။ မာတလိ ပဲ … လူကြီးပီအက်စ်အို လုပ်လာတာ နတ်သက်ကြွေလုနေပြီ။ ဘယ်လို ခွင်ဖန်ရမယ်ဆိုတာ သိပြီးသား။

တစ်ရက် သိကြားမင်းကြီး သူ့ကတော် သုဇိတာတို့အလစ်မှာ နတ်မာဆတ်ကိုသွားနေတုန်း မာတလိက အသာလေး ဘေးကပ်သွား တာပေါ့။

“အဘ … ဒီနှစ်သင်္ကြန် လူ့ပြည်မဆင်းဘူးဆို”

ဇိမ်ခံပြီး မှိန်းနေတဲ့ သူ့ဘိုးတော်သိကြားကြီးက စကားမေးတောင် မရပါဘူး။ ခေါင်းလေးအသာညိတ်ပြတယ်။

“လူ့ပြည်မဆင်းလို့ မရဘူးအဘရဲ့ … ဒီနှစ်သင်္ကြန်မှာ အဘကို အထူးတင်ပြစရာတွေ ရှိနေတယ်”

“ဟေ … အထူးတင်ပြစရာ … ဟုတ်လား”

“ဟုတ်တယ် အဘ … ဒီနှစ်က အရေးကြီးတယ်လေ … အဘ နောက်နှစ် ခြေချော်လက်ချော်ဖြစ်ပြီး အရွေးမခံရတော့ရင် လူ့ပြည်ဆင်းရတော့မှာ မဟုတ်ဘူး … ပြီးတော့ လူ့ပြည်ရောက်ရင် ပညာယူစရာတွေ အများကြီးရမှာ အဘရဲ့ … ရွေးကောက်ပွဲအတွက်လေ …”

ရွေးကောက်ပွဲအသံကြားတာနဲ့ နောက်သက်တမ်းအတွက် အားယူနေတဲ့ အဘသိကြား မျက်ခုံးမွှေးတောင် ထောင်သွားတယ်။

“အေးကွ … မင့် အန်တီတွေက စိတ်မချလို့သာ မသွားတာ … ကျုပ်လည်း သင်္ကြန်တွင်းလေးတော့ လူ့ပြည်ဆင်းချင်သားကွ … လူ့ပြည် မှာကလည်း မင့်သိတဲ့အတိုင်း လမ်းလျှောက်သင်္ကြန်တို့၊ တောသင်္ကြန်တို့ အခုတစ်မျိုး တော်ကြာတစ်မျိုးသင်္ကြန်တို့ဆိုပြီး ပြောင်းလဲနေတယ်ဆို”

“အဲဒါကြောင့်ပြောတာပေါ့ အဘရဲ့ … အဲဒီ နည်းစနစ်တွေကို အသာလေးသွားကြည့်ပြီး နတ်ပြည်အုပ်ချုပ်ရေးမှာ ပြန်သုံးရ မနှိပ်လားဗျ”

“အေးကွ … မင်းပြောတာ ဟုတ်တယ် မာတလိ … ကဲ … ဒီနှစ် အမှိုက်ကောက်မယ့် အစီအစဉ်ကိုဖျက်ပြီး လူ့ပြည်ဆင်းမယ်ကွာ”

…………………

ဖိုးသိကြားကြီး လူ့ပြည်ဆင်းမယ်ဆိုတော့ သူ့ကတော်ကြီးလေးပါးက လူ့ပြည်မှာ အန္တရာယ်ကင်းစေဖို့ ဖက်ရှင်ဆင်ယင်ပေးကြတယ်။ ကြည့်ပါဦး … ဖိုးသိကြားစတိုင်လ်ကို …။

ခေါင်းမှာက ခမောက်ကြီးဆောင်းထားတယ်။ ဘယ်ဘက်လက်မောင်းမှာ တာဝန်ဆိုတဲ့ လက်ပတ်အနီကြီး၊ ညာဘက်လက်မောင်းမှာ ကျတော့ ခွပ်ဒေါင်းအရုပ်လက်ပတ်ကြီးနဲ့။

အောင်မယ် လက်ထဲမှာလည်း မီးတုတ်ကြီးက တစ်ဖက်၊ ရေမုတ် က တစ်ဖက်။

အက်ႌကိုၾကည့္လိုက္ဦး။ ရှေ့မှာ သာသနာ့အလံနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ စတေကာ။ နောက်ဘက်မှာ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ရုပ်ကြီးတွေ တံဆိပ်ရိုက်ထားသေးတာ။ စီးတော်ယာဉ်ကတော့ လူ့ပြည်က ဝန်ကြီးချုပ်ကြီးပြောတဲ့ မာစီဒီးပေါ့လေ။

သူ့ဆရာ ဖိုးသိကြားရဲ့ လူ့ပြည်လက်ရှိအခြေအနေနဲ့ ထင်ဟပ်နေတဲ့ အန္တရာယ်ကင်း သုံးဖက်ချွန်ဖက်ရှင်ကိုကြည့်ပြီး မာတလိ သဘောကျသွားတယ်။ ဘိုးတော်သိကြားကြီး ကားပေါ်တက်လိုက်တာနဲ့ မာတလိက စက်နှိုးပြီး လူ့ပြည်ရှိရာ ဦးတည်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ … မာတလိက ကားကက်ဆက်ကနေ သီချင်းတစ်ပုဒ် ဖွင့်လိုက်သေးတာ။ သီချင်းကလည်း လူ့ပြည်မှာ ခေတ်စားခဲ့တဲ့ ကိုရီးယားအဆိုတော် PSY ရဲ့ အိုပါးဂန်းနားစတိုင်လ် အလိုက်နဲ့

“စမူဆာ … သိကြားမင်းစတိုင်လ် … ရို့ … ရို့ … ” ဆိုလားပဲ ။

……………………………… …………………………

လူ့ပြည်ရောက်ရောက်ချင်း ဘိုးတော်သိကြားက ချက်ချင်းမဆင်းခိုင်းဘဲ အပေါ်ကနေ အခြေအနေလေ့လာခိုင်းလို့ အသာလေး ဝဲပျံနေရတယ်။

“မာတလိ … ဟိုးရှေ့က လမ်းမထက်မှာ လူတွေ တရုန်းရုန်းနဲ့ ဘာလုပ်နေတာတုန်း”

“ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေတဲ့ လူတွေပါဖျား … ငြိမ်းချမ်းရေးသူရဲကောင်းတွေပေါ့”

“အော် … ဟေ့ဟေ့ … ဟိုးမြောက်ဘက်မှာ သေနတ်သံ တစ်ဂျိန်းဂျိန်းနဲ့ ဆော်နေကြပါလား … ဟ … သေကြ ကြေကြတာပါမြင်နေရတယ်… မောင်ရင်ပြောတော့ ငြိမ်းချမ်းရေးရပြီဆို … အဲဒါက ဘယ်သူတွေတုန်း”

“အဲဒါကလည်း သူရဲကောင်းတွေပါဖျာ့”

“ဟေ … သူတို့ကရော ဘာသူရဲကောင်းတုန်းကွ”

“အဟီး … သူတို့က မငြိမ်းချမ်းရေး သူရဲကောင်းတွေပါဖျာ့”

“ဟူး … တစ်ဖက်မှာ ငြိမ်းချမ်းရေးဆိုပြီး တစ်ဖက်မှာ ဘာလို့ဆော်နေနှက်နေတာလဲ မာတလိရ”

“ဒါလည်း တရားဥပဒေအရပါ … အဘရာ”

“ဟေ”

……………………

လူ့ပြည်ပေါ် သုံးလေးပတ်ပျံဝဲပြီးမှ လူ့ပြည်ပေါ် ဆင်းလာပါတော့တယ် ။ သင်္ကြန်မဏ္ဍပ်တွေ တစ်ခုပြီး တစ်ခုကို ဘိုးတော်သိကြားနဲ့ မာတလိ လှည့်လည်ကြည့်ရှုရင်း …

“ဟေ့ … မာတလိ … လူပြည့်က မဏ္ဍပ်တွေကလည်း အရက်ကြော်ငြာနဲ့ လွတ်တဲ့မဏ္ဍပ်မရှိပါလားကွ … အရက်အမျိုးအစားကလည်း လူ့ပြည်က ဝန်ကြီးဦးရေလောက်တောင်ရှိတယ် … အများကြီးပဲဟေ့”

“ဒီလိုပါ အဘရဲ့ … ဒီလို အရက်တွေပေါများတာဟာ အစိုးရအနေနဲ့ တိုင်းသူပြည်သားတွေကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားတာပါ”

“ဟေ …”

“ဟုတ်ပါတယ် … အဘရဲ့ … ဟိုးမှာကြည့် … မဏ္ဍပ်ရှေ့မှာ အရက်လိုက်ရောင်းတဲ့ ကလေးတွေတွေ့လား … ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရှာတတ်နေကြတာ … ဟော့ ဟိုးမဏ္ဍပ်နောက်ကို ကြည့်လိုက် ဦး … အရက်ပုလင်းခွံ၊ ဘီယာပုလင်းခွံလိုက်ကောက်နေတဲ့ကလေးတွေ … ဒါဟာ လူ့ပြည်မှာ ကလေးတွေအတွက်တောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများနေတယ်ဆိုတဲ့သဘောပါ”

“အိုကွာ … သေရည်သေရက်တွေ ဒီလောက်ပေါများနေတာ ကြာရင် လူ့ပြည်ကနေ အသူရာပြည်လို့ နာမည်ပြောင်းလိုက်ရတော့မယ်ထင်ရဲ့ …”

“ဒါကတော့ … တရားဥပဒေအရ … ပါ”

“ဟိတ်ကောင် … မာတလိ မင်း ဒီတရားဥပဒေအရဆိုတာ တစ်လုံးပဲ အကြောင်းပြတတ်တာလား”

“ဒါကတော့ ကျွန်တော်လည်း ဒါပဲ နှုတ်တိုက်ကျက်ထားတာကိုးဖျာ့”

“မင်းကွာ … တောက် … နောက်ငါ့ရှေ့မှာ အဲဒီ စကားပြောရဲ ပြောကြည့်”

ဘိုးတော်သိကြားရဲ့ ဟောက်သံကြောင့် မာတလိ ဇက်ကလေး ပုဝင်သွားတယ်။

“ဟ … ဟေ့ မာတလိ ဟိုးမဏ္ဍပ်ပေါ်ကိုကြည့်စမ်း … လုလင်ပျိုနဲ့ မာတုဂါမကြီးတစ်ယောက် မဖွယ်မရာပါလား”

“ထားလိုက်ပါဖျာ့ … ခဏနေကျ မဏ္ဍပ်နောက်က နားနေခန်းဆိုတဲ့ အခန်းလေးထဲ သူတို့ရောက်သွားမှာပါ”

“ဟေ … ဒါ သင်္ကြန်မဏ္ဍပ်လား၊ တည်းခိုခန်းလား … မာတလိရယ် … ပြောစမ်းပါဦး”

“ဒါကလည်း … ဥပဒေနဲ့အညီ …”

“ဟိတ်ကောင် …”

သိကြားမင်းကြီး ဟောက်သံကြားတော့ မာတလိလေသံချက်ချင်း ကောက်ပြောင်းလိုက်တယ် …။

“အဟဲ … ဒါကတော့ … အီးယူနည်းစနစ်အတိုင်း လုပ်နေကြတာပါ… ဖျာ့ … ဟီး”

“ဟေ… ဒါ အီးယူနည်းစနစ်”

“ဟော့ … ဟော့ မာတလိ ဟိုမှာကြည့်စမ်း … မဏ္ဍပ်ပေါ်မှာ သူငယ်မကြီးတွေ တို့ဘက်ကို ကျောပေးပြီး ကော့ကော်ကံကား ကပြနေပါလား … ဟ တိုင်ကြီးကို ပတ်ကနေတာ … အိုး မဏ္ဍပ်တိုင် တက်ပြတယ်ဆိုတာ ဒါလားဟ”

“မဟုတ်ဘူးအဘရဲ့ … အဲ့ သူငယ်မကြီးတွေက … ဘိုးတော်သိကြားကို အတာအိုးနဲ့ ကြိုနေတာပါ”

“ဟေ … ဘယ်မတုန်းကွ … အတာအိုး”

“ရော် … အဘနှယ့်… အဲဒါ အတာပွဲမှာ ပြနေတဲ့ အိုးတွေလေ … ခေတ်သစ်အတာအိုးတွေလေ … မမြင်ဘူးလား …ဒီဘက်ကိုလှည့်ပြ နေပြီ … ဟိုးမှာ … ဟိုးမှာ”

“ဒါလည်း … အီးယူနည်းစနစ်အတိုင်းပဲလေ … ဖျာ့”

ဒီတစ်ခါ ဖိုးသိကြား မမေးခင် … မာတလိက ကြိုဖြေလိုက်တာ …။

“ဟေ့ကောင် မာတလိ … ဒါနဲ့ … မင်း နတ်ပြည်မှာတုန်းက ပြောခဲ့တဲ့ သင်္ကြန်တွင်း အထူးတင်ပြစရာဆိုတာ ဘယ်မှာတုန်း”

ဖိုးသိကြားအမေးကို မာတလိက ပြုံးပြုံးကြီးလုပ်ရင်း…

“အော် ဘိုးတော်နဲ့ အဲဒီမှာလေ … မမြင်ဘူးလား … မဏ္ဍပ်ပေါ်မှာ တင်ပြနေကြတာ… တင်ပြနေကြတာ… တင်ပြနေကြတာ…”

 ဒီတစ်ခါတော့ သင်္ကြန်အထူးတင်ပြပွဲကို ဖိုးသိကြား မဟေနိုင်တော့ …။

မဏ္ဍပ်အောက်မှ ပရိသတ်ဘက်ကို ကျောပေးကာ ဆက်ဆီဒွန့်နေသော သူငယ်မကြီးများကို ဖိုးသိကြား ပါးစပ်အဟောင်းသားဖြင့် ငေးရင်း … ပါးစပ်မှလည်း “အင်း … အတာအိုး … အတာအိုး” ဟု ရေရွတ် ကာ နေလေတော့သတဲ့ကွယ် …။ 

 

ဗြိတိသျှကိုကိုမောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *