ကျောက်မီးသွေးကပေးသော သောကမီး

ပုံမှန်လုပ်ငန်းစဉ်များနှင့် ကုန်ဆုံးနေကျနေ့တစ်နေ့တွင် ကွမ်းချောင်းကြီးကျေးရွာသားများကို ကြားနေကျမဟုတ်သောအသံများက လှုပ်နှိုးလိုက်သည်။ ကားစက်သံကြီးများ ကြားလာရမှု ကြာလာသည့်နောက်တွင်တော့ ထပ်မံထူးခြားမှုကို ကြုံရပြန်သည်။ ယင်းကား ကျောက်မီးသွေးနံ့များ လှိုင်လှိုင်ထွက်လာကာ ကွမ်းချောင်းကြီးတစ်ရွာလုံး အနံ့ဖုံးလွှမ်းလာခြင်းပင်။

ထိုအခါ တစ်ရွာလုံး၏အာရုံကို လှုပ်နှိုးလိုက်သလို ကွမ်းချောင်းကြီးကျေးရွာသူ နော်ပန်းဖြူတစ်ယောက် အနံ့ရှာပုံတော်ဖွင့်ရန် ကြိုးစားရတော့သည်။

“အိမ်နားမှာစက်သံတွေ မကြာခဏကြားနေရတယ်။ လမ်းခင်းဖို့အတွက်ထင်လို့ ဒီအတိုင်းနေနေတာ။ ကျောက်မီးသွေးတူးတယ်လို့ မထင်ဘူး” ဟု နော်ပန်းဖြူက သူ့ထင်မြင်ချက်ကို ဆိုသည်။

ယင်းတောတောင်ရေမြေများကြား ကျောက်မီးသွေးတွင်းပေါ်တွင် နေထိုင်နေသော်လည်း ကျောက်မီးသွေးရှိကြောင်းကိုမူ ကျောက်မီးသွေး ထုတ်လုပ်သည့် စီမံကိန်းမစခင်အထိ ကျေးရွာသားများ သိရှိခြင်းမရှိပေ။

ယင်းအတွက် ကျေးရွာသားများအချင်းချင်း တိုင်ပင်ကြရင်း ကျောက်မီးသွေးတူးဖော်သည့်နေရာကိုရှာကာ လေ့လာကြသည်။

သို့သော် နော်ပန်းဖြူထင်မြင်ချက်တို့ မှားယွင်းသွားခဲ့သည်။

ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ ထိုဒေသတွင် ၎င်းတို့ကိုယ်တိုင်ပင် ရှိသည်ဟု မသိထားသော ကျောက်မီးသွေးများကို ကုမ္ပဏီတစ်ခုက လာရောက်တူး ဖော်နေသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ဘန်းချောင်းဒေသတွင် ၂၀၁၁ ခုနှစ်အတွင်း မေဖလားဝါးကုမ္ပဏီထံမှ ထိုင်းနိုင်ငံအခြေစိုက် East Star Mining ကုမ္ပဏီက လုပ်ကွက်ရယူပြီး ကျောက်မီးသွေးတူးဖော်ခြင်းဖြစ်သည်။

နော်ပန်းဖြူသည်လည်း ကွမ်းချောင်းကြီးကျေးရွာအတွင်းရှိ ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း အကွက် (၂) အနီးတွင် နေထိုင်သူဖြစ်နေခဲ့သည်။ အန္တရာယ်သည် သူ့လက်တစ်ကမ်းအကွာသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် …

မှိုင်းညို့ ညို့တောင်တန်းများကြား မြေကြီးထဲတွင် နှစ်သန်းပေါင်းများစွာကတည်းက အိပ်မောကျနေသည့် ကျောက်ဖြစ်ရုပ်ကြွင်း သို့မဟုတ် ကာဗွန်ပါဝင်သည့် ကျောက်စိုင်ကျောက်ခဲတို့မှာ ကျောက်မီးသွေးပင်ဖြစ်သည်။

အဆိုပါကျောက်မီးသွေးကို ယခုအခါ တူးဖော်နေပြီဖြစ်သည်။ ထိုလုပ်ငန်းမှ ကျောက်မီးသွေးနံ့နံခြင်း၊ လုပ်ငန်းသုံးယာဉ်၊ ယန္တရားများကြောင့် ဖုန်မှုန့်များ အိမ်ခြံအတွင်းသို့ဝင်ခြင်းများ ဖြစ်ပေါ်လာကြောင်း ကွမ်းချောင်းကြီးရွာသားများက ဆိုသည်။

စီမံကိန်းဧရိယာအနီးတွင်နေထိုင်သူ နော်ပန်းဖြူ၏ နေအိမ်ဆီသို့ ကျောက်မီးသွေးနံ့များ လေနှင့်အတူ ရောက်လာကြသည်။ ထိုအနံ့များကို မခံ နိုင်၍ မွေးရပ်မြေ ယင်းနေရာမှ ပြောင်းရွှေ့ရန် သူစီစဉ်ခဲ့သည်။

ကွမ်းချောင်းကြီးနှင့် မနီးမဝေးနေရာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ မဲဆန္ဒနယ်မြေ သရက်ချောင်းတွင်နေထိုင်ရန်ပင် သူ ခြံဝယ်ယူထားသည်။ သို့ရာတွင် စိုက်ပျိုးထားသော သီးနှံများမရှိသောကြောင့် စားဝတ်နေရေးခက်ခဲမည်ကိုစိုးရိမ်ကာ ကျောက်မီးသွေးနံ့ရှူရင်း ဘန်းချောင်းမှာပင် နော်ပန်းဖြူ ဆက်နေဖြစ်သည်။

“ကျောက်မီးသွေးနံ့နံရင် အသက်ရှူကျပ်လာလို့ အောက်ထပ်ကအခန်းကို ပြေးဆင်းတယ်။ လေဝင်ပေါက်တွေ အကုန်ပိတ်တယ်။ အပေါ်မှာနေလို့မရဘူး။ အောက်မှာသွားနေတာ နည်းနည်းတော့သက်သာတယ်” ဟု နော်ပန်းဖြူက ဆိုသည်။

ကွမ်းချောင်းကြီးတစ်ရွာလုံး အနံ့လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေထိုင်နေကြရသည်။ သို့သော် အနံ့က မလွတ်။ အနံ့ထက်ပိုဆိုးသော ကျောက်မီးသွေးမှပေးသော ဆိုးကျိုးများကိုလည်း လေ့လာရင်း၊ ကြုံတွေ့ရင်း သိလာကြရသည်။

ယင်းအတွက် လူမှုအဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသူအချို့က ထိုအဖွဲ့များကို အကူအညီတောင်းကြသည်။

မြို့နှင့် အဆက်အသွယ်လှမ်းလှသည့် ကွမ်းချောင်းကြီးကျေးရွာအတွင်းရှိ ဒေသခံများသည် ကျန်းမာရေးကို အထူးအလေးထားကြသည်။ တစ်စုံတစ်ခုဖြစ်ပါက လှေတစ်တန် ကုန်းတစ်တန်သွားရခြင်းကြောင့်ပင်။

ယင်းကြောင့် ကျေးရွာသားများ ကျန်းမာရေးကောင်းကြသည်။ ဖျားခဲ၊ နားခဲကြသည်။

သို့ရာတွင် လက်ရှိအချိန်တွင်မူ ကွမ်းချောင်းကြီးရွာတွင် ကျောက်မီးသွေးအနံ့ကြောင့် ဒေသခံအချို့ အသက်ရှူကျပ်ခြင်း၊ ယားနာပေါက်ခြင်း၊ မျက်စိယားယံခြင်း၊ မျက်လုံးကျိန်းစပ်ခြင်းများကိုဖြစ် ပေါ်လာကြကြောင်း ကွမ်းချောင်းကြီး ရွာသားများက ဆိုသည်။

ကျောက်မီးသွေးတူးဖော်သည့် ဧရိယာအနီးတွင်နေထိုင်သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသမီး ဖော်လဝါးတွင်လည်း ယားနာများပေါက်ကာ အရေပြားပေါ်တွင် အညိုကွက်ကြီးများဖြစ်ပေါ်လျက်ရှိသည်။

ကျောက်မီးသွေးတွင်းရှိရာ ထီးဂေးချောင်းမှရေများကို သုံးစွဲရာမှ ယားယံလာခြင်းဖြစ်ကြောင်း ဖော်လဝါးက ညည်းတွားသည်။

“အဲဒီမှာနေတာ အနံ့လည်းရ နေရင်းထိုင်ရင်းဖြစ်လာတာ။ ဒီဟာကြီးရှိလာမှ (ကျောက်မီးသွေးတူးလုပ်ငန်း) ယားလာတယ်” ဟု ဖော်လဝါးက လက်နှစ်ဖက်ဆန့်ထုတ်ကာ ဆိုသည်။ အသက် ၄၉ အရွယ်တွင် ယခုကဲ့သို့ စတင်ယားယံလာခြင်း ဖြစ်သည်။

ကွမ်းချောင်းကြီးဒေသခံများ၏ ကျန်းမာရေးအခြေအနေကို မှန်ကန်စွာသိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူရန်ရှိကြောင်း တာကပေါလူငယ်အဖွဲ့မှ Project Coordinator နော်ဆေးအယ်မူး က ဆိုသည်။

ယင်းအပြင် ကွမ်းချောင်းကြီးချောင်းမှ ရေစစ်ဆေးမှုနှင့် ကျောက်မီးသွေးတူးသည့်နေရာအနီးမှ လေထုစစ်ဆေးမှုတို့ကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းတွင် လုပ်ဆောင်နေပြီး ရလဒ်မှာ မေလအတွင်းထွက်ရှိမည်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပတ်ဝန်းကျင်ရေးရာအရာရှိ ဦးအေးချမ်းမောင် ကဆိုသည်။

ထိုကဲ့သို့ ဆိုးကျိုးများကို ခံစားလာရပြီးနောက် ကျောက်မီးသွေးတူးဖော်မည့် စီမံကိန်းတွင်ပါဝင်သည့် ဘန်းချောင်းဒေသရှိ ကွမ်းချောင်းကြီးကျေးရွာအပါအဝင် ရွာ ၁၁ ရွာစုပေါင်းပြီး ဘန်းချောင်းဒေသ ပြည်သူထုတည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း ကာ ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်း ရပ်တန့်ပေးရန် တောင်းဆိုလာကြသည်။

ယင်းအဖွဲ့က ကျေးရွာအတွင်း ဆုတောင်းပွဲများပြုလုပ်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် တွေ့ဆုံခြင်းများပြုလုပ်ကြောင်း ဘန်းချောင်းဒေသ ပြည်သူလူထု တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ စောတင်ဦးက ဆိုသည်။

စီမံကိန်းကြောင့် ကွမ်းသီးပင်များ၊ ဖလာပင်များ ပျက်စီးခဲ့ရသည်။ ကျောက်မီးသွေး တောင်ကုန်းသဏ္ဌာန်မြေစာပုံအတွင်းမှလှိုက်ကာ မီးလောင်မှုများ မကြာခဏဖြစ်ပေါ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့အခြေအနေများကို ထားဝယ်အခြေစိုက် တာကပေါလူငယ်အဖွဲ့နှင့် ဘန်းချောင်းဒေသ ပြည်သူလူထုတည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်းကာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကျောက်မီးသွေး ရပ်တန့်ပေးရန် တိုင်စာပေါင်း ၃၈ စောင် ပေးပို့ခဲ့ကြောင်း တာကပေါလူငယ်အဖွဲ့မှ ဒါရိုက်တာနော်ပီသလောက ပြောကြားသည်။

ထိုစာ ၃၈ စောင်တွင် ထိုင်းလူ့အခွင့် အရေးကောင်မရှင်ထံအထိ တိုင်ကြားစာလည်း ပါဝင်သည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ကျောက်မီးသွေးတူးဖော် သည့်နေရာကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင် ကျောက်မီးသွေးမှ မြေစာပုံများ မီးလောင်နေမှုကိုတွေ့ရှိကာ ၂၀၁၇ ခုနှစ် မတ်လအတွင်းက လုပ်ကိုင်ခွင့်တစ်နှစ် ယာယီပိတ်သိမ်းထားခဲ့သည်။

ဘန်းချောင်း လုပ်ကွက် ၁ မှ ၃ အထိ မြေဧက ၅၀၀ အတွက်ကို ၂၀၁၀ ပြည့်နှစ် မှ ၂၀၃၅ ခုနှစ်အထိနှင့် လုပ်ကွက် ၄ မှ လုပ်ကွက် ၆ အထိ ဧက ၂၀၀ အတွက် ၂၀၁၂ ခုနှစ် မှ ၂၀၂၂ ခုနှစ် အထိခွင့်ပြုထား ပြီး စုစုပေါင်း ဧက ၂၁၀၀ ဖြစ်သည်။

ယင်းဧရိယာအနီး ပတ်ဝန်းကျင်တွင် ကျေးရွာ ၂၃ ရွာနှင့် ဒေသခံလူဦးရေ ၁၆၀၀၀ ကျော်၏ ကျန်းမာရေး၊ စီးပွားရေး၊ စားဝတ်နေရေးများကို ထိခိုက်နိုင်မည်ဖြစ်သည်။

ကွမ်းချောင်းကြီးတွင် ကျောက် မီးသွေးတူးဖော်နေမှုသည် လုပ်ကွက် အမှတ် (၂) ဧက ၅၀၀ ထဲမှ ဧက ၆၀ တွင် တူးဖော်နေခြင်းဖြစ်သည်။
အဆိုပါတူးဖော်ထားသည့် ဧက ၆၀ တွင် ဖြစ်ပေါ်နေသည့် ပြဿနာများကြောင့် ဒေသခံများမှာ ယင်းစီမံကိန်းကို လုံးဝရပ်ဆိုင်းစေလိုကြောင်း ဦးစောတင်ဦး က ဆိုသည်။

“အဲ့ဒီနေရာကို ပြန်စစ်ဆေးဦးမယ်။ ပြဿနာတွေ အရင်ရှင်းပြီးမှ စာချုပ်ချုပ်တာ၊ လုပ်ကွက်တွေချပေးတာတွေ လုပ်ရ မယ်။ အဲဒီပြဿနာတွေရှင်းဖို့ လိုအပ် တယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (သတ္တုကဏ္ဍ) ဒေါက်တာသိန်းစိုးက ပြောကြားသည်။

ယင်းသို့ လုပ်ငန်းပိတ်သိမ်းပြီးနောက်ပိုင်း ဒေသခံများ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ကုမ္ပဏီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ဆွေးနွေးကြကာ အချက် ၁၁ ချက်ရရှိလာပြီး ကွမ်းချောင်းကြီးဒေသခံများအတွက် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးရမည် ဖြစ်သည်။

ထိုအချက်များထဲမှ လေးချက် ကိုသာ လုပ်ပေးပြီး ခုနစ်ချက်ကိုမူ လုပ်ပေး ခြင်းမရှိသေးကြောင်း ကွမ်းချောင်းကြီး ဒေသခံများက ဆိုသည်။
ပြင်ဆင်ပေးသည့်အချက်များတွင် ပျက်စီးသွားသည့် ကွမ်းခြံများအတွက် လျော်ကြေးပေးခြင်း၊ ထီးဂေးချောင်း မညစ်ညမ်းစေရန် ရေစစ်ကန်ပြုလုပ်ခြင်း၊ ရွာသားများအသုံးပြုသည့် ကွမ်းချောင်းကြီးရေချောင်းတွင် မော်တော်ယာဉ်များ ရေမဆေးရန်နှင့် ဖြည်းဖြည်းမောင်းနှင်ရန်တို့ ဖြစ်သည်။

ကွမ်းချောင်းကြီး ဒေသခံများ အဓိကစိုးရိမ်နေသည့် မြေစာမီးလောင်မှု၊ အနံ့ဆိုးများထွက်ခြင်းကို ထိန်းသိမ်းရန် တောင်းဆိုမှု၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု (EMP)  ပြန်လည်ရေးဆွဲရန် စသည်တို့ကိုလုပ်ပေးရန် ကျန်ရှိနေသေးသည်။

ယင်းအချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပြီး ကျောက်မီးသွေး တူးဖော်သည့်လုပ်ငန်းကို လုံးဝရပ်တန့်ပေးစေလိုကြောင်း ကွမ်းချောင်းကြီးကျေးရွာဥက္ကဋ္ဌ နွေလှနိုင်က တောင်းဆိုသည်။

လက်ရှိတွင် စီမံကိန်းယာယီရပ် ဆိုင်းထားချိန်အတွင်း ကုမ္ပဏီက ကျေးရွာသားများထံ လာရောက်ကာ စီမံကိန်းပြန်လုပ်ခွင့်ပြုရန် အကြိမ်ကြိမ်တောင်းဆိုကြောင်း ၎င်းကဆိုသည်။

“အခုအဲဒီနေရာက ပြဿနာဖြစ်နေတယ်။ အဲဒီတော့ အဲဒါတွေမပြီးသေးဘဲ စာချုပ်ပြန်ချုပ်တာ၊ ခွင့်ပြုတာတွေ မလုပ်ဘူး။ အခုက ဒေသခံတွေလည်း လက်မခံဘူး။ ပြန်လုပ်ဖို့က စစ်ဆေးဦးမှာ။ အဲဒီ နေရာကို ပြန်စစ်ဆေးဦးမယ်။ အဲ့ဒီ ပြဿနာတွေရှင်းဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားသည်။

ကျောက်မီးသွေး ၏ဆိုးကျိုး

၁၉ ရာစုနောက်ပိုင်းတွင် ကျောက်မီးသွေး၏ ဆိုးကျိုးကြောင့် လူ့သက်တမ်းတိုလာခြင်း၊ ရောဂါဘယ ထူပြောလာခြင်း၊ ကျန်းမာရေးချို့တဲ့လာခြင်းတို့ စတင်ဖြစ်ပေါ်လာမှုကို တွေ့ရှိလာခဲ့သည်။

ကျောက်မီးသွေးမှ ဓာတုပစ္စည်း ၁၃ မျိုးထွက်ရှိကာ ကျောက်မီးသွေးမှာ မီးလောင်ပြီးလျှင် အပူစွမ်းအင်ထုတ်ပေးသည်။ ယင်းကဲ့သို့ အပူစွမ်းအင်ထုတ်ပေးပြီးသည်နှင့် အငွေ့အဖြစ်ပြောင်းကာ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မို နောက်ဆိုက်၊ နိုင်ထရိုဂျင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိတ်အောက်ဆိုက်များထွက်လာပြီးနောက် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများဖြစ်လာစေသည်။

ဆာလဖာဒိုင်အောက်ဆိုက်ထွက် လာသည့်အတွက် ဆာလဖာဒိုင်အောက်ဆိုက်မှ ဆာလဖျူရစ်အက်စစ်အဖြစ် မိုးရွာစေသည်။ ယင်းအပြင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့သည် လူ့ကျန်းမာရေးကို ထိခိုက်စေသည်။ ကျောက်မီးသွေးမှ ခဲဓာတ်ငွေ့များပါ ထွက်သဖြင့် ယင်းဓာတ်ငွေ့မှာလည်း သွေးနှင့်ဆိုင်သော ရောဂါများဖြစ်စေသည်။ ဆာလဖာဒိုင် အောက်ဆိုက်ကြောင့်မူ ရှူမိပြီဆိုလျှင် ရာခိုင်နှုန်း ၈၀ က အဆုတ်ထဲကို ရောက်သွားသဖြင့် ကင်ဆာအပါအဝင် ရောဂါအမျိုးမျိုးဖြစ်နိုင်သည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာလည်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာသဖြင့် ကျောက်မီးသွေးမှထွက်သော အချို့ဓာတ်ငွေ့များ လေထုအတွင်း လျော့ပါးအောင် လုပ်ဆောင်နိုင်ရန်လည်း ခက်ခဲလာပြီဖြစ်သည်။ ယင်းအတွက်ကြောင့် လူများတွင် ကျန်းမာရေး ဆိုးကျိုးဖြစ်လာမှု ပိုလာနိုင်ခြေများလာ ခြင်းဖြစ်သည်။

မြန်မာပြည်နှင့် ကျောက်မီးသွေး

ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျောက်မီးသွေးစီမံကိန်း ၁၀ခုကျော် လုပ်ဆောင်ရန် လက်မှတ်ရေးထိုးထားခဲ့သည်ဟု တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရသည်။

သို့သော် လက်ရှိအစိုးရလက်ထက်တွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးကို သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်ထိ ရပ်ဆိုင်းထားသည်။

ကျောက်မီးသွေးတူးဖော်သည့် စီမံကိန်းများနှင့်ပတ်သက်ကာ ဆက်လက်လုပ်ဆောင်မည့် အခြေအနေကိုမူ မသိရသေးဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည့် တီကျစ်၊ ဘန်းချောင်းနှင့် မြိတ်တို့တွင် ကျောက်မီးသွေးထုတ်ယူသည့် စီမံကိန်းများ လည်ပတ်နေသည်။

နိုင်ငံတကာတွင်မူ ကျောက်မီးသွေးနှင့် ပတ်သက်သော စက်ရုံများ ပိတ်သိမ်းနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ဖြစ်သော တရုတ်နိုင်ငံတွင် ကျောက်မီးသွေးစက်ရုံပေါင်း ၅၀၀၀ ကို ပိတ်ပစ်ခဲ့သည်။ နေစွမ်းအင်နှင့် လေစွမ်းအင်မှ စွမ်းအင်ရယူရန် ကြိုးစားနေသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်လည်း ကျောက်မီးသွေးစက်ရုံများ ပိတ်သိမ်းနေမှုများရှိသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ကျောက်မီးသွေးစီမံကိန်းများ လုပ်ဆောင်ရန် တိုက်တွန်းကျမှုများ ကျယ်ကျယ်လောင်လောင် ကြားလာရသည်။

သို့သော် ကျောက်မီးသွေးကိစ္စ ထိန်းကွပ်နိုင်မည့် ဥပဒေရှိပြီလော။

ထိုမေးခွန်းအတွက် အဖြေမှာ ရှိနှင့်နေသည်။ ကျောက်မီးသွေးအတွက် သီးခြားဥပဒေ လက်ရှိအချိန်အထိ မရှိသေးပေ။ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ ၂၀၁၈ ခုနှစ်အရ ‘သတ္တုလုပ်ငန်းတွင်ပါဝင်သည့် ကျောက်မီးသွေးကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများလက်ခံသည်အထိ ပြန်လည်လုပ်ကိုင်ပေးရန်’ ပါဝင်သည်။

မြေစာပုံများ စွန့်ပစ်ရာတွင်လည်း ပတ်ဝန်းကျင် ရေထု၊ လေထု၊ မြေထုညစ်ညမ်းမှုမရှိစေရန်နှင့် သက်ရှိများဘေး အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျစွန့်ပစ်ရန်လိုအပ်ကြောင်း သတ္တုတွင်းနည်းဥပဒေတွင် ရေးသားထားသည်။

သတ္တုဥပဒေထဲတွင် ကျောက်မီးသွေးကို လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရမည်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်လုပ်ဆောင်ရမည်ဆိုသည်မျှသာ ရေးသားထားသည်။

မည်သို့ပင်ဆိုစေ ဘန်းချောင်းကျောက်မီးသွေးတူးဖော်သည့်နေရာတွင် မြေစာပုံမီးလောင်ခြင်း စသည့်ပြဿနာများဖြစ်ပွားနေသည်။

ထိုနေရာများကို အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက မေလထဲတွင် သွားရောက်စစ်ဆေးရန်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ သတ္တုကဏ္ဍမှ ဒေါက်တာသိန်းစိုးက ပြောကြားသည်။

ကွမ်းချောင်းကြီးကျေးရွာသားတို့ ၂၀၁၁ ကတည်းက စတင်ရလာခဲ့သော ခုနစ်နှစ်ကြာသောကမီးတို့ မငြိမ်းသေးပါ။ ထိုသောကမီးက ပေးသော ဝေဒနာများလည်း ဒေသခံတို့ ရရှိလာကြပြီဖြစ်သည်။ ထိုပြဿနာများ ဖြေရှင်းပေးရေးသည် ကွမ်းချောင်းကြီးဒေသခံတို့ အလိုချင်ဆုံးသော ဆန္ဒလည်း ဖြစ်နေသည်။

ထိုအတွက် ကွမ်းချောင်းကြီး ကျေးရွာဥက္ကဋ္ဌ နွေလှနိုင်က ယခုကဲ့သို့ ခိုင်မာစွာ ဆိုလိုက်သည်။

“ကုမ္ပဏီဘက်က ခဏခဏ လာညှိနှိုင်းတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လာသေးတယ်။ ကျွန်တော်တို့တစ်ရွာလုံးက လုံးဝလက်မခံပါဘူး” 

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *