ပြည်သူများနှင့်အတူ၊ သို့သော် ပြဿနာလည်းရှိသည်

ပြည်သူအားချည်းယူနေပါက အစိုးရဆိုသည်မှာ အားကိုးထိုက်ဖွယ်ရာ အဖွဲ့အစည်းဟုတ်သေး၏လော---

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသက်တမ်း ၂ နှစ်ပြည့် မိန့်ခွန်းတွင် နောက်ထပ်ဆောင်ပုဒ်တစ်ခု တိုးလာသည်။

ယင်းကား ‘စုပေါင်းအင်အား’ ဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုရာတွင် ရည်ညွန်းခဲ့ဖူးသော ပျို့ကဗျာတစ်ခုကို ပြန်ပြောင်းအမှတ်ရစေသည်။

“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံးသား မသိမ်းကျုံးလျှင်
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓားသွားလည်း ကြွေ
လှံလည်းခွေအံ့”

အလောင်းမင်းတရားမင်းဆက် ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သည့် မြန်မာစာဆိုတော် လက်ဝဲသုန္ဒရအမတ်ကြီး၏ ပျို့တစ်စောင်မှ ကောက်နုတ်ချက်ဖြစ်သည်။

နိုင်ငံကို မောင်းနှင်ရာတွင် စုပေါင်းအင်အားသည် အမှန်တကယ်လိုအပ်ချက်ဖြစ်သည့်တိုင် ပြည်သူအားချည်းယူနေပါက အစိုးရဆိုသည်မှာ အားကိုးထိုက်ဖွယ်ရာအဖွဲ့အစည်း ဟုတ်သေး၏လောဆိုသည့် မေးခွန်းများနှင့် ပြဿနာများကလည်း ရှိနေပြန်သေးသည်။

ပြည်သူများနှင့်အတူ

လက်ရှိအစိုးရအနေနှင့် သူ၏ ကနဦးသက်တမ်းတွင် ပြည်သူနှင့်အတူဆိုသည့်ဆောင်ပုဒ်ဖြင့် နိုင်ငံတော်ကို သယ်ဆောင်ခဲ့သည်လည်း ဖြစ်သည်။

“ကျွန်မတို့နိုင်ငံရဲ့ ကိစ္စတွေအတွက်ကို ပြည်သူနဲ့အတူတူ တာဝန်ယူမယ်။ ပြည်သူနဲ့အတူတူ ကျွန်မတို့ ဒီတာဝန်တွေကို ထမ်းဆောင်မယ်” ဟု အစိုးရတာဝန်ယူပြီး တစ်နှစ်ပြည့်ချိန် ၂၀၁၇ ခုနှစ် မတ်လကုန်ကပြောဆိုသည့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတွင်း ပဉ္စမမြောက် ထောက်တိုင်များအဖြစ် ရည်ညွှန်းပြောဆိုကြလေ့ရှိသည့် ပြည်သူတို့၏အားအင်ကို ယခုအစိုးရအနေနှင့် များစွာအားထားနေရကြောင်း ဖြစ်ရပ်များစွာက ပြဆိုနေပါသည်။

အစိုးရက ဆောင်ရွက်ရန် မတတ်နိုင်သည့်ကိစ္စများ၊ စီမံခန့်ခွဲမှုလစ်ဟင်းချက်များ စသည့်အခြေအနေများတွင် ပြည်သူများက ပရဟိတခေါင်းစဉ်ဖြင့် ဝင်ရောက်ကူညီနေခဲ့ကြသည်မှာ ယဉ်ကျေးမှုတစ်ခုပင် ဖြစ်လာနေပြီဖြစ်သည်။

ရှမ်းပြည်နယ် ပင်လုံမြို့တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒေသခံတစ်ဦးမှ အမှတ်တရလက်ဆောင်ပေးနေစဉ်

ရေဘေး၊ မီးဘေး၊ မုန်တိုင်းနှင့် အခြားသဘာဝဘေးဒဏ်များ ကျရောက်ချိန်မှသည် YBS ကဲ့သို့သော အများပြည်သူသယ်ယူပို့ဆောင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်အနောက်ဘက် နယ်စပ်ခြံရိုး ပြဿနာ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးဒုက္ခသည်များ စသည့်အရေးများတွင် ပြည်သူများက ဝင်ရောက်ကူညီခဲ့ကြ၊ ကူညီနေကြဆဲ။

“တချို့အရာတွေကျတော့လည်း အစိုးရလုပ်လိမ့်မယ်ဆိုပြီးတော့ ထိုင်ကြည့်နေလို့ မရတဲ့အရာတွေ ရှိတယ်” ဟု နိုင်ငံ၏အရေးကိစ္စများတွင် ဝင်ရောက်ကူညီနေသူလည်းဖြစ် ‘မင်္ဂလာပါ လူငယ်ပရဟိတအသင်း’ ကို တည်ထောင်သူလည်းဖြစ်သည့် မသဉ္ဇာအေးက ပြောဆိုသည်။

လွန်ခဲ့သည့် ဆယ်နှစ်က လူပေါင်းတစ်သိန်းခွဲဝန်းကျင် သေဆုံးခဲ့ပြီး မြန်မာ့သမိုင်းတွင် အကြီးမားဆုံးနှင့် အဆိုးရွားဆုံး ထိခိုက်ပျက်စီးမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းက မြန်မာပြည်သူတို့၏ လူမှုပရဟိတစိတ်ဓာတ်များကို လှုပ်နိုးလိုက်ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းကာလအတွင်း အစိုးရအနေနှင့်လည်း ဧရာမလူမှုဒုက္ခကြီးကို နိုင်နင်းစွာ မကိုင်တွယ်နိုင်သည့်အချိန်တွင် ထိုစဉ်က အသင်းအဖွဲ့များလွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် လှုပ်ရှားခွင့်များကို မည်သို့ပင် ကန့်သတ်ဖိနှိပ်ထားသည်ဖြစ်စေ ပြည်သူများက ရုန်းထကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွင်း ခုန်ဆင်းခဲ့ကြသည်။

“တကယ့်ပိုးစိုးပက်စက် သေနေ၊ ငတ်နေ၊ ပိတ်မိနေ၊ လူထုရဲ့စိတ်ထဲမှာ အစိုးရက ဘာလို့မကူညီနိုင်သလဲဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတယ်။ အဲဒီမှာတင် လူတွေရဲ့ ကူညီလိုမှုစိတ်တွေက ပွင့်ထွက်သွားတာ” ဟု ဦးဇော်ထူးဦးက ပြောကြားသည်။

ဦးဇော်ထူးဦးမှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရှင်လည်းဖြစ်၊ မြန်မာနိုင်ငံကြက်ခြေနီလုပ်ငန်းများကို လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ကတည်းက ပါဝင်ဆောင်ရွက်နေပြီး ရှေးဦးသူနာပြုဆိုင်ရာ နည်းပြတစ်ဦးလည်းဖြစ်သည်။ စာရေးဆရာ တက္ကသိုလ်ဇော်ထူးဦးအမည်ဖြင့် ကြက်ခြေနီနှင့် ရှေးဦးသူနာပြုဆိုင်ရာ အကြောင်းအရာများလည်း ရေးသားနေသူဖြစ်သည်။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကာလအတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန စီမံချက်အရာရှိအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

နဂိုကပင် သူတစ်ပါး၏ဒုက္ခကို မိမိဒုက္ခအဖြစ် မျှဝေခံစားလေ့ရှိသည့် မြန်မာပြည်သူများအနေနှင့် နာဂစ်ဖြစ်ရပ်နောက်ပိုင်းတွင် ပရဟိတလုပ်ငန်းများကို ပို၍ ပျော်မွေ့ခဲ့ကြသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရာသီဥတုဘေးဒဏ်အခံရဆုံးနိုင်ငံများစာရင်းတွင် ဒုတိယချိတ်ခဲ့ပြီး ငလျင်၊ ရေရှားပါးမှု၊ ရေကြီးရေလျှံမှုဘေးများကိုလည်း ပြီးခဲ့သည့်နှစ်များတွင် မကြာခဏဖြစ်ပေါ်ခဲ့သည်။

၂၀၁၅ ခုနှစ်က နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများတွင် မြန်မာတို့၏ ပရဟိတစိတ်ကို အထင်းသားတွေ့မြင်ရမည်ဖြစ်သည်။

ယင်းကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသူက စေတုတ္ထရာမြို့နယ်မှ ဦးကျော်အောင်လွင် ဖြစ်သည်။

ထိုအချိန်က စေတုတ္ထရာမြို့နယ်သည် ရေဘေးကို အလူးအလဲခံခဲ့ရပြီး ၎င်းအပါအဝင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေးများကို လိုက်လံလုပ်ဆောင်ခဲ့နေချိန် နိုင်ငံအတွင်းရှိ အခြားဒေသမှ ပရဟိတအဖွဲ့များကလည်း ယင်းဒေသဆီသို့ အုံနှင့်ကျင်းနှင့် ရောက်ရှိလာသည်။

စေတုတ္ထရာမြို့သည် နာမည်ကျော်မုန်းတမံ၏ အောက်ဘက်တည့်တည့် နှစ်မိုင်ခန့်အကွာတွင်ရှိနေပြီး ဆည်ကို ခေါင်းအုံးအိပ်ရသည့် မြို့ဖြစ်ရာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလျှံမှုများကြောင့် တမံကျိုးကျမည့်အရေးသည် မြို့နေလူထုကို များစွာခြိမ်းခြောက်ခဲ့သလို မြို့အတွင်း တွင်လည်း ရေက အိမ်ခေါင်မိုးအထိ လွှမ်းနေခဲ့သဖြင့် ရေလွတ်ရာကုန်းမြင့်ပေါ်သို့ ပြောင်းရွှေ့နေခဲ့သည်။

“ကျွန်တော်တို့ တစ်မြို့လုံးဆိုသလို အံ့ဩသွားရတာပေါ့နှော။ တစ်နိုင်ငံအနှံ့ ချက်ချင်းလက်ငင်းဆိုသလို ဒီလောက်ကြမ်းတမ်းတဲ့ မိုးထဲမှာ၊ ရေထဲမှာ၊ ရွှံ့တွေ ဗွက်တွေထဲမှာ ရောက်လာပြီးတော့ အံ့ဩရလောက်အောင်ကို ပံ့ပိုးကြ၊ ကူညီကြ၊ လှူဒါန်းကြ၊ ထောက်ပံ့ကြတာကို ကျွန်တော်က ကိုယ်တွေ့ တွေ့ခဲ့တာပေါ့နှော” ဟု ၎င်းကဆိုသည်။

ဦးကျော်အောင်လွင်သည် အဆိုပါ ရေးဘေးအပြီး ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ လက်ရှိတွင် မကွေးတိုင်းဒေသကြီး စေတုတ္ထရာမြို့နယ်၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

“တော်တော့်ကို ကျေနပ်စရာလည်းကောင်း၊ ဝမ်းသာစရာလည်း ကောင်းပါတယ်” ဟု မြန်မာလူထု၏ လူမှုကူညီရေး စိတ်ဓာတ်နှင့်ပတ်သက်၍ ၎င်းက ပြောဆိုသည်။

မြန်မာလူထုဟုဆိုရာဝယ် သာမန် ပည်သူလူထုအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သည်။

အစိုးရက စွမ်းဆောင်ရန် မနိုင်နင်းသည့်ကိစ္စများတွင် ပြည်သူတို့က ဝင်ရောက်ကူညီရန် အသင့်ရှိနေသည်မှာ သက်သေထပ်မံထူရန် မလိုပါ။ ပြည်သူများအနေနှင့် ပြည်သူ့အရေးတွင် လက်မနှေးကြောင်း ဖြစ်ရပ်များစွာရှိခဲ့ပြီးဖြစ်သည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားဖြစ်နေသည့် စစ်ပွဲများရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးကိစ္စများအတွက်ပင် ပါဝင်ခဲ့ကြသည်သာ။

ထိန်ပင်အမှိုက်ပုံ မီးလောင်ပြင်ရှိ ပုလင်းကွဲနှင့် မီးခိုးများကြား မီးသတ်သမားများထံ လာရောက်လှူဒါန်းကြသည့် ပြည်သူအချို့

ငြိမ်းချမ်းရေးအတွက် အလှူငွေ ထည့်ကြရန် အစိုးရက ဆော်ဩလိုက်သည်တွင် စုစုပေါင်း ကျပ်သန်းပေါင်းတစ်သောင်းလေးထောင်ကျော် (၁၄ ဘီလီယံ) ကို ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

“ကျွန်မသဘောအကျဆုံးက ဟိုနားက ငါးထောင်၊ ဒီနားက တစ်သောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကျွန်မတို့ ဝန်းရံကြတာ။ အဲဒါဟာ ငြိမ်းချမ်းရေးရန်ပုံငွေအတွက်တင် မဟုတ်ပါဘူး။ ကျွန်မတို့ ကြိုးပမ်းမှုတွေအတွက် အင်မတန်မှ အားဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ်က ပြောဆိုခဲ့သည်။

သို့သော်။
ပြည်သူ့အားကို ကိုးစားခြင်း၏ အခြားတစ်ဖက်တွင် ပြဿနာများ ရှိနေပါသည်။

ပြဿနာ

ပြည်သူ့တွင် ရှိသည်က စေတနာ သဒ္ဓါတရားသာ။

ပြည်သူသည် အရေးကိစ္စများကို စီမံခန့်ခွဲတတ်သည့်ပညာကို ကောင်းစွာသင်ယူထားသည်မဟုတ်သလို သူတို့၏ စေတနာကို မည်သည့်နေရာတွင် မည်သို့ အသုံးချရမည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိနိုင်၊ မည်သည်တို့ အကူအညီလိုအပ်နေကြောင်း သာမန်ပြည်သူက မသိနိုင်။ တစ်နည်းအားဖြင့် အနာနှင့် ဆေး လွဲသည့် ဖြစ်ရပ်များဖြစ်သည်။

ပြီးခဲ့သည့်ရက်များက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ထိန်ပင်အမှိုက်ပုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ရာတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည့် မီးသတ်ရဲဘော်များတွက် အများပြည်သူများက ကူညီထောက်ပံ့မှုများ တစ်ပုံတပင် ရှိခဲ့သည်။ အစား အသောက်နှင့် ဆေးဝါးများ၊ အပူဒဏ်ကာ ကွယ်ရေးပစ္စည်းများ စသဖြင့်။ ယင်းတို့ အထဲတွင် ထမင်းဘူးများလည်း ပါဝင်သည်။
မီးငြှိမ်းသတ်မှုဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်နေသည့် မီးသတ်ရဲဘော်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ စသည့်လူဦးရေက ခုနစ်ရာဝန်းကျင်ရှိနေချိန်တွင် လာရောက်လှူဒါန်းသည့် ထမင်းဘူးက ခြောက်ထောင်ကျော်။ ပိုသည့်ထမင်းဘူးများသည် အလဟဿဖြစ်သွား သည်။

၂၀၁၅ ခုနှစ် ရေဘေးကာလတုန်းက ရေသန့်ဘူးများ သုံးမကုန်နိုင်အောင် ပိုလျှံနေသည့်အပြင် ထားစရာနေရာအခက်အခဲကြောင့် အလှူရှင်များကို ပြန်လည်ယူဆောင်သွားပါရန်ပင် မေတ္တာရပ်ခံရခဲ့သည်အထိ ဖြစ်ခဲ့ရသည်ဟု ဦးကျော်အောင်လွင် က ဆိုသည်။

အချို့က တစ်နေရာထဲတွင် စုပြုံလှူဒါန်းခြင်းမျိုး ရှိသည်။ ဝေးလံပြီး အမှန်တကယ် အကူအညီလိုအပ်နေသည့်နေရာများတွင် လှူဒါန်းမှုများက မရောက်ရှိဘဲ သွားရေးလာရေးလွယ်ကူသည့်နေရာများတွင်သာ ထပ်တလဲလဲ လှူဒါန်းနေသည်မျိုး။

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်ပြင်တွင် ပြည်သူများလာရောက်လှူဒါန်းထားသည့် ပစ္စည်းအချို့

“စနစ်တကျ စီမံခန့်ခွဲမှုအပိုင်းမှာ ကျွန်တော်တို့ဆီမှာ နည်းနည်းအားနည်းနေတယ်လို့ ပြောရမှာပေါ့။ တကယ်လိုအပ်တဲ့၊ တကယ်အဓိကကျတဲ့နေရာတွေကို ရောက်သင့်သလောက် မရောက်ဘဲနဲ့ တချို့သော အဓိကမကျတဲ့နေရာတွေမှာ ရောက်ချင်ရောက်သွားတာမျိုး။ အဲဒီလို ဟာတွေလည်း အများကြီးကြုံခဲ့ရပါတယ်ဗျ” ဟု ဦးကျော်အောင်လွင်က ဆိုသည်။

အခြားတစ်ဖက်တွင် အလှူရှင်များအနေနှင့် ဆင်ခြင်ရန်အကြောင်းများလည်း ရှိနေသေးသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေများပေါ်ပေါက်လာသည့်အခါ ခင်ရာမင်ရာ၊ သန်ရာ သန်ရာလူများစုဖွဲ့၍ အလှူခံအဖွဲ့အစည်းများ အလျှိုလျှို ပေါ်ပေါက်လာတတ်သည်။ ယင်းတို့အထဲတွင် မသမာ၊ ကိုယ်ကျိုးရှာ သည့်ကိစ္စများ ပေါ်ပေါက်လာတတ်သည်။ အလှူခံရသည့် ငွေကြေးများကို အမှန်တကယ်မသုံးစွဲဘဲ ကိုယ်ကျိုးအတွက် သုံးစွဲသွားသည့် ဖြစ်ရပ်များ မပေါ်ပေါက်စေရန် ဂရုပြုရမည် ဖြစ်သည်။

ဘေးဒဏ်သင့်နေရာများနှင့် ပတ်သက်၍ အဖြစ်အပျက်၊ သတင်းအချက်အလက်အမှန်များကို အစိုးရအနေနှင့် လျင်မြန်စွာ ထုတ်ပြန်ပေးရေးသည် အရေးကြီးသည်။

သတင်းအချက်အလက်အမှန်မသိရခြင်းကြောင့် အကူအညီများက မထိရောက်ဘဲ ဖြစ်သွားတတ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်း ရေဘေးသင့်အခြေအနေများဆီ ဦးဇော်ထူးဦးတို့ သွားရောက်ကူညီခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံး၍ အခြေအနေများ ပုံမှန်ပြန်လည်ဖြစ်လာသည့်အခါ ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

ယင်းအချိန်အထိ အဆိုပါဒေသအတွက်ဟုဆိုကာ အလှူခံနေသည့်အဖွဲ့များကို အပြန်လမ်းတစ်လျှောက်တွင် တွေ့နေရဆဲ။

အမှန်တကယ်တွင် အကူအညီများက မလိုအပ်တော့။

ဦးကျော်အောင်လွင်ကမူ သူ၏ အတွေ့အကြုံကို ယခုလို ပြောပြသည်။

စေတုတ္ထရာရေဘေးကာလတုန်းက ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဘေးသင့်ဒေသများသို့ ကွင်းဆင်း စစ်ဆေးခဲ့သော်လည်း စေတုတ္ထရာမြို့သို့ မရောက်ခဲ့။

သို့သော် ဒေသအစိုးရအဖွဲ့အစည်းများက စေတုတ္ထရာမြို့သည် အခြေအနေကောင်းကြောင်း သမ္မတထံ သတင်းပို့ခဲ့ကြပြီး ယင်းအတိုင်းပင် အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း သတင်းကြေညာခဲ့သည်။

အဆိုပါသတင်းကို ကုန်းမြင့်ပေါ်တွင် ရေဘေးရှောင်လျက်ရှိသူ မြို့ခံများက မြင်တွေ့ခဲ့ရပြီး စိတ်ပျက်ဒေါသထွက်ခဲ့ရသည်။

“ကျွန်တော်တို့ တစ်မြို့လုံး ရေနစ်လို့ ကုန်းမြင့်ကြီးပေါ်မှာတက်ပြီး အကုန်လုံး အတိဒုက္ခရောက်နေတဲ့အချိန်မှာ အဲဒီတီဗီက သတင်းလာတယ်။ ကျွန်တော်တို့ မြို့သူမြို့သားတွေ ရေဘေးဒုက္ခသည်တွေက ကြည့်လိုက်ကြရတယ်။ စေတုတ္ထရာတစ်မြို့လုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ဘာအန္တရာယ်မှ မရှိဘူးပေါ့။ လုံလုံခြုံခြုံရှိပြီး စိတ်ချရပါတယ်လို့ ကြေညာလိုက်တော့ အကုန်လုံးက တော်တော်လေး ပြင်းပြင်းထန်ထန် ဒေါသထွက်ကြတယ်” ဟု ဦးကျော်အောင်လွင်က ဆိုသည်။

အရေးပေါ်အခြေအနေတွင် မည်သူက မည်သည့်တာဝန်ကို ယူရမည်ဆိုသည့် တာဝန်ခွဲဝေမှုမျိုးကိုလည်း ပြည်သူလူထုက နားမလည်။

မီးလောင်နေလျှင် မီးဝင်သတ်ပေးရန် ဆန္ဒစောမည်၊ ယာဉ်မတော်ဆမှုဖြစ်ပွားလျှင် အန္တရာယ်ဇုန်အတွင်းမှ လူများကို ကယ်ထုတ်ရန် ကြိုးစားမည်၊ ရေနစ်နေလျှင် ရေထဲခုန်ဆင်းကာ ကယ်တင်မည်၊ ယင်းသို့သာ အကြမ်းဖျင်းနားလည်သည်။ တစ်ခါတစ်ရံတွင် ယင်းတို့ကြောင့်ပင် အနှောင့်အယှက် ဖြစ်သွားတတ်သေးသည်။ စေတနာက ဝေဒနာဖြစ်သွားသည့် အဖြစ်မျိုး။

မီးသတ်သည့်ကိစ္စတွင် မီးငြှိမ်းသတ်သည့်အတတ်ပညာကို သင်ယူတတ်မြောက်ထားသူသာ သင့်လျော်သည်။

ဒဏ်ရာရ လူနာကို ကယ်တင်တော့မည်ဆိုလျှင် ရှေးဦးသူနာပြုစုနည်းကို တတ်မြောက်ထားမှသာ ပို၍ အဆင်ပြေမည်။ ပြီးလျှင် အနီးဆုံးဆေးရုံ သို့မဟုတ် ကျန်းမာရေးဆေးပေးခန်းရှိရာကို အလျင်အမြန် ချက်ချင်းရွေးချယ်တတ်ရန်လည်း လိုမည်။

“လူငယ်ပဲဖြစ်ဖြစ်၊ ကယ်ဆယ်ရေးလုပ်နေတဲ့လူငယ်တွေ၊ အသက်ကယ်အဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်တော့မယ်ဆိုရင် အဲဒီဟာနဲ့ဆိုင်တဲ့ပညာတွေ တတ်ထားသင့်တယ်” ဟု ဦးဇော်ထူးဦး က ဆိုသည်။

ပြီးခဲ့သည့်နှစ်လက ရဟတ်ယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရနေသည့် တပ်မတော်သားကို ဒေသခံရွာသားများက ကယ်တင်ခဲ့သော်လည်း အသက်မမီခဲ့။ ယင်းဖြစ်ရပ်တွင် ကယ်ဆယ်သူ ဒေသခံများအပေါ် အပြစ်တင်ခဲ့သူများ ပေါ်ပေါက်ခဲ့သေးရာ ယင်းအခြေအနေမျိုးတွင် ရှေးဦး သူနာပြုစုနည်းသည် မည်မျှအရေးကြီးကြောင်း ပေါ်လွင်စေသည်။

ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် ဗဟုသုတများလည်းရှိရန်လိုသေးပြီး တစ်ခါတစ်ရံတွင် ကူးစက်ရောဂါများကြောင့် ကူညီသူကို ပြန်လည်ဒုက္ခတွေ့စေနိုင်သည်။

ရပ်ဝေးကူညီကယ်ဆယ်ရေးခရီးစဉ် များ သွားရောက်မည်ဆိုပါက မိမိ၏ တစ်ကိုယ်ရေကျန်းမာရေးကို ကြိုတင်ကာ ကွယ်ရန်လည်း လိုအပ်သည်ဟု ဦးဇော်ထူးဦး ကဆိုသည်။ ဥပမာ – မေးခိုင်ကာကွယ် ဆေး၊ အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေး စသဖြင့်။

နောက်ထပ်ပြဿနာ

အစိုးရအနေနှင့် ပြည်သူအားကို အခါခပ်သိမ်းအားကိုးနေခြင်းအပေါ် စိုးရိမ်ကြသူများကလည်း အခြားတစ်ဖက်တွင် ရှိနေပြန်သည်။

ပြည်သူအပေါ် အမှီသဟဲပြုလွန်းနေရခြင်းက အစိုးရ၏စွမ်းဆောင်ရည်အပေါ် များစွာမေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာခဲ့သည်။

ဖြစ်ပေါ်လာသည့် အခြေအနေများအလိုက် ပြည်သူက ဝင်ရောက်ကူညီခြင်းသည် ယာယီဖြေရှင်းနည်းသာ ဖြစ်သည်။ ရေရှားနေလျှင် သွားရောက် ပေးဝေလှူဒါန်းမည်။ သို့သော် နောက်တစ်ကြိမ်ဖြစ်ပေါ်လာမည့်အရေးကိုမူ မတားဆီးနိုင်။

“ပြည်သူကို ပြည်သူကပဲ ကူညီနေမယ်ဆိုရင် ဒါက ရေရှည်အတွက်ဆိုရင်တော့ မကောင်းဘူးပေါ့” မသဉ္ဇာအေးက ဆိုသည်။

ပြည်သူက တောက်လျှောက်ကူညီနေသည်ဆိုသော်လည်း အစိုးရသည် သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများနှင့်ပတ်သက်လျှင် ယခုနှစ်များအတွင်း ပို၍ အာရုံစိုက်လာခဲ့သည်ကိုမူ မငြင်းနိုင်ပေ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လက်အောက်အဖွဲ့အစည်းများအနေနှင့် အကူအညီအထောက်အပံ့များကို ယခင်ထက်တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့နေရသည်။

၂၀၁၈ ခုနှစ်အတွက် အဆိုပါဝန်ကြီးဌာနအနေနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၂၀ နီးပါး သုံးစွဲခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နှစ်ဆခွဲဝန်းကျင်တိုးမြှင့်ကာ ကျပ် ဘီလီယံ ၅၀ ကျော်ကို သုံးစွဲခွင့်ရရှိထားသည်။

မကြာသေးမီက မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် အိုးအိမ်များ ပျက်စီးခဲ့ရာတွင် ချက်ချင်းဆိုသလိုပင် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံစာရင်းကောက်ယူခဲ့ပြီးနောက် ယင်းဝန်ကြီးဌာနက ကူညီထောက်ပံ့မှုများကို ရက်ပိုင်းအတွင်း ချထားပေးခဲ့သည်ကို တွေ့မြင်ရသည်။

အရေးကိစ္စများတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများက ပါဝင်လုပ်ဆောင်မှုနှင့်ပတ်သက်၍လည်း အစိုးရနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်သည့် ကွန်ရက်များကိုလည်း ဖြန့်ကြက်ထားသည်ကို တွေ့ရသည်။

အရေးပေါ်လူနာတင်ယာဉ်နှင့် လူနာဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် မျှဝေခံစားတွဲလက်များ ပရဟိတအဖွဲ့မှ ကိုမင်းလွင်စိုးက ယခုလို ပြောဆိုသည်။

အရေးပေါ်အခြေအနေတစ်ခုဖြစ်ပွားပါက ဖြစ်ပွားသည့်နယ်မြေအလိုက် လူနာတင်ယာဉ်များ သွားရောက်နိုင်ရန်အတွက် အစိုးရက ဖုန်းနံပါတ်တစ်ခုကို ဖန်တီးပေးထားပြီး ယင်းမှတစ်ဆင့် ချိတ်ဆက်လုပ်ဆောင်နိုင်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဧရာဝတီတိုင်း ရေကြီးမှုအတွင်း ပြည်သူများက လာရောက်လှူဒါန်းခဲ့ကြစဉ်

ပြည်သူကို အားကိုးအားထားပြုနေခြင်း၏ နောက်ဆက်တွဲအဖြစ် အစိုးရစွမ်းဆောင်ရည်များကို ကျဆင်းစေမည်လောဆိုသည့် မေးခွန်းများနှင့်ပတ်သက်၍ှSandhi Governance Institute မှ ဒါရိုက်တာလည်းဖြစ်သူ ဦးခိုင်ဝင်းကမူ အကောင်းမြင်ပါသည်။

ချမ်းသာကြွယ်ဝပြီးသည့်နိုင်ငံများပင်လျှင် ပြည်သူ့အားကိုယူလေ့ရှိကြပြီး ယင်းသို့ ပြည်သူများ တက်တက်ကြွကြွ ဖြစ်မနေမည်စိုး၍ပင် စင်ကာပူနိုင်ငံသည် သူ့နိုင်ငံသားများကို ဆင်းရဲသည့်နိုင်ငံများသို့ စေလွှတ်ကာ လေ့လာထားစေကြောင်း ၎င်းကဆိုသည်။

“နိုင်ငံတော်က ကြွယ်ဝချမ်းသာရင်တောင်မှ ပြည်သူတွေနဲ့တော့ ပူးပေါင်းလုပ်သင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီခေတ်ကလည်း ပြောင်းလဲလာတယ်လေ။ အစိုးရတစ်ဦးထဲက အများပြည်သူနဲ့ ဆိုင်တဲ့ပြဿနာတွေကို ဖြေရှင်းလို့ မရတော့ဘူး” ဟု ၎င်းကဆိုသည်။

သို့သော် ပြည်သူ့အားကိုယူနေချိန်နှင့် တစ်ပြိုင်နက်ထဲတွင် အစိုးရအနေနှင့် ရေရှည်ဖြေရှင်းနည်းဖြစ်သည့် နည်းလမ်းများအတွက် မူဝါဒကောင်းများ ချမှတ်ရမည်ဖြစ်ပြီး ယင်းကိုအကောင်အထည်ဖော်နိုင်ရန်လည်း ကြိုးပမ်းတတ်ရမည် ဖြစ်သည်။

ပြည်သူက မကြာခဏဝင်ပါပေးနေခြင်းကြောင့် အစိုးရကရေသာခိုနေမည်လောဟု စိုးရိမ်စရာများရှိနေသော်လည်း ယင်းသို့ဖြစ်မလာစေရန် ပြည်သူကပင် ပြန်လည်၍ တိုက်တွန်းပေးနေဖို့လိုသည်ဟု ဦးခိုင်ဝင်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလဆန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသက်တမ်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းမိန့်ခွန်းတွင်မူ ပြည်သူနှင့်အတူဆိုသည့်ဆောင်ပုဒ်ကို ဘေးဖယ်လိုက်ပြီး နောက်ထပ်ဆောင်ပုဒ်အသစ်တစ်ခုနှင့် အစားထိုးလိုက်သည်။

ယင်းကား ‘စုပေါင်းအင်အား’ ဖြစ်ပြီး အထက်ပါ ပျို့ကဗျာလာ ပြည်သူ့အင်အားကို အလေးထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြသနေသည်။

“အထူးသဖြင့် နားလည်မှု၊ စာနာမှုနဲ့ ထောက်ခံ အားပေးကြတဲ့ ပြည်သူပြည်သားများအားလုံးကို ကျေးဇူးတင်ကြောင်း အလေးအနက် ပြောပါရစေ။ တစ်ခါပြုဖူး၊ သူ့ကျေးဇူး။ အခေါက်ခေါက်အခါခါ ကျေးဇူးပြုသူများဟာ ဘ၀ကို ပြီးပြည့်စုံစေတဲ့ မိတ်ဆွေမှန်၊ မိတ်ဆွေစစ် တွေဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ဆိုစေ၊ ပေးကမ်းလှူဒါန်းရခြင်း၌ ကမ္ဘာတွင် နံပါတ်တစ်ချိတ်သည့် မြန်မာလူထုအနေနှင့် ရဲဘော်ရဲဘက် ပြည်သူများ၏အရေးကိစ္စတွင် ဆက်လက် ပါဝင်နေမည်က သေချာသည်။

ယင်းကို မသဉ္ဇာအေးကလည်း သဘောတူသည်။

အစိုးရ လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ၊ ပူးပေါင်းကူညီပေးသည်ဖြစ်စေ၊ မပူးပေါင်းသည်ဖြစ်စေ ပရဟိတအဖွဲ့များကတော့ သူ့အလုပ်သူလုပ်နေမည်ဟုဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က ပြည်သူတွေကို အဆင်ပြေစေချင်တယ်လေ” မသဉ္ဇာအေးက ဆိုသည်။ 

 

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *