သမ္မတမြေး လက်မှုပညာရှင်

”ကျွန်တော် ရှမ်းတစ်ယောက်ဖြစ်မှန်း အသက် ၄၅ နှစ်မှ သိပါတယ်” ဟု တိုးညှင်းစွာ ပြောလာသူက လက်မှုပညာရှင် ဦးတင်ထွေး ဖြစ်သည်။

အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် ဦးတင်ထွေးသည် ရှမ်းလူမျိုးတစ်ဦးဖြစ်သော်လည်း အသက် ၄၅ နှစ်အချိန်အထိ ရှမ်းလူမျိုးဖြစ်မှန်း မသိခဲ့။

ဦးတင်ထွေး၏ဇာတိမှာ ရှမ်းပြည်နယ် မိုင်းသောက်မြို့ဖြစ်သော်လည်း မွေးစားမိဘဖြစ်သူ ဦးဝဏ္ဏနှင့်ဒေါ်ချစ်မေတို့နေထိုင်သည့် စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ် နွယ်ငြိမ်းကျေးရွာတွင် ကြီးပြင်းခဲ့ရသည်။

မွေးစားမိဘများမှာ အိုးလုပ်ငန်းလုပ်ကိုင်ကြပြီး စဥ့်အိုးလုပ်ရာတွင် ထည့်သွင်းအသုံးပြုရသည့် ခဲချော်ချေးကို ရှမ်းပြည်နယ် ဘော်တွင်းဒေသဘက်တွင် သွားဝယ်ရသည်။ ထိုသို့ဝယ်ယူရင်း သီပေါအရေးအခင်းပေါ်လာချိန်နှင့်တိုက်ဆိုင်ပြီး ဦးတင်ထွေး၏ မိဘဘိုးဘွားများ တကွဲတပြားထွက်ပြေးရချိန် ခြောက်လသားအရွယ် မောင်တင်ထွေးကို မွေးစားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ မြေးတော်စပ်သူဟုသိရပြီး မိဘအရင်းတို့၏အမည်ကိုမူ သူကပြောဆိုရန် ငြင်းဆန်ခဲ့သည်။

”မပြောပါရစေနဲ့” ဟု သူက ဆိုသည်။

ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားများထဲမှ ပထမဆုံးသော မြန်မာနိုင်ငံသမ္မတကြီးအဖြစ် တင်မြှောက်ခြင်းခံရသူဖြစ်သည်။

သမ္မတကြီး၏ ကြင်ယာတော်များမှမွေးဖွားသည့် သားသမီးများစွာရှိခြင်းကြောင့် ဆွေမျိုးသားချင်းများစွာရှိသော်လည်း မည်သူတွေမှန်း မသိတော့ဟု ဦးတင်ထွေးက ဖွင့်ဟသည်။

ဦးတင်ထွေးသည် သမ္မတကြီးစဝ်ရွှေသိုက်၏ သားအငယ်ဆုံးဖြစ်သူ စဝ်မီမီသိုက်၏သားဟု မွေးစားဖခင်၏ ပြောပြထားသည်များကို ၎င်းကပြန်လည်ပြောပြသည်။

သမ္မတကြီး အသက် ၆၆ နှစ်အရွယ် ဗိုလ်ချုပ်နေဝင်း၏ အစိုးရတက်လာချိန် လက်နက်ကိုင်တပ်ဖွဲ့များက သမ္မတ၏နေအိမ်အတွင်းဝင်ရောက်ကာ သမ္မတမိသားစုကိုဖမ်းဆီးစဉ်  အသက် ၁၇ နှစ်အရွယ် စဝ်မီမီသိုက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ဦးတင်ထွေးသည် စပ်မီမီသိုက်၏သားဖြစ်ပြီး ထိုစဉ်အချိန်က ၎င်းမှာ ခြောက်လသားအရွယ်သာရှိသေးသည်ဟုဆိုသည်။

၎င်းကို ဦးဝဏ္ဏနှင့်ဒေါ်ချစ်မေတို့ ထိုစဉ်အချိန်ကတည်းက မွေးစားခဲ့ပြီး ယခုကဲ့သို့ မိသားစုများကွဲကွာခဲ့ရခြင်း၏ အကျိုးဆက်ကိုလည်း သူကပြောသည်။

”တချို့လည်း နိုင်ငံခြားမှာနေကြပါတယ်။ သုနန္ဒီတို့၊ စဝ်ဟုမ်ဖတို့။ ဒါပေမဲ့ ဒီမှာနည်းပါတယ်။ ကနေဒါမှာများပါတယ်။ ကျွန်တော်သာလျှင် ဗမာပြည်မှာပဲနေတယ်။ ဗမာချစ်တာကိုး” ဟု ဦးတင်ထွေးက ပြုံးရင်းဆိုသည်။

နွယ်ငြိမ်းရွာ၏ ပထမဆုံး ဆယ်တန်းအောင်မြင်သူ၊ ပထမဆုံး ဘွဲ့ရရှိသူစာရင်းတွင် ဦးတင်ထွေး ပါဝင်ခဲ့ပြီး ဓာတုအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ မိုး/ဇလဝန်ထမ်းအဖြစ်  လုပ်ကိုင်ခဲ့သော်လည်း ငယ်စဉ်ကတည်းက မျက်မှန်းတန်းခဲ့၊ ရင်းနှီးခဲ့သည့် စဥ့်အိုးလုပ်ငန်းက သူ့ဝါသနာဖြစ်လာခဲ့သည်။

မွေးစားဖခင် မဆုံးပါးမီ ၎င်းအသက် ၄၅ နှစ်အရွယ်တွင် မိမိသည် ရှမ်းတစ်ဦး (သမ္မတကြီးစဝ်ရွှေသိုက်၏မြေး) ဟု သိလိုက်ရချိန်၊ ရှမ်းပြည်နယ်ဘက်သို့ သွားလိုစိတ်များ ဖြစ်ပေါ်ခဲ့သည်။ ယင်းကြောင့် မိုး/ဇလတွင် ထွက်စာမတင်ဘဲ ရှမ်းပြည်နယ်ဘက်သို့သွားခဲ့သည်။ အလုပ်လည်း ပြန်မဝင်တော့။ ယနေ့အထိလည်း ထွက်စာမတင်ဖြစ်။

ငယ်စဉ်ကစ၍ အိပ်ရာဝင်ပုံပြင်သဖွယ် ကြားသိခဲ့ရသည့် မိမိတို့အမျိုးအနွယ်အကြောင်းများကို မွေးစားဖခင်ဖြစ်သူ ဦးဝဏ္ဏက ပြောဆိုခဲ့သည်။ သို့သော် မိမိတို့အကြောင်းဟု မထင်ခဲ့။ ကွယ်လွန်ခါနီးမှသာ ”အဲဒါ မင်းရဲ့ ဆွေမျိုးတွေအကြောင်းပဲ” ဟု ဆိုခဲ့သဖြင့် အံ့ဩဝမ်းသာဖြစ်ခဲ့ရသည်ဟု ဆိုသည်။

”ကျွန်တော့်အဘိုးက ဘယ်လိုပြောလဲဆိုတော့ ငါတို့တိုင်းပြည် လွတ်လပ်ရေးရခဲ့ရင် လူတန်းစားညီမျှရေးအတွက် ဘယ်လိုလုပ်ရမလဲ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက်ရယ်၊ တိုင်းပြည်ချမ်းသာဖို့ရယ်၊ တစ်ချိန်ချိန်မှာ ငါတို့တိုင်းပြည်က လူတွေဟာ ကားတစ်စီး တိုက်တစ်လုံး အဆင့်မျိုး နေရမယ်ဆိုပြီးတော့ သူ့သူငယ်ချင်း ဦးနု၊ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနုနဲ့ တိုင်ပင်ခဲ့တယ်လို့ သိရတယ်” ဟု ဦးတင်ထွေးက မွေးစားဖခင် ပြောဆိုခဲ့မှုများကို ပြန်ပြောင်းပြောပြသည်။

 

သို့သော် အဘိုးဖြစ်သူ၏ ရည်ရွယ်ချက်များ မအောင်မြင်ခဲ့သဖြင့် မိမိတတ်နိုင်သည့်ဘက်မှ ဆောင်ရွက်လိုခဲ့ခြင်းကြောင့် ပရဟိတလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် စဥ့်ပညာရှင်၊ ဝါးပညာရှင်အဖြစ် ရပ်တည်နေပြီး သင်တန်းများကိုလည်း ပို့ချပေးနေသည်။ စဥ့်ပညာကို နွယ်ငြိမ်းကျေးရွာမှ ရရှိခဲ့ပြီး မြန်မာ့လက်မှုပညာရပ်တစ်ခုထက်ပို၍ သူကချစ်သည်။ စဥ့်ဟူသည် မြန်မာ့ယဉ်ကျေးမှုလက်ရာ၊ သမိုင်းတစ်ခုအဖြစ် ရပ်တည်နေသည်ဟု သူခံယူသည်။

ခေတ်တစ်ခေတ်၏ သမိုင်းစဉ်လက်ရာများကို နည်းအမျိုးမျိုးနှင့် မှတ်တမ်းတင်လေ့ရှိရာ စဥ့်နှင့်ပြုလုပ်လျှင် နှစ်ပေါင်း ထောင်ချီသောင်းချီခံသည်။ ထို့ကြောင့် ယဉ်ကျေးမှုလည်း မပျောက်ပျက်တော့ပေ။ ပုဂံခေတ်စဥ့်များဆိုလျှင် နှစ်ပေါင်းတစ်ထောင်ကျော်သည့်တိုင် မပျောက်ပျက်သေး။ စေတီပုထိုးများတွင် လေ့လာနိုင်သေးသည်။

”ကျွန်တော်တို့ အခုလုပ်ခဲ့ရင် နောက်ပိုင်း မြန်မာပြည်ဟာ ဘယ်သူ့လက်ထက်ပဲဖြစ်ဖြစ် စဥ့်ပညာဟာ ဒီယဉ်ကျေးမှုကို မသိနိုင်ဘူးလား” ဟု စဥ့်ပညာဖွံ့ဖြိုးစေချင်သည့်ဆန္ဒကို သူကပြောပြသည်။

နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် ဝါးပိုးဝါးများအသုံးပြုကာ အထက်တန်းကျောင်း ဆောက်လုပ်ရာတွင် ဦးတင်ထွေး ပါဝင်ခဲ့သည်။ မြန်မာ့ဝါးသည် အဆင့်မမီသဖြင့် ဝါးကို နှစ်ရှည်ခံအောင်ပေါင်းသည့်နည်းပညာများ လေ့လာခဲ့သည်ဟုဆိုသည်။

ထိုမျှမက ဝါးပေါင်းခံရည်မှ ခေါင်းလျှော်ရှည်၊ ဆံပင်နက်ဆေး၊ သွားတိုက်ဆေး စသည်တို့ကိုလည်း စမ်းသပ်တီထွင်ခဲ့ပြီး စိတ်ဝင်စားသူများ လုပ်ကိုင်နိုင်ရန်အတွက် ဝါးပေါင်းခံရည်အိုးကိုပါထွင်ကာ လှူဒါန်းပေးနေသည်။

”မုဆိုးမကအစ လုပ်ငန်းလုပ်ကိုင်စားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု သူ့ရည်ရွယ်ချက်ကို ပြောပြသည်။

ဝါးကို အိမ်ဆောက်ရန် ပရိဘောဂပြုလုပ်ရန် သက်သက်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးစေချင်သည့်ဆန္ဒလည်း သူ့မှာရှိသည်။ ထို့ကြောင့် ဝါးပိုးဝါးမျိုးစေ့များကိုလည်း အခမဲ့ဝေငှနေသေးသည်။ ပျိုးပင် ပြုစုပျိုးထောင်နည်းကိုပါ မျှဝေသည်။

“ဘယ်အဖွဲ့အစည်းပဲဖြစ်နေနေ မြေပြင်ပေါ်မှာ သစ်ပင်တွေ ဝါးပင်တွေ အမြန်ဆုံးပေါက်ဖို့က ကျွန်တော့်ရည်ရွယ်ချက်ပါ။ မျိုးစေ့တွေ လိုက်ဝေပေးလိုက်တဲ့အတွက် မြေပြင်ပေါ်မှာ သစ်ပင်မြန်မြန်ပေါက်ဖို့ အရေးကြီးတယ်။ စိမ်းလန်းစိုပြည်ဖို့နဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့အတွက်ပဲ” ဟု ဆိုသေးသည်။

လက်ရှိ ဝါးပိုးဝါးတစ်လုံး ကျပ်ငါးထောင်ခန့် ဈေးရှိပြီး ဝါးရုံတစ်ရုံကိုစိုက်ပျိုးချိန် သုံးနှစ်ရှိလျှင် ရောင်းတန်းဝင် ဝါးရရှိပြီဖြစ်သည်။ လူတစ်ဦး၊ အိမ်ထောင်စုတစ်စုမှ ဝါးဆယ်ရုံစိုက်လျှင် ဆယ်အိမ်ဆိုလျှင် ဝါးရုံတစ်ရာရှိပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မည်ဟု သူကပြောသည်။

သူ့တွင် ဗမာနာမည် ဦးတင်ထွေး၊ ရှမ်းနာမည် စဝ်ရွှေဦးဆိုသည့်နာမည်အပြင် နောက်ထပ် လူသိများသည့် နာမည်တစ်ခုရှိသေးသည်။ ယင်းကား သမားတော်ဟုခေါ်သည်။

ရွှေဘိုနယ်ဘက်တွင်၊ အထူးသဖြင့် နွယ်ငြိမ်းဘက်တွင် ဦးတင်ထွေးဟုမေးလျှင် သိချင်မှသိမည်။ သမားတော်ဟု မေးလျှင်တော့ ကလေးကအစသိသည်ဟု သူက ဝံ့ကြွားစွာဆိုလိုက်သေးသည်။

ထိုနာမည်တွင်ခဲ့ရပုံက စဥ့်နှင့်ပတ်သက်သည်။ နွယ်ငြိမ်းဘက်တွင် စဥ့်အိုးလုပ်သည့်အခါ အရောင်ပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ အရောင်များမလှသဖြင့် ရောင်းတန်းလည်း မဝင်တော့။ မိရိုးဖလာ လုပ်ကိုင်လာခဲ့သူများက ထိုစဥ့်အိုးကို ပြန်လည် မပြုပြင်တတ်ကြသဖြင့် သူ့ကို အကူအညီတောင်းကြသည်။

ထိုအခါ သူတတ်ထားသည့်ပညာဖြင့် အရောင်မပျက်ရန် ပြုလုပ်ပေးသည်။ အနီရောင်၊ အပြာရောင် စသည် အရောင်မျိုးစုံကိုပါ ထွင်ပေးလိုက်သည့်အခါ စဥ့်အိုးများက ပုံပန်းလှလာပြီး ထိုအချိန်မှစ၍ သူ့ကို စဥ့်အိုးကုသည့်သမားတော်ဟု ခေါ်ဆိုကြသည်ဟု သူက ပြန်လည်ပြောပြသည်။

ထိုသို့ ပြုလုပ်ပေးသည့်အတွက် ငွေကြေးကိုလည်း မယူသလို နည်းပညာကိုပါ ဝေမျှခဲ့သေးသည်။

“ဟင်းစားပေးရင် တစ်နပ်တည်းပဲ စားရမယ်။ ကွန်ချက်ပြရင် တစ်သက်လုံးစားရမယ်။ အဲဒီပုံစံနဲ့ ကျွန်တော်ပေးတယ်။ ကျွန်တော့်အသက်အရွယ်အရ ငွေဆိုတာမလိုဘူး။ ပညာတွေပဲ ပေးချင်တယ်” ဟု ဦးတင်ထွေးက သူ့ခံယူချက်ကို ပြောပြသည်။

လက်ရှိ ပဲခူးဘက်တွင် ဝါးနှင့် စဥ့်ပညာ သင်တန်းကျောင်းတစ်ခုဖွင့်လှစ်ရန် ပြင်ဆင်နေပြီး အခမဲ့သင်ကြားပေးမည့်ကျောင်းဟု သူကဆိုသည်။ ကျောင်းမှ သင်ကြားတတ်မြောက်သူများ မိမိတို့ဒေသတွင် လုပ်ကိုင်လိုလျှင် အရင်းအနှီးမတည်ပေးမည့်အပြင် ထုတ်ကုန်များကို ပြည်ပအထိ တင်ပို့နိုင်အောင်လည်း ကူညီမည်ဟု သူကဆိုသည်။

“ဒေသဖွံ့ဖြိုးမှုနဲ့ ဆင်းရဲနွမ်းပါးမှုအတွက် မရှိတဲ့ဒေသတွေ တကယ်အစစ်အမှန်ရမယ့်ကျောင်းပါ။ သူ့ဒေသမှာ ဒီလိုလုပ်ကိုင်ရင် သူ့နောက်မှာ အလုပ်သမား လေးငါးဆယ်က အလုပ်အကိုင်တွေရသွားမယ်။ ကျွန်တော်ဖြစ်စေချင်တာလည်း အဲဒါပဲ” ဟု သူကဖွင့်ဟသည်။

ထို့ပြင် မည်သည့်ဒေသမှဖြစ်စေ စဥ့်နှင့် ဝါးပညာရပ်များ သင်ကြားလိုလျှင် ဖုန်းနံပါတ် ၀၉၄၅၀၈၈၂၃၉၀ သို့ ဆက်သွယ်ပါက အချိန်မရွေး သင်ကြားပေးသွားမည်ဟု သူကဆိုသည်။ သင်ကြားလိုသူများဘက်မှ လူစုထားရန်သာ လိုအပ်ပြီး ကိုယ့်စရိတ်နှင့်ကိုယ် လာရောက်သင်ကြားပေးမည်ဟုပြောသည်။

မြေကြီးကိုအသုံးပြု၍ စဥ့်အိုးလုပ်သည့်ပညာများ၊ ဝါးကိုအသုံးပြု၍ ဝါးမီးသွေးပြုလုပ်သည့်ပညာ၊ ဝါးမီးသွေးပြာမှ စဥ့်ပြုလုပ်သည့်ပညာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။

စဥ့်နှင့်ပတ်သက်သည့် သုတေသနလုပ်ငန်း၊ ပညာပြန်လည်မျှဝေပေးသည့် ပရဟိတလုပ်ငန်းများနှင့် လုံးပန်းနေရသည့် ဦးတင်ထွေးတွင် အိမ်ထောင်မရှိ။ ရည်ရွယ်သူရှိသော်လည်း အလုပ်ထက် မိန်းမကို ဦးစားမပေးနိုင်ဟု သူက ရယ်မောရင်းပြောသည်။

ရန်ကုန်တွင် နေထိုင်သည်ဟု ဆိုသော်လည်း သင်တန်းပေးစရာရှိလျှင် သွားရသဖြင့် စေတုတ္တရာလည်း ရောက်သည်၊ ကျောက်ပန်းတောင်းလည်း ရောက်သည်။ “ဆရာထွေး ဘာလုပ်ချင်ပါတယ်။ လာကူညီပါဦး” ဟုခေါ်လျှင် ရောက်သွားတတ်သည်သာ။ ယင်းအတွက် အခကြေးငွေ ယူခြင်းမရှိပေ။

“အဘိုးဖြစ်ချင်ခဲ့တာကို ကျွန်တော်ကလည်း တတ်နိုင်သမျှ ကျွန်တော့်ရဲ့အင်အားနဲ့ လုပ်ပေးချင်တာ” ဟု သူက ရိုးရှင်းစွာဆိုသည်။

ပဲခူးတွင် သင်တန်းကျောင်းအပြင် ဒုတိယ မြန်မာနိုင်ငံခေတ် လက်ရာစဥ့်များကို ပြန်လည်ဖော်ထုတ်ရန်လည်း ရည်ရွယ်ထားကြောင်း သူကပြောပြသည်။ ထိုမျှမက ပုဂံဒေသတွင် စဥ့်အိုးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန်ကိုလည်း လုပ်ဆောင်ချင်သေးသည်ဟု ဆိုသည်။

လက်ရှိတွင် စဥ့်အိုးအကြီးများကို အသုံးပြုမှု နည်းပါးသွားပြီး ပန်းအိုးများကိုသာ သုံးတတ်ကြတော့ကြောင်း၊ ကြာလျှင် ပျောက်ကွယ်မည်ကို စိုးရိမ်ရသည့်အတွက် ပဲခူး၊ ပုဂံ စသည့် နိုင်ငံခြားသားများ အလာများသည့်ဒေသတွင် လူစိတ်ဝင်စားစေရန် တီထွင်ပြုလုပ်ရောင်းချလျှင် ထိန်းသိမ်းပြီးသားဖြစ်နိုင်ကြောင်း ဦးတင်ထွေးက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်၏မြေးအဖြစ် သိသူများရှိသလို မသိသူများလည်းရှိသည့် ဦးတင်ထွေးသည် နိုင်ငံရေးကို စိတ်ဝင်စားသူ မဟုတ်ပေ။ လူမှုရေးလုပ်ငန်းများတွင်သာ ဘ၀ကိုမြှုပ်နှံထားလိုသည်ဟု ဆိုသည်။

ရွေးကောက်ပွဲတွေမှာလည်း မဲမပေးခဲ့ပါဘူး။ ဒါ အမှန်အတိုင်း ပြောတာပါ။ ဘယ်သူလုပ်လုပ်၊ ဘယ်သူတက်တက် တိုင်းပြည်ကောင်းရင် ကျေနပ်တယ်” ဟု သူ့ခံစားမှုကို ရိုးရှင်းစွာဆိုလေသည်။

သမ္မတမြေး လက်မှုပညာရှင်အဖြစ်ထက် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူအဖြစ်သာ လူသိခံလိုသူလည်းဖြစ်သည်။

လက်ရှိ တိုင်းပြည်ကို ဦးဆောင်နေသူတို့တွင်လည်း သူတို့နည်းနှင့်သူတို့ တိုင်းပြည်ကို ချစ်စိတ်ရှိမည်ဖြစ်သော်လည်း ခရီးတစ်ခုတွင် ဖြောင့်သည့်ခရီးဆိုလျှင် အမြန်ရောက်မည်၊ ဆူးငြောင့်ခလုတ်များရှိလျှင် အချိန်ကြာမည်၊ သို့သော် ပန်းတိုင်ကတော့ တူညီသဖြင့် ချောချောမွေ့မွေ့ရောက်ခြင်းနှင့် ဒဏ်ရာဒဏ်ချက်များနှင့် ရောက်ခြင်းသာကွာကြောင်း သူက ဥပမာပေး၍ ပြောဆိုသေးသည်။

“ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး။ နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူး။ လူမှုရေးကိုပဲ စိတ်ဝင်စားပါတယ်။ တတ်တဲ့ပညာ လက်ဆင့်ကမ်းပေးချင်တယ်။ ကျွန်တော့်ရည်ရွယ်ချက်က ဒီဟာပါပဲ” ဟု သူ နေထိုင်သည့်ဘ၀အကြာင်းကို ဖော်ညွှန်းလိုက်လေသည်။

 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *