ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့်တော့မည်၊ သို့သော်…

တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တပ်မတော်တို့၏ တစ်ကျော့ပြန်စစ် ဖြစ်ပွားနေသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစ၍ စစ်ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ဧပြီလသည် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) အကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည့် လဖြစ်သည်။
ကြားကာလများအတွင်း ကြိုကြားကြိုကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ် ဧပြီလအတွင်းမှ စတင်ကာ ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲများသည် မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းရှိ တနိုင်း၊ မိုးကောင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်နှင့် အင်ဂျန်းယန် မြို့နယ်များတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါဒေသများသည် တရုတ်၏ ‘တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း'(OBOR) အကောင်အထည်ဖော်ရာတွင် ပါဝင်မည့် လီဒိုလမ်းကြောင်းနှင့် အနီးဆုံးဖြစ်နေပြီး ယင်းကလည်း တိုက်ပွဲများဖြစ်စေသည့် အချက်တစ်ချက်အဖြစ်လည်း သုံးသပ်သူအချို့ ရှိနေသည်။

OBOR စီမံကိန်းအတွက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းလုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က တနိုင်းတွင် တပ်မတော်နှင့် KIA တို့ တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့သည်။

ယင်းနောက် အခြားမြို့နယ်များတွင်လည်း လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။

“တနိုင်းမှာရှိတဲ့ တိုက်ပွဲတွေကတော့ ငြိမ်းသွားပြီပေါ့။ သေနတ်သံတောင် မကြားရတော့ပါဘူး” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ မီဒီယာတာဝန်ခံလမာယောက ပြောကြားသည်။

သို့ရာတွင် ကျန်ရှိနေသည့်နေရာများတွင်မူ သေနတ်သံများကြားနေရဆဲ ဖြစ်သည်။

လက်ရှိချိန်ထိ အင်ဂျန်းယန်မြို့နယ်နှင့် ဖားကန့်လမ်းဘက်တွင် နေ့စဉ်တိုက်ပွဲများဖြစ်နေသည့် သတင်းများ ကြားရကြောင်း ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတာဝန်ခံဦးဇော်ဂျတ်က ဆိုသည်။

သူကမူ OBOR လမ်းပိုင်းကြောင့် တိုက်ပွဲဖြစ်သည်ဆိုသည်ကိုမူ လက်မခံလို။ အကြောင်းပြချက်တစ်ခုအဖြစ်သာ ရှုမြင်သည်။

လက်ရှိမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်ပြီး အဓိကအချက်မှာ စစ်ရှိန်လျှော့ချရေး၊ တိုက်ပွဲများလျှော့ချရေးကို သွားနေကြောင်း၊ ယင်းအတွက် ထိတွေ့မှုများ၊ ဆွေးနွေးမှုများပြုလုပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် သဘောတူညီချက်များ ရရှိခဲ့ခြင်း မရှိသော်လည်း နောက်ထပ် တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်ရန်ကိုမူ နှစ်ဖက်စလုံးက လိုလားခဲ့သည်။

တိုက်ပွဲများသည် အဆိုပါတွေ့ဆုံမှု နောက်ပိုင်းတွင် ပို၍ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ကချင်အမျိုးသားကွန်ဂရက် ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဟု ကြေညာကာ ယင်းနေရာမှ ထွက်ခွာသွားရန် သတိပေးခဲ့ပြီး ထွက်ခွာမှုမရှိလျှင် ဒေသခံများ၏ ကံကြမ္မာသာဖြစ်သည်ဟု KIA အမှတ် (၁၄) တပ်ရင်းက ထုတ်ပြန်ကြေညာခဲ့သေးပြီး ယင်းနောက်တွင် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ၂၀၀၀ ကျော်သည် တောတောင်များအတွင်း ပိတ်မိနေသည်။ ထိုထဲတွင် ကိုယ်ဝန်ဆောင် မိခင်များ၊ နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများနှင့် မွေးကင်းစ ကလေးသူငယ်များအထိ ပါဝင်သည်။

“ပိတ်ထားတာ အဲဒီက ပြည်သူတွေ ထွက်လာမယ့် လမ်းကို ပိတ်ထားတာ။အောင်လော့ဒ်ကျေးရွာက ပြည်သူတွေက ထွက်ပြေးနေတယ်။ အောက်ပြည်ဘက်က ပယင်းတူးတဲ့ လူတွေ ရွာကို ပို့ထားပြီးတော့ စစ်တပ်စားနပ်ရိက္ခာ ထောက်ပံ့ထားတယ်”ဟု KBC အဖွဲ့ ချုပ်၏ မီဒီယာတာဝန်ခံ လမာယောက ဆိုသည်။

တိုက်ပွဲများကြား ပိတ်မိနေသူများ အစာရေစာပြတ်လပ်ကာ ကျန်းမာရေးဆိုးရွားလျက် ရှိသည်။

ယင်းကြောင့် နိုင်ငံတော်အစိုးရက တာဝန်ယူတာဝန်ခံ၍ ပိတ်မိနေသော ပြည်သူများ လုံခြုံရာထွက်ပြေးလွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများပေးရန် တောင်းဆိုကြောင်း ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

အစိုးရအနေနှင့် တောင်းဆိုချက်များကို မလိုက်လျောလျှင် လိုက်လျောပေးနိုင်သည်အထိ ကချင်လူငယ်ထုမှ ရက်အကန့်အသတ်မရှိ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဧပြီလမှစတင်ကာဖြစ်ပွားနေသည့် လက်ရှိတိုက်ပွဲကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာတွင် ၂၀၀၀ ဦး၊ ဖားကန့်မြို့နယ် မန်ဝေရွာတွင် ၁၆၀ ဦး၊ ချီဖွေမြို့နယ် ၂၆၀ ဦး နှင့် အင်ဂျန်းယန် မြို့နယ်တွင် ၃၂၀ ဦးပိတ်မိနေသည်။

အဆိုပါ ပိတ်မိပြည်သူများလွတ်မြောက်နိုင်ရန် သက်ဆိုင်ရာကို ၁၀ ကြိမ် ထက်မနည်း စာတင်ထားကာ ဥပဒေလမ်းကြောင်းအတိုင်း လုပ်ဆောင်နေသည်။ သို့ရာတွင် အကျိုးမထူးသည့်အတွက် ဧပြီ ၃၀ ရက် နေ့မှ မေ ၃ ရက်နေ့အထိ ငြိမ်းချမ်းစွာစုဝေးကာ ဆုတောင်းဝတ်ပြု ဆန္ဒထုတ်ဖော်လျက် ရှိသည်။

ပိတ်နေသည့်ပြည်သူများ မလွတ်မချင်း တောင်းဆိုမှုများပြုလုပ်ကြမည်ဟု စီစဉ်သူများက ဆိုထားသည်။

“ကျွန်တော်တို့ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့အတွက် အမြဲတမ်း အားပေးစကားတွေပဲ ပြောနေတာ။ သူတို့ ဘက်ကပဲ ဖုန်းစဆက်လို့ရတယ်။ ဖုန်း လိုင်းမိတဲ့ နေရာတွေရောက်ရင်။ ကျွန်တော်တို့ ဆက်ရင် ဆက်သွယ်မှုဧရိယာ ပြင်ပချည်းဖြစ်နေတယ်” ဟု လက်ရှိစစ်ဘေးရှောင်ပြည်သူများ လွတ်မြောက်ရေး အတွက် တောင်းဆိုရာတွင် ဦးဆောင် ပါဝင်သူ ဦးဇော်ဂျတ် ဆိုသည်။

၎င်းမှာ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ခံလည်း ဖြစ်သည်။

တနိုင်းမြို့နယ် အောင်လော့ဒ် ကျေးရွာတွင် ဧပြီလ ၁၁ ရက်ကတည်းက စတင်ပိတ်မိနေသော ပြည်သူများအတွက် ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်မိနေခြင်း ဖြစ်သည်။

“အဲဒီဟာကတော့ တောထဲမှာ ရှိတဲ့ဟာတွေ ရှာဖွေပြီး စားသောက်နေရတာပေါ့။ နာမကျန်းတဲ့သူတွေလည်း ပါတယ်”ဟု ဦးဇော်ဂျတ်က ဆိုသည်။

စားဝတ်နေရေးခက်ခဲသည့်အပြင် မိုးရွာသွန်းမှုကြောင့် ချောင်းများရေကြီးကာ သွားလာရေးလည်း ခက်ခဲနေကြောင်း၊ နေရေးထိုင်ရေးလည်း ဒုက္ခရောက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ပိတ်မိနေတဲ့ ပြည်သူတွေဆီ သွားလို့မရတဲ့ အဓိကအကြောင်းအရင်းကတော့ တပ်မတော်က ပိတ်ထားတာပဲ”ဟု လက်ရှိ စစ်ဘေးရှောင်ပြည်သူများ လွတ်မြောက်ရေးအတွက် တောင်းဆိုရာတွင် ဦးဆောင်ပါဝင်သူ ဦးဇော်ဂျတ်က ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအနေနှင့် လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားနေသည်။ ထိုတစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

နှစ်ပေါင်းများစွာကြာရှည်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်က တိုင်းရင်းသားများပြောနေသည့် နိုင်ငံရေးပြဿနာဖြစ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် နိုင်ငံရေး စားပွဲဝိုင်းလိုအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။

ကချင်ပြည်နယ်မှာ စစ်ပွဲများဖြစ်နေသည်မှာ ကြာခဲ့ပြီ။

သို့သော် အစိုးရဘက်က တိုင်းရင်းသား တောင်းဆိုနေသည့် ရပိုင်ခွင့်များကို မပေးလိုကြောင်း၊ လွတ်လွတ်လပ်လပ် တန်းတူရင်ကြားစေ့ရေးကိုလည်း လက် တွေ့အကောင်အထည်ဖော်ခြင်းမရှိကြောင်း ဦးဇော်ဂျတ်က ဝေဖန်သည်။

လာမည့် ဇွန်လ ၇ ရက်နေ့တွင် ကချင်စစ်ပွဲတစ်ကျော့ပြန်ချိန် ခုနစ်နှစ် ပြည့်လေပြီ။ စစ်ပွဲရပ်ရေး အဖြေကား မတွေ့သေး။

“လောလောဆယ်မှာ တိုက်ပွဲတွေ နည်းသွားဖို့၊ တင်းမာမှုတွေ လျော့ကျဖို့ ဦးတည်ပြီး ကြိုးပမ်းရမယ်။ ဦးတည်ကြိုးပမ်းပြီးတာနဲ့ ကျွန်တော်တို့က ဘာသွားမလဲဆိုတော့ အဲဒီနိုင်ငံရေးစကား ပြောရမယ်”ဟု ဦးဇော်ဌေးက ဆိုသည်။

ဥမ္မာလွင်၊မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *