ကုလလုံခြုံရေးကောင်စီ မြန်မာအပြစ်ရှာပုံတော်ခရီး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးသွားသော်လည်း မပြီးဆုံးသေးသည့် အကြောင်းအရာများ ကျန်ရှိနေခဲ့သည်။

ကုလသမဂ္ဂတွင် အမြင့်ဆုံးဖြစ်သည့် လုံခြုံရေးကောင်စီ၏ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသို့ လေးရက်ကြာလာရောက်ခဲ့ပြီး ဧပြီလ၁ရက်နေ့တွင် ခရီးစဉ်အဆုံးသတ်သည်။

ယင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ရာဇသံများလည်းပေးခဲ့ပြီး မြန်မာအစိုးရ၏ ထွက်ပြေးဘင်္ဂါလီပြန်လည်လက်ခံရေး ဆောင်ရွက်ချက်ကိုလည်း ပြစ်တင်ဝေဖန်လိုက်သည်။ မောင်တောဒေသမှ ဘင်္ဂါလီများ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုကို စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍လည်း သတိပေးသွားသည်။

“တစ်ချက်ကတော့ ICC (နိုင်ငံတကာရာဇဝတ်မှုခုံရုံး) သို့ လွှဲပြောင်းပေး အပ်တာပါ။ နောက်တစ်ခုကတော့ မြန်မာအစိုးရကိုယ်တိုင် စုံစမ်းစစ်ဆေးတာပါ” ဟု အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Ms.Karen Pierce ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ယင်းကိစ္စကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံစဉ်လည်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်မှာ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းရန် လာရောက်ခြင်းလော။ မြန်မာအပေါ်စွပ်စွဲချက်များကို သက်သေထူရန် လာရောက်ခြင်းလော။ ယင်းခရီးစဉ်ကြောင့် မြန်မာအပေါ် မည်သို့သက်ရောက်နိုင် သနည်း။

(၁)

လုံခြုံရေးကောင်စီ၏အမြဲတမ်းကိုယ်စားလှယ်ငါးဦးနှင့် ကိုယ်စားလှယ် ၁၀ ဦး စုစုပေါင်းကိုယ်စားလှယ် ၁၅ ဦး ပါဝင်သည့် ယင်းအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သို့ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ရောက်ရှိလာသည်။

ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနှင့် တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်ကမူ ထွက်ပြေးဘင်္ဂါလီ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရန် တိုက်တွန်းလိုက်သည်။

ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကို သီးခြားစီတွေ့ဆုံသည်။

ယင်းနေ့ ညပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ညစာစားပွဲဖြင့် ဧည့်ခံပြီး ဆွေးနွေးခဲ့စဉ် အစိုးရလုပ်ဆောင်ချက်များကို ရှင်းလင်းမှု မပြီးမီ ကိုယ်စားလှယ်အဖွဲ့ ထပြန်မည်လုပ်သည်။

ပြည်ထောင်စုဝန်ကြီးများက ရှင်းပြသည်ကို မလိုအပ်သည့်ပုံစံမျိုး စိတ်မရှည်သည့်ပုံစံမျိုး တွေ့ရကြောင်း ယင်းဧည့်ခံပွဲသို့ တက်ရောက်ခွင့်ရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက ပြောကြားသည်။ ၎င်းသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ရေးကော်မတီ၏အကြံပေးအဖွဲ့ဝင်လည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် တွေ့ဆုံခဲ့သည့် ဘင်္ဂါလီများ၏ပြောဆိုသည့်ဇာတ်လမ်းများကို ကိုင်စွဲကာ ထွက်ပြေးဘင်္ဂါလီအရေးမှာ မြန်မာနိုင်ငံကသာ အဓိကတရားခံဖြစ်သည်ဟု အပြစ်တင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ထွက်ပြေးဘင်္ဂါလီများပြန်လည်လက်ခံရန် လျှောက်လွှာများ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ရာတွင် တလွဲတချော်ဖြစ်နေသဖြင့် ပြန်လည်လက်ခံရေး ကြန့်ကြာနေခြင်းဖြစ်နေသည်ဟု ရှင်းလင်းချက်ကိုလည်း ယင်း အဖွဲ့က လက်မခံကြောင်း ဒေါက်တာဒေါ်ခင်ညိုက ပြောဆိုသည်။

လျှောက်လွှာဖြည့်ခိုင်းခြင်းထက် လွယ်ကူသည့် နည်းမရှိလောဟုလည်း မေးခွန်းထုတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မောင်တောဒေသသို့ နေ့ချင်းပြန်သွားရောက်ခဲ့ကာ မောင်တောရှိ ဘင်္ဂါလီများပြန်လည် လက်ခံမည့်နေရာများသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် နေပြည်တော်မှတစ်ဆင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။

(၂)

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာအပေါ် လုံခြုံရေးကောင်စီကိုယ်စားလှယ်အချို့က ပြစ်တင်ဝေဖန်ကြသည်။

ထွက်ပြေးဘင်္ဂါလီဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရကြိုးပမ်းမှုမှာ အလွန်နှေးကွေးနေကြောင်း ယင်းကိုယ်စားလှယ်အဖွဲ့၏ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်က ဝေဖန်လိုက်သည်။

ထွက်ပြေးသူ သန်းဂဏန်းခန့်ရှိနေသည်ကို မြန်မာအစိုးရက တစ်ရက်လျှင် သုံးရာခန့်သာ လက်ခံရန်စီစဉ်ထားခြင်းမှာ လွန်စွာနည်းပါးနေသဖြင့် ပြန်လည်လက်ခံရေးအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဝေဖန်သည်။ မုတ်သုံဝင်တော့မည်ဖြစ်သဖြင့် ဒုက္ခသည်များ၏ အခြေအနေမှာ စိုးရိမ်ရသည်ဟုလည်း ကိုယ်စားလှယ်အဖွဲ့က ပြောဆိုထားသည်။

ဒုက္ခသည်ပြန်လည်လက်ခံရေးအစီအစဉ်တွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂပူးပေါင်းလုပ်ဆောင်ရေးနားလည်မှု စာချွန်လွှာ (MoU) ကို အမြန်ဆုံးရေးထိုးရန် တိုက်တွန်းခဲ့ပြီး ဒုက္ခသည်များကူညီရေးတွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များကို အကန့်အသတ်မရှိ လုပ်ဆောင်ခွင့်ပေးရန်လည်း ပြောဆိုခဲ့သေးသည်။

ဒုက္ခသည်များ နေရပ်ပြန်ရာတွင် အကန့်အသတ်မရှိဘဲ ဂုဏ်သိက္ခာရှိစွာ၊ ဘေးအန္တရာယ်ကင်းစွာဖြင့် မူလနေရပ်သို့ ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်းထားသည်။

ဘင်္ဂါလီများ သိန်းနှင့်ချီအစုလိုက်အပြုံလိုက်ထွက်ပြေးရအောင် လုပ်ဆောင်သော ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သူများကို စုံစမ်းဖော်ထုတ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ပီရူးနိုင်ငံကိုယ်စားလှယ်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ယင်းသို့ ကျူးလွန်ခဲ့သည့် အထောက်အထားများရှိလျှင် စစ်ဆေးအရေးယူမည်ဟု တုံ့ပြန်ကြောင်း ကိုယ်စားလှယ်များက ပြောဆိုခဲ့သည်။ ပြစ်မှုကျူးလွန်မှုအချို့ကို အရေးယူထားသည်ကို တွေ့ရသော်လည်း ယခုထက် ပိုမိုစိစစ်အရေးယူ ရမည် လိုအပ်ကြောင်း ဗြိတိန်ကိုယ်စားလှယ်က ပြောဆိုခဲ့သည်။

(၃)

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ကို မြန်မာဘက်က မည်သို့ တုံ့ပြန်ရှင်းလင်းခဲ့သနည်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို စိစစ်လက်ခံရန် အဆင်သင့် ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကာ နှစ်နိုင်ငံသဘောတူထားသည့် ပုံစံမှန်များကိုဖြည့်စွက်၍ ဆောလျင်စွာ ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ထိခိုက်ခံအသိုက်အဝန်းများအားလုံးကို လူသားချင်းစာနာမှုအကူအညီများ ပေးအပ်လျက် ရှိကြောင်း၊ မြန်မာအစိုးရကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အဖြေရှာရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အဖြစ် ပူးပေါင်းမည်ဟု ၎င်းက ဆိုသည်။

အသိုက်အဝန်းများအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေး၊ နိုင်ငံသားပြုရေးကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းမှု၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်သူများပြဿနာ၊ အကြမ်းဖက်မှု အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်ခြေရှိမှု စသည်တို့ကိုလည်း ရှင်းလင်းခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ တပ်မတော်သည် နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်သူများကို ဥပဒေနှင့်အညီ တိကျစွာအရေးယူနေကြောင်း ပြောဆိုသည်။

စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာအရ စက်ဆုတ်ဖွယ်အပြုအမူအဖြစ်သတ်မှတ်ထားပြီး ပြင်းထန်စွာအရေးယူသည်ဟုလည်း တုံ့ပြန်လိုက်သည်။

(၄)

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ လာရောက်မှုကို ကန့်ကွက်သူများ ရှိသည်။

ယင်းခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့်ပြဿနာကို ဖြေရှင်းရန်လာရောက်ခြင်းမဟုတ်ဘဲ ပြဿနာကို ပိုမိုကြီးထွားအောင်လုပ်ကာ နိုင်ငံကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန်လာရောက်ခြင်းသာဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဝေဖန်သည်။

“ကျွန်တော်တို့ တိုင်းပြည်အတွက် အန္တရာယ်သိပ်ကြီးပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် ကူညီရန်လာရောက်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ဆုံးဖြတ်ချက်များမှာ မှန်ကန်ကြောင်း သက်သေထူရန်လာရောက်ခြင်းသာဖြစ်သဖြင့် ကန့်ကွက်ကြောင်း ၎င်းက ဆိုသည်။

“သူတို့မှာ ဆုံးဖြတ်ချက်တွေက ပါလာပြီးသားပါ။ မြန်မာနိုင်ငံကို ဘယ်လို ဖိအားပေးမယ်၊ ဘယ်လိုပြောမယ် ပြင်ဆင်လာပြီး ဒီမှာ သက်သေလာထူတဲ့ သဘောပါ။ ဒါကတော့ လက်ခံလို့ မရဘူးလေ”

ယင်းပြောဆိုချက်နှင့် ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောတို့အမြင်မှာ ထပ်တူကျသည်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံတကာကအဖွဲ့အစည်းများမှာ ၎င်းတို့ ဆုံးဖြတ်ထား သည့်ကိစ္စများကိုသာ မှန်ကန်ကြောင်း သက်သေလာထူခြင်းဖြစ်ပြီး အချက်အလက်များရှာဖွေကာ အဖြစ်မှန်ကိုရှာဖွေရန် လာရောက်ခြင်းမဟုတ်ကြောင်း ၎င်းက ယူဆသည်။

“လာသမျှအဖွဲ့အစည်းသည် ကြိုတင်ဆုံးဖြတ်ပြီးသား အချက်ကို ပိုမို ခိုင်မာအောင်လုပ်ဖို့ လာတာပဲဖြစ်တယ်။ လက်ရှိအစိုးရ အပေါ်မှာသော်လည်းကောင်း၊ တပ်မတော်အပေါ်မှာသော်လည်းကောင်း လုံးဝပြဿနာရှာဖို့၊ အပြစ်ရှာဖို့အတွက်လာတဲ့ အဖွဲ့အစည်းတွေပဲ” ဟု ဦးဦးလှစောက ဆက်လက်ပြောဆိုသည်။

ယင်းအဖွဲ့များ၏ ရည်မှန်းချက်ပန်းတိုင်မှာ ထွက်ပြေးဘင်္ဂါလီအားလုံး မူလနေရပ်သို့ ပြန်လည်ရောက်ရှိရေး၊ နိုင်ငံသားဖြစ်ရေး၊ တိုင်းရင်းသားဖြစ်ရေး၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဘင်္ဂါလီတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ရေးစသည်တို့ ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပေးသည်။

ယင်း ရည်မှန်းချက်ပန်းတိုင်ကို နည်းလမ်းပေါင်းစုံဖြင့် အဆိုပါအဖွဲ့အစည်းများက ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်ပြောဆိုခဲ့သည့် ICC ကို တင်မည်လော။  မြန်မာအစိုးရကိုယ်တိုင် စစ်ဆေးမည်လောသတိပေးမှုကိုလည်း ဒေါက်တာနန္ဒာလှမြင့်က အပြင်းအထန် ကန့်ကွက်သည်။ ယင်း ပြောဆိုချက်မှာ အစိုးရနှင့် တပ်မတော်ကို ရန်တိုက်ခြင်းဟု ၎င်းက ပြောဆိုသည်။

“တပ်မတော်ကို ICC က အရေးယူမလား။ မြန်မာအစိုးရက အရေးယူမလားဆိုတာက တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်အောင် လုပ်ပြီးတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ပြဿနာဖြစ်လာအောင် ဆောင်ရွက်တဲ့ သဘောလား။ သူတို့ ပြောတဲ့အတိုင်း လိုက်လုပ်ရအောင် ကျွန်တော်တို့က သူတို့ လက်အောက်ခံနိုင်ငံ မဟုတ်ဘူးလေ”

(၅)

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ လာရောက်မှုမှာ မြန်မာအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သလော။

မြန်မာနိုင်ငံအတွက် ဖိအားအလွန်များပြားနေပြီး မြန်မာကို ICC တင်ရန် ကုလသမဂ္ဂတွင် ကြိုးပမ်းနေသည့်နိုင်ငံများ ရှိကြောင်း၊ မြန်မာအရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း အရေးတကြီးဆွေးနွေးနေရသည့် အခြေအနေ ဖြစ်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသည့် ညီမျှခြင်းမြန်မာအဖွဲ့၏ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည် ICC နှင့်ပတ်သက်သည့် စာချုပ်တွင် လက်မှတ်မထိုးထားသဖြင့် မြန်မာကို ICC တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ တင်ပို့နိုင်ရန် လာရောက်စုံစမ်းစစ်ဆေးအကဲဖြတ်သဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်နိုင်ပြီး မြန်မာ အစိုးရ၏ လုပ်ဆောင်ချက်များကို အားမရဖြစ်သည့် ပုံစံတွေ့ရကြောင်း၊ ယင်းအခြေအနေတွင် မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်မှု အားနည်းလျှင် ICC အဆင့်ထိရောက်နိုင်ကြောင်း ၎င်းက ယူဆသည်။

ပြည်တွင်းက စုံစမ်းစစ်ဆေးမှုကို နိုင်ငံတကာက အယုံအကြည်နည်းပါးသဖြင့် ပူးပေါင်းဆောင်ရွက်ကြောင်း ပြသရန် ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို လာရောက် ခွင့်ပြုသင့်သည်ဟု ၎င်းက ယူဆသည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်ဝင်ခွင့်ပြုခြင်းဖြင့်လည်း ပူးပေါင်းနိုင်သည်ဟု ၎င်းက ရှုမြင်သည်။

တိုင်းရင်းသားအရေးကို လေ့လာသုံးသပ်နေသည့် ဦးမောင်မောင်စိုးကမူ ရခိုင်ပြည်နယ်ပြဿနာကို ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းရှာဖွေတွေ့ရှိရန် လိုအပ်ပြီး ယင်း သို့မဟုတ်လျှင် ဖိအားပိုများလာနိုင်သည်ဟု မှတ်ချက်ပေးသည်။

“အစိုးရဘက်ကရော၊ တပ်မတော်ဘက်ရော မှန်မှန်ကန်ကန်ပူးပေါင်းဆောင်ရွက်နိုင်ဖို့တော့ လိုတာပေါ့။ မှန်မှန် ကန်ကန်ပူးပေါင်းဆောင်ရွက်နိုင်ရင် ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ လမ်းစတွေ့နိုင်တယ်”

မြန်မာအစိုးရ၏ ထွက်ပြေးဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်ကို ကုလသမဂ္ဂက လက်ခံအောင် ရှင်းပြနိုင်ရန် လိုအပ်ပြီး ကုလသမဂ္ဂကသာ လက်ခံပါက ယင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်ရန် လွယ်ကူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လက်ရှိက ပြန်မလာဘူးဆိုတာက အဆင့်ဆင့်နိုင်ငံသား စိစစ်တဲ့ပြဿနာကို မွတ်ဆလင်တွေက လက်မခံဘူးလေ။ အဲဒီပြဿနာကိုတော့ ဖြေရှင်းဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။ ဟိုဘက်ရောက်နေတဲ့ မွတ်ဆလင်အားလုံးကို ဘာမှ မစိစစ်ဘဲနဲ့ နိုင်ငံသား ပေးဖို့ဆိုတာက ခက်ခဲလိမ့်မယ်” ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

ယင်းအချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ခံလာအောင် ရှင်းလင်းတင်ပြနိုင်ရန် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာကို မဖြေရှင်းနိုင်မီ ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေ တိုးလာသည်။ ယင်းပြဿနာများကို မဖြေရှင်းနိုင်လျှင် ဖိအားတိုးသထက် တိုးလာမည်ဟု ထောက်ပြသူများရှိသည်။

ကုလသမဂ္ဂက မြန်မာအတွက် နောက်ဆုံးလာသည့် သတိပေးသတင်းစကားက နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) တင်ပို့ရမည်လော ဆိုသည့်အချက်ပင် ဖြစ်သည်။

“ICC နဲ့ ဖြေရှင်းမလား။ ကိုယ့်ဘာသာ ကိုယ် ဖြေရှင်းမလား။ ဒါက ရှင်းရှင်းလင်းလင်း ပေးသွားတဲ့ သတင်းစကားပါပဲ” ဟု ဦးအောင်မျိုးမင်းက ပြောဆိုသည်။

မြန်မာအစိုးရကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိလျှင် ICC နှင့် ထိပ်တိုက်တိုးမည့် အရိပ်အမြွက်ပါသည့် စကားဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“ဒါက တိုင်းပြည်အတွက် သိပ်မကောင်းဘူး”

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *