ဗျူရိုကရေစီရဲ့ လုပ်ပိုင်ခွင့်

နိုင်ငံတော်ရဲ့ စွမ်းရည်နဲ့ပတ်သက်လို့ ဖရန်စစ်ဖူကူယားမားက ဆက်လက်ဆွေးနွေးထားပါတယ်။

နိုင်ငံတော်ရဲ့စွမ်းရည်ဆိုတာ အစိုးရရဲ့ အရည်အသွေးကိုတိုင်းတာတဲ့ အတိုင်းအတာတစ်ခုပါ။ ပြည့်စုံလုံလောက်တဲ့ ကိုက်တံတစ်ခုတော့ မဟုတ်ပါဘူး။ အစိုးရတစ်ရပ် မှန်မှန်ကန်ကန်လည်ပတ်နိုင်ဖို့ဆိုရင် အုပ်ချုပ်ရေးယန္တရားက လွတ်လပ်မှုရှိဖို့ အရေးကြီးကြောင်း ဖူကူယားမားက တောက်လျှောက်ပြောနေတာပါ။ သူ့ရဲ့အယူအဆအရဆိုရင် မူဝါဒတွေချမှတ်ရာ၊ အကောင်အထည်ဖော်ရာမှာ ပါဝင်ဆုံးဖြတ်ခွင့်ကို လုံလုံလောက်လောက်ပေးမထားရင် လူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် ဘယ်လောက်စွမ်းရည်ရှိနေပါစေ ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ဘူးတဲ့။

ရှေးခေတ်တရုတ်ပြည်မှာ ဥပဒေသမားတွေနဲ့ ကွန်ဖြူးရှပ်ဝါဒီတွေက ဥပဒေကို ဦးစားပေးမလား၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးမလားဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ နှစ်ရှည်လများ ငြင်းခုံကြတယ်။ ဥပဒေသမားတွေက လူ့အဖွဲ့အစည်းတစ်ခုမှာ ရှင်းလင်းတိကျတဲ့ ဥပဒေတွေရှိပြီး လူတွေရဲ့ပြောဆိုလုပ်ကိုင်ပုံတွေကို လွှမ်းမိုးဖို့လိုတယ်။ ဒါမှလည်း လူတွေက ဘာလုပ်ရင်- ဘာဖြစ်မယ်ဆိုပြီး ရေရာသေချာတဲ့ မျှော်လင့်ချက်တွေ ရှိနိုင်တယ်။ အစိုးရ သို့မဟုတ် နိုင်ငံတော်ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ မရေမရာဖြစ်နေတာ၊ မရှင်းမလင်းဖြစ်နေတာတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုတယ်။

ဒါပေမဲ့ ကွန်ဖြူးရှပ်ဝါဒီတွေကတော့ ဘယ်လောက်ကောင်းတဲ့ ဥပဒေဖြစ်နေပါစေ အခြေအနေအားလုံးမှာ မမှန်ကန်နိုင်ဘူး။ ဒါကြောင့် ကာလဒေသအလျောက် အခြေအနေတွေကို ကောင်းကောင်းသဘောပေါက် နားလည်ဖို့လိုတယ်။ ဒါမှသာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မယ်။ ရာဇဝတ်မှုကို ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ကျူးလွန်တာလဲ၊ ဆုံးဖြတ်ချက်တစ်ခုကြောင့် လူအများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေနိုင်သလဲဆိုတာတွေ သေသေချာချာသိဖို့လိုတယ်။ သေသေချာချာလေ့လာဆည်းပူးထားတဲ့ ပညာရှိတစ်ယောက်သာ အခြေအနေအားလုံးကို သဘောပေါက်နားလည်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ ရှုမြင်တယ်။ ဒီအမြင်ဟာ အရစ္စတိုတယ်ဆိုတဲ့ ဂရိပညာရှင်ရဲ့ ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ဆုံးဖြတ်ချက်ရွေးချယ်ချမှတ်နိုင်သူဆိုတဲ့ သဘောတရားနဲ့ဆင်တူတယ်။

တကယ်တော့ တရုတ်ရဲ့ ဥပဒေမှာက ဥပဒေအမြင်တွေ၊ ကွန်ဖြူးရှပ်ဝါဒီတွေရဲ့အမြင်တွေ ရောထွေးနေတာ တွေ့ရတယ်။ တရုတ်တွေ လက်တွေ့လုပ်ပုံလုပ်နည်းကလည်း တင်းကျပ်တဲ့ဥပဒေတွေထက် ဆုံးဖြတ်ချက်ချသူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုပြီးဦးစားပေးတာကို တွေ့ရလို့ တရုတ်ဟာ ဥပဒေစိုးမိုးမှုအားနည်းတယ်လို့တောင် ရှုမြင်ကြတယ်။ ဒါပေမဲ့ ကွန်ဖြူရှပ်ဝါဒီတွေကတော့ တင်းကျပ်တဲ့စည်းကမ်းတွေများနေရင် ဆုံးဖြတ်ချက်ကောင်း တစ်ခုမရနိုင်ဘူးလို့ မြင်ကြတယ်။

ရှေ့ပိုင်းမှာပြောခဲ့တဲ့ ပင်ရင်းနဲ့ အဖျားဆိုတဲ့အမြင်ကို ပြန်ကောက်ရရင် ပင်ရင်းက အဖျားမှာရှိတဲ့ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းကို ဘယ်လောက်လုပ်ပိုင်ခွင့်တွေပေးသလဲ၊ ဒါမှမဟုတ် ဘယ်လောက်တောင် စည်းကမ်းတွေ စည်းမျဉ်းတွေ ချပေးသလဲဆိုတဲ့အပေါ်မူတည်ပြီး အုပ်ချုပ်ရေး ယန္တရားမှာ ဘယ်လောက်ကိုယ်ပိုင်လွတ်လပ်ခွင့်ရသလဲဆိုတဲ့ ကိစ္စပေါ်ပေါက်လာရတာပါ။ တစ်နည်းပြောရရင် ဘယ်လောက်လုပ်ပိုင်ခွင့် ပေးထားသလဲပေါ့။ တချို့တင်းကျပ်တဲ့ အဖွဲ့အစည်းတွေအောက်မှာ ဘာမှကိုယ့်သဘောနဲ့ လုပ်ပိုင်ခွင့်မရ၊ ပင်ရင်းက အသေးစိတ်ညွှန်ကြားတာတွေကို စက်ရုပ်လို တစ်သွေမတိမ်းလိုက်နာဖို့ပဲ လိုတယ်။ လုပ်ပိုင်ခွင့်ပေးထားတဲ့ အဖွဲ့အစည်းကျတော့ ပင်ရင်းရဲ့ အသေးစိတ်ညွှန်ကြားချက်တွေ၊ စဉ်းစားသုံးသပ်ချက်တွေ မလိုအပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချနိုင်တယ်။

ပင်ရင်းကနေ အဖျားပိုင်းကို တာဝန်လွှဲလို့ ရတာတွေ အများကြီးရှိတယ်။ အဲဒီထဲကတစ်ခုကတော့ ဝန်ထမ်း (တစ်နည်း) လူခန့်ထားတဲ့ ကိစ္စပါ။ ဥရောပမှာ တရားဥပဒေစိုးမိုးမှုဖြစ်ပေါ်လာဖို့ အရေးအကြီးဆုံး တိုးတက်ဖြစ်ထွန်းမှုတစ်ခုကတော့ ကက်သလစ်ကျောင်းတော်က ကိုယ့်ဘာသာဂိုဏ်းချုပ်တွေ၊ ဘုန်းတော်ကြီးတွေ ခန့်အပ်နိုင်ခွင့်နဲ့ ပတ်သက်တယ်။

၁၁ ရာစုအထိ ပုပ်ရဟန်းမင်းတွေ ရွေးချယ်ခန့်အပ်တာကို ရောမအင်ပါယာရဲ့ဘုရင်၊ ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်က လုပ်တယ်။ ဘုရင် က ဝင်စွက်တယ်။ ကျောင်းတော်ရဲ့ ဥပဒေပြုခွင့်ဟာ တကယ်တော့ ကိုယ့်အဖွဲ့အစည်းမှာ ဦးဆောင်မယ့်သူကို ရွေးချယ်ပိုင်ခွင့်နဲ့ အများကြီး ဆက်စပ်နေတယ်။ ကိုယ့်လူကိုယ်မရွေးရတော့ သူရွေးတဲ့သူက ပြဋ္ဌာန်းတဲ့ ဥပဒေတွေ ဖြစ်လာနိုင်တယ်။

၁၉ ရာစုအမေရိကန်နိုင်ငံက ပြည်သူ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုဟာလည်း နိုင်ငံရေးသမားတွေရဲ့ ဝင်ရောက်ခြယ်လှယ်ခွင့်မရှိဘဲ ကိုယ့်ဘာသာဝန်ထမ်းတွေ ငှားရမ်းမှု၊ ရာထူးတိုးမြှင့်မှုတွေအတွက် လွတ်လွတ်လပ်လပ် စံချိန်စံညွှန်းသတ်မှတ်နိုင်ခွင့်နဲ့ ပတ်သက်တယ်။

နိုင်ငံရေးနယ်ပယ်ဆိုတာကလည်း သူတို့ထုတ်တဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေဆိုတာက ထပ်နေတာမျိုးတွေ၊ တစ်ခုနဲ့တစ်ခု ကွဲလွဲနေ တာမျိုးတွေ ဖြစ်တတ်တယ်။ ပင်ရင်းလို့သာပြောရတာ ပင်ရင်းတွေကလည်း အများကြီး။ တန်းတူတရားဝင်ဖြစ်နေတဲ့ အာဏာပိုင်တွေက သူတစ်မျိုး၊ ကိုယ်တစ်မျိုးအမိန့်တွေ ထုတ်လိုထုတ်။ ဥပမာ- နိုင်ငံပိုင်ဝန်ဆောင်မှုလုပ်ငန်းတွေကို ညွှန်ကြားရာမှာ စရိတ်ကျေရမယ်လို့ဆိုတဲ့သူကဆို၊ လူတိုင်းသုံးခွင့်ရရမယ်လို့ ပြောတဲ့သူကပြော၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အခကြေးငွေတစ်မျိုး သတ်မှတ်ရမယ်လို့ ညွှန်ကြားတဲ့သူက ညွှန်ကြား၊ တစ်ယောက်တစ်မျိုးစီ ပြောချင်တိုင်းပြောနေကြတော့တာပဲ။

အဲဒီညွှန်ကြားချက်တွေအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းလိုက်နာဖို့ဆိုတာက ဖြစ်နိုင်တာမဟုတ်လေတော့ လုပ်ငန်းတွေကမောက်ကမဖြစ်ကုန်တော့တာပေါ့။ အမေရိကန်ပြည်သူပိုင်တစ်ပိုင်း ရထားလမ်း Amtrak ဟာ ကွန်ဂရက်ရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ကျေးလက်နေသူတွေ အမျိုးမျိုးကို ပို့ဆောင်ပေးရမယ်ဆိုတာသာမရှိရင် အမြတ်ထွက်ပြီး ကောင်းကောင်းအကျိုးရှိနိုင်တယ်။ တရုတ်မှာဆိုရင်လည်း ဗဟိုအစိုးရကတစ်မျိုး၊ ဒေသန္တရအစိုးရကတစ်မျိုး မူဝါဒတွေ တစ်ခုနဲ့တစ်ခု မကိုက်ညီ၊ မထိရောက်တာတွေ တွေ့လာရတယ်။

လွတ်လပ်ခွင့်ခပ်များများလေးရရင် တီထွင်ဆန်းသစ်မှုတွေ၊ စမ်းသပ်လုပ်ဆောင်မှုတွေ၊ စွန့်စားပြီးဆောင်ရွက်တာတွေ ပေါ်ပေါက်လာနိုင်တယ်။

ကောင်းကောင်းမွန်မွန်လည်ပတ်နေတဲ့ အဖွဲ့အစည်းတစ်ခုမှာဆိုရင် အထက်လူကြီးက တစ်ခုခုပြီးမြောက်အောင် ဆောင်ရွက်ဖို့အတွက် ယေဘုယျ ညွှန်ကြားချက်လောက်ပေးပြီး လက်အောက်ငယ်သားတွေက အကောင်းဆုံး ဘယ်လိုလုပ်ရရင်ကောင်းမယ်ဆိုတာ စဉ်းစားလုပ်ဆောင်ကြတယ်။

အရည်အသွေးမြင့် စစ်ဘက်အဖွဲ့အစည်းတွေမှာ အငယ်တန်းအရာရှိတွေကို ‘မှားခွင့်’ ပေးထားတယ်။ အသေးအဖွဲအမှားအယွင်းလေးတစ်ခုလုပ်မိတာနဲ့ အလုပ်ပြုတ်သွားမယ်ဆိုရင် ဘယ်သူကမျှ စွန့်စားရဲကြမှာ မဟုတ်တော့ဘူး။ ဒီအတွေ့အကြုံကို အမေရိကန်တပ်ပေါင်းစုရဲ့ လက်စွဲမှာ ပြောင်းလဲဖြစ်ပေါ်လာတာကို တွေ့ကြရပါတယ်။

ဗီယက်နမ်စစ်ပွဲမှာ ဗဟိုချုပ်ကိုင်မှုကို အလေးပေးရာက ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး အကြီးအကဲက ယေဘုယျရည်မှန်းချက်ကိုချပေး၊ အောက်ပိုင်းက အရာရှိတွေ၊ ရဲဘော်တွေကို အကောင်အထည်ဖော်ခွင့်ပေးဖို့ လက်စွဲစာအုပ်မှာ ပြောင်းလဲရေးသားခဲ့တာတွေ့ရတယ်။ တစ်နည်းအားဖြင့် အောက်ခြေက အရာရှိတွေက ပိုပြီးလွတ်လပ်ခွင့်ရကြတယ်။ တီထွင်ဖို့၊ ဆန်းသစ်ဖို့ ကြိုးစားမှုတွေကြောင့် အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်လာရင်လည်း အထက်လူကြီးတွေကသည်းခံကြတယ်။

လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရကြတာကြောင့် အားနည်းတဲ့ အစိုးရနဲ့ အုပ်ချုပ်ပုံတွေ ပေါ်ပေါက်လာရတယ်လို့ ဖူကူယားမားက ရှုမြင် တယ်။ တစ်ကမ္ဘာလုံးကလူတွေက စာအုပ်ကြီးအတိုင်း စာတွေပေတွေ တစ်ထပ်ကြီးနဲ့လုပ်ရတဲ့ ဗျူရိုကရေစီအုပ်ချုပ်ပုံကို မုန်းကြတယ်။ဗျူရိုကရက်တွေဟာ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်လိုသလိုရေးဆွဲပိုင်ခွင့်ရရာကနေ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ ရလာကြတယ်။ ဒီတော့လည်း သူတို့ရဲ့ အာဏာပိုင်နက်ကို ချဲ့ထွင်ချင်ကြတယ်။ နိုင်ငံရေးသမားတွေက အဲသလိုအမှားအယွင်းတွေလုပ်တဲ့သူတွေနဲ့ပေါင်းပြီး အမိန့်တွေ၊ ညွှန်ကြားချက်တွေ တစ်လှေကြီးထုတ်တော့တာပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အမိန့်တွေ၊ ညွှန်ကြားချက်တွေ နည်းနည်းနဲ့ လုပ်ပိုင်ခွင့်တွေ များများပေးဖို့လိုတယ်လို့ ဖူကူယားမားက ယူဆတယ်။ 

 

ခင်မောင်ညို(ဘောဂဗေဒ)
ညွှန်း –Francis Fukuyama – Buenahc Autonomy

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *