အများပြည်သူနေရာများတွင် နောက်ကျောလုံရေး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရွှေတိဂုံဘုရားပေါ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည်။

သို့သော် အသက်မသေခဲ့။

ယင်းအမျိုးသားသည် မိမိကိုယ်ကိုယ် သတ်သေရန် ကြက်သွန်လှီးဓားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အများပြည်သူတို့အတွက် အရေးကြီးသော အထွတ်အမြတ်နေရာဖြစ်သည့် ရွှေတိဂုံဘုရားပေါ်သို့ ကြက်သွန်လှီးဓား မည်သို့ရောက်သွားခဲ့သနည်း။

ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ရာလမ်းတွင် စက်ကိရိယာများဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးသော်လည်း အဆိုပါ ဓားဘုရားပေါ်သို့ ရောက်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် လုံခြုံရေးများ၏ လုံခြုံရေးစစ်ဆေးမှု ပေါ့လျော့မှုကြောင့်လား ၊ စက်ကိရိယာများ ချို့ယွင်းနေမှုကြောင့်လား စဉ်းစားစရာ အခြေအနေတစ်ခုပင်ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် နှစ်တိုင်းဆိုသလိုပင် အများပြည်သူဆိုင်ရာနေရာများတွင် လုယက်မှု၊ ဓားထိုးမှု၊ ဗုံးပေါက်မှုများ ဖြစ်ပွားလေ့ရှိသည်။

ယင်းမှာ အများပြည်သူတို့၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည်။

ယင်းအမျိုးသားသည် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ရန်အတွက်သာ ဓားကို ယူလာခဲ့သည်မှာ ကံကောင်းခြင်းပင်။ အကယ်၍ ပြည်သူများ အန္တရာယ်ရှိနိုင်သည့် အရာဝတ္ထုတစ်ခုကိုယူကာ ရွှေတိဂုံဘုရားပေါ်တွင် ကြံစည်ခဲ့မည်ဆိုပါက နိုင်ငံအတွင်း ဘာသာရေး ပဋိပက္ခများနှင့် နိုင်ငံအတွင်း ဆူပူမှုများပင် ဖြစ်လာနိုင်သည့်အခြေအနေပင်။

“ဟိုအရင်ကတည်း ရွှေတိဂုံဘုရားကို ဗုံးခွဲမယ်ဆိုပြီး အသံထွက်ထားတာတွေရှိတယ်။ ဒါတွေဟာ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် လုပ်ချင်တဲ့သူတွေ လုပ်သွားနိုင်တဲ့ ပုံစံပဲ။ တကယ်လို့ ရွှေတိဂုံဘုရားပေါ်မှာသာ ဗုံးပေါက်ကွဲသွားခဲ့ရင် ဒီပဋိပက္ခတွေက ဖြစ်လာနိုင်တယ်”ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

ဒေါက်တာမင်းဇော်ဦးမှာ Myanmar Institute for Peace and Security ၏ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

“Public Area လုံခြုံရေးကို မလုပ်ပေးနိုင်တာက ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးစနစ်မှာကကို ရှိသင့်ရှိထိုက်တဲ့ စွမ်းအင်တွေ၊ ဓနအင်အားတွေ မရှိတာတွေလည်း ပါတာပေါ့။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ကတော့ အမြဲတမ်း ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာနိုင်တဲ့ အနေအထားရှိတယ်”ဟု ပဋိပက္ခ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်လည်းဖြစ်သူ ဒေါက်တာမင်းဇော်ဦး ကဆိုသည်။

ပေါက်ကွဲမှုများ

အများပြည်သူ သွားလာနေသည့် နေရာဖြစ်သည့် ဘဏ်များနှင့် အစိုးရဌာနဆိုင်ရာရုံးအချို့၏ အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ် ယခုနှစ်ဆန်းတွင် ရှိခဲ့သည်။ ယင်းကြောင့် လူအများအပြားဒဏ်ရာရကာ သေဆုံးသူ အချို့ပင် ရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ဆေးရုံနှင့် အင်းဝဘဏ်အနီး၌ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် အသံမိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လားရှိုးမြို့လမ်းမတော်လမ်းရှိ ရိုးမဘဏ်တွင် ချိန်ကိုက်ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူနှစ်ဦးသေဆုံးပြီး ၂၁ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လားရှိုးဗုံးပေါက်ကွဲမှုအပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အစိုးရဌာနဆိုင်ရာနေရာသုံးခု၌ ဗုံးပေါက်ကွဲ၍ လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ကမ်းနားလမ်းရှိ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်ရှေ့တွင် တစ်လုံး၊ တရားလွှတ်တော်ရုံးရှေ့ရှိ ထရန်စဖော်မာတွင် တစ်လုံးနှင့် ပြည်နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့တွင် တစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည် ဒေါပုံမြို့နယ် Capital Hyper Market အတွင်း ပေါက်ကွဲမှုနှင့် တောင်ဒဂုံ လူဝင်မှုကြီးကြပ်ရေးရုံး ပေါက်ကွဲမှုဖြစ်စဉ်များတွင် တရားခံဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။

ထို့အပြင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော မြေနီကုန်းဒဂုံစင်တာ၊ ရှစ်မိုင်လမ်းဆုံကုန်တိုက်၊ ပုဇွန်တောင်ကုန်သွယ်ရေးဗဟိုဌာနတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလတွင် ဖြစ်ပွားခဲ့သော X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူကိုးဦး သေဆုံးခဲ့သည့် ပေါက်ကွဲမှုများတွင် တရားခံများကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့သည်ကို တွေ့ရသည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တိုင်းဒေသကြီး လွှတ်တော်ရုံးဝင်းအတွင်းနှင့် မရမ်းကုန်းမြို့နယ် Ocean Super Center တွင် ပေါက်ကွဲမှုဖြစ်စဉ်တွင် တရားခံများကို ဖမ်းမိခဲ့သည်။

လွှတ်တော်ရုံးဝင်းအတွင်းနှင့် မရမ်းကုန်းမြို့နယ် Ocean Super Center  တွင် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံနှစ်ဦးကို ဖြစ်စဉ်နှစ်ခုစလုံးတွင် ပါဝင်သည့် ခင်မောင်ရွှေ (ခ) ရာကွတ်ကို အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။ တိုင်းဒေသကြီး လွှတ်တော် ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်စဉ်တွင် ပါဝင်သည့် စိုးဝင်း (ခ) မိုဟာမက်အလီကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အကျိုးသက်ရောက်မှု

အများပြည်သူသွားလာရသည့် နေရာများတွင် လုံခြုံမှုမရှိခြင်းသည် အကြောင်းအရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်နေသောကိစ္စဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောသည်။

နိုင်ငံရေးအကြောင်းကြောင့်သော်လည်းကောင်း၊ စီးပွားရေးကြောင့်လည်းကောင်း၊ လူမှုရေးအကြောင်းကြောင်းကြောင့်လည်းကောင်း အမျိုးမျိုးအဖုံဖုံ ဖြစ်နိုင်သည်။

“Public Area မလုံခြုံတာက အကြောင်းအရင်းပေါင်းစုံရှိတယ်။ ဖြစ်တဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုလည်း နိုင်ငံရေး စနစ်အမျိုးမျိုးကြောင့် ချမ်းသာတဲ့ နိုင်ငံတွေရော၊ ဆင်းရဲတဲ့နိုင်ငံတွေရော ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာတွေ အများကြီး တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

လက်နက်ကိုင်ကာ ပြည်သူလူထုကို လုံခြုံရေးပေးခြင်းမျိုး မဟုတ်ဘဲ လူထုအကြား လူတိုင်းအသိစိတ်ဓာတ်ဖြင့် လုံခြုံရေးပေးသည့် နော်ဝေနိုင်ငံမျိုးတွင်ပင် လူအစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် ဖြစ်ရပ်မျိုးရှိခဲ့ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အဲဒီလိုနိုင်ငံမျိုးမှာတောင် လူ ၇၀ ကျော်လောက် အသတ်ခံရတဲ့ကိစ္စ မျိုးတွေ ဖြစ်တတ်တယ်” ဟု ၎င်းက ပြောကြားသည်။

နော်ဝေနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးက ဗုံးဖောက်ခွဲမှုနှင့် ကျွန်းတစ်ခုပေါ်ရှိ ကလေးငယ်များအား ပစ်သတ်ခဲ့မှုကြောင့် လူ ၇၇ ဦးသေဆုံးခဲ့ရသည်။ ယင်းမှာ နော်ဝေသမိုင်းတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူအများဆုံးသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့ နယ်မှ ဒေါ်သီတာမှာ ၂၀၁၀ သင်္ကြန် ရန်ကုန်တွင် ဗုံးပေါက်မှုအပြီး သူမ၏ ကလေးငယ်များကို အပြင်မလွှတ်ရဲတော့ပေ။

“အခုတောင် အတန်တန် မှာနေရ တာ။ ခဏခဏဖြစ်နေလို့။ ပြောချင်တာကတော့ ညဘက်လုပ်တဲ့ လူတွေများတဲ့ ပွဲတွေမှာ အဲဒီလိုမျိုးတွေမဖြစ်အောင်တော့ လုံခြုံရေးကို လုပ်ဖို့လိုတယ်။ အခုက ညဘက်လုပ်တဲ့ပွဲတွေမှာ ကလေးတွေ သွားနေကြတာ။ ဖြစ်သွားရင် မိဘတွေ ရင်ကျိုးရမှာ” ဟု ကုန်ရောင်းကုန်ဝယ်လုပ်ကိုင်သူ ၎င်းကဆိုသည်။

အများပြည်သူသွားလာနေသည့် နေရာများတွင် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါက ပြည်သူများအသက်အန္တရာယ်ရှိနိုင်သည့်အပြင် ရွှေတိဂုံစေတီတော်အပါအဝင် သမိုင်းဝင်နေရာများ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားပါက နိုင်ငံအတွက် နစ်နာမှုများရှိလာနိုင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

လုံခြုံရေးဘယ်လိုလုပ်မလဲ

အစိုးရအနေနှင့် အများပြည်သူသွားလာတတ်သည့်နေရာများတွင် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ပြီး မည်သည့်ပုံစံမျိုးနှင့် လုပ်သင့်ကြောင်းကို စနစ်တကျ စီမံချက်များချထားသင့်ကာ ရဲတပ်ဖွဲ့များအနေနှင့် ပြည်သူ့လုံခြုံရေးတွင် အဓိက တာဝန်ရှိကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

“အခုက ရဲတပ်ဖွဲ့အင်အား မလောက်ဘူး၊ မလောက်ဘူးဆိုပြီးတော့ ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်သူ တာဝန်ယူပြီး ဖြေရှင်းမှာလဲ”

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် ပြည်သူ ၆၅၀ ကို စောင့်ရှောက်နေရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။ ရှိရမည့် အချိုးအစားမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် လူ ၄၅၀ ဖြစ်သည်။

လုံခြုံရေးအတွက် လုပ်ဆောင်နေမှုများတွင် နေရာတိုင်း၌ CCTV ကင်မရာများကို တပ်ဆင်ထားရန် လိုအပ်နေပြီး ရဲတပ်ဖွဲ့အပြင် လုံခြုံရေးလုပ်ငန်းလုပ်ကိုင်နေသည့် သက်ဆိုင်ရာလုံခြုံရေးဌာန မှ ဝန်ထမ်းများအနေနှင့်လည်း သေချာစွာစစ်ဆေးရန်လိုအပ်ကြောင်း ရဲမှူးတစ်ဦးက ပြောသည်။

ထို့အပြင် လုံခြုံရေးအဝင်အထွက် ဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးအရစစ်ဆေးသည်ကို ပြည်သူများအနေနှင့် နားလည်ပေးရန် ရဲမှူးက ပြောကြားသည်။

“ရဲတစ်ခုထဲ အားကိုးလို့မရဘူးလေ။ သက်ဆိုင်ရာ လုံခြုံရေးဌာနက လူတွေလည်း အဆင့်ဆင့်ဆောင်ရွက်သင့်တယ်။ ရဲတပ်ဖွဲ့ကလည်း မြင်တဲ့အတိုင်းပဲ နည်းနေတာ။ ရဲတွေကလည်း စစ်ဆေးရေးလုပ်တဲ့အခါ လုံခြုံရေးအမြင် လုံခြုံရေးသတိရှိနေမှ တော်ကာကျမယ်။ တာဝန်တစ်ခုပေးရင် သေသေချာချာ ဆောင်ရွက်နိုင်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

အများပြည်သူဆိုင်ရာနေရာများရှိ လုံခြုံရေးကို မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့က အဓိကလုပ်ဆောင်နေခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့အင်အား လိုအပ်ခြင်း၊ ရဲတပ်ဖွဲ့ကို ထောက်ပံ့မှုလိုအပ်ခြင်းများရှိနေပြီး စွမ်းဆောင်ရည်မြင့်မားသည့် ရဲတပ်ဖွဲ့ ဖြစ်ရန်လိုအပ်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

လုံခြုံရေးဆိုင်ရာနည်းပညာများလည်း အမြဲတမ်းပြောင်းလဲလျက်ရှိရာ အချိန်နှင့်အမျှ အဆင့်မြှင့်နေရန်လိုသည်။

လုံခြုံရေးပေါ့လျော့မှုကြောင့် ရန်ကုန်မြို့၏ နိုင်ငံခြားဧည့်သည်များ သွားလာဝင်ထွက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေးအရာရှိ ဦးကိုနီကို သေနတ်ဖြင့် အနီးပစ်သတ်လုပ်ကြံခဲ့သည်အထိဖြစ်ခဲ့ သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံတကာနှင့် ပူးပေါင်းပြီးလုံခြုံရေး အဆင့်မြှင့်ခဲ့ကြောင်း ဒေါက်တာဇော်မင်းဦးက ဆိုသည်။

“လုံခြုံရေးတွေကို စိစစ်တော့ ဘာတွေအားနည်းလဲ ဆိုတာသိသွားတယ်။ သိသွားတော့ ဒါကို ပြန်ပြီးတော့ ပြင်ဆင်လုပ်ခဲ့တာတွေလည်း ရှိတယ်။ အဲဒီတော့ ဒီလိုစနစ်မျိုးက တခြားနိုင်ငံတွေမှာလည်း အမြဲလုပ်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရှိထားသော လုံခြုံရေးကုမ္ပဏီများ အနေနှင့် လုံခြုံရေးစနစ်များကို ပုံမှန် စမ်းသပ်ဖောက်ထွက်ကြည့်ရန် လိုအပ်ပြီး အားနည်းချက်များရှိပါက ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါက်တာမင်းဇော်ဦး က ပြောကြားသည်။

“စမ်းကြည့်ပြီး ကိုယ့်အားနည်းချက်ဘာရှိလဲ အမြဲကြည့်ရတာပေါ့။ ကြည့်ပြီး အားနည်းချက်ရှိတာကို ပြင်ရတာပေါ့”
ရွှေတိဂုံဘုရားပေါ် ကြက်သွန်လှီး ဓားရောက်သွားသည့် ဖြစ်ရပ်မှာ ထိုသို့သော အားနည်ချက်များကြောင့် ဖြစ်နိုင်ကြောင်း ရွှေတိဂုံဂေါပက အဖွဲ့ရုံးအဖွဲ့မှူးဦးထွန်းအောင်ငွေ၏ ပြောဆိုချက်က သက်သေခံနေသည်။

“လုံခြုံရေးတွေ ရှိတာကလည်း ရှိတာပေါ့။ လုံခြုံရေးကလည်း အသေးစိတ်တော့ ဘယ်စစ်နိုင်မလဲ”ဟု ၎င်းက ဆိုသည်။

“တချို့နေရာတွေမှာ (အဝင် အထွက်) စစ်တဲ့ စက်တွေကလည်း ပျက်နေသေးတယ်”

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *