ရီဝေမှုန်ဝါးနေသော အလုပ်အကိုင်လမ်းစများ

အင်တာဗျူးအခန်းကို ကျောခိုင်းလာသည့် ကိုသော်ဇင်၏ ခြေလှမ်းများက လေးတုန့်နှေးကန်နေသည်။ အဆိုပါအခန်းအတွင်းသို့ မဝင်ခင်ကာလကမူ ယုံကြည်ချက်အပြည့်ဖြင့် အင်တာဗျူးကို ဖြေဆိုလိုက်မည်ဟု အားခဲထားသော်လည်း သူ၏အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားသွားခဲ့သည်။

အလုပ်လျှောက်လွှာတွင် ပူးတွဲတင်ထားသော ကွန်ပျူတာဘွဲ့လက်မှတ်နှင့် အခြားသင်တန်းလက်မှတ်များကို ကိုယ်တိုင်အားရကျေနပ်ခဲ့သော်လည်း အင်တာဗျူးမေးမြန်းသူက လုပ်ငန်းအတွေ့အကြုံရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောသည့်အခါ အားခဲထားသမျှ သဲထဲရေကျသလို သူ ခံစားရသည်။

အခြေခံပညာ အပါအဝင် တက္ကသိုလ်ပညာ သင်ကြားသည့်နှစ်နှင့် သင်တန်းများ တက်ရောက်သင်ကြားသည့်နှစ်အားလုံးပေါင်းပါက နှစ် ၂၀ ခန့် အချိန်များ ရင်းနှီးမြှုပ်နှံထားခဲ့ရသော်လည်း ကိုသော်ဇင့်အတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှုကို မခံခဲ့ရပေ။ ထို့အပြင် အခြားအလုပ်သစ်များကို ထပ်မံလျှောက်ထားရန်ပင် မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာနေမိသည်။

သေချာခိုင်မာသော အလုပ်တစ်ခုခုရရှိရန် “သင်တန်းများဆက်တက်ရမည်လော၊ အလုပ်သစ်များပဲ ထပ်ပြီး ရှာဖွေနေရမည်လော” ဟု စိတ်ထဲတွေးရင်း ဒွိဟဖြစ်နေရင်း အလုပ်မရတော့မည်ကိုလည်း သူ တဖြည်းဖြည်းကြောက်ရွံ့လာနေပြန်သည်။

လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစတင်၍ တိုင်းပြည်၏ တက်ကြွလှသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာမှ စည်းမျဉ်းဥပဒေများ ဖြေလျှော့ပေးမှုများကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းစုများက မြန်မာနိုင်ငံအတွင်း ဈေးကွက်လာရောက်ချဲ့ထွင်လာခဲ့ကြသည်။ ပြည်တွင်းလုပ်ငန်းရှင်များကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အပြိုင် လုပ်သားအင်အား ဖြည့်တင်းလာကြသောကြောင့် ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများသည် ပေါများလျှံပယ်ခဲ့ဖူးသည်။

သို့သော် အဆိုပါကာလမှာ အချိန်အနည်းငယ်သာဖြစ်တည်ခဲ့ပြီး လက်ရှိကာလတွင် တိုင်းပြည်စီးပွားရေး တောက်လျှောက်ကျဆင်းလာနေခြင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်ထားသလောက် ဝင်ရောက်မလာတော့ခြင်းများကြောင့် လုပ်သားဈေးကွက်အပေါ်ပါ သက်ရောက်မှုများရှိလာနေသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ နိုဝင်ဘာလအထိ ထုတ်ပြန်သောစာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသားကုမ္ပဏီ ၅၂,၅၅၄ ခု၊ နိုင်ငံခြားကုမ္ပဏီ ၅၈၄၃ ခု၊ Partner ကုမ္ပဏီ ၁၀၇၂ ခု၊ Joint Venture ကုမ္ပဏီ ၁၃၈ ခုနှင့် Assoication ကုမ္ပဏီ ၆၉ ခုတို့ရှိကြောင်း သိရှိရသည်။ သို့သော် ကိုသော်ဇင်ကဲ့သို့ ဘွဲ့ရပြီးကာစလူငယ်များကို ခန့်ထားလိုမည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ မည်မျှရှိနေသနည်းဆိုသည့် မေးခွန်းမှာမူ ဖြေဆိုရခက်ခဲနေဆဲဖြစ်လေသည်။

ပြည်တွင်းပြည်ပလုပ်ငန်းအသီးသီးတွင် မြန်မာနိုင်ငံသားများ ရာထူးအဆင့်ဆင့် ပါဝင်လုပ်ကိုင်ရန်အတွက် အရည်အသွေးနှင့် အတတ်ပညာပိုင်းအားနည်းချက်များကို အစိုးရပိုင်းက မူဝါဒများ၊ နည်းပညာများ ပံ့ပိုး၍ ဖြည့်တင်းပေးချိန်တန်ပြီဟု ကိုသော်ဇင်ကဲ့သို့ သောလူငယ်များ တွေ့ကြုံနေရသည့် အဖြစ်အပျက်များက မီးမောင်းထိုးပြနေသည်။

ကိုသော်ဇင်ကဲ့သို့ ဘွဲ့လက်မှတ်တစ်ကိုင်ကိုင်ဖြင့် အလုပ်အကိုင်ဟူသော ရေစက်ရေပေါက် ရှားပါးငတ်မွတ်နေသည့် လူငယ်များ မြန်မာနိုင်ငံအနှံ့အပြားတွင် မြင်တွေ့နေရသည်။ လက်ရှိမြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ လူဦးရေစုစုပေါင်း၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ဖိလစ်ပိုင် ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား ၅ ဒသမ ၃ ရာခိုင်နှုန်းတို့ပြီးပါက အာဆီယံဒေသတွင်းတွင် ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်သည်။

လူငယ်များအနေနှင့် နှစ်နှင့်ချီအချိန်ပေး၍ ရယူထားသည့် ဘွဲ့လက်မှတ်များရရှိလာပြီးချိန်တွင်မှာမှ အဆိုပါဘွဲ့လက်မှတ်များမှာ လုပ်ငန်းခွင်နှင့်ရင်းနှီးသောအငွေ့အသက်မရှိသည်ကို သိရှိလာရသည့်အတွက် ပြင်ပသင်တန်းများ၏ အကူအညီကို အားကိုးရန် ပြင်ကြရတော့သည်။

ယင်းကြောင့်ပင် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပါအဝင် မြို့ကြီးများတွင် သင်တန်းမျိုးစုံ အပြိုင်အဆိုင်ပေါ်ပေါက်လာတော့သည်။ အလုပ်အကိုင်အခွင့်အလမ်းလွယ်ကူမည်၊ ဝင်ငွေကောင်းမည်ဟူသည့် မျှော်လင့်ချက်တို့ကြောင့် လုပ်ငန်းခွင်ဝင်ခွင့် စာမေးပွဲသင်တန်း၊ စာရင်းကိုင်သင်တန်း (LCCI/  ACCA)၊ ကွန်ပျူတာသင်တန်း၊ အင်ဂျင်နီယာသင်တန်း၊ ဟိုတယ်နှင့် ခရီးသွားသင်တန်းအချို့နှင့် ဘာသာစကားသင်တန်းအချို့တို့တွင် လူငယ်အများစု စုံပြုံတိုးနေကြသည်။

“အခုအင်္ဂလိပ်စာသင်နေတာက အလုပ်လုပ်မယ်ဆို အကူအညီဖြစ်မယ်ထင်လို့ပါ။ ကိုယ်ရမယ့်ဘွဲနဲ့ စိတ်ဝင်စားတဲ့အလုပ်က တခြားစီဆိုတော့ ကျောင်းပြီးရင် သင်တန်းတွေ ထပ်တက်ရဦးမယ်” ဟု ဒဂုံတက္ကသိုလ်တွင် ပညာသင်ကြားနေသော တတိယနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။

ပြည်တွင်းတွင် ဖွင့်လှစ်နေကြသည့် သင်တန်းများတွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သည့် သင်တန်းတို့ကိုသာ လူငယ်များက ပိုရွေးချယ်ကြသည့်အတွက် အလုပ်အကိုင်လိုအပ်ချက်၊ သင်တန်းနှင့်လူဦးရေ အချိုးမျှတမှု မညီကာ အလုပ်လက်မဲ့များအဖြစ် ပြန်လည်ရောက်ရှိ သွားနိုင်သည့် အန္တရာယ်ကလည်းရှိနေသည်။

သင်တန်းများ၏ အရည်အသွေးပိုင်းစစ်ဆေး ချက်တွင် အစိုးရအသိအမှတ်ပြု ထောက်ခံချက်မပါရှိ သည့်အတွက် အချို့သင်တန်းများက ထုတ်ပေးသော အသိအမှတ်ပြုလက်မှတ်များသည် လက်တွေ့အလုပ်အကိုင်နှင့် အံဝင်မှုနည်းပါးကြသည်။ ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေအတည်ပြုပြီးနောက် ပြည်ပကုမ္ပဏီမျိုးစုံ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သော်လည်း အလုပ်အကိုင်လစ်လပ်နေရာများအတွက် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းကျောင်းများ နည်းပါးနေသေးသည်။

အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်ကတည်းက လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်တွေ့ အသုံးတည့်မှုအပိုင်းတွင် အားနည်းချက်များ ရှိနေသေးသည်။ အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်အချို့အရ အစိုးရဦးဆောင်သော လုပ်ငန်းခွင်ကျွမ်းကျင်မှု အသိအမှတ်ပြုသင်တန်းကျောင်းအချို့ ဖွင့်လှစ်ထားသော်လည်း ကိုသော်ဇင်အပါအဝင် တစ်နိုင်ငံလုံးရှိ အလုပ်အကိုင်အခွင့်အလမ်းရရှိရန် စောင့်မျှော်နေသည့်လူငယ်များ လက်လှမ်းမမီနိုင်သေးသည့် အခြေအနေဖြစ်နေပြန်သည်။

လူငယ်များအတွက် ပညာရေးနှင့်အလုပ်အကိုင် တစ်ထပ်တည်းမရှိခြင်းသည် ပညာရေးစနစ်နိမ့်ပါးမှု ကြောင့်ဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုများရှိနေသည်။ အထူးသဖြင့် တက္ကသိုလ်ဝင်ခွင့်ကို ၁၀ တန်းစာမေးပွဲ အမှတ်စာရင်းဖြင့် ဆုံးဖြတ်သည့်အတွက် ဝါသနာနှင့် တက်ရောက်ရသည့် ဘာသာရပ်တက္ကသိုလ်များ လွဲချော်လျက်ရှိကြောင်း လူငယ်အများစုထံမှ ကြားနေရသည်။

ဝါသနာနှင့် ပညာရေးလွဲချော်မှုမရှိသော်ငြား လက်တွေ့သင်ကြားရမည့် အဆင့်မြင့်ပညာရေးပိုင်းတွင် လက်တွေ့ပိုင်းအားနည်းသည့်အတွက် ယုံကြည်ချက်ပျောက်နေသည့် ကိုသော်ဇင်ကဲ့သို့သော လူငယ်များမှာလည်း လုပ်ငန်းခွင်အသိပညာဗဟုသုတနည်းပါးမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန် ခက်ခဲနေဆဲဖြစ်လေသည်။

ယခင်က မြန်မာနိုင်ငံ၏အဆင့်မြင့်ပညာရေးတွင် တက္ကသိုလ်၊ ဒေသကောလိပ် အဆင့်ဆင့်သင်ယူရသည့်အတွက် ပညာသင်ယူမှုပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်ကြကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး မသင်လိုသူများသည် အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ဒေသကောလိပ်များတွင် တက်ရောက်ကြကြောင်း အမေရိကန်ပြည်ထောင်စုမှ ရူပဗေဒပါမောက္ခ ဒေါက်တာ ဝင်းသာထွေးက ပြောပြဖူးသည်။

“ပညာရေးပြောင်းမယ်ဆို လုပ်ငန်းခွင်လက်မှတ်ပေးနိုင်တဲ့ပညာရေးစနစ်မျိုးလည်း ပြန်သွားရမယ်။ ဆိုလိုတာက ဒေသကောလိပ်တွေ ပြန်ထားပေးဖို့ပဲ” ဟု ၎င်းကဆိုသည်။

အာဆီယံစီးပွားရေးအသိုက်အမြုံ (Asean  Economic Community) စတင်လာချိန်တွင် ပြည်တွင်းရှိ လုပ်ငန်းခွင်သင်တန်းကျောင်းများသည် အစိုးရ၏အသိအမှတ်ပြုလက်မှတ်များသာမက အာဆီယံအဆင့်အသိအမှတ်ပြုနိုင်သော အရည်အသွေးထောက်ခံချက်များ ပေးအပ်နိုင်ရန် လိုအပ်လာသည်။

ယင်းအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြင်ဆင်နေသော်လည်း ပညာရေးဝန်ကြီးဌာနပိုင်းက တက္ကသိုလ်ပညာရေးကိုသာ အဓိကအားပေးဆဲရှိသေးကြောင်း ပညာရေးအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

“ပညာရေးနဲ့ပတ်ဝန်းကျင်ကိုပဲ အပြစ်ပုံချလို့ မရဘူး။ လူငယ်တွေကိုယ်တိုင်က ကိုယ်ဘာဖြစ်ချင်လဲသိမှ သင်တန်းတွေ လျှောက်မတက်ဖြစ်မှာပါ” ဟု အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရှိ ဂျာနယ်လစ်ဇင် ဘွဲ့သင်တန်းတွင် ဘွဲ့လွန်သင်တန်းတက်ရောက်နေသော ကျောင်းသူတစ်ဦးက ဆိုသည်။

ဘွဲ့ရရှိပြီးလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းသည် ပညာရေးစနစ်သာမက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်တွင်လည်း မူတည်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီများမှ တက္ကသိုလ်ဘွဲ့ရများကို ကျောင်းနှင့်ချိတ်ဆက်ခေါ်ယူသည့် စနစ်မျိုးမထွန်းကားသေးသကဲ့သို့ တက္ကသိုလ်ဘွဲ့ရဦးရေနှင့်ယှဉ်ပါက ကုမ္ပဏီများမှ ခေါ်ယူခန့်ထားနိုင်သည့် လုပ်သားအရေအတွက်မှာလည်း များစွာနည်းပါးနေသေးသည်။

လက်ရှိတွင် ပြည်တွင်းတွင် အခြေချလုပ်ကိုင်နေသည့် တယ်လီနောအပါအဝင် ပြည်ပကုမ္ပဏီအချို့က ကျောင်းများနှင့် ချိတ်ဆက်၍ အလုပ်သင်ဝန်ထမ်းများ လက်ခံလေ့ကျင့်ပေးမှုကို စတင်စမ်းသပ်လုပ်ကိုင်လာကြသည်။ အစိုးရနှင့်ပုဂ္ဂလိက တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းပြီးစနှင့် တက်ရောက်ဆဲကျောင်းသား ကျောင်းသူများကို စမ်းသပ်ခေါ်ယူနေကြသော်လည်း အရေအတွက်မှာ ဆယ်ဂဏန်းထက်မပိုပေ။

အောင်လက်မှတ်အပေါင်း သောင်းခြောက်ထောင် တစ်ပွေ့တစ်ပိုက်ကိုင်ဆောင်ထားသူ ကိုသော်ဇင်၏ စိတ်ကြိုက်ရွေးချယ်ထားသောကုမ္ပဏီက အတွေ့အကြုံရှိသူကို ပိုဦးစားပေးခြင်းသည် ကုမ္ပဏီ၏မူဝါဒနှင့် အလုပ်လိုအပ်ချက်နည်းပါးမှုပေါ်တို့တွင် မည်သို့ မည်ပုံ သွားရောက်ပတ်သက်နေကြောင်း သာမန်လူငယ်တစ်ယောက်အနေနှင့် မတွေးတတ်ချေ။

“လက်မှတ်ရ (Certificated) တွေက ပေါနေတာပဲ။ အဓိကလိုတာက လုပ်ငန်းခွင်နဲ့ တကယ်အံဝင်ခွင်ကျဖြစ်ဖို့ အရေးကြီးတယ်။ လုပ်ငန်းအတွေ့ အကြုံမရှိတဲ့အခါကျတော့ ကုမ္ပဏီက ပြန်သင်ပေးနေရတော့ အချိန်ပိုကုန်တယ်” ဟု TME ကုမ္ပဏီမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးရန်နောင်က ပွင့်လင်းစွာပြောကြားသည်။

လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား၊ အတတ်ပညာရှင်နှင့် ဝန်ထမ်းများခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမ ၂ နှစ်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ၂ နှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယ ၂ နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထားရန် ပြဋ္ဌာန်းထားသည်။ သို့သော် မြန်မာလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျွမ်းကျင်မှုလိုအပ်ချက်သည် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အမြုံအတွက်မူ လုပ်သားဈေးကွက် ယှဉ်ပြိုင်ရာတွင် တစ်ပန်းရှုံးနိမ့်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။

ဝင်ငွေ၊ ဂုဏ်သိက္ခာ၊ အသက်မွေးဝမ်းကျောင်းမှု စသည့်ပြဿနာများနှင့်ရင်ဆိုင်နေရသည့် လူငယ်များအတွက် အလုပ်အကိုင်ရရှိရေးက ထွက်ပေါက်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရရေးအတွက် မည်သည့်သင်တန်းမဆို တက်ရောက်ကြတော့မည်။ ရောက်တတ်ရာရာအလုပ်အချို့ကို ဝင်ရောက်လုပ်နေကြရတော့မည်ဖြစ်သည်။

“ဘွဲ့ရ ဆိုက်ကားနင်းတယ်ဆိုတာ ဟာသမဟုတ်တော့ဘူး” ဟု တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးဖြစ်သူ ဦးမြင့်ထွန်းဦးက ဆိုသည်။

ယင်းသို့ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ ရရှိစေမည့် သင်တန်းများကို တက်ရောက်ခွင့်ရရန် သက်ဆိုင်ရာအစိုးရဌာနများ၏ ကြိုးပမ်းမှုအဖြစ် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် စစ်မှန်သောအဖြေမဖြစ်သေးသည်ကို မြင်တွေ့နေရသည်။

မြန်မာနိုင်ငံတွင်ရှိနေသည့် အသက် ၁၅ နှစ်မှ ၂၈ နှစ်ကြား လူငယ်ထု ၄၀ ရာခိုင်နှုန်းအတွက် လေ့ကျင့်ပညာသင်ကြားပေးမှု မပြုလုပ်နိုင်ပါက လူဦးရေကျိန်စာအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပြသုံးသပ်ထားသည်။

လုပ်သားအင်အား ပေါများမှုသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အားသာချက်တစ်ခုဖြစ်သော်လည်း ယင်းအင်အားစုများကို စီမံခန့် ခွဲနိုင်ခြင်းမရှိ၍ အလုပ်လက်မဲ့ဦးရေများသာ တိုးပွားလာလျှင်မူ တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများသာ ပိုလာမည်ဖြစ်သည်။

ယုံကြည်မှုပျောက်နေသော လူငယ်များ လူဦးရေကျိန်စာမသင့်ရေး ပညာရေးနှင့် အလုပ်အကိုင်၊ အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲချိတ်ဆက် ဖော်ဆောင်ရန် လိုအပ်ပါမည်။

တစ်ဖက်တွင်လည်း ပြည်တွင်းစီးပွားရေးလေယာဉ်ပျံကြီးသည် အင်ဂျင်သံတဝူးဝူးဖြင့် ပျံတက်ရန်အသင့်ဖြစ်နေပြီဆိုသည့်အတွက် တက္ကသိုလ်ဘွဲ့ရလူငယ်များအနေနှင့် မည်သည့်နည်းနှင့်မဆို ကိုယ်ပိုင်အရည်အသွေးကို ကိုယ်ကိုယ်တိုင်မြှင့်တင်ရန် လိုအပ်နေလေတော့သည်။

ပထမအကြိမ် အင်တာဗျူးဖြေဆိုစဉ်က မိမိ၏ ဘွဲ့လက်မှတ်စာရွက်အပေါ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အင်တာဗျူးအခန်းအတွင်းသို့ ဝင်ရာက်ခဲ့သည့် ကိုသော်ဇင်တစ်ယောက် တတိယမြောက်ကုမ္ပဏီ၏ အင်တာဗျူးတိုင်အောင် မိမိအရည်အချင်းလက်မှတ်များကို ငြင်းပယ်ခံမှုများ ကြုံခဲ့ရသောအခါ စိတ်ပျက်ခဲ့ရလေပြီ။

အင်တာဗျူးခန်းက ထွက်လာခဲ့ပြီးနောက် ‘ဘာအလုပ်မှ ထပ်မလျှောက်တော့ဘူး’ ဟု တွေးကာ ခေါင်းငိုက်စိုက်ဖြင့် ထွက်သွားလေတော့သည်။ 

 

မောင်မိုးဇွန်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *