လမ်း (၄) တရုတ်ပြည်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းနှင့် ပိုးလမ်းမသစ်အပေါ် အမေရိကန်၏တုံ့ပြန်ချက်

၃။ BRI ၏ မဏ္ဍိုင် ခုနစ်ရပ်

ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းတွင် အစိတ်အပိုင်းနှစ်ရပ် ပါဝင်သည်။ ‘ကုန်းမြေအခြေစိုက် စီးပွားရေးစင်္ကြများ’ (ဤအရာအားလုံးကို စုပေါင်း၍ တရုတ်ပြည်က ‘ပိုးလမ်းမစီးပွားရေးရပ်ဝန်း’ ဟု ရည်ညွှန်းသည်) နှင့် ‘၂၁ ရာစု ပင်လယ်ပိုင်း ပိုးလမ်းမ’ (MSR) တို့ဖြစ်သည်။ BRI တွင် ဖော်ပြထားသော မြေပုံတော်တော်များများမှာ ၂၀၁၃ ခုနှစ်ကပင် စတင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့ထဲမှ အချို့ကိုဆိုလျှင် တရုတ်အစိုးရကိုယ်တိုင်က စတင်ခဲ့ခြင်းဖြစ်သည်။ ဤမြေပုံများသည် ပင် တရုတ်ပြည်က ပြောဆိုနေသော လတ်တလော BRI စင်္ကြံများ ဖြစ်ပါသည်။

သို့နှင့်တိုင် မြေပုံများပေါ်ရှိ အချို့သောလမ်းကြောင်းများမှာ စိတ်ကူးရည်မှန်းချက်သက်သက်မျှသာ ရှိပါသေးသည်။ အချို့သော လမ်းကြောင်းများကမူ လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သော ‘ပရောဂျက်’ များတွင် အကျုံးဝင်နေချေပြီ။ ယခုပင်လျှင် ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။ သို့ဖြစ်လင့်ကစား အဆိုပါလမ်းကြောင်းအားလုံးကို တကယ့်အစစ်အမှန်အဖြစ် ယူဆလို့ကား မဖြစ်သေးပါချေ။ ပြောရလျှင် BRI မှာ လုပ်ငန်းဖြစ်စဉ် တစ်ခုသာဖြစ်သည်။ စီမံကိန်းတွင် ပါဝင်နေသည့်အရာများ၏ အကောင်အထည်ဖော်မှုမှာ အချိန်နှင့်အမျှ ဖြစ်ပေါ်လာမည့် ပူးပေါင်းဆောင်ရွက်ရေးများအပေါ် တည်မှီနေပါလိမ့်မည်။ စီမံကိန်းမှ တကယ့်အစစ်အမှန် တစ်ရပ်အဖြစ် ကူးပြောင်းလာသည်နှင့်အမျှ မြေပုံထက်မှ အချို့သော လမ်းကြောင်းများမှာ ပြောင်းလဲကောင်း ပြောင်းလဲသွားပါလိမ့်မည်။ ထို့ထက် စီမံကိန်းတွင် ဝါရှင်တန်၏ ပါဝင်မှုမှာလည်း BRI ၏ နောက်ဆုံးအစီအစဉ်စနစ်တွင် ၎င်း၏အခန်းကဏ္ဍကို စွဲကျန်ရစ်စေရန် အထောက်အကူဖြစ်စေပါလိမ့်မည်။ ဤနည်းဖြင့်သာလျှင် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကို ပိုမိုရရှိစေလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ယူရေးရှားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးအတွက် ကြိုးပမ်းကြရာတွင် BRI မှာ ပထမဆုံးမဟုတ်သည်ကို သတိချပ်ဖို့လိုပါလိမ့်မည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရုရှားအနေနှင့် စီမံချက်များ၊ စီမံကိန်းများအမြောက်အမြားလုပ်ခဲ့ဖူးသည်။ (‘ယူရေးရှား၊ စီးပွားရေးသမဂ္ဂ’၊ ‘ယူရေးရှား ဖြတ်ကျော်ဖွံ့ဖြိုးရေးရပ်ဝန်း’ နှင့် တောင်အာရှနိုင်ငံများနှင့် မြောက်ပိုင်းနှင့် အနောက်ဥရောပကို ဆက်သွယ်ရန် ရည်ရွယ်သည့် ‘တောင်မြောက်နိုင်ငံတကာသယ်ယူပို့ဆောင်ရေးစင်္ကြံ'(NSTC)) အလားတူ အာဆီယံတွင်လည်း အလားတူစီမံကိန်းများ ရှိခဲ့ဖူးသည်။ (‘အာဆီယံစီးပွားရေးအသိုင်းအဝိုင်း’)။ တောင်အာရှနိုင်ငံများတွင်လည်း ‘တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ (SAARC) အဖွဲ့ရှိသည်။ ပြောရလျှင် အမေရိကန်ပြည်ထောင်စုသည် ပင်လျှင် အလားတူစီမံကိန်းမျိုး ကမ်းလှမ်းဖူးသည်။ ၂၀၁၁ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အဆိုပြုဖူးသည့် ‘ပိုးလမ်းမသစ် စီမံကိန်း’ မှာ ထင်ရှားသည့်ဥပမာတစ်ခုဖြစ်သည်။

အမှန်စင်စစ် တည်ဆဲပရောဂျက်နှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးတွင်ပါဝင်သည့် BRI ၏ အစိတ်အပိုင်းတော်တော်များများမှာ တရုတ်ပြည်ကိုယ်တိုင်က ကုန်ကျစရိတ်ကျခံမည်မှန်သော် လည်း ရှီကျင့်ဖျင်စီမံကိန်းကို စတင်မကြေညာမီကပင် နိုင်ငံတော်တော်များများ စိတ်ကူးပေါက်အကြံရခဲ့ပြီး ဖြစ်ပါသည်။ ဤတွင်ပြောလိုသည် မှာ BRI မှာ တော်တော်များများ ထင်နေကြသလို တရုတ်တို့၏အစီအစဉ်သက်သက်မဟုတ်။ သို့တိုင် BRI ၏ နောက်ဆုံးအစီအစဉ်စနစ်မှာ အခြားဒေသဆိုင်ရာ အင်အားကြီးနိုင်ငံများ၏ ပူးပေါင်းပါဝင်ရေးကို တရုတ်ပြည်ဘက်မှ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းအပေါ် မူတည်နေပါလိမ့်မည်။

ဤနေရာတွင် အထူးသတိပေးလိုသည်မှာ BRI နှင့် ပတ်သက်သော တရုတ်ပြည်၏ ထုတ်ပြန်ကြေညာချက်တိုင်းကို အမှန်တကယ်ဖြစ်လိမ့်မည်ဟု မယုံကြည်မိဖို့ဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်သော ကြေညာချက်များအပေါ် မီဒီယာသတင်းပေးပို့ချက်အများစုမှာ လုပ်စရာရှိသည့်လုပ်ငန်းတွေကိုသာ ဖော်ပြလေ့ရှိပြီး အမှန်တကယ် အကောင်အထည်ဖော်မှုအပိုင်းကို ထင်ဟပ်နိုင်စွမ်းမရှိပါချေ။ ဤနေရာတွင် အာဖရိကရှိ တရုတ်ပြည်၏ လုပ်ဆောင်မှုများအပေါ် အဓိကဦးဆောင် အကဲဖြတ်နေသည့် ‘ဒီဗိုရာ ဘရပ်တင်ဂန်’ ၏ သတိပေးစကားကို အလေးထားဖို့ လိုမည်ထင်ပါသည်။ ‘အာဖရိကရှိ တရုတ်ပြည်၏ ‘ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုနှင့် မြေယာမှ ပြန်လည်ရရှိမှုများမှာ မီဒီယာသတင်းပေးပို့ချက်များထက် သိသိသာသာ လျော့နည်းနေသည်’ ဟု သူကဆိုသည်။

တကယ့်လက်တွေ့တွင်လည်း အခြေခံအဆောက်အဦပရောဂျက် တော်တော်များများမှာ ခမ်းနားကြီးကျယ်စွာ ကြေညာခဲ့သော်လည်း တကယ့်လက်တွေ့ဖြစ်နေသည်နှင့် ဆန့်ကျင်ဘက်လိုဖြစ်နေသည်။ ဥပမာ – ‘ပါဝါဆိုက်ဘေးရီးယား’ ဓာတ်ငွေ့ပိုက်လိုင်းနှင့် အနောက်ဆိုက်ဘေးရီးယားနှင့် တရုတ်ပြည်ကိုဆက်သွယ်သည့် ‘အယ်လ်ထိုင်’ ဓာတ်ငွေ့ပိုက်လိုင်း’ တို့ဆိုလျှင် ရုရှားနှင့် တရုတ်တို့ ၂၀၁၅ ခုနှစ်ကပင် လက်မှတ်ထိုးပြီးဖြစ်သော်လည်း ယခုအခါ လုံးဝရပ်ဆိုင်းနေပြီဖြစ်သည်။ တစ်ဖက်မှကြည့်လျှင်လည်း ဤသို့ အရာအားလုံး အကောင်အထည်မဖော်နိုင်သေးသည်မှာ သူ့နေရာနှင့်သူ သဘာဝကျသည်ဟုဆိုရပါလိမ့်မည်။ တရုတ်ကုမ္ပဏီတော်တော်များများအနေနှင့် သူတို့ဆောင်ရွက်နေသော ပရောဂျက်တိုင်းလောက်ကို ‘ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း’ ဆိုင်းဘုတ်တပ်နေကြသည်များရှိသည်။ ဤသို့ ဆိုင်းဘုတ်တတ်လိုက်လျှင် ဗဟိုအစိုးရ၏ နိုင်ငံရေးအရ ထောက်ခံမှုနှင့် ဘဏ္ဍာရေးအကူအညီရလိမ့်မည်ဟု မျှော်လင့်ကြ၍ဖြစ်သည်။ တကယ့်လက်တွေ့တွင်ကား အဆိုပါကုမ္ပဏီအများစုမှာ BRI နှင့် ဘာမှမဆိုင်ပါချေ။ ဆိုင်သည်ဆိုလျှင်လည်း သူတို့၏ထည့်ဝင်ငွေမှာ မဆိုစလောက်မျှသာဖြစ်ပါသည်။ နေ့၏အလင်းရောင်အောက်တွင် ကြည့်လိုက်လျှင် ဆိုခဲ့ပါကုမ္ပဏီများကို BRI စီမံကိန်းဝင်များအဖြစ် မကြည့်မြင်သင့်ပါချေ။

MSR ၏စိတ်ကူးမှာ ပင်လယ်ကမ်းရိုးတန်းနှင့်နီးသော တရုတ်ပြည်နယ်များနှင့် တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ရန်ဖြစ်သည်။ ထိုမှတစ်ဖန် အာဖရိကအရှေ့ခြမ်းနိုင်ငံများမှ တစ်ဆင့် အာဖရိကဦးချိုဒေသမှ မြေထဲပင်လယ်မှသည် ဥရောပဆိပ်ကမ်းမြို့များသို့ ဆိပ်ကမ်းအခြေခံအဆောက်အဦကွန်ရက်များဖြင့် ဆက်သွယ်နိုင်ဖို့ဖြစ်သည်။ အဆိုပါကွန်ရက်များတွင် ရေနက်ပင်လယ်ဆိပ်ကမ်း များ၊ စက်မှုဇုန်များ၊ ရေနံနှင့် ဓာတ်ငွေ့သိုလှောင်ခန်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် ကျောက်မီးသွေးကို ကုန်းတွင်းပိုင်းသို့ ပို့ဆောင်ပေးနိုင်သော ရထားလမ်းအဆက်အသွယ်များပါဝင်သည်။

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်လို ရှုပ်ထွေးသော ပင်လယ်ပိုင်းဆိုင်ရာလမ်းကြောင်းများကို လွှမ်းခြုံဖြတ်ကျော် ထားသော်လည်း MSR မှာ အိန္ဒိယအနောက်ဘက်ကမ်းရိုးတန်းနှင့် အာရေဗျကျွန်းဆွယ်ကိုမူ ထူးထူးဆန်းဆန်း ခုန်ကျော်သွားဖို့ရှိသည်။ သို့နှင့်တိုင် ပါကစ္စတန်တောင်ပိုင်းရှိ ဂွါဒါဆိပ်ကမ်းမှာမူ ခြွင်းချက်ဖြစ်သည်။ ဤဒေသမှာ BRI မစတင်မီကပင် စိတ်ကူးရခဲ့ပြီဖြစ်ပြီး နောက်ပိုင်း တွင် တရုတ်ပြည်ဦးဆောင်သော ပူးပေါင်းကုမ္ပဏီများက အိုမန်နိုင်ငံတောင်ပိုင်းတွင် စက်မှုဇုန်တည်ဆောက်ဖို့ အစီအစဉ်ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ဤမျှကျယ်ပြောသော နယ်မြေကြီးကို ကွေ့ရှောင်သွားခဲ့သည်မှာကား ထူးဆန်းသည်ဟုဆိုရပါလိမ့်မည်။ ဤအစား MSR မှာ ဆူးအက်တူးမြောင်းနှင့် မြေထဲပင်လယ်အရှေ့ခြမ်းကို ဖြတ်ကျော်ပြီး အာဖရိကအရှေ့ခြမ်းနှင့် ပင်လယ်နီအထိ ရွက်တိုက်သွားမည့်သလောရှိသည်။

အဆိုပါထူးဆန်းသောဒီဇိုင်းနှင့်ပတ်သက်၍ အကြောင်းပြချက်တစ်ခုက ယခုလိုရှင်းပြသည်။ MSR မစတင်မီ ရှေးကထဲကပင် တရုတ်ပြည်အနေနှင့် အာဖရိကအရှေ့ခြမ်းတွင် ဆိပ်ကမ်းဆိုင်ရာ အထောက်အကူများနှင့် အခြားသော အခြေခံအဆောက်အဦများအတွက် ကြီးကြီး မားမား ရင်းနှီးမြှုပ်နှံပြီးဖြစ်သည်ဟုဆိုသည်။ တရုတ်ဆိပ်ကမ်းအင်ဂျင် နီယာကုမ္ပဏီဦးဆောင်သော နိုင်ငံတကာကုမ္ပဏီ ပူးပေါင်းအဖွဲ့က မာဗျူတိုပြည်နယ်တွင် ဆိပ်ကမ်းတစ်ခုဆောက်ရန် ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ မိုဇမ်ဘစ်နှင့် တောင်အာဖရိကအပါအဝင် အိမ်နီးချင်းနိုင်ငံများ အသုံးပြုနိုင်ဖို့ဖြစ်သည်ဟုဆိုသည်။ အဆိုပါကုမ္ပဏီကပင် အီရီထရီယားနိုင်ငံ မက်ဆာဝါတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် လေလံအောင်ထားသည်ဟုသိရသည်။ ထို့ထက် တရုတ်ပြည်မှာ တန်ဇန်နီးယားနိုင်ငံရှိ ဘဂါမိုဂိုဆိပ်ကမ်းတည်ဆောက်ရေးတွင်ပါဝင်သော နိုင်ငံတစ်ခုလည်းဖြစ်နေပါသည်။ ဤစီမံကိန်းမှာ ပြီးဆုံးလျှင် အရှေ့အာဖရိက၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ပေလိမ့်မည်။ ဒါအက်ဆာလမ်မြို့တော် ဟောင်းနှင့် ကပ်လျက်ရှိသော အထူးစီးပွားရေးဇုန်ထက် စွမ်းဆောင် ရည်နှစ်ဆ မြင့်လိမ့်မည်ဟု ဆိုပါသည်။

ဘာဂါမိုရိုနှင့် ဒါအက်ဆာလမ်ကို ဆက်သွယ်မည့် ရထားလမ်း နှင့် အဆိုပါဆိပ်ကမ်းမြို့များမှ တန်ဇန်းနီးယားနိုင်ငံအနောက်ခြမ်းသို့ ဖောက်မည့် ရထားလမ်းများအတွက် တရုတ်ကုမ္ပဏီများပင် လေလံအောင်ထားသည်ဟု သိရပါသည်။ မက်ဝါရာတောင်ပိုင်းဆိပ်ကမ်းမြို့နှင့် တရုတ်ကုမ္ပဏီများပင် လုပ်ပိုင်ခွင့်ရထားသော ကျောက်မီးသွေးနှင့် သံသတ္တုရိုင်းပရောဂျက်များကို ရထားလမ်းဖြင့်ဆက်သွယ်နိုင်ရန် တန်ဇန်းနီးယားအစိုးရအနေနှင့် တရုတ်မီးရထားကုမ္ပဏီများ အခြေခံသဘော တူညီချက်ရပြီးပြီဟု သိရသည်။ ကင်ညာနိုင်ငံတွင်လည်း လာမြူတွင် ဆိပ်ကမ်းသစ်တည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် ဒေါ်လာသန်း ၄၈၀ တန် စာချုပ်ချုပ်ဆိုထားသည်။ ဤသည်မှာ ကင်ညာနိုင်ငံနှင့် တောင်ဆူဒန် အီသီးအိုပီးယားတို့ကို ချိတ်ဆက်မည့်ပရောဂျက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

ထိုမျှမက တရုတ်ပြည်မှာ ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူး ဆိပ်ကမ်းတည်ဆောက်ရေးတွင်လည်း ပါဝင်လျက်ရှိသည်။ ဂျူဘူတီ သမ္မတနိုင်ငံ ရေတပ်စခန်းတည်ဆောက်ရေးမှာဆိုလျှင် ယခုပင် စတင်နေပြီဖြစ်သည်။ အဆိုပါ ဂျူဘူတီနိုင်ငံမှာ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကြား အာဖရိကဦးချိုဒေသ၏ မဟာဗျူဟာအချက်အချာနေရာတွင်ရှိသော နိုင်ငံတစ်ခုဖြစ်ပါသည်။

အာဖရိကတွင် လိုအပ်လာမည့် ဆိပ်ကမ်းများ၊ လောင်စာသိုလှောင် ရုံများနှင့် MSR လမ်းကြောင်းတစ်လျှောက် ထွက်ပေါ်လာမည့် ရေတပ်စခန်းများမှာ ဘင်္ဂလားပင်လယ်အော်နှင့် အရှေ့အာဖရိကကို ဆက်သွယ်ပေးမည်ဖြစ်ပါသည်။ ဤလိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် တရုတ်ပြည်အနေနှင့် သော့ချက်ကျသော ‘တက်ခုံ’ နှစ်ခုကို ရွေးချယ်ထားသည်။ သီရိလင်္ကာနှင့် မော်လဒိုက်တို့ဖြစ်သည်။ သီရိလင်္ကာတောင်ပိုင်း ဟမ်ဘန်တိုတာမြို့တွင် တရုတ်ပြည်က ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန် ပင်လယ်ဆိပ်ကမ်းနှင့် လေဆိပ်တို့ တည်ဆောက်ပေးခဲ့သည်။ မကြာသေးခင်ကလည်း သီရိလင်္ကာအစိုးရအနေနှင့် ကိုလံဘို မြို့တော်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန် ဆိပ်ကမ်းတည်ဆောက်ရန် တရုတ်တို့ဘက်မှ ကမ်းလှမ်းထားသည်ကို ဖွင့်ပေးခဲ့သည်။

မောလဒိုက်ကျွန်းစုများတွင် တရုတ်ပြည်အနေနှင့် ဒေါ်လာ ၃၇၃ သန်းကုန်ကျမည့် နိုင်ငံတကာလေဆိပ်တည်ဆောက်ရန် စတင်နေပြီဖြစ်သည်။ တိုင်းပြည်တောင်ဘက်ခြမ်းရှိ ‘လာမြူအက်ထောလ်’ တွင်လည်း ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့ ရည်ရွယ်ထားသည်။ ထို့ထက် ‘မော်လဒိုက်-တရုတ် ချစ်ကြည်ရေးတံတား’ တည်ဆောက်ရေးတွင်လည်း တရုတ်ပြည်ဘက်မှ အရေးကြီးရှယ်ယာအဖြစ် ဒေါ်လာ သန်း ၃၀၀ ထည့်ဝင်ဖို့ရှိသည်။ ဤတံတားမှာ ဟူလ်ဟူမေးလ်ကျွန်းပေါ်ရှိ လေဆိပ်နှင့် မြို့တော်မားလီကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ၂၀၁၄ စက်တင်ဘာလအတွင်း အဆိုပါကျွန်းသို့ သမ္မတရှီကျင့်ဖျင်ရောက်ရှိခဲ့သော သမိုင်းဝင်ခရီးစဉ်အတွင်း ဆိုခဲ့ပါပရောဂျက်ကိုကြေညာခဲ့ခြင်း ဖြစ်သည်။ ဤခရီးစဉ်အတွင်းမှာပင် မော်လဒိုက်အစိုးရ၏ လူဦးရေအများစု ပြန်လည်နေရာချထားရေးစီမံကိန်းကို တရုတ်ပြည်က ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။ ယခုလောလောဆယ်တွင် မော်လဒိုက်လူဦးရေမှာ ကျွန်းပေါင်း ၁၈၈ ကျွန်းတွင် ပြန့်ကျဲနေထိုင်လျက်ရှိသည်။ ဤကျွန်း များကို မြို့တော်မားလီနှင့် တံတားဖြင့် ဆက်သွယ်ပေးမည်ဖြစ်သည်။

အစဉ်အလာအရ မော်လဒိုက်မှာ အိန္ဒိယ၏ အမာခံမဟာမိတ် ဖြစ်သည်။ သို့တစေ ယခုအခါတွင်မူ တရုတ်ပြည်ကို ပေးချေရန် ပြည်ပကြွေးမြီ ၇၀ရာခိုင်နှုန်းမျှရှိနေပြီဖြစ်ရာ တရုတ်တို့၏ အပေးအကမ်းရက်ရောမှုအပေါ် အကြီးအကျယ်မှီခိုနေရပြီဖြစ်သည်။ သိရိလင်္ကာတွင်လည်း အလားတူ အနေအထားမျိုး ကြုံနေရပြီဟု သိရသည်။ 

ဆက်လက်ဖော်ပြပါမည်။
ကျော်ဝင်း
(၂၈ ဧပြီ၊ ၂၀၁၈)

စာညွှန်း – IT Takes a Road

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *