Regional Roundup

ကြေးရုပ်ပြုလုပ်မည့်ငွေကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုလိုကြခြင်းဖြစ်သည်။

(ချင်း)

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ခံရ

ချင်းပြည်နယ်ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူရန်စီစဉ်နေသည့်အပေါ် ချင်းလူမှုအဖွဲ့အစည်းအချို့က ကန့်ကွက်လျက်ရှိသည်။

ကျပ်သိန်းသုံးရာခန့်အသုံးပြု၍ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူမည့်အစား ချင်းပြည်နယ်အတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်ရန် ချင်းတက္ကသိုလ်ကျောင်းသားများ မိဿဟာယက ဧပြီလ၁၆ရက်နေ့က တောင်းဆိုထားသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူနိုင်ရန် ထန်တလန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တင်ပြလာမှုကို ခွင့်ပြုခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားခြင်းမဟုတ်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခက်က ပြောဆိုသည်။

———————————————————-

(ရှမ်း)

ရေလောင်းဟန်ပြု၍ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ရန် ကြံစည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ယမ်းမကျေးရွာအနီးရှိ ကားဝပ်ရှော့တစ်ခုတွင် ဧပြီလ ၁၆ရက် (သင်္ကြန်အတက်နေ့) ညနေ ၅ နာရီခွဲခန့်က ကျန်းမာရေးဝန်ထမ်းအမျိုးသမီးကို ရေလောင်းဟန်ပြု၍ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။

အဆိုပါအမျိုးသမီးမှာ တစ်ဦးတည်းဆိုင်ကယ်စီးလာစဉ် အခင်းဖြစ် ဝပ်ရှော့ရှေ့တွင် အသက်၁၈နှစ်ခန့်အရွယ် ဝပ်ရှော့လုပ်သားက ရေလောင်းဟန် ပြုကာဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

———————————————————–

(ကယား)

နှစ်သစ်ကူးနေ့ မိုးသီးကြွေ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးရွာများတွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီလ၁၇ရက်) မွန်းတည့်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများ ကြွေသောကြောင့် စာသင်ကျောင်းများအပါအဝင် လူနေအိမ် ၁၅လုံး ပျက်စီးသွားခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနေသဖြင့် ဒေသအများအပြားတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

————————————————————

(ရခိုင်)

မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ လွတ်ငြိမ်းခွင့်ရ

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ၏(၈) နှစ်ပြည့်အထိမ်းအမှတ် ဘောလုံးပွဲကျင်းပခဲ့သည့်အတွက် မတရားအသင်းအက်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရသော မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့သည် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၎င်းတို့နှစ်ဦး အပါအဝင် အကျဉ်းသား/သူ ၈၇ ဦးသည် စစ်တွေအကျဉ်းထောင်က လွတ်မြောက်ခဲ့သည်။ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊အကျဉ်းသား ရှစ်ထောင်ကျော်ကို မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

————————————————————

(ရှမ်း)

တရားဟောနေသည့် ဘုန်းတော်ကြီးကို လှံဖြင့်ထိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်မော်တောင်းကျေးရွာအုပ်စု ကောင်းဝှက်ကျေးရွာတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက် နံနက်ပိုင်း၌ တရားဟောနေသည့် ဆရာတော်ကို အမျိုးသားတစ်ဦးက လှံဖြင့် ထိုးခဲ့သည်။

လက်ရှိတွင် ဒဏ်ရာအပြင်းအထန်ရသွားသည့် ဆရာတော်ကို တရုတ်နိုင်ငံရွှေလီမြို့သို့ ပို့ဆောင်ဆေးကုသထားရသည်။

————————————————————-

(တနင်္သာရီ)

လေယာဉ်အရေးပေါ်ဆင်း

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်၊ မြိတ်၊ ဘုတ်ပြင်းခရီးစဉ် UB 337 သည် ဧပြီလ ၁၄ ရက်တွင် ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်။

ထားဝယ်မြို့အနီးကောင်းကင်တွင် လေယာဉ်၏ အင်ဂျင်အမှတ်၂မှ အင်ဂျင်ဆီယိုစိမ့်မှု ဖြစ်ပေါ်ခဲ့သောကြောင့် လေယာဉ်မှူးသည် အင်ဂျင်တစ်လုံးကို စမ်းသပ်၍ အင်ဂျင်တစ်လုံးတည်းဖြင့် ယခုကဲ့သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

အရေးပေါ်ဖြစ်စဉ်ကြောင့် ခရီးသည်များကို လေယာဉ်အစားထိုး၍ စီးနင်းစေခဲ့သည်။

—————————————————————

(ပဲခူး)

လေပြင်းခြွေသည့်အိမ်

ပဲခူးတိုင်း အနောက်ပိုင်း ပေါင်းတည်နှင့် နတ္တလင်း တို့တွင် ဧပြီလ ၁၆ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ၆၀၀ကျော် ပျက်စီးသွားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် အိမ်အမိုးသွပ်များ လန်ထွက်ခြင်း၊ အပင်များ ကျိုးကျခြင်း၊ အိမ်များပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ရာသီဥတုပူပြင်းခြင်းကြောင့် မိုးတိမ်တောင်များ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး အချိန်အခါမဲ့မိုးရွာခြင်း၊ မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခြင်းများကို သတိပြုရန်မိုး/ဇလက နှိုးဆော်ထားသည်။

—————————————————————–

(ဧရာဝတီ)

သင်္ကြန်အကျနေ့ လူခိုးမှု

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ရက်တွင် ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် အသက်မပြည့်သည့် ကျောင်းသူကို အမျိုးသားတစ်ဦးက ခိုးယူပေါင်းသင်းခဲ့သည်။

အသက်၂၂အရွယ် အမျိုးသားက တက္ကသိုလ်ဝင်တန်းဖြေဆိုထားသည့် အသက်၁၆နှစ်အရွယ် ကျောင်းသူကို အခင်းမဖြစ်မီ တစ်ပတ်ခန့်က ရည်းစားစကားပြောဆိုခဲ့ပြီးနောက် ဧပြီလ၁၄ရက်တွင် အတင်းအဓမ္မ ခိုးယူပေါင်းသင်းခဲ့ခြင်းဖြစ်သည်။

ကျောင်းသူကို ခိုးယူစဉ် အားပေးကူညီခဲ့သူနှင့် ခိုးယူပေါင်းသင်းသူ အမျိုးသားတို့ကို အမှုဖွင့်အရေးထားသည်။

——————————————————————

(ကချင်)

တိုက်ပွဲကြောင့် ဒေသခံ၂၀၀၀ ခန့် ပိတ်မိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ၂၀၀၀ဦး ခန့် ပိတ်မိနေကာ စားဝတ်နေရေးခက်ခဲနေသည်ဟု မီဒီယာများတွင် ဖော်ပြကြသည်။

တိုက်ပွဲမှာ ဧပြီ ၁၁ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

—————————————————————-

အင်္ကြန်ယဉ်ကျေးမှုမြို့တော်ကို အကျည်းတန်စေသည့် ဖြစ်ရပ်များဖြစ်သည်။

(မန္တလေး)

ရှစ်ဦးသေခဲ့တဲ့ မန်းသင်္ကြန်

၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေးမြို့တွင် ထိခိုက်မှုကြောင့် သေဆုံးသူရှစ်ဦး ရှိခဲ့သည်။

သင်္ကြန်လေးရက်တာအတွင်း ထိခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈၃ဦး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ခဲ့ရပြီး ယင်းအနက် နှစ်ရာဦးခန့်မှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေခဲ့ရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ခါးပိုက်နှိုက်မှု ၃၅မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ခုနှစ်ကမူ လူသတ်မှုရှစ်မှု၊ မုဒိမ်းမှုငါးမှုနှင့် နာကျင်စေမှု ၁၉မှု၊ ယာဉ်တိုက်မှု ၅၀ကျော် ဖြစ်ပွားခဲ့သည်။

——————————————————————–

(တနင်္သာရီ)

တံတားမှာညပ်နေတဲ့ ငါးဖမ်းလှေ

တနင်္သာရီတိုင်း ကမြောကင်းတံတားတွင် ဧပြီလ ၁၈ရက်က ငါးဖမ်းလှေတစ်စီး ညပ်နေမှု ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၈ရက်တွင် တနင်္သာရီတိုင်း ထားဝယ်မြစ်အတွင်း ငါးဖမ်းလှေတစ်စီး နစ်မြုပ်ရာမှ အဆိုပါငါးဖမ်းလှေကို လိုက်လံကယ်ဆယ်သည့် အခြားသော ငါးဖမ်းလှေတစ်စီး၏ အမိုးနှင့် ကမြောကင်းတံတားဘောင် မလွတ်၍ ညပ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဧပြီလ ၁၈ရက် မွန်းလွဲချိန်တွင် အဆိုပါညပ်နေသည့် ငါးဖမ်းလှေကို ပြန်လည် ကယ်ထုတ်နိုင်ခဲ့သည်။

———————————————————————

(စစ်ကိုင်း)

အလောင်းတော်ကဿပ ဘုရားလမ်းပိတ်မည်

အလောင်းတော်ကဿပ ရုပ်ပွားတော်ကို ဧပြီ၂၀ရက်နေ့တွင် သံကွန်ခြာဖြင့် ဖုံးအုပ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိုးရာသီရောက်ရှိလာသဖြင့် အလောင်းတော် ကဿပဘုရားလမ်းကို ဧပြီလ၂၁ရက်နေ့တွင် ပိတ်မည်ဟု ဆိုသည်။ ဘုရားလမ်းကိုနှစ်စဉ် ဒီဇင်ဘာလတွင် စဖွင့်ပြီး မိုးစတင်ကျသည့် ဧပြီလတွင် ပိတ်လေ့ရှိသည်။

—————————————————————

(ဧရာဝတီ)

ဆေးတွေပေါလွန်းလို့

ဧရာဝတီတိုင်းမြောင်းမြမြို့တွင် ဧပြီလ၁၀ရက်က ငြိမ်းချမ်းရေးစကားဝိုင်းလုပ်ရာ ကျန်မားရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးရုံတွင် ဆေးများ အလကားရရှိပြီး ပိုနေ၍ သက်တမ်းကုန်ခြင်းများပင် ရှိနေသည်ဟု ဆိုသည်။

နောက်တစ်ရက်တွင် အဆိုပါစကားသည် မပြည့်စုံမှုကြောင့် ပြည်သူများကို တောင်းပန်ကြောင်း ဝန်ကြီးက ဆိုသည်။ ပြည်သူများကမူ ဝန်ကြီး၏စကားသည် မြေပြင်အခြေအနေနှင့် ကင်းကွာနေသည်ဟု ဝေဖန်ခဲ့ကြသည်။

————————————————————–

(ရခိုင်)

နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်ငါးဦး ပြည်တော်ပြန်ဝင်

မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြသည့် မိသားစုဝင်များအနက် အစ္စလာမ်ဘာသာဝင် အဲဖ်တာအာလွမ်ပါ မိသားစုဝင်ငါးဦးတို့သည် ဧပြီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်တောင်ပြို လက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်လာကြသည်။

ထိုငါးဦးကို ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ၁၉၈၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံသားဖြစ်မှုဥပဒေနှင့် အညီ စစ်ဆေးခြင်း၊ နိုင်ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့ခြင်းရှိ၊ မရှိ စိစစ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ချက်နှင့် ညီသော မိသားစုဝင်များကို NV (National Verification) ကတ်ပြားများကိုနေ့ချင်းပြီးပြုလုပ်ပေးခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *