ကြွက်မြို့တော်

စည်ပင်သာယာမှ ကြွက်များကို လိုက်လံရှင်းလင်းနေစဉ်။

ရန်ကုန်မြို့တော်စည်ပင်၏ အထူးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များမှာ ညပိုင်းတွင်သာ လှုပ်ရှားသည်။ ၎င်းတို့၏ အဓိက လက်နက်များမှာ ဓာတ်မီး၊ လေးခွ၊ ထောင်ချောက်၊ အစာတို့ ဖြစ်သည်။

လူအများအိပ်စက်အနားယူချိန်တွင် သူတို့ စလှုပ်ရှားကြခြင်းဖြစ်သည်။ ညအမှောင်ထဲသို့ ဓာတ်မီးအလင်းရောင်ဖြင့် လူနှစ်ဦး ဝင်ရောက်လာသည်။

တစ်ဦးမှာ ပလတ်စတစ်ကြိုးဖြင့်ရက်လုပ်ထားသည့် ခြင်းကြီးတစ်လုံးကို လက်တွင်ဆွဲ၍ ချောင်ကြိုချောင်ကြားနေရာအနှံ့ ဓာတ်မီးဖြင့်ထိုးကြည့်နေသည်။ ကျန်တစ်ဦးက ကျောင်း သုံးဘေးလွယ်အိတ်ကိုစလွယ် သိုင်းလျက် ကျီးကန်းတောင်းမှောက် အကြည့်များနှင့်။

ထိုနှိမ်နင်းရေး တပ်ဖွဲ့ဝင်များမှာ ညပျော်သားကောင်များ ဖြစ်သည့် ကြွက်များကို အထူးနှိမ်နင်းရန် တာဝန်ယူထားရသူများဖြစ်သည်။

ထိုနေ့က တာဝန်ကျသည့်နေရာက တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒဝန်ဈေးဖြစ်သည်။

ရန်ကုန်မြို့တော်ဝန် ကိုယ်တိုင် Specialists ဟု ညွှန်းဆိုရသော ဝီရိယကောင်းလှသည့် ကြွက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်နှစ်ဦးသည် ဈေးသန့်ရှင်းရေးဆောင်ရွက်မှုမပြီးမီတွင်ပင် ကြွက်ဖမ်းရန်ရောက်နေသည်။

ပလတ်စတစ်ကြိုးဖြင့် ရက်လုပ်ထားသည့် ခြင်းထဲမှ ကြွက်ထောင်ချောက်များကိုတစ်ခုချင်းထုတ်၍ စစ်ဆေးနေသည်။ လွယ်အိတ်ထဲမှ သတ္တုလောက်လေးခွနှင့် ကြွက်အတွက်သီးသန့်လုံးထားသည့် ဖန်ဂေါ်လီအသေးအရွယ် လောက်စာလုံးများကို စစ်ဆေးနေသည်။

ဈေးသန့်ရှင်းရေးပြီးသည်နှင့် အချိန်မဆိုင်းလုပ်ငန်းစကြတော့သည်။

ရန်ကုန်မြို့တော်သစ်ကြီးအကြောင်း၊ ရန်ကုန်ကို Smart City အဖြစ် အသွင်ပြောင်းမည့်အကြောင်း၊ စိမ်းလန်းပြီး နေချင်စဖွယ်ကောင်းသော၊ ရင်းနှီးမြှုပ်နှံသူတို့ အကြိုက်တွေ့သော မြို့တော်ကြီး အဖြစ် အသွင်ပြောင်းရေး အကြောင်း ရန်ကုန် ဝန်ကြီးချုပ်၏ အံ့ချီးဖွယ် စီမံချက်များအကြား ကြွက်နှိမ်နင်းရေး သမားများက သူတို့ အလုပ် သူတို့ ဆက်လုပ်နေသည်။

မဖြစ်သေးသော ထိုမြို့တော်ကြီးများအတွက် ကြွက်ကင်းစင်ရေး စီမံချက် မည်သို့ ချထားမည်ကို မသိရသေးသော်လည်း မြို့တော် ဟောင်းကြီးတွင်တော့ မြေအောက်သမား ကိုရွှေကြွက်များကို အပြီးသတ်မရှင်းနိုင်သေးပေ။

အိမ်ဟောင်းကြီး၌ ကြွက်သောင်းကျန်းနေချိန် အိမ်ထောင်ဦးစီးမှာ အိမ်သစ်ဆောက်ရေးအတွက်သာ စိုင်းပြင်းနေသည်။

ကြွက်ဖမ်း Specialist

ရန်ကုန်မြို့တွင် ကြွက်ဖမ်းသက် ၂၉ နှစ်ရှိ ဦးရွှေတင်သည် ကိုယ်တိုင် ဝါးခြမ်းပြား၊ ဝါးတူနှင့် သရေကွင်းတို့ဖြင့် ပြုလုပ်ထားသည့် တြိဂံပုံစံ ကြွက်ဖမ်းသည့် ညှပ်ကို ကြွက်တွင်းဝနှင့် ကြွက်ပြေးလမ်းတွင် ဆန်စေ့အစာချ၍ ထောင်နေသည်။

ကြွက်တွင်းကိုကြည့်၍ ကြွက်တွင်းဟောင်းနှင့် ကြွက်ရှိမရှိကိုခွဲခြား၍ ထောင်ခြင်းဖြစ်သည်။ တွင်းမဟုတ်သည့် နေရာအချို့တွင်လည်းထောင်သည်။ ယင်းနေရာများက ကြွက်ပြေးလမ်းဖြစ်သည်။

ကြွက်ပြေးလမ်းသည် သာမန်လူမသိနိုင်။ ၂၉ နှစ်ကျော်ရှိ လုပ်သက် အရသိရှိခြင်းဖြစ်ပြီး တွင်းဝတွင်ထောင်ခြင်းထက် ပြေးလမ်းတွင်ထောင်ခြင်းက မိရန်သေချာကြောင်း ဦးရွှေတင်ကဆိုသည်။

“တွင်းက နှစ်ပေါက်သုံးပေါက်ဖောက်ထားတော့ ထွက်ခြင်တဲ့အပေါက်ကထွက်တာ။ ပြေးလမ်းကျတော့ သေချာတယ် မိတာပဲ။ နှေးတာနဲ့ မြန်တာပဲကွာတယ်။ ကြွက်သဘာဝအရ သူသွားနေကျလမ်းကိုပဲသွားတာ ”ဟု ၎င်းက ရှင်းပြသည်။

ဦးရွှေတင် ကြွက်ထောင်ချောက် သုံးခုထောင်ပြီးချိန်တွင် ပထမဆုံးထောင်ခဲ့သည့် ထောင်ချောက်မှ ကြွက်မိသံကြားလိုက်ရသည်။ ထိုမျှ ကြွက်ဖမ်းကျွမ်းကျင်သူဖြစ်သည်။

ကြွက်ဖမ်းခြင်းကိုနှစ်ဦးမှ ငါးဦးအထိပေါင်း၍ ဖမ်းလေ့ရှိပြီးဦးရွှေတင်၏ ကြွက်ဖမ်းအဖော် ဖြစ်သူ ဦးလှဌေးသည်ကား ကြွက်အော်သံအတုဖြင့် ခေါ်၍ လေးခွဖြင့်ပစ်ဖမ်းသူဖြစ်သည်။

ဦးလှဌေးနှုတ်မှ ‘ကျွိကျွိ’ ဟူသော အသံကြောင့် မြေကြွက်အချို့ အသံကြားရာသို့လာကြသည်။ ထိုကြွက်များကိုလောက်လေးခွနှင့်ပစ်ဖမ်းသည်။ ဦးလှဌေးက ကြွက်ဖမ်းပညာစုံသူဖြစ်သည်။ တည်ကြွက်ဖြင့် ထောင်ဖမ်းနိုင်သူဖြစ်သည်။

ပစ်မလွဲသောဦးလှဌေးသည် တစ်ချက်တစ်ကောင်နှုန်းဖြင့် နာရီဝက်အတွင်းကြွက် ၁၃ ကောင်မိသည်။ ကြွက်ဖမ်း Specialists နှစ်ဦးပေါင်း၍ ထိုညတစ်ညအတွင်း ကြွက် ၈၄ ကောင် ဖမ်းဆီးလိုက်နိုင်သည်။

ရန်ကုန်မြို့၏ ကြွက်ဋီကာ

ရန်ကုန်မြို့တွင် စည်းကမ်မဲ့အမှိုက်ပစ်ခြင်းနှင့် ထိုအမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က နိုင်နင်းအောင် မဆောင်ရွက်နိုင်သည့် အခြေအနေကြောင့် အမှိက်တွင် ပျော်စံသည့် ကြွက်များ တစ်နေ့တခြားတိုးပွားလာသည်။

အမှိက်မြို့တော်ကြီးတွင် ကြွက်တို့ မြို့တော်သား ဖြစ်လာခြင်းမှာ များစွာ မထူးဆန်းလှပါ။

ရေမြောင်း၊ မြေထိန်းနံရံ၊ ဆည်တို့ နိမ့်ကျပျက်စီးခြင်းများ၏ လက်သည်အဖြစ် ကိုရွှေကြွက်တို့ကို လက်ညှိုးထိုးကြသည်။

ရန်ကုန်မြို့အနှံ့ နေထိုင်အခြေချ လျှောက်သွားနေကြသည့် ကြွက်တို့ အကြောင်းသည် ယခုအခါ ရန်ကုန်တိုင်းလွှတ်တော် စကားဝိုင်းသို့ ဝင်ရောက်လာသည်။

ရန်ကုန်တိုင်းလွှတ်တော် မေလ ၄ ရက်နေ့တွင်ကျင်းပသည့် မရမ်းကုန်းမဲဆန္ဒနယ်ကတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ကြွက်များကိုစီမံချက်ချ ရှင်းလင်းပေးရန်အတွက် မေးမြန်းခဲ့သည်။

“ရေမြောင်းများဟာလည်း ကြွက်ကြောင့်နိမ့်ကျပျက်စီးကုန်တာတွေ့ရပါတယ်။ မြေကာတံတိုင်းများပြိုကျခြင်း၊ ဆည်များနိမ့်ကျခြင်းများက ကြွက်တွင်းများကြောင့် ဖြစ်တယ်ဆိုတာမီဒီယာများမှ တစ်ဆင့် သိရှိရပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကဆိုသည်။

ရန်ကုန်မြို့ကြီးကို ခြိမ်းခြောက်နေသော ကြွက်များကို နှိမ်နင်းရန် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကသူ၏ ကြွက်ဖမ်းကျွမ်းကျင်သူ အဖွဲ့ဝင် ၆၀ ဦးကို တိုင်းလွှတ်တော်နှင့် မိတ်ဆက်ပေးသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနအောက်တွင် ကြွက်နှိမ်နင်းရေးအတွက် နေ့စားဝန်ထမ်း ၆၀ ဦးရှိသည်။

၁၉၂၂ ခုနှစ် မြူနီစီပယ်အက် ဥပဒေတွင် ပြဋ္ဌာန်းခဲ့သည့် ကြွက်နှိမ်နင်းရေးသည် ယင်းအချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့သော်လည်း လက်ရှိစည်ပင်သာယာခေတ်တိုင်အောင် ရန်ကုန်မြို့၏ ကြွက်ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ ကြွက်များလာခြင်း အတွက် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို အပြစ်ဖို့၏။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကမူ အမှိက်များနှင့် လမ်းဘေးဈေးသည်များကို နိုင်နင်းစွာ မစီမံနိုင်သည့် YCDC ကြောင့်ဟုဆိုသည်။

YCDC နှင့် စည်းကမ်းမဲ့အမှိက်ပစ်သူများ အကြား ကြွက်များ တစ်နေ့တခြားတိုးပွားနေဆဲ။

ကမ္ဘာပေါ်တွင် ကြွက်မျိုးစိတ်ပေါင်း ၇၁၀၀ ကျော်ရှိပြီးအဓိအားဖြင့် ကြွက်ကြီးမျိုး (Rat) နှင့် ကြွက်ငယ်မျိုး (Mouse) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

ကြွက်ကြီးမျိုးသည် သက်တမ်းသုံးနှစ်ကျော်အထိနေထိုင်ပြီး ကြွက်ငယ်မျိုးက သက်တမ်း၂ နှစ်ကျော် အထိ အသက်ရှင်ကြသည်။ ထိုနှစ်မျိုးလုံးသည် သားပေါက်နှုန်းမြန်ကြပြီး အသက် လေးပတ်မှ ခြောက်ပတ်အတွင်း မျိုးဆက်ပြန့်ပွားနိုင်ကြသည်။ ကြွက်အဖို၊ အမတစ်စုံသည် တစ်နှစ်အတွင်း ကြွက်ကောင်ရေသောင်းဂဏန်းအထိ ပေါက်ဖွားနိုင်သည်။

ထိုမျှ ပေါက်ဖွားမှုနှုန်းမြင့်မားသည့် ကြွက်သည် လူတို့ကိုကောင်းကျိုးထက် ဆိုးကျိုးကိုသာအများဆုံးပေးသည်။

ကြွက်ကြောင့်ဖြစ်သည့် ကူးစက်ရောဂါထဲတွင် ကြွက်သေနှင့် ကြွက်ကိုက်ခံရခြင်းမှ ကူးစက်တတ်သည့် ပလိပ်ရောဂါ၊ ကြွက်သေးနှင့်မစင်တို့မှ တစ်ဆင့်ကူးစက်သည့် လက်(ပ်)တိုစပိုင်းရားရောဂါနှင့် ခွေး၊ ကြောင်တို့မှ တစ်ဆင့် ကြွက်သည် ခွေးရူးရောဂါသယ်ဆောင်နိုင်ပြီး ကြွက်ကိုက်ခြင်းမှ လူသို့ ခွေးရူးရောဂါကူးစက်နိုင်သည်။

အိမ်၊ ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘုရား၊ ဘာသာရေးဆိုင်ရာအဆောက်အအုံနှင့် လမ်းပေါ်တွင် အချိန်နေရာမရွေးတွေ့နိုင်သည့်ရောဂါဖြန့်ဖြူးရေးလုပ်သား ကြွက်သည် ရှင်းလင်းရင်းတိုးပွားနေဆဲ။

ဈေး၊ ဆေးရုံ၊ အင်းလျားကန်ဘောင်နှင့် ရပ်ကွက်များတွင် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနက တစ်ပတ်တစ်ကြိမ် ကြွက်နှိမ်နင်းသည်။

ကြွက်နှိမ်နင်းရေး နေ့စားဝန်ထမ်းခြောက်ဆယ်ဖြင့် ကြွက်သတ်ဆေးချခြင်း၊ ကြွက်ကော်ချခြင်း၊ ကြွက်ထောင်ချောက်(ကြွက်ဖမ်းဘိ)ထောင်ဖမ်းခြင်းနှင့် တည်ကြွက်ထား၍ လေးခွဖြင့်ပစ်ခြင်းတို့ဖြင့် နှိမ်နင်းကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ရှင်းပြသည်။

ရန်ကုန်မြို့တော်တွင် ကြွက်ထောင်ချောက် (ကြွက်ဖမ်းဘိ)ဖြင့် ဖမ်းခြင်းနှင့် တည်ကြွက်ထား၍ လေးခွဖြင့်ပစ်သည့်နည်းတို့ဖြင့်သာ အဓိကထားနှိမ်နင်းကြောင်း ၎င်းက ပြောဆိုသည်။

YCDC က နှစ်စဉ်ကြွက်ကောင်ရေ သုံးသိန်းကျော် ရှင်းလင်းပေးသည်။ ရန်ကုန်မြို့ရှိ ကြွက်ကောင်ရေနှင့် ကြွက်နှိမ်နင်းသူအချိုးမှာ မျှတခြင်းမရှိဘဲ ကြွက်နှိမ်နင်းသူလိုအပ်ချက်ရှိနေကြောင်း ဒုတိယဌာနမှူး ဦးမျိုးလွင်က ရှင်းပြသည်။

ကြွက်နှိမ်နင်းသည့်အလုပ်ကို ပြင်ပမှလာရောက်လုပ်ကိုင်သူနည်းပါပြီး မိသားစုလိုက် သားစဉ်မြေးဆက် လုပ်ကိုင်ကြကြောင်း တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ ဌာနစုမှူးဒေါက်တာဦးလွင်ဦးကဆိုသည်။

“အဖေတွေ၊ အစ်ကိုတွေက ကြွက်ဖမ်းတဲ့နောက်ကိုလိုက်ရင်းနဲ့ သူတို့ပါဝင်ဖမ်း။ ဒီလိုနဲ့ ကြွက်ဖမ်းတဲ့ပညာရပြီး အလုပ်ဝင်ကြတာ ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကြွက်ဖမ်းဝန်ထမ်းများကို စည်ပင်ကမိသားစုနေထိုင်ရန် နေရာ၊ ယူနီဖောင်းနှင့် နေ့စားလုပ်ခ ၄၈၀၀ နှုန်းဖြင့် လစာတွက်ပေးသည်။

ကြွက်နှိမ်နင်းသူများသည် ညပိုင်းတွင် လုပ်ကိုင်ရသည့် ရဲဖမ်းခံရခြင်း၊ လူမှားရိုက်ခံရခြင်း၊ လမ်းအတွင်းသို့ အဝင်မခံဘဲ မောင်းထုတ်ခြင်း၊ ကြွက်ကိုက်ခြင်း၊ နောက်ဖေးလမ်းကြားသို့ဝင်ရောက်ရသည့်အတွက် ပုလင်းကွဲ၊ ဆူးထိုးမိခြင်းတို့နှင့် ရင်ဆိုင်ကြရသည်ဟု ကြွက်နှိမ်နင်းရေးအလုပ်ကို ၂၃ နှစ်ကြာလုပ်ကိုင်ခဲ့သည့် ဦးလှဌေးက ညည်းတွားသည်။

“ယူနီဖောင်းလည်းဝတ်ထားတယ်။ ဝန်ထမ်းကတ်ပြတာတောင် ငါးခါလောက် အဖမ်းခံရတယ်။ အခုနောက်ပိုင်းတော့ ကြွက်ဖမ်းမယ်လို့ သက်ဆိုင်ရာကြိုပြောလို့ သက်သာလာတာ ”ဟု ကြွက်နှိမ်နင်းရေးလုပ်သား ဦးလှဌေးကဆိုသည်။

အမှိုက်သိမ်းဝန်ထမ်းများအတွက် နှာခေါင်းစည်း၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ တံမြက်စည်း၊ ဂေါ်ပြားနှင့် လက်တွန်းလှည်းများဌာနက ထောက်ပံ့သည့်အပြင် အမှိက်တွင်ပါသည့် ပလတ်စတစ်ဘူးခွံ ရောင်းချခွင့်ရရှိကြသည်။

သို့သော် ကြွက်နှိမ်နင်းသူတို့ကို ကြွက်ထောင်ချောက်၊ လောက်လေးခွနှင့် ဓာတ်မီး၊ လည်ရှည်ဖိနပ်၊ လက်အိတ်စသည့် အခြေခံလိုအပ်ချက်များထောက်ပံ့ပေးခြင်းမရှိ။

ကြွက်နှိမ်နင်းသူတို့ကို ဓာတ်မီး၊ လည်ရှည်ဖိနပ်စသည်တို့လုပ်ငန်းသုံးပစ္စည်းတို့ကိုထောက်ပံ့ပေးရန် နောက်ပိုင်းတွင် အစီအစဉ်ရှိကြောင်း ဒုတိယဌာနမှူး ဦးမျိုးလွင်က ဆိုသည်။

ဂျာမန် ပုံပြင်တစ်ခုတွင် မှော်အစွမ်းရှိသည့် ပလွေဆရာက ၎င်းအတတ်ဖြင့် ကြွက်များကို ပလွေမှုတ်၍ နှိမ်နင်းခဲ့သည်။ ရန်ကုန်မြို့က သိန်းနှင့်ချီသည့် ကြွက်များအတွက် မှော်အစွမ်းရှိသောလောက်လေးခွဖြင့် နှိမ်နင်းရန် ညသန်းခေါင်းယံတွင် လမ်းကြို၊ လမ်းကြား၊ ဈေးနှင့် အမှိက်ပုံများသို့ ပလွေမပါသော ထိုဆရာ ကြွက်ဖမ်းသူတို့ အရောက်လာမည်။

ဦးမျိုးလွင် ရည်ညွှန်းသည့် ထောက်ပံ့ရေးအစီအစဉ်များမလာမီ တိုးပွားနေသည့် ရန်ကုန်မြို့က သိန်းနှင့်ချီသည့် ကြွက်များအတွက် ပုံပြင်ထဲမှ ကြွက်နှိမ်နင်းရေး ပလွေဆရာ ခြောက်ဆယ်မှာ ကိုယ်တိုင်ပြုလုပ်ထားသည့် တိုက်ခိုက်ရေးပစ္စည်းများနှင့် နှိမ်နင်းလျှက်။

ကြွက်နှိမ်နင်းရေး တပ်ဖွဲ့ဝင် ၆၀ ဖြင့် ရန်ကုန်မြို့တော်ရှိ ကြွက်အပေါင်းတို့ကို နေရာပျောက်သွားရေး မဖြစ်နိုင်သလောက်။

ဤသို့ဖြင့် ငါးသန်းကျော်သော ရန်ကုန်နေ ပြည်သူတို့ကမူ ကြွက်ဒဏ်ကို ခံနေရဦးမည်။

ငမိုးရိပ်ချောင်းအနီးရှိ ရပ်ကွက်တစ်ခုတွင်နေထိုင်သော ဒေါ်မိုးသင်္ဂီဇော် ကြွက်ဒုက္ခကို ခါးစည်းခံခဲ့ရပြီး ဖြစ်သည်။ သူ့အဝတ်လျှော်စက်မှာ ကြွက်ကိုက်ခံရသဖြင့် သုံးကြိမ်တိုင်တိုင်ပြင်လိုက်ရပြီး ဖြစ်သည်။

“ကြွက်စုတ်ကျတော့ လူတော့မကိုက်ဘူး။ အနံကတော်တော်ဆိုးတာ။ မြေကြွက်ကျ လူပါပြန်ကိုက်တယ်။ ကြွက်အချင်းချင်းကိုက် အနားတွေနဲ့ အိမ်ပေါ်တက်ပြီး ချောင်တွေထဲဝင်သေ။ စိတ်ညစ်ဖို့ကောင်းတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ၎င်းက ဆိုသည်။

အိမ်တွင် ကလေးများလည်း နေထိုင်ရာ ရောဂါ ဖြစ်မှာလည်း စိုးရသေးသည်။

“ချောင်းနဲ့လည်းနီးတော့ ကြွက်သိုက်လိုကိုဖြစ်နေတာ”ဟု ဒေါ်မိုးသင်္ဂီဇော်က ဆိုသည်။

သူနေထိုင်ရာ ရပ်ကွက်ကို မဆိုထားနှင့်ဘိ၊ ကြွက်ကိစ္စမှသည် ရန်ကုန်မြို့တော်၏ ကိစ္စ အဝ၀ ကိုတာဝန်ယူနေရသော YCDC ရုံးစိုက်ရာ ရှေးဟောင်းရုံး မြို့တော်ခန်းမ အဆောက်အအုံတွင်ပင် ကြွက်စနက်နှင့် မကင်းလှ။

ကြွက်နှိမ်နင်းရေး တာဝန်ခံ ပါဝင်သော ဦးဌေးလှိုင်တို့ပင် မြို့တော် ခန်းမတွင် မကြာသေးမီက ကြွက်သွားရှင်းပေးခဲ့ရသေးသည်။

“သင်္ကြန်မတိုင်မီကပဲ သွားရှင်းပေးထားတာ။ မဟာဗန္ဓုလပန်းခြံနဲ့ မြို့တော်ခန်းမကို သင်္ကြန်ပွဲတော်လာတဲ့ ဧည့်သည်တွေ ကြွက်နဲ့တိုးမှာ စိုးလို့” ဟု ဦးဌေးလှိုင်က ဆိုသည်။

“မြို့တော်ခန်းမဆိုလည်း လူခြေတိတ်မှ ကြွက်တွေကထွက်လို့ ညဘက်မိုးချုပ်မှ ရှင်းရတယ်”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *