တိုင်းပြည်ကနုနု၊ အစိုးရကသုံးခု

ရွာတစ်ရွာကို သူကြီးသုံးဦး စီမံအုပ်ချုပ်ခြင်းအကြောင်းကို အစဉ်အလာရိုးရာပုံပြင်များတွင်ပင် ကြားဖူးရလေ့မရှိသည့်တိုင် အုပ်စုသုံးခုက အာဏာဖြန့်ကြက်ထားနိုင်သည့် နိုင်ငံတစ်နိုင်ငံကိုမူ ကမ္ဘာ့မြေပုံထက်၌ တွေ့နိုင်လိမ့်မည်။

ထိုတိုင်းနိုင်ငံကား မြန်မာပြည်ဖြစ်သည်။

အရှေ့တောင်အာရှ၊ ဘင်္ဂလားပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်လျက်ရှိနေပြီး ပူနွေးစွတ်စိုသည့်ရာသီဥတုရှိကာ လူတစ်ဦး ခြေထောက်တစ်ချောင်းထောက်၍ ရပ်နေသည့်အသွင်ရှိသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍသည် ရှုပ်ထွေးလျက်ရှိသည်။

“မင်းနှစ်ပါးအုပ်ချုပ်တာမကောင်းဘူး။ ဒီမင်းက ဒီလမ်းစဉ်ကြိုက်တယ်။ ဒီမင်းက ဒီလမ်းစဉ်မကြိုက်ဘူး”

နိုင်ငံ၏တောင်ဘက်စွန်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသခံ ဦးစောတင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဒေသအပါအဝင် မြန်မာနိုင်ငံတောင်ဘက်ပိုင်း ဒေသအချို့တွင် အင်အားတောင့်တင်းပြီး ဩဇာကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က နယ်မြေများစွာတွင် ကွန်ရက်ဖြန့်ကြက်ထားနိုင်ကာ အာဏာလည်း ရှိနေသည်။

သစ်တောနှင့် သဘာဝသယံဇာတ၊ လျှပ်စစ်ထုတ်ယူရေးကိစ္စများအပါအဝင် မြေယာကိစ္စနှင့် အခြားစီးပွားရေးကိစ္စများတွင် စီမံခန့်ခွဲခြင်းနှင့် အခွန်အကောက်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသလို ၎င်းတို့ထိန်းချုပ်ရာဒေသ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ပြည်သူလူထုက မိမိတို့ လိုလားသော အစိုးရတစ်ရပ်တည်းကို တစ်ခဲနက်ထောက်ခံရွေးချယ်ခဲ့ကြပြီး ဖြစ်သည်။

ဗဟိုအစိုးရ တစ်နည်းအားဖြင့် ပြည်ထောင်စုအစိုးရနှင့် KNU အကြား သူ့မူဝါဒနှင့်သူ အပြိုင်ရှိလာချိန်တွင် ကြုံရသည့်ပြဿနာနှင့်ပတ်သက်၍ ဦးစောတင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဗဟိုအစိုးရဟူ၍ အုပ်ချုပ်ရေးပုံစံနှစ်မျိုးကို ခွဲခြားနိုင်မည့်အပြင် ဗဟိုအစိုးရ၌ပင် တပ်မတော်နှင့် ရွေးကောက်ခံအစုအဖွဲ့ဟူ၍ အာဏာပိုင်စိုးမှုတို့က ထပ်မံကွဲပြားနေသေးသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာ့မြေပေါ်တွင် သူ့နည်းသူ့ဟန်ဖြင့် အာဏာအမျိုးမျိုး ရှိနေကြသည်။ တစ်နည်းအားဖြင့် နည်းအမျိုးမျိုးဖြင့် အစိုးရပုံစံ ဖြစ်နေကြခြင်း ဖြစ်သည်။

အင်္ဂလိပ်အစိုးရလက်ထက် ၁၉၄၇ ခုနှစ် ဝန်းကျင်မှစ၍ ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးပြဿနာကြောင့် လက်နက်ကိုင်တော်လှန်ရေးများအလျှိုလျှိုပေါ်ပေါက်ခဲ့သည့် မြန်မာနိုင်ငံအနေနှင့် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၂၀ ခုရှိနေပြီး ၎င်းတို့၏ စုစုပေါင်းအင်အားသည် ခန့်မှန်းခြေ တစ်သိန်းဝန်းကျင် ရှိနေသည်။

The Asia Foundation ၏ အဆိုအရ မြန်မာနိုင်ငံမြို့နယ် ၃၃၀ အနက် လေးပုံတစ်ပုံတွင် တိုင်းရင်းသားလက်နက်ကိုင်များ ပျံ့နှံ့နေပြီး နယ်မြေစိုးမိုးရေးအတွက် အစိုးရ ၊ တပ်မတော်နှင့် ပဋိပက္ခခများ ရှိနေသည်။

ရင်းမြစ် – မြန်မာနိုင်ငံ၏ အတိုက်အခံဖြစ်ပွားနေသည့် ဒေသများ (The Asia Foundation 2017)

အရှေ့ဘက်ဒေသ တရုတ်နယ်စပ်ရှိ ‘ဝ္လ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဆိုလျှင် အင်အားသုံးသောင်းဝန်းကျင်၊ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) က အင်အားနှစ်သောင်းဝန်းကျင်နှင့် ကျန် ၁၉ ဖွဲ့က ရာဂဏန်းမှ ထောင်ဂဏန်းဝန်းကျင်တို့ကို ပိုင်ဆိုင်ထားသည်။

အဖွဲ့များအနက် KNU အပါအဝင် ၁၀ ဖွဲ့သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည်။

အဖွဲ့များအနေနှင့် ၎င်းတို့ရပ်တည်ရေးအတွက် အခွန်အကောက် သို့မဟုတ် ဆက်ကြေးကောက်ခံခြင်းနှင့် သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ရှိနေကြသည်။

“အခွန်ကောက်ခံတဲ့ကိစ္စတွေကိုလည်း တရားဝင်စာတွေနဲ့ အိမ်တိုင်ရာရောက် လိုက်ပို့ပြီးတော့မှ သူတို့က ချိန်းတာ” ဟု ကချင်ပြည်နယ် မြစ်ကြီးနားတွင် အခြေစိုက်သည့် မြန်မာပြည်မြောက်ပိုင်းရှမ်းရေးရာအဖွဲ့၏ အတွင်းရေးမှူး စိုင်းထွန်းရင်က The Voice Journal သို့ ပြောဆိုသည်။

ဥပမာအားဖြင့် လုပ်ငန်းသုံးမော်တော်ယာဉ်တစ်စီးလျှင် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်း၊ ခေါက်ဆွဲစက်တစ်ခုအတွက် ကျပ် သုံးသိန်း၊ စားသောက်ဆိုင်တစ်ဆိုင်အတွက် ကျပ် တစ်သိန်း စသည်ဖြင့် ကောက်ယူခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသည့် ဒေသတွင် ပြည်သူလူထုအနေနှင့် ဒေသဆိုင်ရာစီမံခန့်ခွဲမှုများတွင် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုအစိုးရ၏ မူဝါဒကို လိုက်နာရသလို အဆိုပါလက်နက်ကိုင်အဖွဲ့များ၏ အစီအမံအောက်တွင်လည်း နေထိုင်ကြရသည်။

အခွန်ကိစ္စဆိုလျှင် အစိုးရကို တစ်မျိုး၊ လက်နက်ကိုင်အဖွဲ့များကို တစ်သွယ် ပေးဆောင်ကြရပြီး ဝန်ပိလျက်ရှိကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် ရိုးမဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

လားရှိုးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကျက်စားရာဒေသတစ်ခုဖြစ်ပြီး အဆိုပါကိစ္စတွင် အခွန်အကောက်နှင့် ဆက်စပ်နေလိမ့်မည်ဟု စီးပွားရေးရပ်ဝန်းမှပုဂ္ဂိုလ်အချို့က ထင်ကြေးပေးသည်။ အလားတူပင် ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္ပဏီအချို့တွင် လုပ်ငန်းသုံး စက်ယန္တရားနှင့် အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းတွင် အခွန်ကိစ္စအပြင် အခြားပြဿနာများလည်း ရှိနေသေးသည်။

လုပ်ငန်းတစ်ခုအတွက် ဗဟိုအစိုးရ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရထံတွင် ခွင့်ပြုချက်ယူပြီးလုပ်ကိုင်ရာတွင် အစိုးရခွင့်ပြုထားသည့် လုပ်ငန်းရှင်က တစ်ဦး၊ မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်သည့်သူက တစ်ဦး ဖြစ်နေတတ်ပြီး ယင်းက လုပ်ငန်းနှင့်ပတ်သက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင် အားနည်းချက်များကို ဖြစ်ပေါ်စေသည်။

အစိုးရထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီသည် ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိလျှင် လုပ်ကိုင်ရန် အဆင်ပြေပါ။ သို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးအဆင်ပြေသည့် ကုမ္ပဏီသို့ လက်လွှဲပြောင်း လုပ်ကိုင်စေသည်။

“အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ပါမစ်ယူတဲ့အဖွဲ့က အောက်ခြေမှာ ပြဿနာတစ်စုံတစ်ခု ဖြစ်လာတယ်ဆိုရင် ဒီကုမ္ပဏီတစ်ခုဟာ ဘောလီဘောပုတ်ကြတာပေါ့။ ဟိုလိုလို ဒီလိုလိုပေါ့နော်။ အဲဒီလိုမျိုးဟာတွေ ရှိတယ်” ဟု တာကပေါအဖွဲ့မှ နော်ပီသလောက ဆိုသည်။

ယင်းအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း အကြီးစားစီမံကိန်းများ၊ သတ္တုတူးဖော်ရေးနှင့် မြေယာသိမ်းဆည်းခံရ မှုများကြောင့် ဒေသခံများ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ထိခိုက်နစ်နာမှုများအပေါ် ကူညီလုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

ဥပဒေ၊ စည်းကမ်းချိုးဖောက်မှုများကြောင့် ကုမ္ပဏီကို အစိုးရက အရေးယူရမည်ဖြစ်သော်လည်း ယင်းကုမ္ပဏီသည် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နီးစပ်နေလျှင် ခက်ခဲသလို ကုမ္ပဏီများဘက်ကလည်း အခွန်နှစ်ထပ်ပေးဆောင်ရခြင်းကြောင့် အမြတ်များများရဖို့အရေးကိုသာ အာရုံစိုက်ကြတော့ရာ သဘာဝပတ်ဝန်းကျင်ကို သိပ်အလေးမထားသည်များလည်း ရှိပြန်သည်။

အချို့က အစိုးရထံတွင် တရားဝင်လုပ်ပိုင်ခွင့်ကို လျှောက်ထားမနေတော့ဘဲ ဒေသအတွင်းရှိ အစိုးရဝန်ထမ်းနှင့် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ဝါးချင်းရိုက်လိုက်ကြသည်များလည်း ရှိသည်။အထူးသဖြင့် အစိုးရနှင့် အပစ်အခတ်မရပ်စဲရသေးဘဲ တိုက်ပွဲများ ဖြစ်ပွားရာဒေသများတွင် ယင်းသို့ ဖြစ်လေ့ရှိသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္ပဏီများက အလွန်အကျွံတူးဖော်မှုများကြောင့် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသလို နာမည်ကျော် ဥရုချောင်းသည်လည်း ပျက်စီးတိမ်ကောလာလျက်ရှိသည်။

စနစ်မကျသည့် တူးဖော်မှုများနှင့် စည်းကမ်းနှင့်မညီသည့် မြေစာစွန့်ပစ်မှုများကြောင့် မြေပြိုကျမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ရေမဆေးနှင့် ဒေသခံ ရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

ယင်းဒေသနှင့်ပတ်သက်၍ အစိုးရအနေနှင့် ထဲထဲဝင်ဝင် ကူညီဖြေရှင်းပေးနိုင်ခြင်း မရှိသေး။

နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံတစ်ဝန်းလုံးတွင် တည်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း လက်တွေ့အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြီးစိုးသည့်နယ်မြေများတွင် အစိုးရ၏အာဏာစက်သည် တိုး၍ မပေါက်ဖြစ်ခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။

အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရေးတွင် အဆိုပါအဖွဲ့များက သဘောမတူပါက အကျပ်တွေ့စေသလို ဒေသလူထုအနေနှင့်လည်း ပဲလှော်ကြား ဆားညပ်ရသည်။

ထိုကိစ္စများကို အစိုးရတစ်ခုတည်းဖြင့် ဖြေရှင်းရန် ခက်ခဲကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးမြင့်မောင်က The Voice Journal သို့ ပြောကြားသည်။

“တချို့ဟာတွေကျတော့လည်း ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နာမည်တွေကို အသုံးချပြီးတော့ တရားမဝင်လုပ်တဲ့ပြဿနာတွေကလည်း ရှိတယ်၊ ဒီဘက်မှာလေ။ အဲဒီတော့ ဒါတွေကို ဖြေရှင်းဆောင်ရွက်တဲ့ အပိုင်းတွေကျတော့ အစိုးရအဖွဲ့တစ်ခုထဲနဲ့လည်း တော်တော်အခက်အခဲရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆုံးတွင်မူ ဒေသ၏ နစ်နာမှုများအတွက် ဒေသခံလူထုအနေနှင့် မည်သူ့ကို အကူအညီတောင်းရမှန်း မသိအောင် ဖြစ်ကြရသည်။

ရင်းမြစ် – Burma News International (၂၀၁၅)

“ကျွန်မတွေ့တာကတော့ ပြည်သူလည်း နစ်နာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အဖေ အရမ်းများနေတယ်ပေါ့။ ဟိုလူ့ကို အားကိုးရမလား၊ ဒီလူ့ကို အားကိုးရမလား၊ အဲဒီလိုမျိုး ဖြစ်နေတယ်ပေါ့” ဟု နော်ပီသလောက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲနှင့် အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။

နိုင်ငံတော်သမ္မတကို ရွေးကောက်ပွဲလမ်းစဉ်ဖြင့် ရွေးချယ်တင်မြှောက်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ပြုထားသည်။ အခြားဒီမိုကရေစီနိုင်ငံများတွင်လည်း ထိုနည်းတူစွာပင်။

သို့သော်၊ မြန်မာတွင်မူ တစ်မူထူးနေသေးကာ တပ်မတော်သည် သီးခြားအဖွဲ့အစည်းသဖွယ် ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွင် သီးခြားလုပ်ပိုင်ခွင့်များရှိနေသည်။ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်စွာစီမံခန့်ခွဲ၍ စီရင်ဆောင်ရွက်ခွင့်ရှိသလို နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင်လည်း စီမံခွင့်ရှိသည်။ ယင်းကို အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ သမ္မတသည် အစိုးရအဖွဲ့ ဝန်ကြီးဌာနများကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲနိုင်သော်လည်း အရေးကြီးသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနသုံးခု၏ ပြည်ထောင်စုဝန်ကြီးများကိုမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုလားသူများကိုသာ ခန့်အပ်နိုင်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ။လုံ)၏ ထက်ဝက်နီးပါးထိုင်ခုံကိုလည်း တပ်မတော်ကို ပေးအပ်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကချင်ပြည်နယ်၊ တိုက်ပွဲများအတွင်း ပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူများကို ပြည်နယ်အစိုးရက ကယ်ထုတ်ရန်စီစဉ်စဉ် တပ်မတော်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ယင်းသို့ မလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်၍ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးစနစ်နှစ်ရပ် ရှိနေကြောင်း နိုင်ငံရေးပညာရှင်များက ခပ်စောစောကပင် ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့လာရောက်ပြီး ရခိုင်ပြည်နယ်ပြဿနာကို လေ့လာသုတေသနပြုခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည်လည်း ယင်းသို့ပင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရပင် အစိုးရနှစ်ရပ်ဖြစ်နေကြောင်း တိုင်းရင်းသားအင်အားကြီး ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း ပြောဆိုဖူးသည်။

ယင်းတို့ကား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖယ်ထားလျှင်ပင် မြန်မာ့မြေပေါ်တွင် အာဏာပိုင်စိုးသူ နှစ်ဖွဲ့ရှိနေကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

“အမှန်အတိုင်းကတော့ နိုင်ငံတကာမှာ အစိုးရဆိုတာ တစ်ခုတည်းပဲလေ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ မြန်မာ့ရေးရာစာစောင်၏ အယ်ဒီတာတစ်ဦးလည်းဖြစ်သည့် ဦးအေးမောင်ကျော်က ဆိုသည်။

“ဒါပေမဲ့လို့ ဒီနိုင်ငံမှာက လောလောဆယ်သွားနေတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားကြတာဖြစ်တာကိုး” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းတစ်ခုကိုဖြစ်စေ၊ ကျေးရွာတစ်ခုကိုပင်ဖြစ်စေ စီမံအုပ်ချုပ်သူ ခေါင်းဆောင်သုံးဦး အပြိုင်ရှိနေပြီး တစ်ဦးနှင့် တစ်ဦးမှာလည်း လိုလားချက်များ မတူညီကြလျှင် အောင်မြင်ရန် ခက်ပါလိမ့်မည်။

နှစ်များစွာ တပ်မတော်အုပ်ချုပ်ရေးဖြင့် စခန်းသွားခဲ့သည့် မြန်မာနိုင်ငံအနေနှင့် ၂၀၁၀ ပြည့်နှစ်အလွန်တွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အငြိမ်းစားတပ်မတော်အရာရှိများဦးဆောင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့သည်။

ငါးနှစ်အကြာ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရအဖွဲ့တာဝန်များကို ရယူနိုင်ခဲ့သည်။ ယင်းမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့သော အရပ်သားနိုင်ငံရေးသမားများ အာဏာရလာသည်။

လက်ရှိတွင် နိုင်ငံ၏ စီးပွားရေးပြဿနာအပါအဝင် မူးယစ်ဆေးဝါး၊ ဒုစရိုက်၊ အကျင့်ပျက်ခြစားမှု၊ လယ်ယာမြေ၊ သယံဇာတစီမံခန့်ခွဲမှု စသည့် အထွေထွေပြဿနာများမှသည် စစ်ပွဲများ၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးပြဿနာများက နိုင်ငံကို ကိုက်ခဲလျက်ရှိသည်။

ယင်းပြဿနာများကို ရွေးကောက်ခံအစိုးရက ကိုင်တွယ်နေရသလို အချို့ကိစ္စများတွင် တပ်မတော်က ဝင်ရောက်ဖြေရှင်းနေသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးသာမက အချို့ပြဿနာအရေးကိစ္စများကိုပါ တပ်မတော်က ၀င်ရောက်ဖြေရှင်းနေရဆဲ ဖြစ်သည် ။

အစိုးရသုံးခုပုံစံရှိနေသော်လည်း အရေးကြီးဆုံးသည် ပင်မပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်အပေါ်တွင် နိုင်ငံ၏ အခြေအနေသည် အဓိက မှီတည်နေကြောင်း သုံးသပ်ချက်များလည်း ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ၎င်းတို့ထိန်းချုပ်ထားသည့်နယ်မြေဧရိယာသည် တစ်နိုင်ငံလုံးနှင့်စာလျှင် ရာခိုင်နှုန်းအနည်းအကျဉ်းသာ ဖြစ်သည်ဟုဆိုသည်။

“အထူးသဖြင့်တော့ ဒီဗဟိုအစိုးရပေါ့၊ ကျွန်တော်တို့ အစိုးရက ပိုပြီးတော့အရေးကြီးတဲ့အနေအထားမှာ ရှိပါတယ်”ဟု မြန်မာ့မူဝါဒရေးရာ သုတေသနကျောင်း (ISP Myanmar) ၏ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဆိုသည်။

“အဲဒီတော့ တပ်မတော်က လက်ရှိပြောမယ်ဆိုရင်တော့ ထိုးစစ်ကိစ္စဘာညာ တချို့မှာ ဒီအစိုးရ မထိန်းချုပ်နိုင်ဘူးပေါ့ဗျာ။ အမိန့်မပေးနိုင်ဘူးပေါ့။ ဆိုတော့ ဒီလိုပြောတာတွေ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့အနေအထားမှာကျတော့လည်း အစိုးရကရော ဒီကိစ္စတွေအပေါ် အမိန့်ပေးရဲ့လားပေါ့နော်။ ဘယ်လိုစီမံအုပ်ချုပ်သလဲ၊ ဒါ ကျွန်တော်တို့ သေချာမသိဘူးပေါ့နော်” ဟု ၎င်းက ဆိုသည်။

ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတို့မှသည် တရားဥပဒေစိုးမိုးရေးစသည့် နိစ္စဓူဝပြဿနာများ အစိုးရတွင် တာဝန်ရှိသည်။

လုံခြုံရေးနှင့် စစ်ရေးကိစ္စများတွင် တပ်မတော်တွင် လုပ်ပိုင်ခွင့်များရှိနေသည်မှန်သော်လည်း လူထု၏ လုံခြုံရေးကိစ္စများစပ်ဆိုင်လျှင် ရဲတပ်ဖွဲ့ကိုပင် စီမံခန့်ခွဲနိုင်သည်။

ဥပမာ ရန်ကုန်မြို့တော်နှင့် ပတ်သက်သည့် စီမံခန့်ခွဲသည့်ကိစ္စရပ်များတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုသည် နည်းပါးပြီး အစိုးရကသာ အဓိက လုပ်ဆောင်ရသည်။

“တကယ်တမ်း အဓိကကျတာ လူထုအပေါ်မှာ အဓိကသက်ရောက်မှုအရှိဆုံးက ပြည်ထောင်စုအစိုးရပဲ” ဟု ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) တွင် အမှုဆောင်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သလို ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

နိုင်ငံတော်ကို မောင်းနှင်ရာတွင် ပြည်ထောင်စုအစိုးရသည် အဓိကအခန်းကဏ္ဍတွင် ရှိနေသည်။ အခြေခံဥပဒေအရ ဖွဲ့စည်းထားနိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေနှင့်လည်း သူ့လုပ်ပိုင်ခွင့်များထဲတွင် ကိစ္စတော်တော်များများကို လုပ်နိုင်သည်။

လုပ်နိုင်ရန် အရည်အချင်းရှိဖို့ကသာ အရေးကြီးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကလည်း ပြောဆိုဖူးသည်။

အစိုးရသည် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် ဦးစားပေးအနေနှင့် ကြိုးစားလျက်ရှိသည်။ သူ့သက်တမ်းအတွင်း အဖွဲ့နှစ်ဖွဲ့ကို NCA အတွင်းသို့ ဆွဲခေါ်ထားနိုင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြီးခဲ့သည့်နှစ်တွင် တစ်ကြိမ်ကျင်းပခဲ့သလို မကြာမီတွင်လည်း ကျင်းပနိုင်ရန် စိုင်းပြင်းနေသည်။

တိုင်းရင်းသားဒေသများနှင့် ၎င်းတို့၏ အရေးနှင့်ပတ်သက်၍ အားလုံးနီးပါးလိုလားနေသည်မှာ မြန်မာ့မြေပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရန် ဖြစ်သည်။ ယင်းက ပြဿနာတို့ကို ပြေလည်စေမည်ဟု ယုံကြည်ကြသည်။

သို့သော်၊ မည်သည့်အခြေအနေတွင်မဆို အစိုးရတွင် အရည်အချင်းရှိနေရန်မှာ လိုအပ်နေမည်ဖြစ်သည်။

“ဆိုလိုတာကဗျာ မနက်ဖြန် ကျွန်တော်တို့အားလုံး ဖက်ဒရယ် အကုန်ဖြစ်သွားပြီ။ ကဲ ဖက်ဒရယ်အစိုးရတွေက သူ့ဘာသာသူ စီမံခန့်ခွဲတော့ဆိုရင်တောင် ပြည်နယ်အစိုးရတွေမှာ သူ့ဟာသူ စီမံခန့်ခွဲဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေဘာတွေက ချက်ချင်း ရှိလာမှာမဟုတ်ဘူး” ဟု ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

“ဒါတွေက အချိန်အများကြီးယူပြီးတော့ ဆယ်စုနှစ်ချီ ပြုစုပျိုးထောင်ရမယ့်ကိစ္စတွေ ဖြစ်တယ်ပေါ့နော်”

တိုင်းရင်းသားဒေသများ၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အာဏာ အားပြိုင်မှု၊ ပဋိပက္ခနှင့် စစ်နယ်မြေများတွင် တပ်မတော်က တန်ခိုးထွားမှု စသည့်အခြေအနေများနှင့် မြန်မာနိုင်ငံ ဖြစ်သည်။

တိုင်းရင်းသားဒေသများ၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အာဏာအားပြိုင်မှုမှာ ရှိနေဆဲ ဖြစ်သည်။

သည်ကြားထဲ လူမျိုးစုလက်နက်ကိုင်အဖွဲ့များအချင်းချင်း နယ်မြေလုမှုများကလည်း ရှိနေသည်။

လူများစွာကမူ ငြိမ်းချမ်းရေးကို မျှော်လင့်ကြသည်။

အစိုးရကလည်း တွင်တွင်ပြောသည်။ တပ်မတော်ကလည်း ထည်လည်းသုံးသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အချိန်နှင့်အမျှ တောက်လျှောက် တောင်းဆိုသည်။

ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စု။

“တကယ့် ဖက်ဒရယ်နဲ့ပတ်သက်တဲ့ဟာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီးတော့ ကွဲကွဲပြားပြားဖြစ်ပြီးတော့ ပိုပြီးတော့ စနစ်တကျနဲ့ ဒါဆောင်ရွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပေါ့” ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

ယခုမူ နိုင်ငံ၏ နယ်မြေများစွာတွင် စီမံခန့်ခွဲမှုကိစ္စသည် သူတစ်လူငါတစ်မင်းဖြင့် ရောထွေးယှက်တင် ဖြစ်နေဆဲ။

NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနေနှင့် ယင်းပြဿနာများအတွက် ကြားကာလအစီအစဉ်ဖြင့် နှစ်ဖက်ညှိနှိုင်းဖြေရှင်းရန် စာချုပ်တွင် ထည့်သွင်းရေးဆွဲထားသည်။ မြေယာလုပ်ကိုင်ခွင့်ကို မည်သူ့အား ချထားပေးမည်၊ သယံဇာတတူးဖော်ထုတ်လုပ်မှုအတွက် မည်သို့ လုပ်ကိုင်မည်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မည်သို့ဆောင်ရွက်မည်၊ အခွန်ဘယ်လိုကောက်မည် စသဖြင့်။

NCA မထိုးရသေးသည့် မြောက်ပိုင်းကဲ့သို့သောဒေသများတွင်မူ ယင်းသို့ ဖြေရှင်း၍ မရ။ အပစ်အခတ် ရပ်နိုင်ရန်ပင် သဘောတူညီမှုမရသေးသည့်နယ်မြေများအနေနှင့် အဆိုပါညှိနှိုင်းဆွေးနွေးမှုများကို လုပ်နိုင်မည်မဟုတ်ပေ။

တိုက်ပွဲနှင့် နယ်မြေလုမှုအကြားတွင် ဒေသခံများကတော့ ခါးစည်းခံနေရသည်။

“တပ်နဲ့ KIA နဲ့ အပစ်အခတ်မရပ်စဲဘူးဆိုရင် ကျွန်တော်တို့က နစ်သထက် နစ်တော့မယ်” ဟု ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားငါးမျိုးကို စုဖွဲ့ထားသည့် မြန်မာပြည်မြောက်ပိုင်းရှမ်းရေးရာအဖွဲ့၏ အတွင်းရေးမှူး စိုင်းထွန်းရင်က ဆိုသည်။

အလားတူပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဃြဗ တွင် လက်မှတ်ရေးထိုးထားသည့် ဒေသဖြစ်သည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသ တနင်္သာရီတိုင်းဒေသကြီးတွင်လည်း အပူမငြိမ်းနိုင်သေး။

ထားဝယ်မြို့နယ် ဘန်းချောင်းဒေသတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပတ်သက်သမျှ အစိုးရနှင့် ဒေသအခြေစိုက် KNU တို့အကြား အမြင်မတူမှုများ ရှိနေသည်။ ထုတ်ရေး မထုတ်ရေး သဘောတူညီမှု မရသေး။

“ကျွန်တော်တို့က ကြားကနေပြီးတော့ ငါးကင်လို ဖြစ်နေတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ၊ ဘန်းချောင်းဒေသခံ ဦးစောတင်ဦးက ဆိုသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *